Home ဆောင်းပါးသတင်းဆောင်းပါး ထောင်တွင်းငရဲခန်းမှ အပြန်

ထောင်တွင်းငရဲခန်းမှ အပြန်

ရှင်ငြိမ်း။       ။ 

အချုပ်ထောင်ထဲကနေ လွတ်လာတဲ့အမျိုးသမီးတွေကို အာဏာသိမ်းစစ်တပ်က တာဝန်ရှိသူတွေက အရက်ဘားကို ခေါ်သွားမယ်လို့ ဘယ်သူတွေးထင်မိကြမှာလဲ။

ဒါပေမယ့် မဇင်(အမည်လွှဲ)ကတော့ အချုပ်ထဲမှာ ၄၈ နာရီကြာနေခဲ့ရပြီး ပြန်လွတ်တဲ့အခါမှာလည်း အိမ်ကိုပြန်ပို့တာ မဟုတ်ဘဲ အခုလိုဘားဆိုင်ခေါ်သွားကာ အရက်အတူသောက်ဖို့ စေခိုင်းခံခဲ့ရသူဖြစ်ပါတယ်။

“ဖမ်းထားတဲ့နေရာကနေ ကျောက်တံတားရဲစခန်းကို ည ၇ နာရီလောက်ရောက်တယ်။ သူက ပိုက်ဆံကို မြို့တော်ခန်းမမှာ ဝင်ယူတာ။ ပြီးရင် အိမ်ကိုလည်း တန်းတန်းမတ်မတ်ပြန်မပို့ဘူး။ Urban စင်တာက ဘားတစ်ခုထဲခေါ်သွားတယ်။ အဲမှာ သူ့ဘေးထိုင်ခိုင်းပြီး အရက်သောက်ခိုင်းတယ်”လို့ မဇင်က ပြောပါတယ်။

ဒီလိုခေါ်သွားရုံသာမကပဲ “အဲ့လူက ကျမကို ပြန်လွှတ်လိုက်တာတောင် ဖုန်းတွေဆက်၊ မက်ဆေ့တွေပို့ပြီး ပါတီတွေသွားဖို့ ခေါ်တယ်။ ဘယ်မှာတွေ့ချင်တယ်လို့လည်း ခဏခဏချိန်းတယ်”လို့ သူက စကားဆက်ပါတယ်။

မဇင်ဟာ စက်တင်ဘာ ၂၁ ရက်မှာ အဖမ်းခံရပြီး ၂၃ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းကလည်း မဇင်တော်လှန်ရေးမှာပါဝင်လို့ဆိုတာထက် မဇင်နဲ့အတူနေချစ်သူကောင်လေးကို မတွေ့တာကြောင့် သူ့ကို ဖမ်းဆီးသွားတာပါ။

စစ်အာဏာရှင်တော်လှန်ရေးမှာ အမျိုးသမီးတွေလည်း ကျရာနေရာကနေပါဝင်နေတာကြောင့် ဖမ်းဆီးခံနေရတာတွေရှိသ လိုယောက်ျားမတွေ့ရင် မိန်းမကိုဖမ်းဆီးတာတွေရှိနေတဲ့အတွက် အမျိုးသမီးအများအပြားဟာ အကျဉ်းကျခံနေရပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ဖမ်းဆီးခံထားရတဲ့အမျိုးသမီး ၂,၁၉၁ ယောက်ရှိ တယ်လို့ infosheet4humanrightsရဲ့ ကောက်ယူထားတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ညှင်းပန်းနှိပ်စက် ခံရပြီး သေဆုံးသွားတဲ့အမျိုးသမီး ခုနစ်ယောက်အပါအဝင် စုစုပေါင်း အမျိုးသမီး ၉၃ ဦး အသက်ပေးထားရတယ်လို့ ဆိုပါ တယ်။

အမျိုးသမီးတွေဟာ အကျဉ်းထောင်တွေထဲမှာ ပြင်းထန်ဆိုးဝါးလွန်းတဲ့လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရရုံသာမက ပြန်လွှတ်ပြီး နောက်မှာလည်း ဘားခေါ်ပြီး အရက်သောက်ခိုင်းတာ၊ မကြာခဏချိန်းဆိုတာ၊ စောင့်ကြည့်ခံရတာစတဲ့စိတ်အနှောင့်ယှက် ဖြစ်ရသလို ပုဂ္ဂိုလ်ရေးပိုင်ဆိုင်ရာမလုံခြုံမှုတွေလည်း ရင်ဆိုင်နေရတယ်လို့ ပြန်လည် လွတ်မြောက်လာသူတွေကပြောပါ တယ်။

မဇင်ဟာ ရခိုင်ပြည်နယ်ကနေ သူ့ချစ်သူကောင်လေးအလုပ်လုပ်နေတဲ့ရန်ကုန်ကို မင်္ဂလာကိစ္စအတွက် ဆွေးနွေးတိုင်ပင်ဖို့ ရောက်နေကြတာပါ။ ဒီကြားထဲ ကိုဗစ်လှိုင်းအဆက်ဆက်နဲ့ အာဏာသိမ်းမှုတွေကြောင့် ရန်ကုန်မှာပိတ်မိနေတာဖြစ်တယ်။

သူတို့နှစ်ယောက်ဟာ စိတ်တူကိုယ်တူတော်လှန်ရေးလုပ်ရုံမက အမြင်သဘောတူတဲ့တော်လှန်ရေးသူငယ်ချင်းတွေပါ အိမ် ခေါ်ကျွေးမွေးထားပြီးနောက် အဖမ်းအဆီးတွေများလာတဲ့အခါမှာတော့ မဇင်ကလွဲလို့ ကျန်သူအားလုံးဟာ လွတ်မြောက် နယ်မြေဆီ ထွက်သွားခဲ့ကြတယ်။

ဒီလိုနဲ့ စက်တင်ဘာ ၂၁ ရက်၊ ည ၁၀ နာရီလောက်မှာတော့ လက်နက်ကိုယ်စီကိုင်ထားတဲ့ရဲနဲ့ စစ်သားအယောက် ၂၀ လောက်ဟာ မဇင်အိမ်တံခါးကို တဒုံးဒုံး၊ တဒိုင်းဒိုင်းနဲ့ ထုရိုက်ဝင်လာကာ ရှိသမျှပစ္စည်းတွေကို မြေလှန်ရှာပါတော့တယ်။

“သူတို့ဝင်လာတာနဲ့ ကျမကိုဒူးထောက်ခိုင်းပြီး နင့်လင်ရောတဲ့။ နောက်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကို ထောက်ပံ့နေတဲ့ ငွေတွေဘယ်မှာလဲ။ နင်လိမ်နေနော်။ ဟိုမှာလိမ်ရင်တော့ နင့်ဘဝပျက်မှာ။ နင်ကမိန်းကလေးတစ်ယောက်တည်း”ဆိုပြီး မဇင်ကို ခြိမ်းခြောက်ခဲ့ပါတယ်။

အဲ့ဒီအချိန်က မဇင်ဟာ ဆေးရုံးကဆင်းကာစလူမမာမို့ စကားမပြောနိုင်ဘဲ စာနဲ့ရေးကာ ဖြေပေးနိုင်တဲ့အနေအထားပါ။ ဒါ ပေမယ့် ရဲနဲ့ စစ်သားတွေကတော့ မဇင်ကို လိမ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မျက်လုံးကိုအဝတ်နဲ့စည်း၊ ဖမ်းခေါ် သွားတာ ဖြစ်တယ်။

တစ်လမ်းလုံးမျက်လုံးကို အဝတ်စည်းခေါ်တာကြောင့် ဘယ်နေရာကို ခေါ်သွားပြီး ဘယ်မှာစစ်မေး၊ ဖမ်းချုပ်ထားမှန်း မသိ ခဲ့ရဘူးလို့ မဇင်က ဆိုပါတယ်။

စစ်မေးတဲ့အခန်းကို မဇင်ရောက်သွားတဲ့အချိန်မှာ တစ်ခန်းလုံးမှောင်မဲနေပြီး သူ့ခေါင်းပေါ်မှာမီးလုံးတစ်ပွင့်သာထွန်းတာကို ပထမဆုံးတွေ့လိုက်ရတယ်။ အဲ့ဒီအခန်းထဲမှာ သူ့ကို ဒူးထောက်နေခိုင်းပြီး စစ်သား ခုနစ်ယောက်ကဘေးမှာဝိုင်းကာ  ရဲတစ်ယောက်က စစ်မေးခဲ့ပါတယ်။

“ တစ်လမ်းလုံးလည်း ခြိမ်းခြောက်ထားတယ်။ အခန်းကလည်းမှောင်နေတယ်။ စစ်သားတွေကလည်း အများကြီး၊ဘာလုပ် မှာလဲအတွေးနဲ့တင် သေမတတ်ကြောက်ခဲ့တာ။ ဒါမဲ့မကြောက်ချင်ယောင်တော့ဆောင်ရတာပေါ့”လို့ သူတွေ့ခဲ့ရတာကို ပြန်ပြောပြပါတယ်။

အဲ့ဒီအခန်းထဲမှာ ဒူးထောက်နေရတဲ့မဇင်ကို စစ်မေးတဲ့ရဲက ခြေထောက်နဲ့ကျောကို ကန်ရင်း ငွေတွေဘယ်မှာလဲဆိုတာ ထပ်ခါတလဲလဲမေးတယ်။ မသိပါဘူးလို့ပြောရင်လည်း ထပ်ရိုက်နဲ့ ကြာတော့ အတွင်းကလီဇာတွေပြုတ်ကျကုန်ပြီလားလို့ တွေးထင်ခဲ့မိတယ်။

အဲ့လိုလူမဆန်စွာနှိပ်စက်ခံရတိုင်း နာလွန်းလို့ ငိုမိရင်လည်း ပါးရိုက်ခံရတာကြောင့် မှန်မှန်မဖြေရင် လက်သည်းခွံတွေ ခွာမယ်။ အကျီချွတ်နဲ့ ဒီအတိုင်းထားမယ်စတဲ့ခြိမ်းခြောက်နည်းမျိုးစုံသုံးပြီးလည်း အကြမ်းဖက်ပါတယ်။

ဆေးရုံက ဆင်းကာစလူမမာမို့ သူတို့နှိပ်စက်ညှင်းပန်းမှုတွေကို မဇင်အနေနဲ့အသက်ထွက်လုမတတ်နာကျင်ခံစားခဲ့ရတာပါ။

“ ဝါးလုံးနဲ့လည်းရိုက်တယ်။ လက်နဲ့လည်း ရိုက်တယ်။ ခြေထောက်နဲ့လည်းကန်တယ်။ တစ်ခါတစ်ခါရိုက်ရင် အသက်ထွက် သွားမလားအောက်မေ့ရတယ်။ နာတာကိုလေ ဘယ်လိုစကားလုံးနဲ့ ပုံဖော်ပြရမှန်းတောင်မသိဘူး။ အနာကို အပ်ဖျားနဲ့ အထိုးခံရသလိုပဲ။ ဆတ်ဆတ်ခါအောင်နာတာ”လို့ မဇင်က သူခံစားခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။

စစ်သားတွေက “နင်တို့တွေ၊ PDFတွေက အရမ်းကြောက်ဖို့ကောင်းတယ်။ နင်တို့တွေထောက်ပံ့လို့ ဒီကောင်တွေ လှုပ်ရှား နိုင်တာ။ နင်တို့ငွေတွေပေးတယ်မလား။ ဝန်ခံလိုက်။ မဟုတ်ရင် ပစ်သတ်မယ်”ဆိုပြီး မဇင်ရဲ့နားထင်ကိုသေနတ်နဲ့ထောက် ခြိမ်းခြောက်ပါတယ်။

မဇင်ကတော့ သူတို့လက်ခုပ်ထဲကရေမို့ ပစ်ချင်လည်း ပစ်လိုက်လို့ တွေးထားလိုက်ပြီး သေရင်လည်း ထပ်မနာတော့ဘူး။ မသေဘူးဆိုရင်တော့ ဒီငရဲဝဋ်ကြွေးကို ဆက်ခံနေရဦးမှာပဲလို့ တွေးကာ စိတ်တင်းနေခဲ့ပါတယ်။

စစ်သားတွေက မဇင်ကို နာရီဝက်နီးပါးကြာအောင် နားထင်ကို သေနတ်နဲ့ထောက်လိုက်၊ ပစ်မယ်ဆိုပြီး မောင်းတင်လိုက်၊  “ဒိုင်း”လို့ နားနားကပ်အော်လိုက်နဲ့ နှိပ်စက်ခံရတာကြောင့် တုန်ရီနေတဲ့မဇင်ကို ကြည့်ကာ ဝိုင်းလှောင်ခဲ့တာတွေတော့ တစ်သက်မမေ့ဘူးလို့ မဇင်က တေးမှတ်ထားပါတယ်။

ဒါ့အပြင်“နင့်အကောင်နဲ့ ဘယ်တုန်းကလက်ထပ်ထားတာလဲ။ နင်တို့ဘယ်နှစ်ခေါက် အိပ်ပြီးပြီလဲ။ နင့်မှာကိုယ်ဝန်တွေ၊ဘာ တွေရှိနေတာလား”စတဲ့လိင်မှုကိစ္စတွေကိုလည်း ထပ်ခါတလဲလဲမေးနေတာက မဇင်ရဲ့စိတ်ကို ပိုလို့ပင်ပန်းစေခဲ့ပါတယ်။

ည ၁၂ နာရီကနေ မနက် ၉ နာရီထိ ဒူးထောက်ရက်အနေအထားနဲ့ အပြင်းအထန်ရိုက်နှက်စစ်ဆေးခံရတာတွေ၊ နာကျင်မှု တွေကို ကြာရှည်သည်းမခံလိုတော့တဲ့အတွက်“အမြန်သတ်လိုက်ပါတော့”လို့ အော်ဟစ်ပစ်ချင်တဲ့အထိ နာကျင်ခဲ့ရတယ်။

“အမျိုးသမီးတွေအဖမ်းခံရရင် အမျိုးသားတွေအဖမ်းခံရတာထက် ပိုပြီးဆိုးရွားပါတယ်”လို့ မဇင်က သူ့အမြင်ကို ပြောပါ တယ်။

သူဟာ စစ်ကြောရေးခန်းက အချုပ်ခန်းပြောင်းရတော့လည်း ပြတင်းပေါက်မရှိ၊ ကုတင်မရှိ၊ အိမ်သာမရှိ၊ ဘာဆိုဘာမှ မရှိတဲ့အလုံပိတ်အခန်းထဲမှာ အမျိုးသမီးတစ်ယောက်အတူ နေခဲ့ရပါတယ်။

မဇင်စရောက်တဲ့နေ့မှာ တစ်နေကုန်ထမင်းမကျွေးတဲ့အပြင် ရေချိုးခွင့်လည်း မရခဲ့သလို မျက်နှာသစ်၊ သွားတိုက်ဖို့တောင် အခွင့်အရေးမပေးပါဘူး။ ဒါ့အပြင် အခင်းတွေ၊စောင်တွေမရှိလို့ သူတို့ဟာ အိမ်ကပါလာတဲ့ထဘီခြုံကာ အိပ်ခဲ့ကြရတယ်။

ရေကို တစ်ပတ်မှာတစ်ခါသာချိုးခွင့်ရတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ လစဉ်ခံစားရတဲ့ဓမ္မတာကိစ္စတွေမှာ အဆင်မပြေမှု ဖြစ်ပြီး အနာတွေပေါက်နေတယ်လို့ မဇင်က သူ့အခန်းဖော်ရဲ့လိုအပ်ချက်ကို ရှင်းပြပါတယ်။

ဒါ့အပြင် အချုပ်ထဲမှာ ရေတစ်ခွက်သောက်ရဖို့တောင် အစောင့်စစ်သားနဲ့ အဆင်ပြေအောင်နေမှ သောက်ရတဲ့အဖြစ်ပါ။ ဒါတင်မကဘူး။ သန့်စင်ခန်းသွားရာမှာလည်း အိမ်သာမဟုတ်ဘဲ ခြုံတိုးရပြီး တနေ့ကို မနက်တစ်ခေါက်၊ ညတစ်ခေါက်သာ သွားခွင့်ရှိပါတယ်။ အဲ့လိုသွားရတိုင်းမှာ အစောင့်စစ်သားပါရလို့ အမျိုးသမီးတွေအနေနဲ့ အဆင်မပြေလှပါဘူး။

ထမင်းကျွေးတော့လည်း တနေ့နှစ်ကြိမ်စားရတဲ့ထမင်းက တကယ့်ကို ရွံ့စရာဝက်စာသာသာပျော့ပြဲနေပြီး ဖြစ်သလို ရေပေါလောနဲ့ချက်ထားတဲ့ဟင်း ကျွေးပါတယ်။ စားရတဲ့စတီးပန်းကန်ကလည်း အရောင်မရှိ၊ တွန့်လိမ်ကာ သံချေးတွေနဲ့ ဘယ်လိုမှစားမရတဲ့အနေအထားပါ။

အဲ့တော့အပြင်စာစားချင်သူတွေက ငွေပါလာရင် အစောင့်စစ်သားကို မျက်နှာချိုသွေးပြီး ဝယ်ခိုင်းရပါတယ်။ အကျဉ်းကျနေ သူအမျိုးသမီးတွေဟာ သူတို့အသက်ခန္ဓာတည်မြဲစေဖို့ အစောင့်စစ်သားတွေနဲ့ လိုက်လျောညီထွေနေကြရတယ်။

အစောင့်စစ်သားတွေကတော့ ဒီအချက်ကိုအခွင့်ကောင်းယူပြီး လက်လေးကိုင်ချင်တာတို့၊ ပါးလေးနမ်းချင်တာတို့ကနေ အတူနေချင်တယ်ဆိုတာအထိ တောင်းဆိုတာတွေလည်းရှိတယ်လို့ မဇင်က သူတွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။

ရေချိုးဖို့ခွင့်တောင်းတဲ့ မဇင်တောင် သူတောင်းတာမပေးလို့ဆိုပြီး အစောင့်စစ်သားက“ကောင်မတွေ အရောဝင်လို့မရဘူး။ နင်တို့ ဒီညဘာဖြစ်သွားမလဲကြည့်လိုက်။ သော့ဖွင့်လိုက်တာနဲ့ မုဒိမ်းကျင့်၊ သတ်လိုက်လို့ရတယ်”လို့ ကြိမ်းမောင်းခဲ့တာပါ။

ဒီလိုကြောက်စရာကောင်းတဲ့စကားတွေကို အစောင့်စစ်သားတွေက သူတို့အလိုမကျတိုင်း၊ စိတ်အခန့်မသင့်တိုင်း အကျဉ်း သူတွေမဲပြီး အကြောင်းမဲ့အော်ဟစ်ဆဲဆိုနေလေ့ရှိတယ်လို့ မဇင်က ရှင်းပြပါတယ်။

စက်တင်ဘာ ၂၃ ရက်၊ ည ၇ နာရီလောက်မှာ မဇင်ကိုပြန်လွှတ်ပေးလိုက်ပေမယ့် စစ်တပ်မှတာဝန်ရှိသူတစ်ယောက်က အိမ် တန်းပြန်မပို့ဘဲ ဘားခေါ်သွားတာခံခဲ့ရသလို အိမ်မှာလည်း အကျဉ်းကျနေသူတစ်ယောက်လို နေထိုင်ခဲ့ရပြန်ပါတယ်။

“ဘားကိုခေါ်သွားတော့ ဆေးတွေဘာတွေတိုက်ပြီး တစ်ခုခုလုပ်လိုက်မှာ ကြောက်နေတာ။ အဲ့လူကတော့ နင်ထမင်းမစားရ သေးဘူးဆိုလို့ ထမင်းကျွေးမလို့ခေါ်လာတာလို့ပြောတယ်။ ကျမဘာမှမစားဘဲနဲ့ အိမ်ပြန်ပို့မယ့်အချိန်ကိုပဲထိုင်စောင့်နေ လိုက်တယ်”လို့ မဇင်က ပြောပါတယ်။

ပြန်လွှတ်တော့လည်း အိမ်ပြန်မပို့ဘဲ သော့ပျောက်သလို ဘယ်နားထားမိမှန်းမသိလိုနဲ့၊ မြို့တော်ခန်းမမှာပဲ သွားယူရမလို၊ ရဲစခန်းသွားယူရမလိုလိုနဲ့ အချိန်ဆွဲထားပြီး လိုက်ပို့တော့လည်း လမ်းပျောက်သလိုလိုနဲ့ ကားကိုပတ်မောင်းနေလို့ ညသန်းခေါင်မှ အိမ်ပြန်ရောက်တယ်လို့ ဆိုပါတယ်။

လမ်းတလျှောက်လုံးမှာလည်း “ကျမကိုမေးတယ်။ ရဲထဲဝင်မလား။ အလုပ်မရှိဘူးဆိုရင် သူတို့အလုပ်ရှာပေးမယ်။ဖုန်းနံပါတ် လည်းတောင်းတယ်။ အိမ်လာလည်ချင်တယ်”လို့ ဆိုတာကြောင့် ပြီးပြီးရောသဘောနဲ့ မဇင်လည်း ခေါင်းညိတ်ခဲ့ရတယ်။

နောက်နေ့မှာ တစ်ယောက်ထဲနေတဲ့မဇင်အိမ်ကို အမျိုးသမီးနှစ်ယောက်လွှတ်ကာ စောင့်ကြည့်ခိုင်းခဲ့တယ်။ သူတို့တာဝန်  က မဇင်ဘာလုပ်တယ်၊ ဘာကိုင်တယ်ဆိုတာအပြင် အိမ်ကိုလာတဲ့သူမှန်သမျှကို စစ်ဆေးကြရတယ်။

အဲ့လိုနဲ့ နှစ်လလောက်ကြာတော့ အစောင့်အမျိုးသမီးတွေရောက်မလာတဲ့ရက်မှာပဲ တခြားနေရာတစ်ခုကို အမြန်ပြောင်း ပြေးနိုင်ခဲ့တာကြောင့် အခုလိုဒုက္ခတွေနဲ့ကင်းဝေးခဲ့ရတယ်လို့ မဇင်က ရှင်းပြပါတယ်။

ဒါတွေဟာ မဇင်ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတာတွေဖြစ်တာကြောင့် လွတ်လာပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်က ဒဏ်ရာတွေ အပြင် စိတ်ဒဏ်ရာတွေကို ယနေ့ထိတိုင်ကုသမှုခံယူနေရဆဲဖြစ်ပါတယ်။

မဇင်နည်းတူ မရတီ(အမည်လွှဲ)လည်း အချုပ်ထဲမှာ သုံးရက်လောက်နေပြီး ပြန်လွတ်လာပြီးနောက်မှာ အိမ်ကိုတန်းမပို့ဘဲ ဘားကိုခေါ်သွားခံရသူဖြစ်ပါတယ်။

“ကျမကို လူနည်းနည်းနဲ့ မှောင်ရိပ်ကျကျဆိုင်တစ်ခုကို ခေါ်သွားတယ်။ သူနဲ့အရက်အတူ သောက်မှပြန်ပို့ပေးမယ်လို့ အကျပ်ကိုင်တယ်။ အဲ့ဒီအချိန်မှာကျမအရမ်းကို ကြောက်နေပါပြီ”လို့ အသက် ၂၂ နှစ်အရွယ် မရတီက ပြောပါတယ်။

အကြောင်းကတော့ မရတီကိုခေါ်သွားတဲ့သူက မရတီကိုမပြန်ခိုင်းဘဲ သူနဲ့အတူလိုက်ခဲ့ဖို့ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက် ဖြား ယောင်းနေတာကြောင့်ဖြစ်တယ်။ သူလည်း အကြောင်းအမျိုးမျိုးပြကာ အချိုသာဆုံးငြင်းဆိုခုခံမှ အိမ်ပြန်ရောက်ခဲ့တယ်။

မရတီကတော့ ဇွန်လ ၂၂ ရက်မှာ ရဲနဲ့ စစ်သားတွေကလိုက်ဖမ်းလို့ ပြေးလာတဲ့ကောင်လေးတွေကို အိမ်ထဲခေါ်သွင်း၊ ဖွက် ထားပေးလု့ိဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခေါ်သွားတာဖြစ်တယ်။ သူ့ကိုလာဖမ်းစဉ်က ည ၁၁ နာရီလောက်မှာ လက်နက် ကိုယ်စီ ကိုင်ထားတဲ့ ရဲနဲ့ စစ်သား အယောက် ၂၀ လောက်က ဖမ်းခေါ်သွားတာပါ။

မရတီမှာ မိခင်နဲ့ ညီမတစ်ယောက်ရှိပြီး ဖခင်ကတော့ ကိုဗစ်တတိယလှိုင်းမှာ ဆုံးသွားခဲ့တာဖြစ်တယ်။ ညီမက အလုပ်နဲ့ နယ်မှာမို့ ရန်ကုန်မှာ မရတီနဲ့ မိခင်ဖြစ်သူနှစ်ယောက်သာနေထိုင်နေတာဖြစ်တယ်။

“ ဝင်လာတာနဲ့ ကျမတို့ကို ဒူးထောက်။ လက်ကိုခေါင်းပေါ်တင်ထားတဲ့။ သေနတ်တွေနဲ့လည်း ချိန်ထားတယ်။ ခေါင်းမော့ မကြည့်နဲ့ မေးတာဖြေလို့ပြောတယ်။ နင် ဟိုကောင်တွေကို ဘယ်နေရာမှာဖွက်ထားလဲ။ မှန်မှန်ဖြေနော်”လို့ မရတီကို ခြိမ်းခြောက်စစ်မေးခဲ့ပါတယ်။

မေးမရတော့ မျက်နှာအဝတ်အုပ်ပြီး ဖမ်းခေါ်သွားပြီး“နင်လုပ်နေတာတွေက နိုင်ငံတော်ပုန်ကန်မှုနော်။ နင်ဘာတွေလုပ်လဲ ငါတို့အကုန်သိတယ်။ နင်လိမ်တာလည်းသိတယ်။ အမှန်မဖြေရင် ထောင်အကြောင်းကောင်းကောင်းသိစေရမယ်”လို့ ခြိမ်း ခြောက်စကားတွေဆိုလာပါတယ်။

စစ်မေးခန်းရောက်တော့လည်း “ဟိုကောင်တွေဘယ်မှာဖွက်ထားလဲဆိုတာကို ထပ်တလဲလဲမေးတယ်။ နောက်မဆိုင်တဲ့ ရည်စားရှိလားလို့၊ ရည်းစားနဲ့အိပ်ပြီးပြီလား။ ဘယ်တော့ယူမှာလဲ”စတဲ့လိင်မှုကိစ္စတွေကိုလည်း ထပ်ခါတလဲလဲမေးမြန်း ခဲ့တယ်လို့ မရတီက ဆိုပါတယ်။

မရတီကိုတော့ မနက် ၃ နာရီမှ နေ့လယ် ၁၂ နာရီအထိ စစ်မေးခန်းထဲမှာ ထိုင်ခုံတစ်ခုမှာထိုင်ရပြီး လက်တွေ၊ ခြေထောက် တွေကို ကြိုးချည်ခံထားရတယ်။ အဲ့မှာသူတို့မေးတာ မသိဘူးဆိုရင် ဝါးတုတ်နဲ့ရိုက်တယ်။ တခါတလေအဲ့ဒီတုတ်နဲ့ ရင်ဘတ်၊ မိန်းမကိုယ်တွေကို ဆောင့်ထိုးတယ်။ ပွတ်သပ်မှုတွေလုပ်ပြီး စစ်မေးပါတယ်။

အဲ့ဒီအချိန်က မရတီဟာ လစဉ်ဓမ္မလာတဲ့ရက်ဖြစ်နေတာကြောင့် နာကျင်မှုဟာ သာမာန်ထက်နှစ်ဆပိုခံခဲ့ရပြီး အဲဒီနာကျင် မှုတွေကို နုတ်ခမ်းတစ်ခုလုံးဖူးယောင်ကာ သွေးများစီးကျလာတဲ့အထိ မရတီဟာ အံကြိတ်ခံခဲ့ရတာဖြစ်တယ်။

မရတီရဲ့ပြောပြချက်အရ“ဆံပင်တွေကို ဆွဲ၊ ဆွဲဆောင့်တာ၊ အုပ်လိုက်ကျွတ်ပါကုန်တယ်။ မသိပါဘူးပြောလို့ဆိုပြီး ပါးတွေ ရိုက်၊ အဆိုးဆုံးကတော့ သွေးဆင်းလို့နာနေတဲ့ဗိုက်ကို တုတ်နဲ့ဆောင့်ထိုးတာလေ။ ဘယ်လောက်နာမလဲစဉ်းစားသာ ကြည့်တော့။ ပြောပြဖို့စကားလုံးတောင်မရှိဘူး။ ဒါတွေကိုဘယ်တော့မှ မကျေပါဘူး”လို့ ဆိုပါတယ်။

အချုပ်ကိုပြောင်းတော့လည်း လူနှစ်ယောက်တောင် မလွတ်တဲ့အခန်းကျဉ်းလေးထဲမှာ နေမရှိ၊ ရေမရှိနေခဲ့ရပြီး အချုပ်အ တွင်း အနေအစား ကျပ်တည်းမှုအခက်အခဲကတော့ မဇင်နည်းတူခံစားခဲ့ရပြီး အစောင့်တွေကို မျက်နှာချိုသွေးနေရတာ လည်း ထိုနည်းလည်းကောင်းပါပဲ။

တစ်ရက်မှာတော့ အစောင့်စစ်သားတစ်ယောက်က မရတီကို “နင်လွတ်ချင်လား။ ငါနဲ့တစ်ညလေးပဲအတူနေပေး။ နောက်နင့် ကိုဘယ်သူမှမဖမ်းရဲအောင် ငါလုပ်ပေးမယ်”ဆိုတဲ့လူမဆန်တဲ့စကားတွေနဲ့ ရင့်သီးစွာပြောလာပါတယ်။

အခုလိုတွေကြောင့် မရတီက“အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် တစ်မိနစ်၊ တစ်စက္ကန့်တောင်မှ ခံစားဖို့မလွယ်တဲ့ ခံစားရမှုမျိုးပါ”လို့ မှတ်ချက်ပြုပါတယ်။ 

ဇွန် ၂၄ ရက်မှာ ပြန်လွှတ်လာတဲ့မရတီဆိုရင် ခေါင်းကိုအပြင်းအထန်ထုရိုက်ဆွဲဆောင့်ခံထားရတာကြောင့် သတိလစ် ဝေဒနာအပြင် နှလုံးရောဂါနဲ့ စိတ်ဒဏ်ရာတွေပါရသွားခဲ့ပါတယ်။

မဇင်၊ မရတီတို့အနေနဲ့ ဒီအကြောင်းတွေကို ပြန်ပြောချိန်မှာတောင် ရိုက်နှက်နှိပ်စက်ခံရတွေကို ပြန်သတိရပြီး နာကျင်နေပုံ ရသလို သူတို့အနေနဲ့ ဒီအဖြစ်အပျက်တွေကို တွေးမိတိုင်း ထိတ်လန့်မှုတွေရှိသေးတဲ့ပုံလည်း ရပါတယ်။

အမျိုးသမီးငယ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေက ဖမ်းဆီးတာမျိုး၊ ညှင်းပန်းနှိပ်စက်တာမျိုးမဟုတ်ဘဲနဲ့ မဖွယ်မရာပြောဆိုတာတွေ၊ အဖမ်းမခံချင်ရင် စာရင်းထဲမပါအောင်လုပ်ပေးမယ်။ သားပြောမယားပြောခံရမယ်။ သူတို့ တောင်းဆိုတာလည်း လုပ်ပေးရမယ်ဆိုတာမျိုး အခုနောက်ပိုင်းမှာမကြာမကြာ ကြားရပါတယ်လို့ အမျိုးသမီးအရေးလှုပ်ရှား သူ မခင်လေးက ဆိုပါတယ်။

“ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ ထိပါးနှောင့်ယှက်မှုဆိုတဲ့ဟာမှာ ထိခိုက်နစ်နာတဲ့အမျိုးသမီးရဲ့စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာတွေပါဝင်တာဖြစ်တဲ့အတွက် ဒီလိုလုပ်ရပ်မျိုးကို ကျမတို့က ရှုတ်ချတယ်”လို့ သူက ပြောပါတယ်။

အခုလိုသက်သေပြစရာမရှိတဲ့ပုံစံမျိုးနဲ့ အမျိုးသမီးတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတွေကို အသားယူတာ၊ နှိပ်စက်တာလုပ် တာက နောက်ပိုင်းတော်လှန်ရေးမှာ အမျိုးသမီးတွေပါမလာအောင်နဲ့ ဒါတွေဟာ သူတို့အတွက်စိတ်အပန်းဖြေစရာတစ်ခု အနေနဲ့ လုပ်နေတာတွေက လူမဆန်တဲ့လုပ်ရပ်ပဲလို့ သူက ပြစ်တင်ရှုတ်ချပါတယ်။

ဒါကြောင့် “ ကျန်တဲ့တော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်မျိုးဆက်တွေအနေနဲ့ အထူးသတိထားရှောင်ရှားနိုင်ဖို့၊ ကိုယ်က တော်လှန်ရေး လုပ်ကိုလုပ်ပြီဆိုရင်တော့ သူတို့ထောက်ခြောက်ထဲကို မဝင်သွားနိုင်ဖို့၊ သူတို့ပြောသမျှလည်း တခါတရံ အကြောက်မလွန်ဘဲ၊ ကိုယ့်လုံခြုံရေးအသိနဲ့နေကြဖို့”လို့ သူက သတိပေးစကားဆိုပါတယ်။

Author:

Related Articles