Home ဆောင်းပါး တန်ဖိုးကြီးမားလှတဲ့ တော်လှန်ရေး

တန်ဖိုးကြီးမားလှတဲ့ တော်လှန်ရေး

ခင်ဘုန်းမို့။ ။

“ဆေးသောက်ဖို့ အထိတွေတွေးမိတယ်။စိတ်ထဲမှာ အကြိမ်ကြိမ်ကြံစည်မိနေတာပဲ”လို့အမျိုးသမီးတစ်ဦးက ကိုယ်ကိုကိုယ်အဆုံးစီရင်ဖို့ တွေးတဲ့အကြောင်းကို တိုးညှင်းစွာဖွင့်ဟပါတယ်။ ဒီအကြောင်းကိုဖွင့်ဟလာသူကတော့ မမိုးမိုး(အမည်လွှဲ)ပါ။

မမိုးမိုးဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရကာ ပြန်လည်လွှတ်မြောက်လာချိန်မှာတော့ ဘဝကိုအဆုံးသတ်ဖို့ကြိုးစားခဲ့ပါတယ်။

မမိုးမိုးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မတ်လတုန်းက ရန်ကုန်မြို့ကသပိတ်စစ်ကြောင်းတစ်ခုမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံရကာ အကျဉ်းထောင်ထဲမှာ(၈)လအကြာဖြတ်သန်းခဲ့ရပါတယ်။

စစ်အာဏာမသိမ်းခင်ကာလတုန်းကတော့ မမိုးမိုးတစ်ယောက် ဘဝကိုလက်လျော့ဖို့တခါမှ မတွေးမိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ အသက်ရှင်သန်နေမှုကိုလက်လျော့ဖို့အတွေးတွေစတင်ဝင်လာပါတော့တယ်။

“အရင်အခြေအနေတွေတုန်းကခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမယ့် ကိုယ့်ကိုကိုယ်သက်သေရလောက် ၊မရှင်သန်ချင်တော့ဘူးဆိုတဲ့အတွေးမျိုး တခါမှမဝင်ခဲ့ဘူး။ဒါပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ အဲ့လိုအတွေးမျိုးဝင်တယ်”လို့မမိုးမိုးကဖွင့်ဟပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအားလုံးနီးပါးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝမ်းနည်း ကြေကွဲစရာအခြေအနေတွေကို ရင်ဆိုင်ခံစားကြရပါတယ်။

အာဏာသိမ်းမှုအချိန်ကြာလာတဲ့အခါမှာတော့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေခံစားကြရကာ တချို့ကမိမိကိုယ်ကို အဆုံးစီရင်တဲ့အခြေအနေတွေအထိရှိလာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ပယောဂကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုဖြစ်စဉ်တွေရှိလာပါတယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ဖြစ်စဉ်တွေအရ စစ်အာဏာသိမ်းပြီးနောက်မှာ ကိုယ်ကိုကိုယ်အဆုံးစီရင်မှုဖြစ်စဉ်(၁၀)ခုလောက်ရှိတာကိုတွေ့ရပါတယ်။

ဒါဟာမီဒီယာတွေမှာဖော်ပြတဲ့ ဖြစ်စဉ်အရေအတွက်သာဖြစ်ပြီး မြေပြင်မှာ ဒီထက်မကပိုများနိုင်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဝင်ရောက်စီးနင်းခံရတာကြောင့် ကိုယ်ကိုကိုယ်အဆုံးစီရင်တဲ့ PDF တွေ၊စစ်ကောင်စီရဲ့ အဓ္ဓမပြုကျင့်မှုကြောင့် ကိုယ်ကိုကိုယ်အဆုံးစီရင်တဲ့အမျိုးသမီးတွေ၊သားဖြစ်သူကို စစ်ကြောရေးမှာဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုကို မခံစားနိုင်တာကြောင့် ကိုယ်ကိုကိုယ်အဆုံးစီရင်တဲ့ဖခင်၊ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြပြီးအဆုံးစီရင်ခဲ့သူ၊ CDM ပြုလုပ်ပြီးနောက် အခက်အခဲအမျိုးမျိုးကြောင့် ကိုယ်ကိုကိုယ်အဆုံးစီရင်သူတွေ စတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့စာရင်းပြုစုထားချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ်ကိုကိုယ်အဆုံးစီရင်မှုတွေထဲမှာ အမျိုးသမီး(၆၀)ရာခိုင်နှုန်းနဲ့ အမျိုးသား (၄၀)ရာခိုင်နှုန်းရှိတယ်လို့ AAPPရဲ့စိတ်ဓာတ်ပြန်လည်မြင့်တင်ရေးကူညီထောက်ပံ့မှုဌာနက တာဝန်ခံတစ်ဦးကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ စိတ်ဒဏ်ရာရခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ်ဒဏ်ရာဖြစ်စေတဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ပြီးနောက်၊စိတ်ဖိစီး ကစင့်ကလျားဖြစ်မှု(PSTD)နဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုအများအားဖြင့် ခံစားနေကြရတာကြောင့် AAPPနဲ့ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တို့ပူးပေါင်းကာ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ကူညီထောက်ပံ့ရေးအစီအစဉ်(MHAP)ကိုစတင်လုပ်ဆောင်ခဲ့ကြတယ်လို့ AAPPက ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပြန်ထားပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကိုပဲ အကျဉ်းထောင်ထဲမှာ အခက်အခဲ၊ ဒုက္ခ မျိုးစုံရင်ဆိုင်နေရအောင် လုပ်ထားတာမကဘဲ၊ အပြင်မှာရှိနေတဲ့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ အကူအကယ်မဲ့နေမှု ဖြစ်နေအောင် လုပ်ထားကြတဲ့ Collective punishment (စုပေါင်းပြစ်ဒဏ်)ခံရအောင် လုပ်ထားတဲ့အတွက် ခုလိုဖြစ်ရပ်တွေ ကြုံရတာပါ”လို့ AAPPရဲ့စိတ်ဓာတ်ပြန်လည်မြင့်တင်ရေးကူညီထောက်ပံ့မှုဌာနက တာဝန်ခံတစ်ဦးကမှတ်ချက်ပေးပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဒါမှမဟုတ် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့မိသားစုဝင်တွေဟာ ဒီအကျဉ်းကျခံရခြင်းကသူတို့ရဲ့ဘဝအပေါ်ကြီးမားတဲ့သက်ရောက်မှုတွေရှိနေပြီး အများစုက ထောင်တွင်းကာလ ဒါမှမဟုတ် စစ်အစိုးရရဲ့စောင့်ကြည့်မှုတွေကြောင့် ကြောက်ရွံ့နေကြဆဲဖြစ်ကာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ဆက်နွယ်တာကြောင့် ခွဲခြားဆက်ဆံမှုနဲ့ အလုပ်ကိုင်ဆုံးရှုံးမှုတွေကြုံတွေ့နေရတဲ့အပြင် တခြားသောပြဿနာတွေကြောင့် မိသားစုအတွင်းသဘောထားကွဲလွဲမှုတွေလည်းရှိနေပါတယ်လို့ AAPPရဲ့စိတ်ဓာတ်ပြန်လည်မြင့်တင်ရေးကူညီထောက်ပံ့မှုဌာနက တာဝန်ခံတစ်ဦးပြုလုပ်ထားတဲ့ စာတမ်းမှာဖော်ပြထားပါတယ်။

ဒီစာတမ်းကို ပဋိပက္ခဖြစ်ပွားသောဒေသများရှိ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုဆိုင်ရာအဖွဲ့တစ်ခုဖြစ်တဲ့ Intervention ကထုတ်ပြန်ထားတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မမိုးမိုးလည်းကြုံတွေ့ခံစားခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းကစပြီး မမိုးမိုးဟာ အလုပ်မရှိ၊ဝင်ငွေမရှိတော့တဲ့အတွက် စီးပွားရေးကြပ်တည်းမှုကို ပထမဆုံးရင်ဆိုင်ရတယ်။အိမ်မှာလည်း အဓိကငွေရှာသူဖြစ်တဲ့အတွက် စီးပွားရေးအကြပ်အတည်းပြဿနာက မမိုးမိုးခေါင်းပေါ်သာပုံကျခဲ့တယ်။

အိမ်ပိုင်မရှိတဲ့အတွက် အိမ်ငှားနေဖို့၊အိမ်စာချုပ်ချုပ်ဖို့ ပြဿနာတွေ၊စားဝတ်နေရေးပြဿနာတွေကို မမိုးမိုးတစ်ယောက်ခါးစည်းခံခဲ့ရပါတယ်။

ပတ်ဝန်းကျင်၊ဆွေမျိုးအသိုင်းအဝိုင်းကလည်း မမိုးမိုးတော်လှန်ရေးလုပ်ငန်းတွေထဲထဲဝင်ဝင်ပါဝင်နေတာကြောင့် သူတို့ပါထိခိုက်မယ်ဆိုတဲ့စိတ်နဲ့ အဆက်အသွယ်ဖြတ်ကာ ရှောင်ဖယ်နေကြတယ်။

ဒါ့အပြင် တချို့ဆွေမျိုးတွေကတော့ တစ်ဦးထဲရှိတဲ့မိခင်ကိုငဲ့ပါဆိုတဲ့အကြောင်းပြချက်နဲ့ တော်လှန်ရေးလုပ်ငန်းတွေကိုရပ်ဖို့ တွန်းအားပေးကြပါတယ်။

မိသားစုစားဝတ်နေရေးအတွက် အလုပ်လျှောက်ပြီး အလုပ်ဝင်မယ်ဆိုရင် တော်လှန်ရေးလုပ်ငန်းတွေကိုထဲထဲဝင်ဝင်မလုပ်နိုင်မှာစိုးတဲ့အတွက် အလုပ်လျှောက်ဖို့ကလည်း မမိုးမိုးအတွက် ဝန်လေးစေခဲ့တယ်။

“ဒါတွေကကျွန်မအတွက် အရမ်းစိတ်ဖိစီးမှုဖြစ်စေတယ်၊ ဒွိဟဖြစ်စေတယ်။လွန်ဆွဲရတယ်”လို့မမိုးမိုးကပြောပါတယ်။

အဆိုးဆုံးကတော့ မမိုးမိုးတစ်ယောက် နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ အားလုံးပြင်ဆင်ပြီးနေပြီးဖြစ်တဲ့သူ့ရဲ့ အိပ်မက်တွေကို အာဏာသိမ်းမှုကဖရိုဖရဲဖြစ်စေခဲ့တာပါ။

အကျဉ်းထောင်ထဲမှာနေစဉ်တုန်းကလည်း စစ်ကြောရေးဒဏ်တွေ၊ပင်ပန်းလှတဲ့အကျဉ်းထောင်နေ့ရက်တွေအပြင် မိသားစုကိုပူပန်စိတ်တွေနဲ့ဖြတ်သန်းခဲ့ရတယ်။

အဲ့ဒီနောက် မမိုးမိုးဟာ အကျဉ်းထောင်ကပြန်လည်လွှတ်မြောက်လာပြီးနောက်မှာတော့ ကိုယ်ကိုကိုယ်ဆုံးစီရင်ဖို့ ကြံစည်တဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။

အကျဉ်းထောင်ကပြန်လွှတ်စအချိန်တုန်းက အထဲမှာနေတဲ့ (၈)လတာကာလတုန်းက အခြေအနေနဲ့အဖြစ်အပျက်တွေကို သေချာမသိတဲ့အတွက် အဆင်ပြေနေခဲ့ပါသေးတယ်။

နောက်ပိုင်း အပြင်ကအခြေအနေတွေကို တစစသိလာတာ၊လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေအဖမ်းခံရတာ၊ကျဆုံးတာ၊ မျှော်မှန်းထားသလိုမဖြစ်လာသေးတဲ့ နိုင်ငံရေးအခြေနေတွေကို သိလာပြီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေစလာပါတော့တယ်။

ဒီအခြေအနေတွေကြောင့် မမိုးမိုးတစ်ယောက် စိတ်ဓာတ်ကျတာ၊ဦးတည်ချက်ပျောက်တာ၊ ညဘက်တွေအိပ်မပျော်တာ၊အစားမဝင်တာစတာတွေကိုခံစားခဲ့ရပြီး အိပ်ရာထဲလဲတဲ့အထိဖြစ်ခဲ့ပါတယ်။

“စိတ်ဓာတ်တွေကျပြီးတော့ ငါလုပ်နေတာမှန်ရဲ့လား ငါဘာဆက်လုပ်မှာလဲဆိုတဲ့စိတ်မျိုးနဲ့တင် ဒီအတိုင်းအသက်ရှင်ရတာ ပင်ပန်းလာသလိုခံစားရတယ်”လို့မမိုးမိုးကသူခံစားခဲ့ရတဲ့ စိတ်အခြေအနေကိုဖွင့်ဟပါတယ်။

ပျောက်ကွယ်သွားရင်ကောင်းမှာပဲ ဆိုတဲ့အတွေးမျိုးဝင်သလို တဖက်မှာလည်း တစ်ယောက်ထဲကျန်ခဲ့မယ့်အမေအတွက် စဉ်းစားမိကာရှင်သန်ဖို့စဉ်းစားမိတယ်လို့ မမိုးမိုးကဆိုပါတယ်။

အဲ့ဒီအခြေအနေမှာ အိပ်ဆေးသောက်မှအိပ်ပျော်တဲ့အခြေအနေမျိုးရောက်ကာ ဆေးမသောက်တဲ့နေဆို လုံးဝအိပ်မပျော်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ဘယ်သူနဲ့မှလည်းစကားမပြောချင်ဘဲ တစ်ယောက်ထဲနေကာ အသက်ရှင်ဖို့လုံလောက်ပြီဆိုတဲ့ အတွေးတွေဝင်လာပါတော့တယ်။

“အဲ့ရက်တွေမူမမှန်ပဲအခန်းအပြင်မထွက် တအားငြိမ်နေလို့လုံးဝကို အမေကအလစ်မပေးခဲ့တာ။ ခဏခဏ လာလာကြည့်ပြီး အရိပ်တကြည့်ကြည့်နဲ့ အလွတ်မပေးခဲ့ဘူး။ဒီလိုနဲ့ပဲ အမေ့ရဲ့ချော့တခါ၊ငိုတခါနဲ့ အမေ့ကြောင့်နဲ့ အထမမြောက်ခဲ့ဘူး”လို့မမိုးမိုးကပြောပါတယ်။

မမိုးမိုးရဲ့အမေဖြစ်သူကလည်း မမိုးမိုးကိုတော်လှန်ရေးနဲ့ပတ်သက်ပြီးလုပ်ချင်တာ လုပ်ခွင့်ပြုတယ်ဆိုတဲ့အကြောင်း အဖမ်းမခံရဖို့နဲ့ အသက်မသေဖို့ပဲလိုတယ်ဆိုတဲ့ အကြောင်းတွေကိုပြောရင်း အခက်အခဲတွေကို အမေနဲ့အတူတူရင်ဆိုင်ကျော်ဖြတ်ကြမယ်လို့ အားပေးစကားဆိုတယ်လို့ မမိုးမိုးကပြန်ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ မမိုးမိုးနည်းတူ ကိုယ်ကိုကိုယ်အဆုံးစီရင်ဖို့ကြိုးစားခဲ့သူတစ်ဦးကတော့ Jessica ဖြစ်ပါတယ်။Jessica ဟာစစ်အာဏာသိမ်းမှုစတင်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်မှုတွေမှာပါဝင်ခဲ့တယ်။

ဒလန်ရဲ့သတင်းပေးတိုင်ကြားမှုကြောင့် အိမ်လည်းပြောင်းနေခဲ့ရပြီး အဖိုးဖြစ်သူ၊ မိခင်ဖြစ်သူနဲ့ ဆွေမျိုးနီးစပ်အမတစ်ယောက်အဖမ်းခံခဲ့ရတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတွေ၊စစ်ကောင်စီထောက်ခံသူတွေဟာ ဆန္ဒပြသူတွေ၊တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေရဲ့ နေရပ်လိပ်စာ၊ပုန်းအောင်နေတဲ့နေရာအတိအကျသတင်းပေးကာ ဖမ်းဆီးခိုင်းသူတွေဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ အဆိုပါဒလန်တွေရဲ့သတင်းပေးတိုင်ကြားမှုကြောင့် စစ်ကောင်စီကိုတွန်းလှန်နေတဲ့ ပြည်သူများစွာဖမ်းဆီးခံရသလို မြေအောက်တော်လှန်ရေးအဖွဲ့တွေလည်းဖမ်းဆီးခံခဲ့ရပါတယ်။

အဖိုးဖြစ်သူကို နောက်နေ့မနက်မှာ ပြန်လွတ်ပေးခဲ့ပေမယ့် အမေနဲ့အမကလက်ရှိအချိန်အထိ အကျဉ်းထောင်ထဲမှာဖမ်းဆီးခံနေရတုန်းပဲ။အဲ့ဒီနောက် ရှောင်တိမ်းနေထိုင်ရင်း အဖိုးဖြစ်သူလည်းဆုံးပါးသွားခဲ့တယ်။ စီးပွားရေးအဆင်မပြေတော့ဘဲ စုဆောင်းထားတာလေးတွေနဲ့ရပ်တည်နေကြရတယ်။ မိတ်ဆွေတွေကလည်း အမှုပတ်မှာစိုးရိမ်တဲ့အတွက် အဆက်အသွယ်သိပ်မလုပ်ချင်ကြဘူးလို့ Jessica ကသူ့အတွေ့အကြုံကိုပြောပါတယ်။

အာဏာမသိမ်းခင်ကာလမှာ အဆုံးစီရင်ဖို့မတွေးမိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဆက်ပြီးအသက်မရှင်ချင်လောက်အောင်ဖြစ်ခဲ့ပါတော့တယ်။

“အသက်ရှင်နေလည်း မထူးတော့ဘူးလေ။ အမေက ထောင်ထဲမှာ။ အပြင်မှာ အပိုလူတစ်ယောက်လိုပဲ။ သေဆုံးခြင်းကသာ အရာရာကို ဆေးချပေးသွားမှာဆိုပြီး ကြိုးစားခဲ့တယ်”လို့ Jessica ကဖွင့်ဟပါတယ်။

အဲ့ဒီနောက် အမေဖြစ်သူနဲ့ပြန်ဆုံမယ့်နေတွေကိုပြန်တွေးရင် အဆုံးစီရင်ဖို့ကိုလက်လျော့လိုက်ပါတော့တယ်။

“ရေခွက်နဲ့ဆေးတွေကိုကြည့်ပြီး ထောင်ထဲကအမေ့ကိုပဲပြေးမြင်မိတယ်။ဒါကြောင့်ပဲရှင်သန်နေမိတာ”လို့Jessica ကဖွင့်ဟပါတယ်။

ပြည်သူတွေအနေနဲ့ ဆုံးရှုံးမှုတွေရင်ဆိုင်ရတာ၊ မရေရာ၊အသေချာမှုတွေရင်ဆိုင်ရတာတွေကြောင့် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ ခံစားရချိန်မှာ ဖြေမဆည်နိုင်ဖြစ်ပြီး စိတ်ဒဏ်ရာတွေ ရနိုင်တယ်လို့ အငြိမ်းစား အတိုင်ပင်ခံစိတ်ရောဂါကုဆရာဝန်ကြီးတစ်ဦးကပြောပါတယ်။

စိတ်ဒဏ်ရာရတယ်ဆိုရာမှာလည်း အသက်အရွယ်အလိုက် ကွဲပြားမှုတွေတော့ ရှိနိုင်ပြီး ဆယ်ကျော်သက်တွေမှာ ရတတ်တာနဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေမှာ ရတာ မတူနိုင်သလို သက်ကြီးပိုင်း အမျိုးသမီးကြီးတွေမှာ ရတာကလည်း တစ်ပုံစံ ဖြစ်နိုင်တယ်လို့ အဆိုပါဆရာဝန်ကြီးကဆက်ပြောပါတယ်။

စိတ်ဒဏ်ရာတွေကြောင့် စားမဝင်အိပ်မပျော်တာ၊ စိုးရိမ်စိတ်တွေများနေတာ၊ ကြောက်ရွံ့နေပြီးအိမ်ထဲက အိမ်ပြင် မထွက်ရဲဖြစ်တာ၊ နှလုံးတုန်၊ ရင်ခုံ၊ မောပန်းနေတတ်တာတွေ အပါအဝင် ရက်ရှည်လာရင်၊ ဒါမှမဟုတ် သိပ်ပြင်းထန်လွန်းရင် တစ်သက်လုံး မကြာခဏ ပြန်ပြန်ခံစားနေရတတ်တာ၊ အသက်ဆက်မရှင်ချင်တော့လို ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေအထိ ဖြစ်စေတတ်တယ်လို့ အငြိမ်းစား အတိုင်ပင်ခံစိတ်ရောဂါကုဆရာဝန်ကြီးကမှတ်ချက်ပြုပါတယ်။

“ကိုယ့်ကိုယ်ကို အဆုံးစီရင်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဆိုတာထက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေလို့ဆိုရင် ပိုပြီးပြောရလွယ်ပါမယ်။ အဲဒီစိတ်ဝေဒနာတွေ ကတော့ စိတ်ကျဝေဒနာ၊ စိတ်ကစဉ့်ကလျား ဝေဒနာနဲ့ တခြား စိတ်ဖေါက်ပြန်တဲ့ ဝေဒနာတွေ၊ အရက်၊ မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ တခြားဆေးဝါးတွေ သုံးစွဲမှု၊ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေရင် အဆုံးစီရင်တာ ပိုဖြစ်တတ်ပါတယ်။ စိတ်ကျဝေဒနာဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကနေ ပိုမိုကြီးထွားလာပြီး အချိန်မီမကုသ၊ မဖြေဖျောက်နိုင်ခဲ့ရင် ဖြစ်လာဖို့ အခွင့်အလမ်းများပါတယ်။ နဂိုက ဖေါ်ပြခဲ့တဲ့ ရောဂါဝေဒနာတွေလည်းရှိနေမယ်ဆိုရင် ဒီကာလရင်ဆိုင်ရတဲ့ ပြဿနာတွေနဲ့ ထိတွေ့ရချိန်မှာ အဆုံးစီရင်တာမျိုးတွေကို တွေးမိတတ်၊ ကြံစည်ကြိုးစားတတ်ကြပါတယ်။ ဒီလိုဝေဒနာတွေ မရှိခဲ့ပေမယ့်လည်း အဆုံးစီရင်ဖို့ အတွေးပေါ်တာတွေ ရှိတတ်ပါတယ်။ “ငါ သေချင်ပြီ” ဆိုတာမျိုး ညည်းတတ်တာမျိုးပါ။ ဒါပေမယ့် သူတို့ကြတော့ အကျိုးသင့်၊ အကြောင်းသင့် ပြန်လည် ဆင်ခြင်၊ ဆုံးဖြတ်နိုင်စွမ်း ရှိနေလို့ အကောင်အထည်မပေါ်”လို့ အငြိမ်းစား အတိုင်ပင်ခံစိတ်ရောဂါကုဆရာဝန်ကြီးကရှင်းပြပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေကြောင့် အဆုံးစီရင်ဖို့တွေးသူ၊ကြိုးစားကြသူတွေရှိသလို အသက်ဆုံးရှုံးတဲ့အထိ မိမိကိုယ်ကိုအဆုံးစီရင်သွားသူတွေလည်းရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ဇနီးဖြစ်သလို ကဗျာဆရာမောင်အောင်ပွင့်ရဲ့ သမီးဖြစ်တဲ့ မလုံမငြိမ်းချမ်းဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေအနေတွေကြားမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေမှာပါဝင်တာကြောင့် ဖမ်းဆီးခံခဲ့ရကာ ဧပြီလ(၁)ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူဟာ ပုဒ်မ ၅၀၅(က)နဲ့ထောင်ဒဏ်(၂)နှစ်အမိန့်ချလိုက်ပါတယ်။ခင်ပွန်းဖြစ်သူ အမိန့်ချခံရပြီးနောက်နေ့မှာပဲ မလုံမငြိမ်းချမ်းဟာ ဘဝတစ်ပါးကိုကူးပြောင်းသွားပါတော့တယ်။

ဖခင်ဖြစ်သူတုန်းကလည်း အကျဉ်းထောင်ထဲမှာ အချိန်တွေကုန်ဆုံးခဲ့ရကာ နိုင်ငံရေးသမားမိသားစုတွေရင်ဆိုင်ကြုံတွေ့ရတဲ့ လောကဓံကြား မလုံမငြိမ်းချမ်းဟာကြီးပြင်းခဲ့ရပါတယ်။

မလုံမငြိမ်းချမ်းဟာဖခင်လိုပဲငြိမ်းချမ်းရေးလိုလားသူတစ်ဦးလို့ မလုံမငြိမ်းချမ်းတို့နဲ့ မိသားစုလိုရင်းနှီးခဲ့တဲ့ မိတ်ဆွေကဗျာဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။

“သူကလည်းသူ့အဖေလိုပါပဲ ငြိမ်းချမ်းရေးရချင်တယ်။ တိုင်းပြည်အေးချမ်းချင်တယ်။ သာသာယာယာချမ်းချမ်းမြေ့မြေ့ဘဝမျိုးကိုအားလုံးဖြစ်သွားစေချင်တယ်အဲ့လိုစာမျိုးသူရေးတယ်”လို့ အဆိုပါမိတ်ဆွေကပြောပါတယ်။

ပြည်တွင်းစစ်ကြီးရယ် ရပ်ပါတော့ဆိုတဲ့စာကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ဒီဇင်ဘာလက မလုံမငြိမ်းချမ်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်ခင်ပွန်းဖြစ်သူအဖမ်းခံရပြီး ထောင်ဝင်စာတွေ့ခွင့်မရတာ၊ပစ္စည်းပို့ခွင့်မရတာတွေကို သူ့ရဲ့လူမှုကွန်ရက်မှာ ကြေကြေကွဲကွဲဖော်ပြလေ့ရှိတယ်။

“ကျွန်တော်တို့ကတော့လှမ်းပြီးအားပေးပေါ့ဗျာ။ ရှောင်ရင်းတိမ်းရင်းနဲ့သူ့ကို အားပေးစကားတွေပြော အားမငယ်နဲ့မိသားစုအားလုံးမြန်မာပြည်မှာရှိနေတဲ့ မိသားစုအားလုံးကဒါတွေကို ကြုံတွေ့နေရတယ်။ ကိုယ်တယောက်တည်း ကြုံတွေ့နေရတာမဟုတ်ဘူး။ အားလုံးတနေ့တော့ စုံစုံညီညီပြန်တွေ့ကြမယ်။ အဲ့အချိန်ထိကျန်းမာနေဖို့ လိုတယ်ဆိုတာမျိုးအားပေးတယ်”လို့မိတ်ဆွေကဗျာဆရာကဆိုပါတယ်။

အဲ့ဒီမတိုင်ခင်မှာလည်း နှစ်ကြိမ်လောက် ကိုယ်ကိုကိုယ်အဆုံးစီရင်ဖို့ ကြိုးစားအားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အဆိုပါမိတ်ဆွေကပြောပါတယ်။ဒါ့အပြင်စိတ်ကျရောဂါခံစားနေရပြီး ဆရာဝန်နဲ့ကုသနေရတာတွေကိုလည်း ဆုံးပါးသွားပြီးတဲ့အခါမှ ပြန်လည်ကြားသိခဲ့ရတယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေကြောင့် ပြည်သူတွေမှာဘယ်လောက်အထိ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားနေရလဲဆိုတာနဲ့ပတ်သက်ပြီး ဖြေဆိုသူ(၁၀၀)ပါဝင်တဲ့အသေးစား သဘောထားစစ်တမ်းတစ်ခုကို အခုဆောင်းပါး အတွက် အထောက်အကူပြုစေရန် ဆောင်းပါးရေးသူ ကိုယ်တိုင် ကောက်ခံခဲ့ပါတယ်။

ဒီစစ်တမ်းကိုCDMဆရာ၊ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသား၊အလုပ်သမား၊ တက်ကြွလှုပ်ရှားသူတွေ၊ မသန်စွမ်းသူတွေနဲ့ LGBT တွေကပါဝင်ဖြေဆိုထားကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပုံမှန်အခြေအနေကနေ ဘာတွေပြောင်းလဲသွားလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး အလုပ်လက်မဲ့ဖြစ်တယ်လို့ဖြေဆိုသူ(၄၃.၃)ရာခိုင်နှုန်း၊ တခြားအကြောင်းအရင်း(၃၄)ရာခိုင်နှုန်း၊ အိမ်သို့မဟုတ် လက်ရှိနေထိုင်ရာ နေရာကနေပြောင်းရွေ့နေထိုင်ရတယ်လို့ဖြေဆိုသူ (၁၁.၃)ရာခိုင်နှုန်း၊မိသားစုနဲ့ခွဲခွာရတယ်လို့ဖြေဆိုသူ (၁၁.၃)ရာခိုင်နှုန်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စီးပွားရေးအခက်အခဲကြုံတွေ့ရသူ(၆၇.၃)ရာခိုင်နှုန်း၊ ပညာရေးအခက်အခဲကြုံတွေ့ရသူ(၂၂.၄)ရာခိုင်နှုန်း၊လူမှုရေးအခက်အခဲကြုံတွေ့ရသူ(၁၀.၂)ရာခိုင်နှုန်းဖြစ်ပါတယ်။ပါဝင်ဖြေဆိုသူတွေရဲ့တုန့်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်လက်မဲ့ဖြစ်သူနဲ့ စီးပွားရေးအခက်အခဲကြုံတွေ့ရသူ ရာခိုင်နှုန်းများတာကိုတွေ့ရပါတယ်။

စာရေးသူကိုယ်တိုင်ပြုလုပ်ထားတဲ့ အဆိုပါစစ်တမ်းမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ်သတ်သေဖို့စဉ်းစားသူ ရာခိုင်နှုန်းများလာတာကိုတွေ့ရပါတယ်။

စစ်အာဏာမသိမ်းခင်က မိမိကိုယ်ကိုအဆုံးစီရင်ဖို့တွေးဖူးတယ်လို့ဖြေဆိုသူ(၂၄.၅)ရာခိုင်နှုန်းသာရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ မိမိကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့တွေးဖူးသူ(၄၃.၃)ရာခိုင်နှုန်းရှိပါတယ်။

ဒါ့အပြင် စစ်အာဏာမသိမ်းခင်က မိမိကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားဖူးတယ်လို့ဖြေဆိုသူ(၁၂.၁)ရာခိုင်နှုန်းသာရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ ကြိုးစားဖူးတယ်လို့ဖြေဆိုသူ (၁၉.၆)ရာခိုင်နှုန်းရှိပါတယ်။

နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု အကြမ်းဖက်မှုတွေများပြားလာတာကြောင့် စိတ်ဒဏ်ရာဖြစ်တာ၊ စိတ်ဓါတ်ကျတာ၊ စိုးရိမ်ပူပန်မှုဖြစ်တာ၊ အရက်နဲ့မူးယစ် ဆေးဝါးတွေ အလွန်အကျွံသုံးစွဲမိတာတွေကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်တာအထိ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေအထိ ဖြစ်နိုင်တယ်လို့ စိတ်ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးကပြောပါတယ်။

“မျှော်လင့်ချက်မဲ့တာ၊ အနာဂတ်မရှိတော့ဘူးလို့ ခံစားရတာ၊ မသေချာမရေရာမှုတွေကို ခံစားနေရတာတွေကြောင့် အသက်ရှင်နေရင်လည်း အပိုပဲ၊ ဘာမှမထူးဘူးဆိုတဲ့ အတွေးမျိုးတွေဝင်လာတတ်တယ်။ ဘယ်သူမှ ဒီဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မကူမကယ်နိုင်တော့ဘူးလို့ စဥ်းစားလာမိတတ်ပါတယ်။ ဒါကလည်း လူတွေမှာ အရမ်းစိတ်ဖိစီးလာတဲ့အခါတွေမှာ တွေးမိနိုင်တဲ့ အတွေးတွေပါ။ ဒါကြောင့် ဒီအတွေးတွေကနေ လွန်မြောက်နိုင်ဖို့ ကျွမ်းကျင်တဲ့ ကုသဆွေးနွေးမှုတွေ လုပ်ဆောင်ပေးသင့်ပါတယ်”လို့အဆိုပါ စိတ်ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်ကဆက်ပြောပါတယ်။

မိမိမှာ သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေ ပေါ်လာတယ်ဆိုရင် နီးစပ်ရာ စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူတွေဆီကို အမြန်ဆုံးရှာဖွေချိတ်ဆက်ဆက်သွယ်သင့်သလို ဒီအကြောင်းအရာကို ကိုယ်နဲ့ နီးစပ်တဲ့ သူတွေကိုဖွင့်ဟတိုင်ပင်တာ၊ဒီအတွေးတွေပေါ်လာပြီဆိုရင် ကိုယ့်ကို စိတ်သက်သာစေမယ့် လုပ်ဆောင်မှုတွေက ဘာတွေလဲဆိုတာကို စဥ်းစားပြီး ကြိုးစားလုပ်ဆောင်ပေးသင့်တယ်လို့သူကအကြံပြုပါတယ်။

“အခုကိုယ့်မှာဖြစ်နေတဲ့ အခက်အခဲပြဿနာတွေဟာ အမြဲတမ်းတစ်သက်လုံးဖြစ်သွားမှာ မဟုတ်ဘူး။ အချိန်ကာလတစ်ခုဖြတ်သန်းပြီးတဲ့အခါမှာ အဆင်ပြေသွားလိမ့်မယ်ဆိုတာမျိုး ကိုယ်ကိုကိုယ်အားပေးနိုင်တယ်။ ကိုယ့်ကိုအသက်ရှင်သန်စေသင့်တဲ့ အကြောင်းအရင်းတွေ ဘာတွေရှိသလဲဆိုတာကိုရှာဖွေရပါမယ်။ နီးစပ်ရာသူတွေကလည်း ကူညီပေးနိုင်သူတွေဆီကို ချိတ်ဆက်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်”လို့ စိတ်ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်ကတိုက်တွန်းပါတယ်။

ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ကြံစည်တဲ့အခြေအနေကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့တဲ့ မမိုးမိုးက ဒီအခြေအနေမှာမသေပဲရှင်ကျန်ခဲ့တဲ့သူတွေ ဖြစ်တဲ့အတွက်တာဝန်ပိုကြီးပြီးတော့ ကျဆုံးသွားတဲ့သူတွေအတွက် နှစ်ဆသုံးဆ ပိုပြီးအားစိုက်ထုတ်ရမယ်လို့ပြောပါတယ်။

“ကိုယ့်ကိုချစ်တဲ့သူတွေအတွက်အသက်ရှင်ပါ။ ကိုယ့်ကိုလိုအပ်နေတဲ့သူတွေအတွက် ကြိုးစားပြီး အသက်ရှင်ပါဖြတ်သန်းပါလို့ပဲအကြံပေးချင်တယ်”လို့မမိုးမိုးက ဆိုပါတော့တယ်။

Author:

Related Articles