Home ဆောင်းပါး ဒလန်ရှင်းလင်းရေးခေါင်းစဥ်အောက် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတစ်စု

ဒလန်ရှင်းလင်းရေးခေါင်းစဥ်အောက် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတစ်စု

နွေဦးမောင်။ ။

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့တာ ခုဆို တစ်နှစ်နဲ့ ရှစ်လနီးပါးရှိလာပါပြီ။

အဲဒီပဋိပက္ခတွေအတွင်း တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်တိုက်ခိုက်တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေ ပါတယ်။ စစ်အုပ်စုဘက်က သူတို့ကို ဆန့်ကျင်သူတွေ၊ ဒါမှမဟုတ် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ အပါ အဝင် စစ်ရာဇဝတ်မှုပေါင်းများစွာ ကို ကျူးလွန်နေပါတယ်။

အလားတူ စစ်အုပ်စုကိုဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကလည်း စစ်တပ်ကိုထောက်ခံ သူတွေကို သတိပေးတာ၊ ပစ်ခတ်အရေးယူတာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ဒလန်ရှင်းလင်းရေးခေါင်းစဥ်နဲ့ ပြည်သူဆယ်နဲ့ချီ သုတ်သင်ခဲ့ပြီး လည်း ဖြစ်ပါတယ်။

အဲဒီသုတ်သင်မှုတွေထဲမှာ အခုနှစ် သြဂုတ် (၂၁) ရက်က မကွေးတိုင်း၊ ဆောမြို့မှာ ဖြစ်ပွားခဲ့တဲ့ မိသားစု လိုက်သတ် ဖြတ်ခံရမှုဟာ လူသိများပါတယ်။ YDF (SAW) ( YDF လက်အောက်ခံ ဆောတပ်ခွဲ) အဖွဲ့က ဆောမြို့ မှာနေထိုင်တဲ့ စစ်တပ်ထောက်ခံသူနဲ့ ပျူစောထီးလို့ဆိုသူ ဦးခင်မောင်လင်းကို ပစ်ခတ် ရှင်းလင်းခဲ့တဲ့ ဖြစ်စဥ်ပါ။

သုတ်သင်ရာမှာ ဦးခင်မောင်လင်းနဲ့အတူ သူရဲ့ဇနီး၊ ဦးခင်မောင်လင်းရဲ့ညီ၊ အိမ်လည်လာသူတစ်ဦး၊ ဦးခင်မောင် လင်းရဲ့ ချွေးမနဲ့ ၁၃ နှစ်အရွယ် မြေးအပါအဝင် စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ပြောရရင် YDF (Saw) ရဲ့ ဒလန်ရှင်းလင်းရေး ခေါင်းစဥ်အောက်မှာ ဖြစ်စဥ်နဲ့သက်ဆိုင်ခြင်းမရှိတဲ့ အမျိုးသမီးသုံးဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပစ်ခတ်ခံရတာကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးသုံးဦးမှာ (၅၉) နှစ်အရွယ် ဒေါ်ယဥ်ငွေ (ဦးခင်မောင်လင်း ရဲ့ဇနီး)၊ ချွေးမဖြစ်သူ (၃၇) နှစ်အရွယ် ဒေါ်ခင်မာသက်နဲ့ သမီးဖြစ်သူ ၁၃ နှစ်အရွယ် မသက်အေးငြိမ်း တို့ဖြစ်တယ် လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ မသက်အိမ်ငြိမ်းရဲ့ အသက်ကို YDFက ထုတ်ပြန်ရာမှာတော့ (၁၅) နှစ်လို့ ဖော် ပြထားပါတယ်။

“ကျူးလွန်ခဲ့တဲ့ YDF (SAW) အဖွဲ့အစည်းဟာ စစ်ဆေးမေးမြန်းခြင်း၊ အတည်ပြုခြင်း တစ်စုံတစ်ရာမရှိဘဲ အခင်း ဖြစ်ပွားတဲ့နေအိမ်မှာ ဘောလုံးပွဲကြည့်ဖို့ ရောက်နေသူတွေ အပါအဝင် မသက်ဆိုင်သူတွေကိုပါ အဆင်ခြင်မဲ့ ပစ်ခတ်ခဲ့တာ သိရှိရပါတယ်” လို့ ယောဒေသ တော်လှန်ရေးအင်အားစုခြောက်ဖွဲ့က ထောက်ပြပါတယ်။

အဲဒီတော်လှန်ရေးအင်အားစု ခြောက်ဖွဲ့ကတော့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းရှည်ဒေသ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSR PDF)၊ ဆောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SAW-PDF)၊ The Youth Force (Saw & Kyaukhtu)၊ ကျောက်ထုဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K.T.U Region) နဲ့ ကိုရီးယားရောက်ယောသူ/ ယောသားများအဖွဲ့တွေ ပါဝင်ပါ တယ်။

ဒလန်ရှင်းလင်းရေးခေါင်းစဥ်နဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုတစ်စုလုံးကို ပစ် ခတ်သတ်ဖြတ်ပြီး ပစ္စည်းတွေသိမ်းဆည်းခဲ့တဲ့အပေါ် ယောဒေသ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက် ရှုတ်ချခဲ့သလို ဒေသခံပြည်သူတွေကလည်း ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။

သိမ်းဆည်းခံရတဲ့ ပစ္စည်းတွေထဲမှာ ဦးခင်မောင်လင်း ပိုင်ဆိုင်တဲ့ ရွှေထည်ပစ္စည်း၊ ငွေသားအချို့၊ ဖောကား တစ်စီး၊ အိမ်စီးကားတစ်စီး၊ ဖုန်းနဲ့ အခြားတန်ဖိုးရှိ ပစ္စည်းအချို့ ယူဆောင်သွားတယ်လို့ ယောဒေသ တော်လှန် ရေးခြောက်ဖွဲ့က ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဦးခင်မောင်လင်းရဲ့နေအိမ်တွင် သူရဲ့မြေ မသက်အေးငြိမ်းအမည်နဲ့ ကုန်စုံဆိုင်ဖွက့်လှစ်ထားပါတယ်(CJ)

ဖြစ်စဥ်နဲ့ပတ်သက်လို့ ဆောကာကွယ်ရေးတပ် – YDF ဗဟိုက သြဂုတ် (၂၂) ရက် ရက်စွဲနဲ့ ထုတ်ပြန်ရာမှာ ဦးခင် မောင်လင်းဆိုသူဟာ စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အစည်းအဝေးလုပ်နေချိန် ဝင် ရောက်စီနင်းရာမှာ ပြန်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဦးခင်မောင်လင်းဟာ စစ်တပ်သတင်းပေးလုပ်တာ၊ မူးယစ်ဆေးဝါးရောင်းတာ၊ ပြည်သူအပေါ်ငွေညှစ် တာ၊ လောင်းကစားလုပ်ကိုင်တာအပါအဝင် ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးရာမှာလည်း ကိုယ်တိုင်ပါဝင်သူ ဖြစ် တယ်လို့ ဆိုထားပါတယ်။ အဲဒီစွပ်စွဲချက် တွေနဲ့ပတ်သက်လို့ Hi က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ပစ်ခတ်စီးနင်းခဲ့ရာမှာလည်း ဦးခင်းမောင်လင်းရဲ့နေအိမ်မှကားနှစ်စီး၊ ဆိုင်ကယ်သုံးစီး၊ ဖုန်းသုံးလုံး၊ ငွေသုံးသိန်း ကျပ်၊ ဆွဲကြိုးတစ်ကုံးစတဲ့ ပစ္စည်းတွေသိမ်းဆည်းခဲ့တာဖြစ်ပြီး သက်သေခံပစ္စည်းတွေကို စစ်ဆေးပြီးတဲ့အခါ ပိုင်ရှင်ထံပြန်အပ်မယ်လို့ YDF က ဆိုပါ တယ်။

“ကျနော်တို့ကတော့ ဒီဟာနဲ့ပတ်သက်ပြီးမှ စုံစမ်းစစ်ဆေးမှု လုပ်ပြီးသွားပြီ။ ဒါက တပ်တွင်းစုံစမ်းစစ်ဆေးမှုပေါ့။ ကာယကံရှင်တွေဘက် စုံစမ်းစစ်ဆေးမှုကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးမှ လုပ်မှာဗျ” လို့ YDF ဗဟိုကော်မတီဝင်တစ်ဦး က ပြောပါတယ်။

တပ်တွင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ မဆိုင်သူတွေကိုပါ ပစ်ခတ်ရှင်းလင်းခဲ့တဲ့အပေါ် YDF (Saw) မှ ညွှန် ကြားသူနဲ့ ပါဝင်သူတွေကို အပြစ်ပေးအရေးယူထားတယ်လို့ အဲဒီ ကော်မတီဝင်က ဆက်ပြောပါတယ်။

စစ်ဆေးတွေ့ရှိမှုတွေအရ ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေထဲမှာ (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပါဝင် နေတယ်လို့ ပြောဆိုကြပေမဲ့ တွေ့ရှိရတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အဲဒီအသက်ထက်ကြီးပြီး အသက်ပြည့် သူတစ်ဦး ဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြောင်း သူက ရှင်းပြပါတယ်။

ဒီအပေါ်မှာ ဘယ်လိုပဲဖြစ်နေနေ တပ်ဖွဲ့ဝင်တွေ စည်းကမ်းကျင့်ဝတ် ဖောက်ဖျက်တယ်ဆိုရင် အပြစ်ပေးအရေး ယူမှာပဲဖြစ်တယ်လို့ YDF ဗဟိုကော်မတီဝင်က မှတ်ချက်ပေးပါ တယ်။

“ကျနော်တို့အနေနဲ့ ပြည်သူနဲ့ဆန့်ကျင်ပြီး ဘာတစ်ခုမှ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်ဆိုတော့ ကျနော်တို့ဟာ ပြည်သူကိုအခြေခံပြီးတော့မှ တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ပါ” လို့ အဲဒီဗဟိုကော်မတီ ဝင်က ဆိုပါတယ်။

အခုဖြစ်သွားတဲ့ အခြေအနေဟာဆိုရင်လည်း မြေပြင်အခြေအနေအရ ပြန်လည်ခုခံတာနဲ့ ရင်ဆိုင်ရချိန် မရည် ရွယ်ဘဲပစ်ခတ်မိရာက မိသားစုလိုက် သေဆုံးတာမျိုး ဖြစ်သွားတာလို့ သူက ဆက်ပြောပါတယ်။

ဖြစ်စဥ်မှာပါဝင်တဲ့ YDA (Saw) ဟာ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ယောကာကွယ်ရေးတပ် YDF ရဲ့ တပ်ခွဲတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒလန်ရှင်းလင်းရာမှာ ကလေးတစ်ဦးအပါအဝင် မဆိုင်တဲ့ အမျိုး သမီးသုံးဦး သတ်ဖြတ်ခံရတဲ့အပေါ် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက် ပေးပါတယ်။

NUG အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ ညွှန်ကြားပြီးဖြစ်သလို ပါဝင်ပတ်သက်သူ အားလုံးကို ကျူးလွန်မှုအလိုက် အရေးယူဆောင်ရွက်သွားမယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။

“စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သလို ကျနော်တို့ သင်ခန်းစာယူစရာ အဖြစ်အပျက်လည်း ဖြစ်ပါလိမ့် မယ်။ ဘာကြောင့်လည်းဆိုတော့ အရပ်သားတွေ ပါဝင်မှုလည်း ရှိတယ်။ နောက်တစ်ခါ မိသားစုတစ်စုထဲ ကလေး သူငယ်ပါ ပါဝင်နေတဲ့ကိစ္စလည်း ဖြစ်တယ်။ ဒါက ကျနော်တို့ ဘယ်လိုမှ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်မျိုး ဖြစ်ပါတယ်”

ဒါကြောင့် သေချာစုံစမ်းစစ်ဆေးမှုမလုပ်ဘဲ မဆိုင်သူတွေဖြစ်တဲ့ အရပ်သား အမျိုးသမီးတွေကိုပါ ခုလိုလုပ် ဆောင်ခဲ့တာဟာ စစ်သည်ကျင့်ဝတ်ကို ဖောက်ဖျက်တာဖြစ်ပြီး ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ ဝန်ကြီးဦးအောင်မျိုး မင်းက ဆိုပါတယ်။

လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး တော်လှန်ရေးအသိစိတ်ဓာတ် အပြင် လူသားချင်းစာနာစိတ်ထားပြီး လုပ်ဆောင်ကြဖို့ သူက တိုက်တွန်းထားပါတယ်။

Author:

Related Articles