ခင်ဘုန်းမို့။ ။
အစိမ်းရောင်တာလပတ်စတွေမိုးထားပြီး ဝါးနဲ့ဆောက်ထားတဲ့ အဆောက်အဦးငယ်အထဲမှာ ဂွမ်းတွေ၊ ပတ်တီးလိပ်တွေ၊ ဆေးဗူးတွေစတဲ့ ဆေးပစ္စည်းတွေနဲ့ အမျိုးသမီးငယ်တစ်ဦးဟာ အလုပ်ရှုပ်နေပါတယ်။
အဆိုပါအမျိုးသမီးငယ်ဟာ ဆံပင်တွေကိုဖြစ်သလိုထုံးဖွဲ့ထားကာ ဘေးပတ်ဝန်းကျင်ကိုဂရုမပြုအားပဲ ရဲဘော်တစ်ဦးရဲ့ ဒဏ်ရာကိုသာ အာရုံစိုက်ကာကုသပေးနေပါတယ်။ သူကတော့ ပြည်သူ့ကာကွယ်ရေးတပ်တခုမှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မယုပါ။
အရင်က မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ဆံပင်ဆိုးဆေးစတဲ့ အလှပြင်ပစ္စည်းတွေကြားမှာ ရှင်သန်ခဲ့ရာကနေ အခုအခါမှာတော့ သွေးတွေ၊ဒဏ်ရာတွေကြားထဲမှာ မယုတစ်ယောက်နေသားကျခဲ့ပါပြီ။ စစ်အာဏာမသိမ်းခင်က အလှပြင်ဆိုင်ဖွင့်ကာ သူတစ်ပါးကိုလှပအောင် ပြင်ဆင်ပေးသူအဖြစ်ကနေ စစ်အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်ကိုင်ရုံတင်မက ဆေး တပ်သားအဖြစ်ပါတာဝန်ထမ်းဆောင်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လူငယ်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြရာကနေ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ခုခံတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေတွေမှာ စစ်သင်တန်းတက်ကာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ရွေးချယ်လာကြပါတယ်။ အဲ့ဒီအထဲမှာအမျိုးသမီးတွေလည်းပါဝင်ပါတယ်။ တချို့အမျိုးသမီးငယ်တွေဟာ လက်နက်ကိုင်ရုံတင်မကဘဲ ရဲဘော်တွေ ရဲ့ဖျားနာမှုတွေ ၊ ဒဏ်ရာတွေကိုပါကုသပေးနေကြတယ်။
ဒီလိုဆေးတပ်ဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပြည်သူ့ကာကွယ်ရေး တပ် တွေမှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ က ကလေး PDF တပ်ခွဲငယ်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ တပ်ဖွဲ့ဝင်အမျိုးသားနှစ်ဦးနဲ့ ဆေးတပ်သားအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဆေးတပ်သားအမျိုးသမီး ကိုးဦးကိုဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။လက်ရှိမှာတော့ ကလေးအကျဉ်းထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဖမ်းဆီးခံရစဉ်ကရိုက်ကူးထားတဲ့ ဆေးတပ်သားအမျိုးသမီးကိုးယောက်ရဲ့ ပုံမှာထင်ဟပ်နေတဲ့ ရဲဝင့်တဲ့မျက်ဝန်းကို ပြည်သူ အားလုံးချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
လက်ရှိမှာ တိုင်းနဲ့ပြည်နယ်အနှံ့က ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေ အမြောက်အပြားရှိနေပါပြီ။
မယုဆိုရင် အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလကတည်းကလမ်းပေါ်က ဆန္ဒပြပွဲတွေကနေ ပြောက်ကျားသပိတ်တွေ အထိ ပါဝင်ခဲ့တယ်။ ၂၀၂၁ခုနှစ် ၊ မေလရောက်တဲ့အခါမှာတော့ မြို့ပြကိုစွန့်ခွာပြီး လွတ်မြောက်နယ်မြေကိုခြေချဖို့ဆုံးဖြတ်ခဲ့ တယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရုံနဲ့ မလုံလောက်တော့ဘူးဆိုတဲ့အတွေးနဲ့ လက်နက်ကိုင်တဲ့လမ်းကိုရွေးချယ် ခဲ့တယ်။
“ ဆန္ဒပြနေတဲ့အပြစ်မဲ့ ကျောင်းသားပြည်သူတွေ အသတ်ခံရတယ်။ ကိုယ်တွေကလည်း ဘာမှမလုပ်နိုင်ဘူး။ သူတို့ကို တော်လှန်ဖို့ဆိုတာက စစ်သင်တန်းတက်ပြီး လက်နက်ကိုင်မှဖြစ်မှာလေ။ အဲ့ဒါကြောင့်စစ်သင်တန်းကိုတက်ဖြစ်ခဲ့တယ်” လို့ မယုက ပြောပါတယ်။
လွတ်မြောက်နယ်မြေကိုထွက်လာခါစက မိသားစုကိုအသိမပေးခဲ့ဘဲ လေးလကျော် ငါးလကြာတဲ့အခါမှသာ မိသားစုကို အသိပေးခဲ့တာပါ။ မယုရွေးချယ်မှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကတော့ အားပေးကြပါတယ်။
မယုအနေနဲ့ စစ်ရေးလေ့ကျင့်တဲ့အခါမှာကြုံတွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုဒဏ်တွေကို အနောက်မှာပြည်သူတွေ ရှိတယ် ဆိုတဲ့စိတ်နဲ့ အားတင်းဖြတ်ကျော်ခဲ့ပါတယ်။ စိတ်ဓာတ်ကျတဲ့အချိန်တိုင်းမှာလည်း အပြစ်မဲ့ကျဆုံးသွားတဲ့ ကျောင်းသား ပြည်သူတွေရဲ့ မျက်နှာကိုမြင်ပြီးတော့ ကျနေတဲ့စိတ်တွေကိုကြိုးစားမြှင့်တင်ခဲ့ပါတယ်။ ပင်ပန်းမှုဒဏ်တွေ စစ်ရေးလေ့ကျင့် တဲ့အခါမှာရတဲ့ ထိခိုက်ဒဏ်ရာတွေကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပါတယ်။
မယုဟာ ဆေးကုရတာဝါသနာပါတဲ့အတွက် ဒဏ်ရာရတဲ့ရဲဘော်တွေကို ကူညီမယ်ဆိုတဲ့စိတ်နဲ့ ဆေးတပ်သားအဖြစ် ရွေးချယ်ခဲ့တာပါ။ အမျိုးသမီးဆေးတပ်သားတွေဟာ တခြားတပ်ဖွဲ့ဝင်ရဲဘော်တွေနည်းတူ စစ်ရေးလေ့ကျင့်တာ၊ ကင်း စောင့်တာ၊ ရှေ့တန်းထွက်တာ စတဲ့တာဝန်တွေကို တန်းတူဆောင်ရွက်ရပါတယ်။ ရာသီတုပ်ကွေးကြောင့်ဖျားနာတာ၊ ရဲဘော်တွေရဲ့ ထိခိုက်ဒဏ်ရာတွေကိုလည်း ကုသပေးရပါတယ်။ ရှေ့တန်းထွက်တဲ့အခါမှာလည်း ဒဏ်ရာရရဲဘော်တွေကို ကုသ ပေးပါတယ်။
တပ်ဖွဲ့ဝင်အားလုံးရဲ့တာဝန်တွေက အရေးကြီးသလို ရှေ့တန်းနဲ့စခန်းမှာလည်းဆေးတပ်သားအမျိုးသမီးတွေရဲ့ တာဝန် ကလည်းအရေးကြီးလှပါတယ်။
“ ရှေ့တန်းကိုထွက်တဲ့အခါကျရင် ထိခိုက်ဒဏ်ရာရသွားရင် ဆေးတပ်ဖွဲ့မပါရင် အဆင်မပြေဘူး။ သွေးထွက်လွန်တာတို့ ဘာတို့ဖြစ်ပြီးတော့ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်” လို့ မယုကပြောပါတယ်။
မယုဟာ ရှေ့တန်းထွက်တဲ့အခါကျ စနိုက်ပါအနေနဲ့ တာဝန်ထမ်းဆောင်နေသလို စခန်းပြန်ရောက်တဲ့အခါမှာ ဆေးကုတဲ့ တာဝန်ယူရင်း နေ့ရက်တွေကိုဖြတ်သန်းနေပါတယ်။
“ ရှေ့တန်းသွားတုန်းက စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့တယ်။ တစ်ယောက်က ကျောကိုနှစ်ချက်ထိသွားတယ်။ နောက် တစ်ယောက်က လက်မောင်းကိုနှစ်ချက်ထိတယ်။ ထိတဲ့အခါကျတော့ကိုယ်ကလည်း ကိုယ့်အနားမှာဆိုတော့ လွတ်တဲ့ နေရာကိုခေါ်လိုက်တယ်။ ခေါ်လိုက်ပြီးတော့လက်ထဲက စနိုက်ပါကိုချပြီးကိုယ့်မှာပါတဲ့ ဆေးနဲ့ဆေးကုပေးတယ်”လို့မယုက သူ့ရဲ့ရှေ့တန်းအတွေ့အကြုံကိုပြောပါတယ်။
မယုလိုဘဲ ပြည်သူ့ကာကွယ်ရေးတပ်မှာပါဝင်ရင်း ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူကတော့ မိုအားနား (Moana) ပါ။ ဖမ်းဆီးခံထားရတဲ့ သူငယ်ချင်းတွေ၊ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့သူပါ။
“ ငြိမ်းချမ်းစွာ ဆန္ဒပြရုံနဲ့မရတဲ့ တိုက်ပွဲတစ်ခုဖြစ်လာလို့ တောင်းယူလို့မပေးရင် တိုက်ယူရမယ်ဆိုတဲ့စိတ်နဲ့ပါ” လို့ မိုအားနား ကဖွင့်ဟပါတယ်။
ဖေဖော်ဝါရီလ အစပိုင်းထဲက သပိတ်စစ်ကြောင်းတွေမှာ တစ်ရက်မပြတ်ပါဝင်ခဲ့တယ်။ ပြောက်ကျားသပိတ်တွေမှာလည်း ပါဝင်ခဲ့ပြီးနောက်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဖမ်းဖို့အကြောင်းကြားစာထွက်လာပြီးနောက်မှာ လွတ်မြောက်နယ်မြေကို အခြေချခဲ့ပါတယ်။ အရင်က ရုံးဆင်းရုံးတက်တာ၊ အိမ်နဲ့ကျောင်းလောက်ပဲသွားဖူးတဲ့ဘဝကနေ တောထဲမှာစစ်သင်တန်း တက်တဲ့အခါမှာတော့ ပင်ပန်းမှုဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတယ်။
စစ်သင်တန်းမတက်ခင်ကတည်းက တောထဲရောက်ရင် အစားအသောက်အနေအထိုင်ပင်ပန်းဆင်းရဲမယ်ဆိုတာ ကြိုတင် တွက်ဆပြီးသားဖြစ်ပေမယ့် လက်တွေ့ရင်ဆိုင်ရတဲ့အခါမှာ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ရပါတယ်။
“ထမင်းစားနေရင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျဖူးတယ်။ အိပ်နေရင်းလန့်နိုးတာတောင် အိမ်ကိုသတိရလို့ကြိတ်ငိုခဲ့ ရ လည်း မနက်ဆိုလုပ်နေကြ လုပ်ငန်းတာဝန်တွေပြန်လုပ်နဲ့ ဒီလိုပဲကြိုးစားတောင့်ခံထားရတာပေါ့” လို့ မိုအားနားက ဖွင့်ဟပါ တယ်။
အိမ်မှာနေစဉ်က ကျန်းမာရေးချူချာခဲ့သလောက် စစ်သင်တန်းတက်တဲ့အခါမှာတော့ ထူးဆန်းစွာနဲ့ မိုးလင်းမိုးချုပ် မိုးရေထဲ လေ့ကျင့်ရေးဆင်းရတာတောင် တစ်ခါမှမဖျားဖူးဘူးလို့သူကဆိုပါတယ်။ မဖျားမနာခဲ့ပေမယ့် လေ့ကျင့်ရေးလုပ်ရင်း ချော်လဲတာ၊ ခေါင်းခဏခဏကွဲတာတွေနဲ့ကြုံရတယ်။
“ ပီတီ အပြင်းအထန်လုပ်ရင်းနဲ့ ရှော့ဖြစ်ပြီးသတိလစ်ဖူးတယ်။ ဂျွမ်းထိုးရင်း ကျောရိုးညှပ်ဖူးတယ်။ လက်အဆစ်လည်ဖူး တယ်။ အရွတ်ထိဖူးတယ်”လို့ မိုအားနားက သူ့အတွေ့အကြုံတွေကိုပြောပါတယ်။
ဓမ္မတာနဲ့ပတ်သတ်ပြီး မိုးတွင်းကာလတုန်းက အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့တယ်။ ဒီလိုအခက်အခဲတွေကြားက စစ်သင်တန်း တက်ပြီးနောက် မွန်းမံသင်တန်းအနေနဲ့ သင်တန်းတွေထပ်ခေါ်တဲ့အခါမှာ သူနာပြုအကူသင်တန်းတက်ဖူးတဲ့ အတွက် ကြောင့် ဆေးတပ်သားသင်တန်းတက်ဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။
“ ဆေးတပ်သားဆိုရင် အဓိကရှေ့တန်းလိုက်ရတယ်ဆိုလို့ ဆေးတပ်သားသင်တန်းတက်ဖို့အတွက် ရွေးချယ်ခဲ့တာပါ” လို့ မိုအားနားကဆိုပါတယ်။
ဆေးတပ်သားတွေဟာ တခြားတပ်သားတွေထက်ပိုပြီးပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ရသလို ကိုယ်ပိုင် အထုပ် အပြင် ဆေးဝါးတွေပါသယ်ရပါတယ်။ အခြေခံစစ်သင်တန်းမှာထက်ပိုပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လေ့ကျင့်ရတဲ့အပြင် ဆေးဝါးတွေ၊ကုသနည်းတွေကို လပိုင်းအတွင်း သင်ကြားခဲ့ရပါတယ်။
“ ဆေးတပ်သားက ပိုသန်မာနေမှကိုယ့်ရဲဘော်တွေကယ်နိုင်မှာလေ”လို့ မိုအားနားကဆိုပါတယ်။ မိုအားနားတို့စခန်းမှာ ဆေးတပ်သား၂၅ယောက်ရှိပြီး အမျိုးသမီးဆေးတပ်သား ကိုးဦးအထိရှိပါတယ်။
ရဲဘော်တွေရဲ့ ထိခိုက်မှုတွေအပြင် ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်နေရတဲ့ ရဲဘော်တွေအတွက် နေ့စဉ်ထိခိုက်ဒဏ်ရာတွေ၊ ဖျားနာတာနဲ့ တခြားရောဂါတွေကိုကုသပေးရပါတယ်။ ဒါ့အပြင် စခန်းကဆရာဝန်ရဲဘော်တွေ ဆေးဝန်ထမ်းတွေရဲ့ ဦးဆောင်မှုနဲ့နီးစပ်ရာရွာက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်လည်း တက်နိုင်သလောက်ကုသပေးပါတယ်။
ဆေးတပ်သားအမျိုးသမီးတွေဟာ ရှေ့တန်းရဲ့အနီးဆုံးမှာရှိတဲ့ စခန်းမှာနေပြီး ရဲဘော်တွေကိုကုသပေးရပြီး တခါ တရံမှာလည်း ရှေ့တန်းအထိလိုက်ပါရတယ်လို့ မိုအားနားကပြောပါတယ်။
မယုနဲ့ မိုအားနားတို့နည်းတူ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်း စခန်းမှာလိုအပ်တဲ့ ဆေးကုသမှု တွေလုပ်ကိုင်နေသူကတော့ အားညီဖြစ်ပါတယ်။
ကိုယ်တိုင်လည်း စစ်ရဲ့ဆိုးကျိုးတွေကိုငယ်ငယ်လေးထဲက ခံစားဖူးခဲ့သူဖြစ်တာကြောင့် စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာရှင်ကိုအဆုံးအထိ တော်လှန်မယ့်စိတ်တွေနဲ့ လက်နက်ကိုင်ဖို့အိမ်ကထွက်လာခဲ့ပါတယ်။ စစ်သင်တန်းတက်တဲ့ အတွက်ကြောင့် မိသားစုကအဆက်အသွယ်မလုပ်ဖို့ အိမ်ပြန်မလာဖို့တွေတိုက်တွန်းခဲ့ပြီး အခြေအနေဆိုးပါက အမွေ ပြတ်စွန့်လွှတ်မယ်လို့ပြောတဲ့အထိ ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မိသားစုအပြင် တချို့မိတ်ဆွေတွေက မခေါ်မပြော တော့ကြသလို တချို့မိတ်ဆွေတွေကတော့အားပေးကြတယ်။
စစ်ရေးလေ့ကျင့်မှုတွေလုပ်ရင်း မူးလဲတာ၊ လေ့ကျင့်ရင်းဒဏ်ရာအနာတရတွေကိုလည်း တော်လှန်လိုစိတ်တစ်ခုထဲနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တယ်။
“ စိတ်ကိုကြံကြံခံပြီးတော့ထားတယ်။ ခန္ဓာကိုယ်ကသိပ်ပြီးမခံနိုင်ပေမယ့် စိတ်ကတင်းထားတော့ အရာရာတိုင်းက ဖြစ်သွား တာပဲ။ မခံနိုင်တဲ့ကိစ္စတွေကလည်းလုပ်နိုင်သွားတယ်” လို့ အားညီကဖွင့်ဟပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုတွေအပြင် ဓမ္မတာနဲ့ပတ်သက်ပြီးလည်းအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ မိန်းမကိုယ်ပိုး ဝင်တာတွေ၊ရာသီမလာဘဲ ဗိုက်အောင့်တဲ့ဒဏ်တွေခံစားခဲ့ရတယ်လို့ အားညီကဆိုပါတယ်။ အားညီဟာ စစ်ရေးလေ့ကျင့်မှု တွေအပြင် တတ်နိုင်သလောက် ဆေးကုသတဲ့အပိုင်းတွေကိုလည်း စခန်းမှာဆောင်ရွက်ပါတယ်။
“ တော်ရုံတန်ရုံရောဂါလောက်ဆို ညီမပဲဆေးစပ်ပြီးကုပေးလိုက်တယ်။ ကိုယ့်မှာအရမ်းစိုးရိမ်စိတ်တွေများတယ် ငါလုပ်ပေး လိုက်တာက အဆင်ပြေပါ့မလား။ ကိုယ်ဆေးထိုးတာတွေ ဘာတွေမှားမှာဆိုလည်း အရမ်းကြောက်ရတယ်။ ကိုယ်ကလည်း သိပ်နားမလည် ကိုယ်သင်ဖူးတာလောက်နဲ့ပဲကုပေးတာဆိုတော့”လို့အားညီကဖွင့်ဟပါတယ်။
နောက်ပိုင်းမှာတော့ ဆရာဝန်တစ်ဦးကို စခန်းအတွက်ကုပေးဖို့ အကူအညီတောင်းကာ အားညီကဘေးကနေ လိုအပ် တာတွေကို အားဖြည့်ပေးပါတယ်။
“ အနီးအနားရွာတွေမှာလည်း တစ်ခုခုဖြစ်ပြီဆို ကုပေးမယ့်ဆေးမှူးမရှိဘူး။ ရဲဘော်တွေကကျတော့ ထိခိုက်ဒဏ်ရာတို့ ဗိုက်အောင့်ဖျားနာတို့ လောက်ပဲကုရတာပေါ့နော်။ ရွာထဲတွေမှာလည်းကုပေးချင်တာပေါ့ ကုပေးချင်တော့အလှူခံပြီး ဆေး တွေမှာတယ်။ ရွာထဲကိုတစ်ပတ်တခါလောက် ဆရာဝန်နဲ့အတူတူ အကူပုံစံမျိုးနဲ့လှည့်ပြီးကုပေးတယ်”လို့ဆိုပါတယ်။
ဆေးတပ်သားအမျိုးသမီးအချို့ဟာ ရဲဘော်တွေရဲ့ ဒဏ်ရာတွေကိုကုသ၊ တော်လှန်ရေးအတွက် ပေးဆပ်ရင်း တော်လှန် ရေးပြီးဆုံးပါက အိမ်ပြန်နိုင်မယ့်အချိန်ကို ရေတွက်ရင်းဖြတ်သန်းနေကြပါတယ်။ ဆေးတပ်သားအမျိုးသမီးတစ်ဦးဖြစ်တဲ့ မယုကတော့ ဆေးသင်တန်းတွေထပ်တက်ဖို့ ဆန္ဒရှိနေပါတယ်။
“ တော်လှန်ရေးကြီးပြီးရင် ပြန်လည်ထူထောင်ရေးလည်းပြီးပြီ အကုန်တည်ငြိမ်သွားတဲ့အခါကျရင် ရန်ကုန်မှာမဟုတ်ဘဲနဲ့ စစ်ကြောင်းတစ်လျှောက်ထွက်လာတဲ့ ရွာတွေမှာသူတို့ရဲ့လိုအပ်ချက်တွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးချင် တယ်။ ပရဟိတတွေလုပ်ပေးချင်တယ်”လို့သူစိတ်ကူးကို ဖွင့်ဟပါတော့တယ်။