Home ဆောင်းပါး ခုခံစစ်ဒေသထဲက သက်မွေးပညာ

ခုခံစစ်ဒေသထဲက သက်မွေးပညာ

နွေဦးမောင်။ ။

ပြန်လည်ထူထောင်ရေးတွေလုပ်တဲ့အခါ သက်မွေးဝမ်းကြောင်းပညာရပ်ဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာမယ်လို့ ယုံကြည်နေသူကတော့ သင်တန်းနည်းပြ ဒေါ်ရတီပါ။

ဒါ့ကြောင့်လည်း ခုလိုတော်လှန်ရေး ကြားကာလမှာကတည်းက သက်မွေးပညာတွေ မျှဝေသင်ကြားပေးဖို့ သူက စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။

အဲဒီစိတ်အားထက်သန်မှုနဲ့ပဲ NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန(MOE)သက်မွေးပညာကော်မတီရဲ့ပံ့ပိုးမှုနဲ့ ကာလတို သက်မွေးပညာသင်တန်းတွေ တောက်လျောက်စီစဉ်ပေးနေပါတယ်။

သင်တန်းသူတွေကိုကတော့ သိပ်ပြီး ခက်ခက်ခဲခဲရှာဖွေလိုက်ရတာမျိုးမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ စစ်ဘေးရှောင် နေရတဲ့ ဒေသခံပြည်သူတွေ၊ CDM လုပ်ထားတဲ့ကျောင်းသားကျောင်းသူတွေ အများအပြားရှိနေလို့ပါပဲ။

သင်တန်းတွေကို အတတ်ပညာရပ်အလိုက် အခြေခံကစပြီး စက်ချုပ်၊ ဇာထိုးပန်းထိုး၊ အိမ်တွင်းဆေးဝါး၊ စက်မှုစတဲ့ သက် မွေးဝမ်းကြောင်းပညာရပ်တွေကို သင်ကြားပေးနေတာပါ။

” စစ်ရှောင်စခန်းတွေမှာ စုပြုံပြီး စစ်ဘေးရှောင်လာရတဲ့ အမျိုးသမီးတွေကို စက်ချုပ်ပညာလိုမျိုး၊ တစ်ချောင်းထိုး သိုးမွေး ပညာလိုမျိုး သင်ထားပေးမယ်ဆိုရင် သူတို့အတွက် အပိုဝင်ငွေရှာဖွေနိုင်ဖို့ အခွင့်အလမ်းတွေ ရလာမှာဖြစ်ပါတယ်”လို့ သင်တန်းနည်းပြ ဒေါ်ရတီက ပြောပါတယ်။

ခုဆိုရင် သက်မွေးပညာသင်တန်းအပတ်စဉ် ၁၀ ဂဏန်းနီးပါးအထိ သင်ကြားပေးနိုင်ခဲ့ပါပြီ။ သင်တန်းအားလုံးအတွက် သင်တန်းသူ ၅၀ နဲ့ ၁၀၀ ကြား သင်ယူခွင့်ရခဲ့ကြပါတယ်။

သင်တန်းနည်းပြတွေ
သက်မွေးပညာနဲ့ ပတ်သက်တဲ့ ဘာသာရပ်အလိုက်သင်တန်းနည်းပြတွေဟာ အခြားသူတွေတော့ မဟုတ်ပါဘူး။ နွေဦး တော်လှန်ရေးမှာ နိုင်ရာတာဝန်ထမ်းနေကြသူတွေသာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒေါ်ရတီလို CDM လုပ်ထားတဲ့ သူတွေပါသလို နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေလည်း ပါဝင်ကြပါတယ်။ ဒေါ်ရတီဟာဆိုရင် စက်မှုတက္ကသိုလ်တစ်ခုရဲ့ နည်းပြအဖြစ်ကနေ CDM လုပ်ထားတဲ့ တက္ကသိုလ်ဆရာမတစ်ဦးပါ။

အလားတူပါပဲ။ အခြားနည်းပြတွေမှာဆိုရင်လည်း CDM ပညာရေးဝန်ထမ်းတွေပါသလို ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်း တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ ပြီးတော့ နည်းပြအများစုဟာ ခုလိုရက်တိုသက်မွေးပညာသင်တန်းတွေနဲ့ မစိမ်းကြပါ ဘူး။

” သင်တန်းတွေကို ကျွန်မတို့က ခုမှာတွေ့ဖူးတာမျိုးမဟုတ်ဘူး။ ကျွန်မတာဝန်ထမ်းဆောင်ချိန်ကတည်းက ကျောင်းချိန်မှာ ကလေးတွေကို စာသင်တယ်။ ကျောင်းချိန်ပြင်ပညနေပိုင်းတွေ၊ နောက်ပိတ်ရက်ပေါ့ ကျောင်းပုံမှန်ပိတ်တဲ့ရက်တွေမှာ ခုလို ကာလတို သက်မွေးပညာသင်တန်းဖွင့်လှစ်သင်ကြားပေးတဲ့ အတွေ့အကြုံတွေရှိခဲ့ပြီး ဖြစ်ပါတယ်”လို့ ဒေါ်ရတီက ရှင်းပြပါ တယ်။

ကျန်နည်းပြတွေဟာလည်း ဒေါ်ရတီနည်းတူ သင်တန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေပဲ ဖြစ်ပါတယ်။ လက်ရှိသင်ကြားပေ နေတာတွေအားလုံးဟာ ပညာဒါနသက်သက်ပါ။ နည်းပြတွေအတွက် ဘာအကျိုးခံစားခွင့်မှ မရကြပါဘူး။

နည်းပြနှင့်သင်တန်းသူများ

ဒါပေမဲ့ သင်တန်းတွေအတွက် လိုအပ်တဲ့ ခရီးစရိတ်အပါအဝင် ကုန်ကျစရိတ်တွေကိုတော့ NUG အစိုးရ၊ ပညာရေးဝန်ကြီး ဌာန၊ သက်မွေးပညာကော်မတီကနေ ထောက်ပံ့ပေးတယ်လို့ ဒေါ်ရတီက ပြောပါတယ်။

မျိုးဆက်သစ် သင်တန်းသူတွေ
လက်ရှိကာလမှာ ခုခံစစ်တွေ အားကောင်းလှတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲက လူငယ်အများအပြားဟာ အလုပ် လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။ အထူးသဖြင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် သုံးပွင့်ဆိုင် ထိစပ်ဒေသတွေမှာ ပါ။

အချို့က တူမီးကိုင်ပြီး တော်လှန်ရေးထဲဘဝကို နှက်ထားကြတယ်။ အချို့က နေရပ်ကိုစွန့်ခဲ့ရပြီး တောတောင်တွေထဲ ပြေးလွှား ရှောင်ပုန်းနေကြရတယ်။ အချို့ကတော့ စာသင်ခန်းတွေထဲ ရှိနေရမယ့်အစား အာဏာရှင်ကိုဖီဆန်ပြီး CDM လုပ်ရင်း စာသင်ခန်းနဲ့ ဝေးနေကြရတာဖြစ်ပါတယ်။

သူတို့တွေဟာ အနာဂတ်ရဲ့မျိုးဆက်သစ်တွေပါ။ အရင်ကတော့ ပညာရေးတစ်ဖက်၊ မိဘကိုကူတာတစ်ဖက်နဲ့ အသက် ဆက်ခဲ့ကြတာပေါ့။ ခုတော့ မိဘတွေကိုယ်တိုင်က လယ်ယာကိုင်းကျွန်းနဲ့ မိသားစုစီးပွားရေးကိုပစ်ပြီး ပြေးနေရတော့ ကူဖို့ရာ မဖြစ်နိုင်တော့ဘူး။

အာဏာရှင်ကြောင့် စာသင်ခန်းတွေထဲလည်း မဝင်နိုင်ကြတော့ပါဘူး။ အဲဒီအခါ NUGရဲ့ သက်မွေးပညာကော်မတီနဲ့ နည်းပြ ဒေါ်ရတီတို့စီစဉ်တဲ့ သက်မွေးပညာကသာ သူတို့ရဲ့လက်တွေ့ဘဝကို အရောင်တောက်စေမယ်လို့ ခံယူလာကြပါတော့ တယ်။

ဒါကို သက်မွေးပညာသင်တန်းသူ မဝါဝါထွန်းက “သင်တန်းတက်တဲ့သူအများစုက ကျွန်မလို လူငယ်တွေချည်းပါပဲ။ အားလုံးက အသက် ၂၀ ကျော်၊ ၂၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။ ခုလိုကာလမှာ လုပ်စရာမရှိလို့ စိတ်လေနေမယ့်အစား သက်မွေးပညာတစ်ခုခု တတ်မြောက်ထားမယ်ဆိုရင် ကိုယ့်အနာဂတ်အတွက် အကျိုးရှိလာမှာ အသေအချာပါပဲ”လို့ သူ့ခံ ယူချက်ကို ပြောပါတယ်။

အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မဝါဝါထွန်းဟာ တက္ကသိုလ်ကျောင်းသူတစ်ဦးပါ။ ကျောင်းနေစဉ်အခါတုန်းကတော့ ကျောင်းနား ရက်တွေဆို မိဘတွေနဲ့ တောင်ယာထဲလိုက်ပြီး နိုင်သမျှကူနေကျ။ ခုတော့ အာဏာရူးတစ်စုကြောင့် ကျောင်းဆက်မတက် ဘဲ CDM ကျောင်းသူအဖြစ် ရပ်တည်ခဲ့တယ်။

သူက ဒေါ်ရတီတို့စီစဉ်တဲ့ သက်မွေးပညာသင်တန်းမှာ စက်ချုပ်ပညာသင်သလို အိမ်တွင်းဆေးဝါးအတတ်ပညာလည်း သင်ယူထားသူပါ။

စစ်ဘေးရှောင်ရင်း သက်မွေးပညာသင်ရတာဆိုတော့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေလည်း များပါတယ်။

အထူးသဖြင့် လုံခြုံရေးကိစ္စပါ။ သင်တန်းလုပ်နေတုန်း ထိတွေ့တိုက်ပွဲဖြစ်လို့ သင်တန်းခဏနားပြီး ဘေးလွတ်ရာပြေးခဲ့ ရတာလည်း ခဏ ခဏပါပဲလို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

ဒါပေမဲ့ ဒေသခံပကဖတွေ၊ ပအဖတွေနဲ့ PDF တွေရဲ့ ဖေးမစောင့်ရှောက်မှုနဲ့ အသက်ဘေးက လွတ်ခဲ့ကြပါတယ်။ နှစ်ဖက် ထိတွေ့တိုက်ပွဲပြီးလို့ အခြေအနေငြိမ်သွားတဲ့အခါ သင်တန်းပြစနဲ့ပဲ သက်မွေးပညာသင်တန်း အပတ်စဉ် (၁)ကို မဝါဝါထွန်း အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

ခုဆို မဝါဝါထွန်းတစ်ယောက် သင်တန်းနည်းပြတွေဖြစ်တဲ့ ဒေါ်ရတီတို့နဲ့လက်တွဲပြီး အကူအညီတွေ ပြန်ပေးနေပါပြီ။ သင်တန်းမှာ တတ်မြောက်လာတဲ့ အိမ်တွင်းဆေးဝါးပညာနဲ့ စစ်ရှောင်မိသားစုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ လက်တွေ့အသုံးချနေနိုင်ပြီ ဖြစ်ပါတယ်။

ပြန်လည်ထူထောင်ရေးနဲ့ သက်မွေးပညာ
ဒါ့ကြောင့်လည်း NUG ရဲ့ သက်မွေးပညာကော်မတီနဲ့ ဒေါ်ရတီတို့ သင်တန်းနည်းပြတွေဟာ မျိုးဆက်သစ် လူငယ်တွေ အပေါ် ပိုပြီးမျှော်လင့်မိကြပါတယ်။ သင်ကြားသင်ယူနိုင်မှု အကောင်းဆုံးအရွယ်တွေလည်းဖြစ်၊ ကျန်းမာရေးကောင်းပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ခွန်အားဗလရှိယုံမျှမက အတန်းပညာမှာလည်း အခြေခံကောင်းတွေရှိပြီးသားမို့ အခြေခံသက်မွေးပညာ ကနေ အဆင့်မြင့်ပညာထိ သင်ယူခွင့်ရအောင် ဖန်တီးပေးလိုကြပါတယ်။

အဲဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့ သက်မွေးပညာကော်မတီနဲ့ ဒေါ်ရတီတို့အဖွဲ့ညှိနှိုင်းပြီး နိုင်ငံတကာက ကမ်းလှမ်းတဲ့ အကူအညီတွေကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် သင်တန်းတွေအတွက် နည်းပညာ၊ သင်ထောက်ကူပစ္စည်းနဲ့ အထွေထွေကုန်ကျမှုတွေအတွက် Proposal (အဆိုပြုလွှာ) တင်ထားပြီလို့ ဒေါ်ရတီက ရှင်းပြပါတယ်။

Proposal အောင်လို့ ထောက်ပံ့မှုတွေ ရလာတဲ့အခါ နောက်ခြောက်လအတွင်း အကောင်အထည်ဖော်မယ့် အဆင့်မြင့် ပညာရပ်ဆိုင်ရာ သက်မွေးပညာသင်ရိုးတွေလည်း ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သူ့အနေနဲ့ တက္ကသိုလ်နည်းပြအဖြစ်ကနေ CDMလုပ်ခဲ့တာမို့ ခါတိုင်းလို ပုံမှန်သင်ကြားရေးတွေမရှိတော့ဘဲ နွေဦးတော် လှန်ရေးနဲ့ဆက်စပ်တဲ့ လူငယ်တွေကို ခုလို ပညာရပ်တွေမျှဝေနေနိုင်တာကို ဂုဏ်ယူလို့မဆုံးဘူးလို့ ဒေါ်ရတီက ရင်ဖွင့် ပါသေးတယ်။

ပြီးတော့ ခုခံစစ်ဆင်နွှဲနေတဲ့ကာလမှာ ကြားကာလပညာသင်ကြားရေးဟာ အရေးကြီးသလိုပြန်လည် ထူထောင်ရေးကာလ အတွက် သက်မွေးပညာသင်ကြားရေးဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်လို့ သူကဆိုပါတော့တယ်။

Author:

Related Articles