Home ဆောင်းပါး မြို့ပြလူငယ်များရဲ့ တော်လှန်သင်္ကြန်

မြို့ပြလူငယ်များရဲ့ တော်လှန်သင်္ကြန်

နွေဦးမောင်။ ။

နွေဦးနှင့်အတူ အတာကျူးသည့် နှစ်ကူးသင်္ကြန်ကို ရောက်ခဲ့ပြီ။ သို့သော် မြို့ပြလမ်းမများသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ယခင်နှစ်များကဆိုလျှင် ရောပက်ခံမဏ္ဍပ်များ၊ ရေကစားထွက်လာသူများက လမ်းမများထက် ပြည့်နေတတ်သည်။

ယခုမူထိုသို့ မဟုတ်။ ရန်ကုန်မြို့၏ လမ်းမများတွင် ယာဉ်အသွားအလာအချို့ရှိသော်လည်း သင်္ကြန်လည်ဖို့အတွက် သွားလာလှုပ်ရှားမှုဆိုသည်ကမရှိ။

ယင်းအခြေအနေကို ရန်ကုန်မြို့ခံ ကျောက်မြောင်းသားတစ်ဦးက “လူသွားလူလာ တစ်ယောက်မှမရှိဘူး။ မရှိဆို ခွေးတောင်လမ်းပေါ် ဖြတ်သွားတာ မတွေ့ရဘူး”ဟု ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မြင်ကွင်းကို ဖောက်သည်ချသည်။

ပုံမှန်ဆိုလျှင် ရန်ကုန်ကဲ့သို့သောမြို့ကြီးများဆီက သင်္ကြန်ကပျော်စရာအပြည့်။ သင်္ကြန်မဏ္ဍပ်များ၊ ရေ ကစားထွက်လာသောယာဉ်များနှင့် ရေပက်ခံထွက်လာသူများဖြင့် ရှုပ်ယှက်ခတ်နေ၏။ ထို့အတူ တူးပို့သံများဖြင့် ဆူညံနေတတ်သလို ဒုန်းဒုန်းဒိုင်းဒိုင်း ဆောင်းဘောက်သံများကိုလည်းကြားရနိုင်သည်။

ထိုအခြေအနေများက မည်သူတစ်ဦးတစ်ယောက်၏ အမိန့်ပေးစေခိုင်းချက်ကြောင့်မှမဟုတ်ဘဲ သင်္ကြန်ပိုးကြောင့်သာ မြူးပျော်ကခုန်ကြခြင်းဖြစ်သည်။ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်တစ်ခုကို ကြိုဆိုသောအားဖြင့် ကိုယ်တိုင်ဖန်တီးကြသည့် ပျော်ပွဲရွှင်ပွဲသာ ဖြစ်ပါသည်။

ယခုမူအရာရာက ခြားနားသွားခဲ့ပြီ။ စစ်ကောင်စီက အမိန့်ပေးစေခိုင်းမှုဖြင့် အတာသင်္ကြန်ကိုဗန်းပြပြီး နိုင်ငံရေးအမြတ်ထုတ်ရန် ပြောင်ပြောင်တင်းတင်းပင် ကြံစီလျက်ရှိသည်။

ထိုသို့ အမိန့်ပေးစေခိုင်း၍ အတာသင်္ကြန်ပွဲများစည်းကားသိုက်မြိုက်ကာ အရာအားလုံး ပုံမှန်ပြန်ဖြစ်နေပါပြီဟု ပြလိုသော်လည်း ၎င်းတို့ရည်ရွယ်ချက် အောင်မြင်မှုမရှိသည်ကို သွေ့ခြောက်နေသော လမ်းမများက သက်သေခံနေသည်။

လူထု၏ တော်လှန်ရေးအသိနှင့် အခြေအနေအရပ်ရပ်ကို ရိပ်စားမိသော စစ်ကောင်စီမှာ လမ်းပေါ်လူများထွက်လာစေရန် တစ်ရပ်ကွက်လျင် မဏ္ဍပ်တစ်ခု၊ ရေပက်ခံကားသုံးစီး ထွက်ရမည်ဟု အောက်ခြေသို့ အမိန့်ပေးစေခိုင်းထားကြောင်း သိရသည်။

အလားတူ ရန်ကုန်၏ အချို့သောမြို့နယ်များ၌ သင်္ကြန်ရေကစားထွက်ရန် လူတစ်ဦးကို ကျပ်ငါးထောင်မှ ကျပ်တစ်သောင်း၊ ကျပ်နှစ်သောင်း စသဖြင့် စရိတ်ပေးခေါ်ဆောင်မှုများလည်းရှိကြောင်း မြို့ခံများက ပြောဆိုကြသည်။

မည်သို့ဆိုစေ သင်္ကြန်အကြိုနေ့အထိ တွေ့မြင်ရသော မြင်ကွင်းများမှာ နှစ်စဉ်ကျင်းပခဲ့သော ရိုးရာပျော်ပွဲရွှင်ပွဲနှင့်မတူတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်ပြီး တူးပို့သံများဆိတ်သုဉ်းလျက်ရှိသည်။

အထူးသဖြင့် ရန်ကုန်မြို့ခံ ကိုနီတာတို့လို သင်္ကြန်သံချပ်အဖွဲ့များမှာလည်း သံချပ်ကားများ မထွက်ကြတော့ပါ။ ယခင်နှစ်တွေတုန်းကတော့ သူတို့အဖွဲ့တွေ ခုချိန်ဆို သံချပ်ပြိုင်ပွဲဝင်နေကြပြီ။

ပြိုင်ပွဲဝင်ရန် မတ်လဆန်းကတည်းက နေ့နေ့ ညည သံချပ်များတိုက်ကြ၊ ယိမ်းအကများတိုက်ကြဖြင့် မတ်လတစ်လုံး သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက် အချိန်ပေးခဲ့ကြသည်။ ကိုနီတာတို့ သံချပ်အဖွဲ့တွင် အမျိုးသား၊ အမျိုးသမီး လူ ငယ်အယောက် ၃၀ ခန့် ပါဝင်သည်။

တစ်နှစ်တစ်နှစ် သင်္ကြန်သံချပ်ထွက်ရန် ကားငှားခ၊ ကားအလှဆင်ခနှင့် အထွေထွေကုန်ကျ စရိတ်များအတွက် ကျပ်သိန်း ၁၂၀ ခန့်ကုန်ကျကြောင်း သူက ရှင်းပြသည်။

“စကစလုပ်တဲ့သင်္ကြန်မှာ အဲဒီငွေလည်း အကုန်မခံတော့ဘူး။ ပြီးတော့ ကျွန်တော်တို့အဖွဲ့တွေလည်း ထောင်ကျတဲ့သူကျ၊ ထွက်ပြေးသူပြေးရနဲ့ လူမစုံတော့ဘူးလေ”ဟု ကိုနီတာက ရင်ဖွင့်သည်။

သူတို့သံချပ်အဖွဲ့လေးမှ ယိမ်းအကဘက်တွင် ဦးဆောင်သည့် အမျိုးသမီးလူငယ်တစ်ဦးဆိုလျှင် လက်နက်ပုဒ်မအပါအဝင် ပုဒ်မနှစ်ခုဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၆ နှစ် အမိန့်ချခံထားရသည်။

ထို့ကြောင့် ယခုနှစ်တွင်ကျရောက်သည့် စစ်ကောင်လက်ထက် အတာသင်္ကြန်ကို မိမိအိမ်တွင်နေထိုင်၍ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲမည်ဖြစ်ကြောင်း ကိုနီတာက သူ့ခံယူချက်ကို ပြောသည်။

ရန်ကုန် ကမာရွတ်တွင်နေထိုင်သည့် မနန္ဒာသည်လည်း တော်လှန်သင်္ကြန်၌ ပါဝင်ရန် ဆုံးဖြတ်ထားသူတစ်ဦးဖြစ်သည်။ ယခင်ကတော့ ယခုလို သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်များတွင် ရေပက်ခံထွက်၍ နှစ်သစ်ကို ကြိုလေ့ရှိသည်။

သို့သော် နွေဦးတော်လှန်ရေးကာလအတွင်း ကြုံကြိုက်လာသည့် ယခုနှစ်သင်္ကြန်မှာတော့ မနန္ဒာ အပျော်ရှာလိုစိတ်မရှိပေ။ အကြောင်းမှာ သူနှင့် သက်တူရွယ်တူလူငယ်များက အသက်ပေး၍ အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေသည်။

ထိုသို့တိုက်ပွဲဝင်ရင်း အချို့အသက်ပေးသွားရသည်။ အချို့မှာ မိတကွဲ၊ ဖတကွဲဖြစ်ကာ နေရပ်စွန့်ခွာနေရ၏။ အချို့မှာမူ ထောင်သွင်းအကျဉ်းချခံထားရသည်။ ထိုအခြေအနေများသည် တော်လှန်ရေး၌ ကိုယ်တိုင်မပါဝင်နိုင်သော မနန္ဒာအဖို့ သင်္ကြန်မှာ အပျော်မရှာမိစေရန် အကြောင်းခံများ ဖြစ်လာသည်။

“ဒီကာလမျိုးမှာ အပျော်ရှာဖို့လည်း စိတ်ကူးလို့မရဘူး။ ပျော်လည်း မပျော်နိုင်ဘူး။ ပေးဆပ်အနစ်နာခံသူတွေကို စာနာကြောင်းပြဖို့ ကိုယ့်အိမ်မှာပဲ ကိုယ်နေလိုက်တော့မယ်” ဟု သူကရင်ဖွင့်သည်။

ထို့အပြင် တော်လှန်ရေး၌ ကိုယ်တိုင်ပါဝင်နေကြသော လူငယ်ထုနှင့် အဖွဲ့အစည်းအသီးသီးက ယခုနှစ်သင်္ကြန်ကို ‘တော်လှန်သင်္ကြန်’အဖြစ် ဆင်နွဲကြရန် တိုက်တွန်းထားသည်ကိုလည်း အပျော်ရှာခြင်းဖြင့် ပျက်ရယ်မပြုသင့်ကြောင်း မနန္ဒာက မှတ်ချက်ပေးသည်။

သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်(ဧပြီ ၁၂)ကပင် ရန်ကုန်တော်လှန်ရေးအင်အားစုမှ လူငယ်များက “မြူမှောင်ဝေကင်း အနာဂတ်လင်းမှ ဒီအတာတန်ခူး ဒို့မြူးကြမယ်”ဟူသော စာတန်းများကိုင်ဆောင်၍ ရန်ကုန်လူထုအား လမ်းပေါ်ထွက် အသိပေးခဲ့သည်။

ထို့ကြောင့် အတာသင်္ကြန်ကိုအကြောင်းပြု၍ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းနေသော စစ်ကောင်စီ၏အကြံကို လက်မခံဘဲ တော်လှန်သင်္ကြန်၌ ပါဝင်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုလူငယ်များက လိုလားလျက်ရှိလေသည်။

Author:

Related Articles