နန်းဆိုင်နွမ်။ ။
ရှမ်းပြည်မြောက်ပိုင်းရဲ့ နိုဝင်ဘာဆောင်းက မြူခိုးတွေ၊ နှင်းစက်နှင်းပေါက်တွေနဲ့ အေးအေးချမ်းချမ်း သာသာယာယာ ရှိနေပါတယ်။ မအေးယဉ် နဲ့ သူ့အမျိုးသားတို့ဟာ သူတို့ရဲ့လက်ဖက်စိုက်ခင်းဆီရောက်ဖို့
တောင်ကုန်းတောင်တန်းတွေကြား ကွေ့ပတ်ဖောက်ထားတဲ့ မြေနီလမ်းကဆင့် လမ်းလျှောက်လာခဲ့ကြပါတယ်။
သူတို့ရဲ့ လက်ဖက်စိုက်ခင်းက ရှမ်းမြောက်မှာ အချက်အချာကျတဲ့ ကျောက်မဲမြို့နယ်ထဲမှာ ရှိတာဖြစ်ပါတယ်။ ကျောက်မဲက ဒေသခံတွေဟာ မအေးယဉ်တို့ မိသားစုလို လက်ဖက်စိုက်ပျိုးတဲ့ အလုပ်ကို အဓိကထား လုပ်ကြပါတယ်။
သူတို့နဲ့အတူ အိမ်မွေးခွေးလေးလည်း ပါလာခဲ့ပြီး စိုက်ခင်းဆီရောက်ဖို့ သွားတဲ့လမ်းတလျှောက်လုံး ရှေ့ကနေ ခုန်ပေါက် ပြေးလွှားနေခဲ့ပါတယ်။
အရာရာဟာ အေးအေးဆေးဆေးနဲ့ သာသာယာယာရှိနေချိန်မှာ ရုတ်တရက် ပြင်းထန်တဲ့ပေါက်ကွဲသံတခု ကြားခဲ့ရပြီးနောက် လှပတဲ့အရာအားလုံး ပျက်စီးသွားခဲ့ပါတယ်။ ပေါက်ကွဲသံက လမ်းပြခွေးလေးက လမ်းမှာထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာက ထွက်လာတဲ့အသံဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ခွေးလေးဟာလည်း သေဆုံးသွားခဲ့ပါတယ်။ နောက်ကလိုက် လာခဲ့တဲ့ မအေးယဉ်ဟာလည်း မိုင်းစတွေ ထိမှန်ပြီး သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေရခဲ့ပါတယ်။
ဦးခေါင်းမှာ မိုင်းစထိမှန်ခဲ့တဲ့ မအေးယဉ် ကိုအရေးပေါ်လူနာအဖြစ် ကျောက်မဲဆေးရုံကို ပို့ခဲ့ပေမယ့် ဆရာဝန်တွေက ဒဏ်ရာက ပြင်းထန်တယ်လို့ မှတ်ချက်ချခဲ့ပြီး ဆေးဝါးနဲ့ စက်ကိရိယာတွေ ပိုစုံတဲ့ မန္တလေးကိုဆင်းပြီး ခွဲစိတ်ကုသဖို့ အကြံပေးပါတယ်။
“ မန္တလေး ဆေးရုံရောက်တော့ ဆရာဝန်တွေက ပြောတယ်။ မသေတာ ကံကောင်းတယ်တဲ့။ ဦးနှောက်(ကိုမိုင်းစထိဖို့) နည်းနည်းပဲ လွှဲသွားတယ်တဲ့”
“ကျမကိုဘယ်အဖွဲ့ကမှ လာထောက်ပံ့တာမရှိဘူး။ လက်ဖက်ရောင်းရပြီး စုထားတဲ့ ငွေ ၆သိန်းကတော့ ဘာမှ မလုပ်ဘဲ ဆေးကုလို့ ကုန်သွားပြီ။ ကျမ မရှိမဲ့ရှိမဲ့စုထားတာလေ” လို့ ကလေးနှစ်ယောက်မိခင် အသက်(၂၈) နှစ်အရွယ် မအေးယဉ်က ဗမာစကားကို သူ့အသံဝဲဝဲနဲ့ ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ထိတွေ့မှုတိုက်ပွဲတွေ ၂၀၁၆ခုနစ် နှစ်စပိုင်းကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ အစောပိုင်းနဲ့ လက်ရှိအချိန်မှာတော့ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာနေပြီး စစ်ရှောင် ထောင်ချီ လယ်ယာမြေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲ့ဒီနေရာဒေသမှာတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေကြတာပါ။ မြောက်ပိုင်းတပ်ဖွဲ့တွေထဲက ရှမ်းပြည်တိုးတက်ရေး ပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ အဲ့ဒီဒေသမှာ လှုပ်ရှားကြပါတယ်။
ကျောက်မဲကဲ့သိုပင် ရှမ်းမြောက်က နမ္မတူမြို့နယ်ဟာလည်း တိုက်ပွဲတွေ၊ မြေမြှုပ်မိုင်းတွေရှိတဲ့ဒေသ ဖြစ်ပါတယ်။ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုထဲက မန်းကျည်းရွာမှာ နေထိုင်တဲ့ အသက် (၃၂)နှစ်အရွယ် မအေးယောင်းတို့ မိသားစုလည်း မအေးယဉ်နဲ့အလားတူ ဖြစ်စဉ်မျိုးကို လွန်ခဲ့တဲ့ ဇူလိုင်လမှာ ကြုံခဲ့ရပါတယ်။ ဒီကျေးရွာဟာဆိုရင်၂၀၁၆ ဒီဇင်ဘာ ကစပြီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း စစ်ရေးတင်းမာခဲ့ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။
မအေးယောင်းတို့ မိသားစု သုံးယောက်ဟာ ဆိုင်ကယ်တစီးနဲ့ ခြံထဲသွားနေချိန် မြေမြှုပ်မိုင်းကို နင်းမိပြီး မိသားတစုလုံး ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြပါတယ်။ မိသားစု သုံးဦးမှာ မအေးယောင်းက ဝမ်းဗိုက်နဲ့လက်ကို မိုင်းစထိမှန်ခဲ့ရပြီး၊ အသက် ခုနှစ်နှစ်အရွယ် သမီးလေးကတော့ မိုင်းသံကြောင်း အခုထိနားမကြားရတဲ့ ဒဏ်ကိုခံစားနေရကာ၊ မအေးယောင်းရဲ့ အမျိုးသားကတော့ ဦးခေါင်းထိမှန်ခဲ့ရပါတယ်။
မအေးယောင်း နဲ့ မအေးယဉ် တို့ရဲ့ အဖြစ်အပျက်လိုပဲ မြန်မာနိုင်ငံမှာ မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများအပြား ရှိကြပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အများဆုံး အသုံးပြုတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မိုင်းကြောင့် သေဆုံးသူ တတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။
၂၀၁၉ နဲ့ ၂၀၂၀ နှစ်နှစ်အတွင်း မြေမြှုပ်မိုင်း နဲ့ လက်လုပ်မိုင်း ပေါက်ကွဲမှု ၆၄၀ လောက်ရှိပြီး လူ ၂၅၀ လောက်သေဆုံးခဲ့ရတယ်လို့ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲပစ္စည်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ကထုတ်ပြန်ထား ပါတယ်။ သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်ကြပါတယ်။
မြေမြှုပ်မိုင်းအန္တရာယ်အရှိဆုံး ဒေသတွေထဲမှာ ရှမ်းမြောက်ဒေသဟာလည်း ပါဝင်ပါတယ်။ အစိုးရစစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်တွေပါ မြေမြှုပ်မိုင်းကို ခေတ်အဆက်ဆက် အသုံးပြုကြတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာလေလေ၊ မြေမြှုပ်မိုင်းအန္တရာယ်က တိုးလာလေလေဖြစ်ပါတယ်။
၂၀၁၁ နောက်ပိုင်းမှာ ရှမ်းမြောက် ကျောက်မဲ၊ နမ္မတူ၊ သီပေါ၊ ကွတ်ခိုင်နဲ့ နမ့်ဆန်ကြော တလျောက်မှာ မြေမြှုပ်မိုင်း ဒဏ်ကြောင့် ပြည်သူတွေဟာ နေ့စဉ် နဲ့ အမျှ စိုးထိတ်မှုတွေနဲ့ အသက်ရှင်နေထိုင်ကြရပါတယ်။
၂၀၂၁ ခုနစ် မတ်လမှ အောက်တိုဘာလအထိ အမျိုးသမီး (၆)ဦး အပါအဝင် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူ (၂၄)ဦး ရှိခဲ့တယ်လို့ တအာင်း(ပလောင်)အမျိုးသမီးအဖွဲ့အစည်း (TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တာကြောင့် စာရင်းဆက်ကောက်ဖို့ ခက်ခဲသွားကြောင်းလည်း သူကပြောပါတယ်။
“ တချို့က သတင်းကြားတယ် ဆက်သွယ်မရဘူး။ အဲ့လို စာရင်းမသွင်းနိုင်တာ တော်တော်များတယ်”လို့ လွေးချီဆငါးက ဆိုပါတယ်။
မြေမြှုပ်မိုင်းနင်းမိလိုက်ပြီဆိုပါက အသက်မဆုံးသည့်တိုင် ရှင်လျှက်နှင့် ဘဝသေသွားခဲ့ကြသူ အများအပြား ရှိကြပါတယ်။ ထိုသူတွေရဲ့ ဘဝပြန်လည်ကုစားပေးဖို့ ယနေ့ချိန်ထိ ထိရောက်စွာ လုပ်ဆောင်နိုင်ချင်းမရှိခဲ့ပါဘူး။
မအေးယောင်းတို့ မိသားစုဟာလည်း အသက်မသေသည့်တိုင် နောက်ဆက်တွဲ ပြဿနာတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ သူတို့ဟာ အစပိုင်းမှာတော့ သေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူးလို့ ယူဆပြီး ဆေးရုံမသွားခဲ့ဘဲ အိမ်နေပြီး ကိုယ့်ဘာသာကိုယ် ဆေးကုကြပါတယ်။
ဒါပေမယ့် ရက်တွေလတွေကြာလာတော့ “ ကျမ ရဲ့ ဝမ်းဗိုက်ကတော့ တချက်တချက်နာတယ်။ သိပ်တော့ မနာဘူး။ ယောင်္ကျားရဲ့ခေါင်းကလည်း နေပူထဲအကြာကြီးနေလို့မရဘူး။ ခြံအလုပ်ကို အရမ်းလုပ်လို့မရဘူး။ သမီးလေးကတော့ ဘာဒဏ်ရာမှမဖြစ်ပေမယ့် နားကတော့ မကြားရတော့ဘူး” လို့ မအေးယောင်း က ဆိုပါတယ်။
သူ့ရဲ့ သမီးကို လားရှိုးဆေးရုံထိ တက်ကုသခဲ့ပေမယ့် ပြောင်းလဲမှု တစုံတရာမရှိလာတဲ့အတွက် မိခင်တယောက်အနေနဲ့တော့ စိတ်ပူလာကြောင်း မအေးယောင်း က ဝမ်းနည်းစွာပြောလာပါတယ်။
“ အခု ကလေးက နားမကြားရဘူး။ ၂လရှိပြီ။ လားရှိုးဆေးရုံသွားပြတာ ၃ခါ ရှိပြီ။ ဆေးပေးလာတယ်။ သူ့ဘာသာ သက်သာလာမယ်ပြောတယ်။ ထပ်လာပြစရာမလို့ဘူးတဲ့” လို့ မအေးယောင်းက စိတ်ပူပင်သောကဖြင့် ပြောလာပါတယ်။
သမီးလေး ဆေးကုသဖို့ စုဆောင်းထားတဲ့ ငွေကျပ် ၃သိန်း ကုန်ကျခဲ့ပြီး၊ အရင်လို နားပြန်မကြာလာမှာကိုတော့ မအေးယောင်း တယောက် စိတ်ပူနေပါတယ်။
“ ကျမရတဲ့ဒဏ်ရာတောင် ကျမမေ့နေတယ်။ သမီးကိုနားပြန်ကြားစေချင်တယ်။ ကျမ မွေးတုန်းက အကောင်းလေးလေ။ ဘဝတလျောက်လုံး နားမကြားတာ မဖြစ်စေချင်ဘူး” ရှမ်းဘာသာဖြင့် မအေးယောင်းက ဆိုပြန်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေဟာ မြေမြှုပ်မိုင်းကို အသုံးပြုခဲ့ပါက အရပ်သားတွေကို မထိခိုက်အောင် ကြိုးစားသင့်တယ်လို့ ရှမ်းမြောက် အတွင်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။
“ မိုင်းသုံးခဲ့ရင် ကိုယ်ရွေ့ပြောင်းရင် အဲ့နေရာ ကောင်းမွန်ရှင်းလင်းစေချင်တယ်။ဘယ်နေရာ ဘာတွေ သုံးထားလဲဆိုတာ ဒေသခံ ပြည်သူတွေကို ပြောပြ အသိပေးစေချင်တယ်။ အဲ့ဒါဆိုရင် ပြည်သူတွေ နည်းနည်းတော့ သက်သာမယ်” လို့ နမ္မတူမြို့ လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူ ပါ့ခမ်း က ပြောပါတယ်။
အရင်ခေတ်အဆက်ဆက်မှာတော့ မြေမြှုပ်မိုင်းကို တောတွေထဲမှာသာ အသုံးပြုခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ အရပ်သားတွေ အသုံးပြုတဲ့ လမ်းတွေမှာပါ မိုင်းကို အသုံးပြုလာတာကို တွေ့ရကြောင်းလည်း ပါ့ခမ်းက ဆိုပါတယ်။
“ ဒီဒေသမှာ လုပ်ရှားတဲ့အဖွဲ့တွေ လက်နက်ကိုင်တွေက မြေမြှုပ်မိုင်းကိစ္စကို ဖြေရှင်းပေးရင်ကောင်းတယ်။ ထိခိုက် ဒဏ်ရာရသူတွေ ဘဝပြန်လည်ထူထောင်ရေးလုပ်ပေးတာ ထောက်ပံ့ပေးရင်ကောင်းတယ်။ ထိခိုက်ခံရတဲ့ ပြည်သူတွေက ဆေးကုတာကစ ကိုယ့်ဘာသာဖြေရှင်းနေရတယ်” လို့ ပါ့ခမ်းက ထောက်ပြပြောဆိုလိုက်ပါတယ်။
နိုင်ငံရေး ပဋိပက္ခဟာ တရက်ထက် တရက်ဆိုးရွားလာတဲ့အမျှ ရှမ်းမြောက် ပြည်သူတွေက မိုင်းပြဿနာကလည်း တရက်ထက် တရက် ပိုကြီးထွားလာပြီး အသက်ပေးဆပ်နေရကာ နေ့စဉ်နဲ့ ဝမ်းရေးရှာဖွေဖို့ ကြောက်လန့် နေရပါတယ်။ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ပတ်သက်ပြီး ပညာပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်နက်ကိုင် တပ်ဖွဲ့တွေကတော့ ကိုယ်နယ်မြေ တပ်စခန်းကို ကာကွယ်ဖို့ အတွက် မြေမြှုပ်မိုင်းကို ယနေ့ထိတိုင်း အသုံးပြုနေကြဆဲပါ။
သာယာလှပတဲ့ ရှမ်းတောင်တန်းကြီးတွေ၊ လမ်းဘေးတလျှောက် တောပန်းတွေပွင့်နေတဲ့ မြေနီလမ်းလေးတွေအောက် ဘယ်အချိန်ထပေါက်ကွဲမလဲဆိုတာ မသိနိုင်တဲ့ မြေမြှုပ်မိုင်းတွေ ရှမ်းမြောက်တခွင်မှာ ရှိနေပေမယ့် ဒေသခံတွေကတော့ အသက်နဲ့ရင်းပြီး သွားလာနေရဆဲပါ။
“သူတို့ ဘယ်နေရာ မြုပ်ထားလဲမှမသိတာ။ ကျမတို့ကြောက်ကြောက်နဲ့ သွားနေရတာပဲလေ။ ကလေး ဆေးကုသဖို့က ရှိသေးတယ်လေ” လို့ မြေမြှုပ်မိုင်းထပ်ထိမှာ စိုးရိမ်ပေမယ့် ရွေးစရာမရှိတဲ့ သူတို့အခြေအနေကို ပူပင်တဲ့လေသံနဲ့ မအေးယဉ် တယောက် ဆိုပါတယ်။