Home ဆောင်းပါး အန္တရာယ်ကြားက အမှန်တရား ရှာဖွေသူ

အန္တရာယ်ကြားက အမှန်တရား ရှာဖွေသူ

Honest Information (HI)။ ။

“အမှန်တရားရရှိဖို့အတွက် မဖြစ်မနေလုပ်ဖို့လိုလို့ ဒီအမှုကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တာ” လို့ ပြတ်သားတဲ့ အသံနဲ့ ပြောလိုက်တဲ့ သူကတော့ ရှေ့နေ ဒေါ်မင်းမင်းစိုးပဲ ဖြစ်ပါတယ်။

သူမကတော့ ပုဒ်မပေါင်းများစွာနဲ့ စွပ်စွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ အရပ်သား အစိုးရဖြစ်တဲ့ နိုင်ငံတော် သမ္မတအပါအဝင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးသူ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၇ ခုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးဖေဖော်ဝါရီ ၁ ရက်နေ့မှာ အတိုင်ပင်ခံ နေအိမ်မှာ တရားမဝင်ရေဒီယို စကားပြောစက် ၁၀လုံး နဲ့ ဂျန်မာ တစ်လုံးတို့ကို သိမ်းဆည်းရမိတယ်ဆိုပြီး ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့နဲ့ စတင် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ ထပ်တိုးပုဒ်မ ၅ ခု ထပ်မံစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရှေ့နေလုပ်သက် ဆယ်နှစ်ကျော်ရှိပြီဖြစ်တဲ့ ဒေါ်မင်းမင်းစိုးဟာ စွပ်စွဲခံအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ကာကွယ်ပြောဆိုမယ့်ရှေ့နေတွေထဲက တယောက်ဖြစ်ပါတယ်။ သူဟာ ကချင်ပြည်နယ် ဗန်းမော်ဇာတိဖြစ်ပြီး ရှေ့ နေအလုပ် စလုပ်ကတည်းက နေပြည်တော်မှာ မိသားစုလိုက် အခြေချ နေထိုင်ခဲ့သူဖြစ်ပါတယ်။

နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် ခေါင်းဆောင်တွေရဲ့ကိုယ်စားလှယ်အဖြစ် ရှေ့နေ ၆ ဦးက လိုက်ပါဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီရှေ့နေ ၆ ဦးအထဲမှာ ပျဉ်းမနားမြို့က နာမည်ကြီးရှေ့နေဖြစ်တဲ့ ဆရာဦး ခင်မောင်ဇော်နဲ့ ဒေါ်မင်းမင်းစိုးတို့လည်း အပါအဝင်ဖြစ်ပါတယ်။

ရှေ့နေအဖွဲ့ထဲမှာ ဒေါ်မင်းမင်းစိုးကတော့ အမျိုးသမီးရှေ့နေဖြစ်တဲ့အတွက် အမှုကိစ္စပြောဆိုရာမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အများဆုံး ထိတွေ့ပြောဆိုရသူပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင်ကို အလိုမရှိတဲ့ အတွက် ပြည်သူအများစုဟာ လမ်း ပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအတွက် တရားမျှတမှု ရရှိဖို့ ရှေ့နေတွေဟာ သက်ဆိုင်ရာ မြို့နယ်များအလိုက် “ပရဟိတ ဥပဒေ ရှေ့နေများ” ဖွဲ့၍ အခမဲ့ လိုက်ပြီး ဆောင်ရွက်ပေး နေတာလည်းရှိပါတယ်။

အဲ့ဒီလို အမှုလိုက်ပေးတဲ့ရှေ့နေတွေကို စစ်ကောင်စီက ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး ဖမ်းဝရမ်းအထုတ်ခံရတဲ့အတွက် ရှေ့နေ အချို့ထွက်ပြေး တိမ်းရှောင်ရတာတွေလည်းရှိပါတယ်။

ရှေ့နေတွေဘက်မှာ အဲ့ဒီလို အခက်အခဲ အကြပ်အတည်းတွေ ရှိနေပေမယ့်လည်း ဒေါ်မင်းမင်းစိုးကတော့ နိုင်ငံ့ ခေါင်းဆောင်တွေအတွက် မားမားမတ်မတ်ထွက်ပြီး ရှေ့ကနေ ရပ်တည်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလိုက်နေရတဲ့ အမှုတွေဟာ နိုင်ငံတော် အဆင့်ရှိတဲ့ အမှုတွေ ဖြစ်ပေမယ့် ထူးပြီးစိုးရိမ်တာမရှိဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာဖြစ်တယ်လို့ ပြောလိုက်ပါသေးတယ်။

သို့ပေမယ့် စိန်ခေါ်မှုကြီးမားတဲ့ အမှုမျိုးဖြစ်တဲ့အတွက် အစွမ်းကုန်အားထုတ်ပြီးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်နေပြီး ဒီအပေါ်ကနေ ပြန်ရမယ့် အကျိုးအမြတ် တစ်စုံတစ်ရာကို မျှော်ကိုးမထားဘူးလို့လည်းသူကဆိုပါတယ်။

အခက်အခဲ အကြပ်အတည်းကာလမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ NLD ထိပ်ပိုင်းခေါင်းဆောင်ဦးဝင်းထိန် တို့ရဲ့ အမှုတွေကို အခမဲ့ လိုက်ပါဆောင်ရွက် ရတာ ဖြစ်တဲ့အတွက် ငွေကြေးပိုင်းဆိုင်ရာမှာ အကြပ် အတည်းရှိပေမယ့်လည်း စိတ်ဓာတ်မကျဘဲ အမှုနဲ့ ပတ်သက်ပြီး လုပ်လို့ ရတဲ့အထိ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။

“ကျမအပေါ်မှာ မလိုလားတဲ့သူတွေ ရှိမှာကိုလည်း ကြိုတွေးပြီးသားပါ။ ကိုယ့်အတွက် အသက်အန္တရာယ် အချိန်မရွေးရှိနိုင် တယ်လို့လည်း တွေးထားပါတယ်။ မလိုတဲ့ စကားတွေ တိုက်ခိုက်ဝေဖန်တာတွေလည်း ရှိမှာကို တွက်ဆထား ပြီးသားပါ။ ကျမ ဒါတွေကို မကြောက်ပါဘူး။ ဒီအလုပ်ကို ဆက်ပြီး မလုပ်နိုင်မှာကိုပဲ ကြောက်တာပါ” လို့ ဒေါ်မင်းမင်းစိုးက ဒီအမှုနဲ့ပတ် သက်ပြီး သူ့ရဲ့ ခံယူချက်ကို ပြောပါတယ်။

အမှုစပြီး လိုက်ခါစမှာ ဝါရင့်ရှေ့နေကြီးဦးခင်မောင်ဇော်ရဲ့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ရတာ ဆိုပေမယ့်လည်း တခြား ရှေ့နေ တွေ ပါဝင်တာ မရှိသေးတဲ့အတွက် တစ်ယောက်ထဲ သွားလာ လှုပ်ရှားတဲ့အခါ ခက်ခဲ ပင်ပမ်းတာတွေ ကြုံ တွေ့ ခဲ့ရ ပါတယ်။

“ အမေ့( ဒေါ်အောင်ဆန်းစုကြည်)ရဲ့ ကိုယ်စားလှယ် ရယူဖို့တို့ အမေတို့ရဲ့ ကိုယ်စား ရှေ့နေ လိုက်ပါဆောင်ရွက်ပေးဖို့ အတွက် လိုက်နေရတာကိုက ဘဲဥ အစရှာနေရသလိုပါပဲ ” လို့ အမှုစပြီးလိုက်စဉ်က သူ့ရဲ့ အခက်အခဲကို ဆိုပါတယ်။

သမ္မတနဲ့ အတိုင်ပင်ခံတို့ရဲ့ရှေ့နေအဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် အာဏာသိမ်းပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) ပါတီရဲ့ သဘာပတိ ဦးဝင်းထိန်နဲ့ တွေ့ဆုံပြီးသဘောတူညီခဲ့ကြ တာဖြစ်ပါတယ်။ နောက်ထပ်နှစ်ရက်အကြာ ဖေဖော်ဝါရီ ၅ ရက် သန်းခေါင်အချိန်မှာ ဦးဝင်းထိန်လည်း ဖမ်းဆီးခံခဲ့ ရပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခံရပြီး ရက်ပေါင်း ၆၀ ကျော်မှ နေပြည်တော်ဇမ္ဗူသီရိ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ အမှုလိုက်ဖို့ ရှေ့နေ ပါဝါတင်ထားသူဖြစ်တဲ့ ဒေါ်မင်းမင်းစိုးနဲ့ အွန်လိုင်းဗီဒီယိုကွန်ဖရင့် ကနေတစ်ဆင့် တွေ့ဆုံ စကားပြောခွင့်ရခဲ့တာဖြစ်ပါ တယ်။

အဲ့ဒီလို တွေ့ဆုံတဲ့ အခါမှာ အတိုင်ပင်ခံကို စွဲဆိုထားတဲ့ အမှုတွေဟာ ထပ်တိုးနေတဲ့အတွက် ရှေ့နေပါဝါကို ကျန်တဲ့ ရှေ့နေတွေပါ လက်ခံပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံမှ ခွင့်တောင်းခဲ့တာကို ခွင့်ပြုပေးလိုက်တဲ့ အတွက် နောက်ပိုင်းမှာ အမှု အားလုံးအတွက် ရှေ့နေ ၆ ဦးက လိုက်ပါဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်တဲ့အခါ အခက်အခဲတွေ ဖိအားတွေ ရှိနေတဲ့အတွက် လုံခြုံရေးအတွက် သတိထားပြီး နေထိုင် ရတယ်လို့လည်းသူကဆက်ပြောပါတယ်။

အမှုသည်နဲ့ ရှေ့နေတွေ့ခွင့်ရဖို့ကို အချိန်အကြာကြီး ယူခဲ့ရပြီး၊ တွေ့ခွင့်ရတော့လည်း လုံလောက်တဲ့ အချိန်မရတာတွေ၊ အပါအဝင်တခြားအမှုနဲ့ မတူတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။

အမှုသည်နဲ့ ရှေ့နေတွေ့ဆုံတဲ့အခါ ဥပဒေအချက်အလက်တွေကိုဆွေးနွေးဖို့အတွက် စာနဲ့ရေးမှတ်ရပြီး၊ စွဲဆိုထားတဲ့ ပုဒ်မတွေရဲ့ စီရင်ထုံးတွေကို နားလည်အောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရှင်းပြရတာရှိသလို သူတို့ဆီက ညွှန်ကြားချက် ပေးအောင်လုပ်ဆောင်ရတာလည်း ရှိတယ်လို့ အမှုလိုက်ရှေ့နေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စပြီးဖမ်းစဉ်က ဥပဒေ ရှုထောင့်အရအကျအပေါက်တွေရှိတဲ့အတွက် ရှာဖွေပုံစံမျိုးနဲ့မေးပြီး အချက်အလက်တွေကို စုဆောင်းရပါတယ်။ အဲ့ဒီအချက်အလက်တွေကို အမှုသည်ကို ပြန်ရှင်းပြရတာတွေ လုပ်ရတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးက စာနဲ့ရေးသားပြီး အတိအကျပြောမှရမှာလေ။ အဲ့ဒါမျိုးတွေကို ကျနော်တို့ဆီက အဝင်မှာစည်းပြီးရှာတယ်။ စာရွက်တွေကို ဓာတ်ပုံရိုက်တယ်။ အဲ့လို လွတ်လွတ်လပ်လပ် မရှိဘူး။ အခုထိလည်း လွတ်လပ်မှု မရှိဘူး”လို့ အဲ့ဒီအမှုကို ဦးဆောင်ပြီး လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

စစ်ကောင်စီဘက်က အထူးတရားရုံးလို့ နာမည်တပ်ထားတဲ့ တရားခွင်မှာ မေလ ၂၄ ရက်နေ့က နိုင်တော်အကြီးအကဲ တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့စဉ် နိုင်ငံပိုင် မီဒီယာက ဓာတ်ပုံရိုက်ပြီး ည၈ နာရီသတင်းမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။

အဲ့သည်လို တရားခွင်အတွင်းမှာ ဓာတ်ပုံရိုက်တာဟာ နိုင်ငံတကာ စည်းကမ်းနဲ့လည်း ကိုက်ညီမှု မရှိသလို၊ စွပ်စွဲခံရသူဟာ နောင်အခါဆိုရင် သက်သေထွက်ဆိုဖို့ အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။

“ဓာတ်ပုံရိုက်တာကိုလည်း တရားသူကြီးကအတိအကျမတားနိုင်ဘူး။ ဒိုင်ယာရီမှာ ပေါ်တယ်လို့တာ့ ပြောတယ်။ တရားမျှတစွာအမှုရင်ဆိုင်ဖို့ အခွင့်အရေးတွေတော့ တော်တော်များများ နည်းနေသေးတယ်”လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ ကာယကံရှင်ဖြစ်သူကိုယ်တိုင်မသိသလို သူမရဲ့ ရှေ့နေတွေလည်း မသိရပါဘူး။

“ကျနော်တို့ နဲ့တွေ့တွေ့ချင်းကို ကျနော်တို့ကို မေးတာလေ။ အခု ကျမရောက်နေတာ ဘယ်နေရာလဲလို့ မေးတာ။ မနေ့က ကျမတို့ ပြောင်းတာတဲ့ ပြောင်းတာ ဘယ်နေရာမှန်း မသိဘူး။ အဲ့ဒီနေရာလည်း ဘယ်နေရာမှန်း ကျမမသိဘူးတဲ့” လို့ ဦးခင်မောင်ဇော်က ပြန်ပြောပြပါတယ်။

မေလ ၂၄ ရက်နေ့က တရားစွဲဆိုခံထားရတဲ့အပေါ် ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် လူချင်းတွေ့ ရတဲ့ အချိန်မှာ မေးမြန်းလိုက်တာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ပေါ်ပေါက်လာတဲ့အမှုမျိုးကို လိုက်ရတာ ဖြစ်တဲ့ အတွက် ခက်ခဲကြပ်တည်းမှုတွေ ရှိပေမယ့်လည်း တရားမျှတမှု ရရှိဖို့အတွက် ဒီအမှုကို လိုက်ပါဆောင်ရွက်နေတာ ဖြစ်ပြီး၊ အမှုဟာမတရားဘူးဆိုရင် မတရားတာကို ပြည်သူကို ချပြဖို့အတွက် စစ်ဆေးနေတာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

“အမှုရလဒ် ဘာဖြစ်မလဲဆိုတာ ကျနာ်တို့ အတိအကျ မပြောနိုင်ဘူး။ နိုင်ငံရေးအရ ပေါ်လာတဲ့ ကိစ္စမလို့ နိုင်ငံရေးအရပဲ အဆုံးအဖြတ် ရှိသွားနိုင်တယ်။ အဲ့လိုပဲ ကျနော်မြင်တယ်” လို့ ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

အဲ့ဒီစွဲဆိုထားတဲ့ အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့ ပြောဆိုထားပေမယ့် တရားလိုဘက်က လိုပြ သက်သေ စစ်တာကို အခုအချိန်ထိ မပြီးသေးဘူးလို့လည်းအမှုရဲ့ အခြေအနေကို ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။

တနင်္လာ ၊ အင်္ဂါနေ့တွေမှာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါက်တာမျိုးအောင်တို့ အမှုတွေကို စစ်ဆေးပြီး၊ သောကြာ နေ့မှာ ဦးဝင်းထိန် အမှုကို နေပြည်တော်ကောင်စီဝင်းအတွင်း စီစဉ်ထားတဲ့ အထူးတရားရုံးမှာ ပုံမှန်စစ်ဆေး နေတာဖြစ်ပါတယ်။

ဒေါ်မင်းမင်းစိုးဟာ နိုင်ငံတော် အဆင့်ရှိတဲ့ အမှုမျိုးတွေကိုသာ လိုက်ပါဆောင်ရွက်တာ မဟုတ်ဘဲ လူ့အခွင့်အရေးရှေ့နေ ဖြစ်တဲ့အတွက် အမှုပေါင်းစုံ လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

အမေဒေါ်အောင်ဆန်းစုကြည်အတွက်တင် မဟုတ်ဘဲ လူ့အခွင့်ရေးရှေ့နေဖြစ်တဲ့အတွက် “အမှုရှုံးရင် ရှုံးမယ် အမှန်တရား ကတော့ နိုင်တယ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အမှုတွေကိုလိုက်ပါဆောင်ရွက်နေတယ်လို့ ဒေါ်မင်းမင်းစိုးက သူမရဲ့ လုပ်ဆောင်ချက်တွေကို ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တာပါ။

Related Articles