ရှင်ငြိမ်း။ ။
အလုပ်သွားမယ်ဆိုရင် အမြဲတမ်းတက်တက်ကြွကြွနဲ့ ရှေ့ဆုံးကရှိနေတတ်တဲ့ မမာလာထွေးဟာ အခုတော့ သူ့စက်ရုံဆီကိုသွားဖို့ သူ့ခြေလှမ်းတွေက လေးကန်တုံ့ဆိုင်းလို့ နေပါတယ်။ အလုပ်ခွင်ရှိရာ စက်ရုံဆီ သွားတယ်ဆိုပေမယ့် သူသွားနေတာက အလုပ်လုပ်ဖို့မဟုတ်ဘဲ စက်ရုံဘက်က ထုတ်ပေးဖို့ကျန်နေသေးတဲ့ သူ့လုပ်အားခလစာတွေ ပြန်ရလိမ့်နိုးနိုးနဲ့ သွားစောင့်နေတာဖြစ်ပါတယ်။
လုပ်အားခရဖို့အရေး ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံထဲက အဲ့ဒီအထည်ချုပ်စက်ရုံရှေ့က နေပူပူမှာနေ့တိုင်း သွားသွားစောင့်နေရတာ ၁၀ ရက်လောက်ရှိပေမယ့် အခြေအနေက မထူးခဲ့ဘူးလို့ သူကဆိုပါတယ်။ မမာလာထွေး ဟာ အဆိုပါစက်ရုံမှာ သုံးလတာ အလုပ်လုပ်ခဲ့ပြီးတဲ့နောက် ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရတဲ့သူပါ။
ဒါကလည် တစ်လသုံးသိန်းအပြတ်နဲ့ အလုပ်ခေါ်ခန့်ထားတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က လစာမပေးဘဲ နေ့ရွှေ့ညရွှေ့ ရွှေ့နေပြီး ဖေဖော်ဝါရီ ၅ ရက်မှာ လက်ကျန်ငွေအားလုံး ရှင်းပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ပျက်ကွက်ခဲ့တာကြောင့် သူအပါအဝင် အဆိုပါစက်ရုံက အလုပ်သမား ၃၀၀ နီးပါးလောက် အလုပ်ထွက်ခဲ့ကြပါတယ်။
“ပြီးခဲ့တဲ့ ၁၂လပိုင်းနဲ့ ခု ၁လပိုင်းလစာပါ မရသေးတာပေါ့။ ကျမတို့ကလည်း သူတို့လုပ်ငန်းစလုပ်တာဆိုတော့ အခက်အခဲ ရှိမှာပဲလေဆိုပြီး စောင့်ပေးတာ။ သူတို့က ကတိမတည်ဘူး။ တောင်းတော့လည်း စစ်တပ်ခေါ် ခြိမ်းခြောက်တယ်။ ဒါကြောင့်အလုပ်ထွက်ကြတာ” လို့ မမာလာထွေးက ရှင်းပြပါတယ်။
လစာပေါ်မှာ မှီခိုစားသောက်နေရတဲ့ အလုပ်သမားတွေနဲ့ မိသားစုဝင်တွေဟာ လစာမရတာကြောင့် စားဝတ်နေရေး အခက်တွေ့နေကြရသလို တချို့ဆိုရင် အဆောင်ခမပေးနိုင်လို့ အဆောင်ကနေဆင်းပေးရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဖိနှိပ်ကန့်သတ်လာနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက စွပ်စွဲကြပါတယ်။
ယခင်ကတော့ အလုပ်သမားတွေဟာ သူတို့အခွင့်အရေးတွေ ဆုံးရှုံးသွားရင် အလုပ်သမားသမဂ္ဂတွေကတဆင့် တောင်းဆိုတာ၊ ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။ စစ်အုပ်ချုပ်ရေးလက်အောက်မှာတော့ အလုပ်သမားသမဂ္ဂတွေ၊ ဆန္ဒပြပွဲတွေကို ကန့်သတ်ထားတာကို အလုပ်ရှင်တွေက အခွင့်အရေးယူပြီး အလုပ်သမားတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြတယ်လို့လည်း အလုပ်သမားတွေနဲ့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက စွပ်စွဲကြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မြို့က အလုပ်သမားတွေဟာ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်လည်း အာဏာသိမ်းပြီးတဲ့နောက် သတင်းပတ်အနည်းငယ်အတွင်း အလုပ်သမားသမဂ္ဂအချို့နဲ့ အလုပ်သမားအရေး ဆောင်ရွက်သူအချို့ကို စစ်ကောင်စီက တရားမဝင်အသင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် အသင်းအဖွဲ့နဲ့ သမဂ္ဂတွေဟာ အလုပ်သမားအခွင့်အရေးတွေအတွက် စစ်အစိုးရရဲ့ရုံးတွေမှာ ကြားဝင်ဆောင်ရွက်ခွင့်လည်း တားမြစ်ခံထားရတယ်လို့ ရန်ကုန်မြို့က အလုပ်သမားအရေး ဆောင်ရွက်နေသူ တယောက်ကဆိုပါတယ်။ ဒါကို အကာအကွယ်ယူပြီး အလုပ်ရှင်တွေ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်နေတာလို့လည်း သူကရှင်းပြပါတယ်။
ယခင်ကဆိုရင် အလုပ်သမားပြဿနာတွေ ဖြစ်လာရင် အလုပ်သမားတွေက စုပေါင်းတောင်းဆိုမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီအချိန်မှာတော့ လုပ်လို့မရတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းစစ်တပ်က အလုပ်သမားတွေအများဆုံးရှိတဲ့ ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့နေရာတွေမှာ စစ်အုပ်ချုပ်ရေးထုတ်ထားပြီး လူငါးယောက်ထက် ပိုမိုစုဝေးခွင့်ကို ကန့်သတ်ထားပါတယ်။ ဒါ့ကြောင့် အလုပ်သမားတွေဟာ သူတို့ရသင့်တဲ့ အခွင့်အရေးတွေကို အရင်လိုစုရုံးပြီး မတောင်းဆိုရဲကြတော့ပါဘူး။
အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခွင့်မရှိတဲ့အခြေအနေမှာ ကြုံလာရတဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို လူအများသိအောင် ဖွင့်ချပြရင်လည်း လိုက်ပါဖြေရှင်းပေးနိုင်မယ့် အဖွဲ့တွေလည်းမရှိတဲ့ကြားမှာ အခွင့်အရေးမရတဲ့အပြင် အလုပ်ပြုတ်မှာကိုလည်း စိုးရိမ်ကြတာကြောင့် အလုပ်သမားအများစုက နှုတ်ပိတ်နေတာများပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုတွေကြောင့် စီးပွားရေးကျဆင်းနေတဲ့ ယနေ့ကာလမှာ မြေပြင်မှာအလုပ်ပေးနိုင်တဲ့ ပမာဏနဲ့ အလုပ်လိုအပ်နေတဲ့ အရေအတွက်က မမျှမတဖြစ်နေပြီး အလုပ်အကိုင်တခု ရှာဖွေရတာဟာ အင်မတန် ခက်ခဲလှပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဇန်နဝါရီလအတွင်းက ထုတ်ပြန်ချက်အရ ၂၀၂၁ အတွင်းမှာ မြန်မာနိုင်ငံက အလုပ်သမား ၁ ဒဿမ ၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ အမျိုးသမီးအလုပ်သမားတွေ အများစု အလုပ်လုပ်ကြတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်အကိုင် ဆုံးရှုံးမှုက ၂၂၀,၀၀၀ ကျော် ရှိတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလုပ်သမားတွေကို ဖိနှိပ်မှုအများဆုံး နိုင်ငံဖြစ်လာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထောက်ပြပါတယ်။ ၂၀၂၁ သြဂုတ်လအတွင်းက ထုတ်ပြန်တဲ့ ITUC ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်း အစီရင်ခံစာထဲမှာ မြန်မာဟာ ဘရာဇီးလ်၊ ကိုလုံဘီယာ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊တူရကီ၊ အီဂျစ်၊ ဟွန်ဒူးရပ်စ်၊ ဇင်ဘာဘွေ နဲ့ ဘဲလာရု တို့နဲ့အတူ မြန်မာဟာ အလုပ်သမားများ ဖိနှိပ်ခံရသည့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ခုစာရင်းမှာ ထည့်သွင်းခံရတာ ဖြစ်ပါတယ်။
မမာလာထွေးတို့စက်ရုံနည်းတူ ပြီးခဲ့တဲ့၂၀၂၁ မတ်လ လလယ်ပိုင်းလောက်မှာ မီးလောင်သွားတဲ့ ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုံက ဆိုလာမိုလာအထည်ချုပ်စက်ရုံ အလုပ်သမား ၁ထောင်ကျော်ဟာလည်း အလားတူ အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
စက်ရုံမီးမလောင်ခင်က အလုပ်သမားအတော်တော်များများကို စာချုပ်အသစ် ထပ်မချုပ်တော့ဘဲ ရပ်ပစ်လိုက်ပြီး လစာမရကြသေးတဲ့ အလုပ်သမားအချို့လည်း ရှိကြတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။ အလုပ်ရှင်တွေဟာ စက်ရုံပိတ်ထားတဲ့ကာလ နစ်နာကြေးမပေးတဲ့အပြင် အလုပ်သမားတွေ ရဖို့ကျန်နေသေးတဲ့ လုပ်ခလစာတွေကို မီးလောင်လို့ စက်ရုံပိတ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှင်းမပေးပါဘူးလို့ အလုပ်သမားတွေဘက်က ပြောပါတယ်။
“စက်ရုံပိတ်လိုက်တဲ့ ကာလမှာ အလုပ်သမားတွေ စားဝတ်နေရေး ကျပ်တည်းတယ်။ အဲ့ဒါတွေအတွက် နစ်နာကြေးပေးဖို့ပြောတော့ သူတို့ဘက်က စက်ရုံပိတ်တာ မီးလောင်လို့ပိတ်တာ။ အဲ့တုန်းက လစာမဲ့လို့ စာကပ်ထားတယ်ဆိုပြီး ငြင်းတယ်”လို့ ဆိုလာမိုလာစက်ရုံမှာ လုပ်သက်တနှစ်သာရှိသေးတဲ့ မသူသူဇော်(အမည်လွှဲ)က ရှင်းပြပါတယ်။
ဆိုလာမိုလာစက်ရုံဟာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတခုဖြစ်ပြီး အလုပ်သမားပေါင်း ၁၂၀၀ နဲ့လည်ပတ် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။
“စက်ရုံပိတ်တာ နစ်နာကြေးမပေးချင်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြီး အလုပ်သမားတွေ ရသင့်ရထိုက်တာတွေကို ဘယ်တော့ရှင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက်တခုခု ထုတ်ပေးရင်ကောင်းမယ်။ အခုကဘာမှမပြောတော့ ကျမတို့လည်း ဘာဆက်လုပ်ရမှန်း မသိတော့ဘူး” လို့ မသူသူဇော်က ဆိုပါတယ်။
အလားတူ အထည်ချုပ်စက်ရုံမီးလောင်ပြီး ၇ လအကြာ အလုပ်ပိတ်သိမ်းထားတဲ့အပေါ် နစ်နာကြေးမပေးဘဲ ငြင်းဆန်နေတယ်လို့ စွပ်စွဲခံရထားရတဲ့ စက်ရုံတွေထဲမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှု့ဇုန်ထဲက GTIG-EASTAR အထည်ချုပ်စက်ရုံလည်း ပါဝင်ပါတယ်။ ဒီစက်ရုံလည်း ၂၀၂၁ ခုနှစ်၊ မတ်လထဲမှာ မီးလောင်ခဲ့ပြီး စက်ရုံပိတ်နားထားတဲ့အပေါ် အလုပ်သမားတွေက နစ်နာကြေးအနေနဲ့တောင်းဆိုတာကို အလုပ်ရှင်ဘက်က မီးလောင်လို့ ပိတ်တာဖြစ်တဲ့အတွက် လစာမဲ့လို့အကြောင်းပြကာ ငြင်းဆန်နေတယ်လို့လည်း ဆိုပါတယ်။
GTIG-EASTAR အထည်ချုပ်စက်ရုံမှာ လုပ်သက် ၃ နှစ်ရှိပြီဖြစ်တဲ့ မသန်းလှ(အမည်လွှဲ)က “အရင်ကဆို တိုင်စရာသမဂ္ဂတွေ၊ အဖွဲ့အစည်းတွေရှိတယ်။ အခုက တိုင်စရာဘာမှမရှိဘူး။ ကျေနပ်ရင်ဆက်လုပ် မကျေနပ်ရင်ထွက်ပဲ” လို့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။
ဒါ့အပြင် အလုပ်သမားတွေတောင်းဆိုနေတဲ့ အလုပ်ပိတ်ထားရက်နစ်နာကြေးကိုတော့ ဥရောပသမဂ္ဂ-EU က ထောက်ပံ့ကြေး ငွေကျပ် ၅ သောင်းကျော်နဲ့ ခုနှိမ်နိုင်တယ်လို့ အလုပ်သမားတွေက တွက်ဆနေကြပါတယ်။
တကယ်တော့ အထည်ချုပ် လုပ်သမားတွေရဲ့ ဘဝဟာ မလွယ်လှပါဘူး။ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖိအားတွေရဲ့အောက်မှာ မနက်ကနေ ညနေအထိ တကုတ်ကုတ်နဲ့ လုပ်ကြရတဲ့ကြားထဲမှာ လစာမရတာ၊ ဖြတ်တောက်ခံကြရတာတွေလည်း ရင်ဆိုင်ကြရပါတယ်။
“ကုန်ဈေးနှုန်းတွေတက်တော့ တစ်နေ့ ၄၈၀၀ ကျပ်ဆိုတာ မိသားစုများတဲ့ သူတွေအတွက် တကယ်အဆင်မပြေဘူး” လို့ မသန်းလှက ညီးတွားပြောဆိုပါတယ်။
အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ ရှိနေပေမယ့် အလုပ်သမားတွေအတွက် အခြားရွေးချယ်စရာ သိပ်များများမရှိပါဘူး။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြားထဲမှာ ပြိုလဲသွားတဲ့ စီးပွားရေးကြောင့် သန်းနဲ့ချီတဲ့သူတွေ အလုပ်ပြုတ်ကြချိန်မှာ အလုပ်ရဖို့ဟာ အသက်တမျှအရေးကြီးနေတာကြောင့် ခေါင်းပုံဖြတ်ဖိနှိပ်မှုတွေအောက် ကြိတ်မှိတ်ပြီး အလုပ်ဆင်းကြမလား။ ဒါမှမဟုတ် အလုပ်မရှိတဲ့ဘဝမှာ နေကြမလား ဆိုတာသာလျှင် အလုပ်သမားတွေအတွက် ရွေးချယ်စရာ ဖြစ်နေပါတယ်။