Home ဆောင်းပါး အခက်တွေ့နေရတဲ့ တရုတ်နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ

အခက်တွေ့နေရတဲ့ တရုတ်နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ

ကြာညိုသင်း။ ။

“ ရွှေလီမှာ သံရုံးတစ်ခုရှိတယ်ဆိုလို့ ဖုန်းအကော တစ်ရာလောက်ရှိတယ်၊ ကျွန်မဆက်တာ ဆက်မရဘူး။ အခုကျွန်မ လက် လျှော့လိုက်ပြီဆိုတော့ ပြန်ရတော့မှာပေါ့” လို့ ရွှေ့ပြောင်းလုပ်သားကုန်သည်တစ်ဦးဖြစ်သူ မအိက ဝမ်းပန်းတစ်နည်း ပြော ပါတယ်။

အသက် ၄၀ ကျော်အရွယ် မအိက အိမ်နီးချင်းတရုတ်နိုင်ငံမှာ ကျောက်စိမ်းကုန်သည်အဖြစ် သွားရောက်လုပ်ကိုင်နေတာ ဖြစ်ပြီး အခုအချိန်မှာတော့ တရုတ်အာဏာပိုင်တွေက ရောဂါအကြောင်းပြပြီး ရုတ်တရက် နေရပ်ပြန်ခိုင်းတာကြောင့် လက် ဗလာနဲ့ အိမ်ပြန်ရမယ့် အရေးတွေးပြီး စိတ်မကောင်းဖြစ်နေတာပါ။

မအိက အမျိုးသားရယ် သားလေးတစ်ယောက်နဲ့အတူ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေထိုင်ကြတာဖြစ်ပြီး သားလေး ရှေ့ ရေးအတွက် ပိုက်ဆံရှာဖို့ ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ တရုတ်-မြန်မာ နယ်စပ် ကျင်းခမ်းရွာလေးမှာ မိသားစုသုံးယောက် သွားရောက်လုပ်ကိုင် စားသောက်နေကြတာပဲဖြစ်ပါတယ်။

“ မူဆယ်နဲ့နီးတဲ့ဇုန် ကျွန်မတို့ အခုနေတဲ့ရွာကို အနီရောင်ဇုန်ဆိုပြီးတော့ သတ်မှတ်လိုက်တယ်။ တစ်ကယ်တမ်းက ကျွန်မ တို့ ဒီရွာထဲမှာ ပိုးတွေ့တဲ့သူက တစ်ယောက်ပဲရှိတယ်။ အဲဒီကစပြီး အခု အကုန်လုံးကို ရောဂါတွေ့တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ချက်ချင်းပြန်လွှတ်တာ” လို့ မအိက ပြောပြပါတယ် ။

နှစ်နှစ်ကျော် ရှာဖွေစုဆောင်းထားသမျှ ပစ္စည်းဥစ္စာတွေက အခုတော့ သူ့တို့နိုင်ငံမှာပဲ ပြန်ထားခဲ့ရမယ့် ပုံစံဖြစ်နေပြီလို့ မအိက စိတ်ဆင်းရဲစွာ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ချက်ချင်းကြီး နေရပ်ပြန်ရမယ့်အခါ မြန်မာဘက်က သယ် လာတဲ့ မိမိပိုင် ကျောက်မျက်ရတနာတွေကို ပြန်သယ်ဖို့ အခက်ကြုံနေရတာပဲ ဖြစ်ပါတယ်။

မြန်မာ့ကျောက်မျက်တွေကို တရုတ်ဖက်မှာ သွားရောက်ရောင်းချတဲ့အခါ မြန်မာဘက်က တရားဝင်သယ်သွားတာ မဟုတ် တဲ့အတွက် တစ်ဘက်နိုင်ငံက ချက်ချင်းနှင်လွှတ်တဲ့အခါ ကုန်သည်တွေအနေနဲ့ ပြန်သယ်ဖို့ အခက်တွေ့နေရတာ ဖြစ် ပါတယ်။

အခုလို တရုတ်ဖက်က ပြန်လွှတ်တာကြောင့် မအိလိုပဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ နေထိုင်ရင်း စီးပွားရေးလုပ် တာ တွေ၊ လုပ်ငန်းဆက်လုပ်နေတာတွေ၊ တစ်ချို့ကပိုင်ဆိုင်မှုတွေရှိတဲ့အတွက် ချက်ချင်းရွှေ့ပြောင်းလို့ မလွယ်တဲ့ပစ္စည်းတွေ ရှိတဲ့အခါကျတော့ အခက်အခဲတွေအများကြီးနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

ဒီလို စီးပွားရေးလုပ်တဲ့သူတွေအပြင်စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ မြန်မာလုပ်သားတွေမှာလည်း နေရပ်ပြန်ဖို့အရေး ဒုက္ခပင်လယ်ဝေနေကြရပါတယ်။

မူဆယ်မြို့မှာရှိတဲ့ ရွှေမြန်မာအွန်လိုင်း ပရဟိတအသင်းဥက္ကဌ ကိုချမ်းမြေ့က “ အခုကတော့ ကြယ်ဂေါင်မှာ လူလုံးလုံး မထားတော့ဘူး။ အနီရောင်ဇုန်သတ်မှတ်ထားတော့ ဆေးဖြန်းမှာဖြစ်တဲ့အတွက် တရုတ်တွေမထားသလို မြန်မာတွေ လည်း မနေရဘူး။ မြို့အခွန်ပဲထားမှာဖြစ်တယ်” လို့ ပြောပြပါတယ်။

သိန်းနဲ့ချီတဲ့ရွှေ့ပြောင်းလုပ်သားများ
မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ မြို့တွေနဲ့ တရုတ်နဲ့ ထိစပ်နေတဲ့ ဒေသတွေက မြန်မာ အများစုက ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီ၊ ကြယ်ဂေါင်၊ ဝမ်တိန်၊ မန့်စီ စတဲ့ မြို့တွေ အတွင်းမှာ ရွှေ့ပြောင်း လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေတာ လူဦးရေ နှစ်သိန်းကျော်အထိ ရှိနေပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကျောက်ကုန်သည်၊ အွန်လိုင်းရှော့ပင်းလုပ်တာတွေ၊ ကုန်တင်ကုန်ချလုပ်ငန်း၊ အိမ်ဖော်၊ ပန်းရံစတဲ့ အန္တရာယ်ရှိတဲ့ ဆောက်လုပ်ရေး လုပ်ရတဲ့ လုပ်သားတွေ၊ စက်ရုံ၊ အလုပ်ရုံဆိုရင်လည်း သစ်အချော ကိုင်လုပ်တဲ့နေရာတွေ၊ နားကြပ်စက်ရုံတွေ၊ ဆံပင်အတုလုပ်ငန်းတွေ၊ ပန်းအလှဆင်တဲ့ ပန်းအတုလုပ်တဲ့နေရာတွေ၊ ဆိုင်ကယ်အပိုပစ္စည်းနဲ့ ဆိုင်ကယ်ထုတ်တဲ့ စက်ရုံတွေမှာ လုပ်ကိုင်နေကြတာပါ။

စက်ရုံ၊ အလုပ်ရုံအများစုက ရွှေလီနှင့် ကြယ်ဂေါင်တစ်လျှောက်မှာ များပြားပြီး တစ်ချို့ စက်ရုံတွေက အမျိုးသမီးပဲ လက်ခံ တာကြောင့်လည်း တရုတ်ကိုသွားရောက်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားအများစုမှာ အမျိုးသမီးဦးရေက ပိုများနေ တယ်လို့ မူဆယ်မြို့ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

တစ်ချို့ အလုပ်သမားတွေဆို အလုပ်တွေက ပိတ်တော့ ပိုက်ဆံက အဆင်မပြေ အိမ်ခန်းခ၊ စားသောက်စရိတ်နဲ့ဆိုတော့ ဒုက္ခတွေများကုန်ကြတာလို့ ကိုချမ်းမြေ့က ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်ပြန်ဖို့ ထွက်လာတဲ့သူတွေကျတော့လည်း အိမ်ခန်းအပ်လာရပြီး တရုတ်ဖက်ရဲ့နယ်စပ်မှာ တန်းစီပြီး စာရွက်ထုတ်ရတာဖြစ်တဲ့အတွက် ကြန့်ကြာမှုတွေဖြစ်တော့ အခုပြန်ဖို့ ရွှေ့ပြောင်းလုပ်သားထောင်နဲ့ချီတဲ့ ဦးရေကလည်း အခက်တွေ့နေပါသေးတယ်။

ဒီအထဲမှာ အမျိုးသမီးတွေပါသလို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေလည်း ပါတဲ့အတွက် အမြန်ဆုံးအဆင် ပြေဖို့ ရွှေလီပြင်ပရေးရာ နှစ်နိုင်ငံဆက်ဆံရေးဌာနနဲ့ ညှိနိူင်းဆောင်ရွက်နေတယ်လို့ ကိုချမ်းမြေ့က ရွှေ့ပြောင်းလုပ်သား တွေရဲ့ အခြေအနေကို ပြောပါတယ်။

တစ်ကယ်လို့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မြန်မာပြည်မပြန်ဘဲ တရုတ်မှာ ဆက်နေမယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့ Quarantine စင်တာမှာ ကုန်ကျစရိတ်ပေးပြီး နေရမှာပဲဖြစ်ပါတယ်။

ရွှေလီမြို့မှာရှိတဲ့ Quarantine စင်တာမှာနေမယ်ဆိုရင် တစ်ယောက်ကို အနည်းဆုံး ၁၄ ရက် နေရမှာဖြစ်သလို ရောဂါ တွေ့တဲ့နေရာက လာတဲ့သူဆိုရင် ၂၁ ရက်အထိ နေရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်က အနည်းဆုံး ယွမ် ၁,၀၀၀ ကျော် (မြန်မာငွေ နှစ်သိန်းခွဲကျော်) အထိ ရှိနေပါတယ်။

တရုတ်ရဲ့ ဆံပင်ကျွတ်စက်ရုံ၊ နားကြပ်စက်ရုံတို့မှာ အလုပ်လုပ်ရင် ပုံမှန်အားဖြင့် ပျမ်းမျှ မြန်မာမိန်းကလေး တစ်ယောက်က တစ်လကို အနည်းဆုံး ယွမ် ၁,၈၀၀ ကနေ ၂,၀၀၀ ကြားသာ ရတာပါ။ ဒါကြောင့်လည်း မြန်မာလုပ်သားတွေအနေနဲ့ ပြန်ဖို့ ခက်သလို နေဖို့လည်း အခက်ကြုံနေရတာပဲဖြစ်ပါတယ်။

ပြန်ဖို့အရေး ရတက်မအေးရတဲ့ လုပ်သားတွေ
ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်တဲ့ မနန်းမူက ပစ္စည်းတွေက ကိုယ်ပိုင်တွေဆိုရင်တော့ တစ်ချို့က ခိုးပေါက်ကနေ ထွက်ကြ သလို တစ်ချို့ကျတော့လည်း အလုပ်ကလည်းပိတ် အိမ်ကလည်း ပြန်ရမှာဆိုတော့ လမ်းစရိတ်မရှိလို့ ဆိုင်ကယ် အသစ် နီးပါးတွေကို တရုတ်ငွေ ယွမ် ၂၀၀ ကနေ ၅၀၀ လောက်နဲ့ရောင်းနေကြရတာတွေလည်း ရှိတယ်လို့ ပြောပြပါတယ်။

“ ဒီနှစ်အလုပ်တွေ ငါးကြိမ်လောက်ပိတ်ရ‌တော့ တော်တော်ခက်ခဲကြတယ်။ ကျွန်မလို ပိုက်ဆံမစုနိုင်ဘဲ အိမ်ကို လစာထုတ် တာနဲ့ ပို့ပေးလိုက်တဲ့ မိန်းကလေးတွေအတွက်ဆိုရင် စားစရာလည်း ဝယ်စုထားတာမရှိ၊ လက်ထဲမှာ ပိုက်ဆံက မကျန် အိမ်ဌားခ ပေးရမှာနဲ့ဆိုတော့ ရှိတဲ့ ပိုက်ဆံကိုလည်း မသုံးရက် တနေ့တနေ့ ချွေတာပြီး စားနေရတာ ၊ ဒီကြားထဲ နေ့တိုင်း လည်း တန်းစီပြီး မနက်စောစောဆေးစစ်သွားရသေး၊ ဒါတွေကြောင့် စိတ်ဓာတ်ကျချင်လာတယ်”လို့ သူ ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြပါတယ်။

လက်ရှိ တရုတ်စက်ရုံတွေ ပိတ်တာက ပြန်ဖွင့်မယ့်အချိန်ကို မသိရလို့ ပိတ်ရက်ရှည် လနဲ့ချီပိတ်မယ်ဆိုတဲ့ သတင်းတွေ ကြောင့်လည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စိတ်ဖိစီးရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ဖက်က ပြန်ထွက်ပြီးပါကလည်း ပြန်လည်သွားရောက် လုပ်ကိုင်ရန် အခက်အခဲတွေလည်း ရှိနေတာ ကြောင့် ရွှေ့ပြောင်း လုပ်သားတွေ သောကရောက်နေရတာပါ။

“ အိမ်ပြန်သွားရင်လည်း စုထားတဲ့ ပိုက်ဆံကမရှိ ဒီအချိန်မှာ မြန်မာပြည်မှာလည်းကျောင်းလည်း ဆက်တက်ခွင့်မရ ပြန်ရင် လည်း ဘာမှမထူး၊ ဒီမှာဆက်နေရင်လည်း အိမ်ခန်းခ ရှင်းနေရတာနဲ့ တနေ့တနေ့ သုံးတာတွေနဲ့ဆိုတော့ လူက စိတ် အခြေအနေ တော်တော်ဆိုးလာသလိုခံစားလာတယ်”လို့ မနန်းမူက ပြောပြပါတယ်။

မနန်းမူဟာ မိသားစုရဲ့ အခက်အခဲနဲ့ ကိုယ့်ဘဝရှေ့ရေးအတွက် စဉ်းစားပြီး တက္ကသိုလ်တက်ဖို့နဲ့ သင်တန်းတွေ တက်ဖို့ ပိုက်ဆံရှာရန် တရုတ်နိုင်ငံကို အလုပ်လုပ်ဖို့ ထွက်လာတာပဲဖြစ်ပါတယ်။

အခုလို ရုတ်တရက် တရုတ်မှာ စက်ရုံတွေပိတ် အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ အတွေးပေါင်းစုံနဲ့ ညဘက်တွေတောင် အိပ် မပျော် ဖြစ်နေရတယ်လို့ မနန်းမူက ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်တွေကိုလည်း ပြီးခဲ့တဲ့ဇူလိုင် ၈ ရက်ထဲကပိတ်လိုက်တာကြောင့် ဒီနယ်စပ်ဂိတ်ပေါက်ကို မှီခို နေတဲ့ လုပ်သားတွေ၊ ကုန်သည်တွေ တရုတ်ဖက်အခြမ်း စက်ရုံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ သိန်းနဲ့ချီတဲ့ မြန်မာ လုပ်သားတွေ အလုပ်လက်မဲ့တွေဖြစ်ပြီး စားဝတ်နေရေး ကျပ်တည်းကုန်တာပါ။

Photo – Thet Wai

စိန်ခေါ်မှုတွေနဲ့ ပြန်ရမယ့်ခရီး
တရုတ်နိုင်ငံကို သွားရောက်အလုပ် လုပ်ကိုင်မယ့် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို အရင်က နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီနဲ့ နေထိုင်ခွင့် စာအုပ်အစိမ်းတို့ လုပ်ရပြီး နောက်ထပ် ကျန်းမာရေးကတ်၊ အလုပ်သမားကတ် ဆိုပြီး သုံးမျိုး ထုတ်ပေးထားတာပါ။

အခုနောက်ပိုင်းမှာတော့ ပေါက်ဖော်ကတ်ဆိုပြီး ဘဏ်ကတ်ပုံစံ နောက်တစ်မျိုး ထွက်လာကာ စုစုပေါင်း ကတ်လေးမျိုး လောက် လုပ်ရပြီး သက်တမ်းအားဖြင့် တစ်နှစ်ဖြစ်ကာ ရွှေ့ပြောင်းလုပ်သားများ အနေနှင့် ခြောက်လ တစ်ခါ သက်တမ်း တိုးရ ကြောင်း၊ ကုန်ကျစရိတ်အနေနှင့်လည်း တရုတ်သူဌေးကိုယ်တိုင် အာမခံပေးပါက အနည်းဆုံး ယွမ် ၇၀၀ ကနေ ၈၀၀ ကြား (မြန်မာငွေနှစ်သိန်းနီးပါး) ပေးရကာ သူဌေးမရှိဘဲ ပွဲစားနှင့် လုပ်မယ်ဆိုရင်တော့ ယွမ် ၁,၀၀၀ ကနေ ၁,၁၀၀ ကျော် အထိ ပေါက်ဈေးရှိနေပါတယ်။

အခုချိန်မှာတော့ ကပ်ရောဂါကို အကြောင်းပြပြီး တရားဝင်ကတ်တွေ ရှိတာတောင် တရုတ်အာဏာပိုင်တွေက မြန်မာ လုပ် သားတွေကို ပြန်လွှတ်နေတာတွေလည်း ရှိနေတာပါ။

အခုက မှတ်ပုံတင်၊ ပတ်စပို့စ်နဲ့ အလုပ်ရှင်၊ ဆွေမျိုးသားချင်းတွေနဲ့ နေထိုင်ခွင့်သာမရှိရင် တရုတ်နိုင်ငံမှာက နေဖို့ မလွယ် သလို ခဏခဏ စစ်ဆေးတာတွေကြောင့်လည်း မြန်မာပြည်က အလုပ်လာလုပ်တဲ့ အမျိုးသမီးငယ်တွေအတွက် လုံခြုံမှု မရှိဘူးလို့လည်း မနန်းမူက ပြောပြပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိူင်လနောက်ဆုံးပတ်ကနေ အခုဩဂုတ်လနောက်ဆုံးပတ်အထိ တရုတ်ကနေ ပြန်လာသူ မြန်မာ‌ရွှေ့ပြောင်း လုပ်သား စုစုပေါင်း ခြောက်ထောင်နီးပါး ရှိနေပြီး မြန်မာ-တရုတ် နယ်ခြားစည်းမျဉ်း မန်ဟီးရိုး၊ ကျင်စန်းကျော့ (ဝမ်တိန်)၊ ကြူကုတ်၊ ပန်ဆိုင်း (ဝမ်တိန်) စတဲ့ ခိုးဝင်ပေါက်နေရာတွေမှာတော့ တရားမဝင် ဝင်လာသူတွေနဲ့ တရုတ်ဘက်က ပို့ဆောင် ခံရသူတွေ ပြန်ဝင်လာတာ ရှိနေပါတယ်။

မြန်မာပြည်မှာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးစီးဆင်းမှု ခက်ခဲတာတွေ၊ စီးပွားရေးခက်ခဲတာတွေ အလုပ်အကိုင်ရှားပါးတာတွေအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလိူင်းရဲ့ ရိုက်ခတ်မှုကြောင့်လည်း ပြည်သူတွေ ဒုက္ခ ပင်လယ် ဝေနေတာပါ။

ဒီလိုအခြေအနေမျိုးမှာမှ မြန်မာပြည်ပြန်ရင် အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲ တွေကို ခါးသီးစွာ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ တရုတ်မှာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီး လုပ် ငန်းရှင်တစ်ဦးဖြစ်သူ မမြင့်စန်းက ပြောပြပါတယ်။

“ ပြန်ရင်လည်း အရင်ကဆို စပါးစိုက်၊ ပြောင်းစိုက်၊ တောင်ယာလုပ်၊ အထည်လေးဘာလေး လက်လီလက်ကားယူပြီး ပြန် ရောင်း စတာတွေ လုပ်လို့ရပေမယ့် အခုချိန်ကတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ပြန်ရောက်တာနဲ့ ကိုယ့်မှာရှိတာ ချွေတာစားရုံပဲဆိုတော့ ရေရှည်ဆို ငတ်သေဖို့ပဲရှိတယ်”လို့ ရှေ့ရေးကို တွေးပြီး ရင်လေးစွာနဲ့ မမြင့်စန်းက ဆိုတယ်။

ဆက်ပြီး မမြင့်စန်းက “နယ်စပ်ဂိတ်တွေ ပိတ်တော့ စီးပွားရေးက တော်တော်ကြီး ထိခိုက်သွားတယ်။ အခုဆိုရင် ၇၅ ရာခိုင် နူန်းလောက်က ပျက်စီးယိုယွင်းသွားပြီ။ အများကြီးပဲ ဆုံးရူံးနစ်နာတာပေါ့”လို့ ဆိုပါတယ်။

အမြန်ကူညီပေးပါ
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration – IOM ) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေ ၅၄ သန်း ကျော် ရှိတဲ့ အနက် လူဦးရေ လေးသန်းကျော်ဟာ အိမ်နီး ချင်း ထိုင်း၊ တရုတ်၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် သွားရောက် အလုပ်လုပ်ကိုင် နေကြပါတယ်။

အဲဒီအထဲကမှ ၇၀ ရာခိုင်နှုန်းက ထိုင်းနိုင်ငံ၊ ၁၅ ရာခိုင်နှုန်းက မလေးရှားဖြစ်ပြီးတော့ တရုတ်နိုင်ငံမှာတော့ မြန်မာ ရွှေ့ ပြောင်း လုပ်သားငါးရာခိုင်နှုန်းနီးပါး သွားရောက်အလုပ်လုပ်ကိုင်နေတယ်လို့ (IOM) ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အခုဖြစ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာဖြစ်တဲ့ မြန်မာဘက်က မူဆယ်အုပ်ချုပ်ရေး ဌာနပိုင်းတွေကို တင်ပြညှိနိူင်းပေးပါဆိုပြီးတော့ နှစ်နိုင်ငံရွှေလီပြင်ပရေးရာနဲ့ ချိတ်ဆက်ပြီးတော့ ကူညီ ဖြေရှင်းပေးတာတွေ ရှိတယ်လို့ ကိုချမ်းမြေ့က ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မအိက “ သူတို့ရဲ့ သတ်မှတ်ချက်တွေက ဘယ်လိုမှန်းတော့မသိဘူး။ ကျွန်မအမျိုးသားဆိုရင် ကွာရန်တင်းဝင်နေတာ ရက်ကပြည့်နေပြီ အခုထိ ပြန်မရောက်သေးလို့ စိတ်ပူနေရတယ်”လို့ ပြောပြပါတယ်။

တရုတ်ဖက်က စက်ရုံ၊ အလုပ်ရုံတွေ ပိတ်မှာကြောင့် မြန်မာလုပ်သားတွေကို တရားဝင်လွဲပြောင်းတာတွေ စနစ်တကျ လုပ် နေတယ်ဆိုပေမယ့် တရုတ်ဖက်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အိမ်ခန်းပိုင်ရှင်၊ အလုပ်ရုံ၊ စက်ရုံပိုင်ရှင် သူဌေး တွေက မြန်မာလုပ်သားတွေအပေါ် တာဝန်ယူမှု ၊တာဝန်ခံမှု အားနည်းတဲ့အတွက် နယ်စပ်ဂိတ်မှာ အလုပ်ထွက်လာပြီး နောက် နေစရာနဲ့ သွားစရာမရှိသူ ထောင်နဲ့ချီပြီး နေထိုင်၊ စားသောက်ရေး အခက်အခဲ ဖြစ်နေပါသေးတယ်။

ဒါကြောင့် မအိကတော့ လက်ရှိ သူတို့အခက်အခဲတွေကို ပြေလည်စေဖို့သာမက နောင်တစ်ချိန် သူတို့လို မြန်မာ ရွှေ့ ပြောင်း လုပ်သားတွေအတွက် စဉ်းစားပေးမယ့် အစိုးရတစ်ရပ်ရှိလာဖို့ကို ဆုတောင်းနေကြောင်းလည်း ယခုလိုဆိုတယ်။

“ တရုတ်က သူ့နိုင်ငံရဲ့ လူမျိုးအကျိုးစီးပွားကို ကြည့်ပေးသလို မြန်မာတာဝန်ရှိသူတွေအနေနဲ့လည်း တစ်ချိန်မှာ ကိုယ့် လူမျိုးကို ကာကွယ်ပေးနိုင်တဲ့ အစိုးရတစ်ရပ်ပေါ်လာဖို့ မျှော်လင့်မိတယ်”

Related Articles