Home ဆောင်းပါး အိမ်မပြန်နိုင်သူများ

အိမ်မပြန်နိုင်သူများ

ဝါးတောင် စစ်ဘေးရှောင်စခန်း (ဓါတ်ပုံ – မလှဦး)

ကောကော်။                 ။

῝အိမ်ကိုပြန်ချင်တယ်၊ ဒါပေမယ့် နောက်တခေါက် ဒီလိုပြန်ဖြစ်မှာကိုလည်း ကြောက်တယ်။ စစ်ထပ်ဖြစ်မှာ ကို ကျမတို့မလိုလားဘူး῎

အသက်(၂၃)နှစ်အရွယ်ရှိ မခိုင်သဲဖြူသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဲချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့၏ ပြင်းထန်သော စစ်ပွဲများကြောင့် ဝါးတောင်စစ်ရှောင်စခန်းကို ဇန်နဝါရီလ (၃)ရက်နေ့က မိသားစုဝင်(၄)ဦးနှင့် အတူ ရောက်ရှိလာခဲ့သည်။

သဲချောင်းရွာတွင် အိမ်ခြေ(၃၅)လုံးခန့်ရှိပြီး ရွာသားများသည် တိုက်ပွဲကြောင့် အထိတ်တလန့်ဖြစ်ခဲ့ကြသည့် အပြင် လုံခြုံမှုလည်း မရှိတော့သဖြင့် ရွာလုံးကျွတ် စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။

သူတို့သည် တောင်ယာလုပ်ငန်းကို အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်လာခဲ့ကြပြီး ဝါးတောင်စစ် ရှောင်စခန်းကို ရောက်ရှိလာသည့် (၂)လအတွင်း အဆင်မပြေမှုများဖြင့် နေထိုင်ကြရကာ ဆက်တိုက်ဖြစ် နေသော စစ်ပွဲများကြောင့် အိမ်ပြန်ချိန်ကို မမှန်းဆနိုင်တော့သဖြင့် ဝမ်းနည်းအားငယ်နေသူများလည်း ဖြစ် သည်။

῝စစ်က ဘယ်အချိန်အထိ ဖြစ်နေဦးမှာလဲ၊ အမြန်ဆုံး စစ်ရပ်စေချင်ပြီ῎ ဟု မခိုင်သဲဖြူကပြောသည်။

ဝါးတောင်စစ်ရှောင်စခန်းတွင် ယာယီနေထိုင်ရန်အတွက်သာ မိုးကာတာလပတ်များဖြင့် မိုးထားသော စစ် ပြေးဒုက္ခသည်တဲများတွင် နေထိုင်ရသဖြင့် မတ်လတွင်ရွာသော အခါလွန်မိုးကြောင့် အခက်အခဲများဖြစ်ခဲ့ သည်ဟု ဆိုသည်။

῝မိုးရွာတော့ မိုးရေတွေ ယိုကုန်တယ်၊ ထမင်းဟင်းချက်ဖို့ ထင်းကရေစိုပြီး မီးမွှေးလို့မရတာရယ်၊ သောက် သုံးရေမသန့်တာရယ်ကြောင့် ဝမ်းရောဂါတွေလည်း ဖြစ်ကြတယ်῎

အသက်(၂၃)နှစ်အရွယ်ရှိ မယဉ်သာနုသည် မိသားစုဝင်(၅)ယောက်နှင့်အတူ ကျောက်တော်မြို့နယ်၊ ခမောက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တောင်ယာနှင့် ဥယာဉ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

ခမောက်ကျေးရွာသည် စစ်ပွဲများမဖြစ်ခင်အချိန်က ရွာသားများ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက် ခဲ့ကြသော ရွာလည်းဖြစ်သည်။ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ရွာသူရွာသားများ စားဝတ်နေရေး ခက်ခဲလာရသည်ဟု မယဉ်သာနုက ဆိုသည်။

῝ရွာမှာ ဆက်နေရင် ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ဘူးလေ။ လုံခြုံမှုလည်းမရှိတော့ဘူး၊ ဒါကြောင့် ဒီဝါးတောင် စစ်ရှောင်စခန်းကို စက်လှေတတန်၊ ကုန်းတတန် လမ်းလျှောက်ပြီး ရောက်လာခဲ့တာပါ῎

မိမိအိုးပိုင်အိမ်ပိုင်ရှိရာသို့ ပြန်သွားချင်သောဆန္ဒရှိသော်လည်း ပြန်ရမည့်အချိန်ကတော့ အလှမ်းဝေးကွာနေ ဦးမည်ဟု သူမက ဆိုသည်။

῝ကျမတို့အိမ်ကို အမြန်ဆုံးပြန်ချင်ပြီ။ ဒီမှာနေရတာ လုံးဝစိတ်မပျော်ဘူး῎ဟု မယဉ်သာနုက ပြောသည်။

ဝါးတောင်စစ်ရှောင်စခန်းတွင် ကျောက်တော်မြို့နယ်မှ စစ်ဘေးဒုက္ခသည် (၁၂၀၀)ကျော်ခန့်ရှိပြီး အမျိုးသား နှင့် အမျိုးသမီးဦးရေမှာ ထက်ဝက်စီလောက်ရှိကာ ကိုယ်ဝန်ဆောင် အမျိုးသမီး(၄၀)ဦးပါဝင်သည်။ စစ် ရှောင်ကာလ (၂)လအတွင်း ကလေး(၇)ဦး မွေးဖွားခဲ့သည်ဟု ခမောက်ကျေးရွာမှ စစ်ရှောင်အဖြစ် ရောက်ရှိ နေသည့် စေတနာ့ဝန်ထမ်း အရံသားဖွားဆရာမ မလှဦးက ဆိုသည်။

စခန်းအတွင်းတွင် မီးဖွားဆောင်(၂)ခုဆောက်လုပ်ထားပေးပြီး မီးဖွားရန် အခက်အခဲရှိပါက ကျောက်တော် မြို့နယ်နှင့် အပေါက်ဝမြို့နယ် ဆေးရုံဆေးခန်းများသို့တဆင့် ပြန်လွှဲပြောင်းပေးသည်ဟု ပြောပြသည်။

ဝါးတောင်စစ်ရှောင်စခန်းတွင် နေထိုင်ရေး အဆင်မပြေသလို လက်နက်ကြီး၊ လက်နက်ငယ်အသံများကြား နေရသည့်အတွက်လည်း စိတ်လုံခြုံမှု မရှိကြပါဟု မလှဦးက ပြောသည်။

῝သေနတ်သံတွေက အရှေ့အနောက်၊ တောင်မြောက်အကုန်ကြားနေရတယ်၊ ပေါက်ကွဲသံတွေကလည်း အ မျိုးမျိုးပဲ῎

ဝါးတောင်စစ်ရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်များ၏ အိမ်ပြန်နိုင်ရေး မျှော်လင့်ချက်မှာလည်း ပိုမိုပြင်းထန် လာသောစစ်ပွဲများကြောင့်  တဖြည်းဖြည်းဝေးကွာလာပြီး လာမည့်မိုးဦးကျရာသီတွင် မိုးခိုနိုင်မည့်နေရာထိုင် ခင်းနှင့် လုံခြုံမည့်နေစရာတဲအိမ်များ ရရှိရန် ကြိုတင်ပြင်ဆင်မှုများ လိုအပ်နေသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်း (ဓါတ်ပုံ- မလှဦး)

ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာတပ်မတော်တို့၏ ထိုးစစ်ဆင်မှုသည် ရခိုင်ပြည်နယ်၊ မြောက်ဦးတွင် ပိုမို ပြင်းထန်လာခဲ့ပြီး မတ်လ(၁၇)ရက်နေ့တွင် မြန်မာ့တပ်မတော်မှ မြောက်ဦးမြို့အတွင်း စစ်ကားနှင့်ပါတ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွာအတွင်းရှိ အိမ်တအိမ်သို့ လက်နက်ကြီးကျပြီး အိမ်တဆောင်လုံး မီးလောင်ကျွမ်းခဲ့သည်ဟု မြောက်ဦးဒေသခံ ကိုသန်းလှိုင်က ပြောသည်။

῝အဲဒီနေ့ကဆို ကားပေါ်ကလည်းပစ်တယ်၊ အောက်ဆင်းပြီးတော့လဲ ပစ်တယ်။ သူတို့ပစ်လိုက်တဲ့ လက် နက်ကြောင့် အိမ်လည်းမီးလောင်သွားသလို ဘာမှတောင် ပြန်မရလိုက်ရဘူး။ ကလေးတယောက်လည်း ဒဏ်ရာရသွားတယ်၊ ပြီးတော့ အဲဒီမီးလောင်သွားတဲ့အိမ်မှာ သွားရောက်ပုန်းခိုနေတဲ့ လင်မယားနှစ်ယောက် လည်း လက်ကျိုးသွားတယ်῎

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရက္ခိုင့်မုနိဘုရားဆင်းတု တော်ပျက်စီးသွားပြီး လက်နက်ကြီးကျသောနေရာအနီးရှိ ပြည်သူလူထုကို ထိမှန်ခဲ့ကြောင်း ကိုသန်းလှိုင်က ပြောသည်။

῝လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ကြလို့ အမျိုးသမီးနဲ့ ကလေးတွေက ပြေးလွှားရင်း နဲ့ စစ်ရှောင်စခန်းရောက်သွားတယ်။ အမျိုးသားတွေကျတော့ မနက်မိုးလင်းရင် အိမ်ကိုပြန်လာကြည့်ရတယ်၊ စိုက်ခင်းလဲရှိသေးတော့ တအိမ်လုံးလုပ်ရတဲ့အလုပ်တွေကို သူတို့ပဲ ပြန်လာလုပ်ရတယ်။ ညကျတော့ အိမ်မှာ ဘယ်သူမှ မနေရဲတော့ ဘုန်းကြီးကျောင်းတွေမှာ သွားစုအိပ်ရတယ်῎

မြန်မာ့တပ်မတော်ဖက်မှ AA လက်နက်ကိုင်အဖွဲ့သည် အရပ်သားအသွင်ယူပြီး မြို့တွင်းမှ တိုက်ခိုက်နေ သောကြောင့် ယခုကဲ့သို့ စစ်ပွဲများဖြစ်လာရခြင်းဖြစ်ကြောင်း ရှင်းလင်းထားပြီး လူနေသည့် မြို့ရွာများနှင့် ဝေးသည့်နေရာများတွင်သာ ပစ်ခတ်ကြရန်နှင့် ဖြစ်နိုင်လျှင် နှစ်ဦးနှစ်ဖက်လုံး စစ်ပွဲရပ်ပြီး တွေ့ဆုံဆွေးနွေး ခြင်းသာလျှင် အကောင်းဆုံးဖြစ်မည်ဟု ကိုသန်းလှိုင်က ပြောသည်။

စစ်ရှောင်များသည်လည်း မိမိတို့နေအိမ်များသို့ပြန်ရန် မဖြစ်နိုင်သေးသဖြင့် ယခုလို ကွင်းပြင်ကြီးထဲတွင် တာလပတ်ဖြင့် မိုးထားသော လေမလုံ မိုးမလုံနေရာထက် ပိုမိုအဆင်ပြေသော အဆောက်အဦများ လုပ် ဆောင်ပေးသင့်သည်ဟု ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) မှ အထွေထွေအတွင်းရေးမှူး (ဒေါ်)စော ဦး ညွန့်ခင်က ပြောသည်။

῝ဒီလိုကူညီပေးဖို့ဆိုတာက အရပ်ဘက်အဖွဲ့အစည်းတွအနေနဲ့ မတတ်နိုင်ဘူး၊ အစိုးရဖက်ကလည်း လုပ်ဖို့ရှိ တယ်ဆိုတာကို အပြောနဲ့မဟုတ်ဘဲ တကယ်လက်တွေ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့လိုတယ်῎

တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်ခြင်း၊ ကလေးများပညာရေးထိခိုက်ခြင်း၊ ကလေးများနှင့် အ မျိုးသမီးများ စစ်ပွဲအတွင်း ထိခိုက်သေဆုံးခြင်း၊ အိုးအိမ်စီးပွားပျက်ရခြင်းများအတွက် များစွာစိတ်မကောင်း ဖြစ်မိသည်ဟု (ဒေါ်)စောဦးညွန့်ခင်က ဆိုသည်။

῝ငြိမ်းချမ်းရေးအကောင်အထည်ဖော်တဲ့သူတွေ လက်နက်ကိုင်ထားသူတွေအားလုံး တကယ်ငြိမ်းချမ်းစေချင် တဲ့ စေတနာနှလုံးသားကို စွဲကိုင်ပြီး ဖြေရှင်းသင့်တယ်လို့ ကျမအကြံပြုချင်ပါတယ်῎

Related Articles