နွေဦးမောင်။ ။
ယခုကာလလို ခေတ်ဆိုး၊ စနစ်ဆိုးထဲ အမျိုးသမီးတစ်ဦးအနေနှင့် လမ်းပေါ်ထွက်ပြီး ပလက်ဖောင်းမှာ ဈေးရောင်းဖို့ အများ စုက စိတ်ကူးရဲမည်မဟုတ်။
သို့သော် သျှီသာဆိုသည့် အသက် ၂၀ အရွယ် အမျိုးသမီးငယ်လေးကတော့ တမူထူးစွာ ပလက်ဖောင်းထက် တက်ခဲ့လေ သည်။
၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနှင့်အောင်ပြီး ယခုစီးပွားရေးတက္ကသိုလ်ဒုတိယနှစ်ရောက်နေပြီဖြစ်သည့် သျှီသာက ရည်မှန်းချက်ကြီးသည်။
ကိုယ်တိုင်ဒီဇိုင်းထုတ်ထားသည့် အဝတ်အထည်တွေ တင်ရောင်းနိုင်သည့် ကိုယ်ပိုင်ဆိုင်ကြီးတစ်ဆိုင် သူက ဖွင့်လိုသည်။ အောင်မြင်သည်နှင့် ဆိုင်ခွဲတွေလည်း ထပ်ဖွင့်မည်။
ထိုရည်မှန်ချက်များကြောင့်ပင် အရွယ်ရောက်စ အမျိုးသမီးငယ်တစ်ဦးဖြစ်သော်လည်း မရှက်မကြောက် ပလက်ဖောင်း ထက် ဈေးရောင်းနေခြင်း ဖြစ်ပါသည်။
ပလက်ဖောင်း ပေါ်က Vintage
သျှီသာနေဆုယဉ် ဈေးရောင်းသည်က ရန်ကုန်မြို့ လူစည်ကားရာနေရာတွေထဲ တစ်ခုအပါဝင်ဖြစ်သည့် လှည်းတန်းတွင် ဖြစ်သည်။ ရန်ကုန်- အင်းစိန်လမ်းမ၊ ခိုင်ရွှေဝါလမ်းထိပ်ရှိ ကွမ်းယာဆိုင်ဘေးတွင် ရောင်းချခြင်းဖြစ်။
သူရောင်းချပေးသည့် ကုန်ပစ္စည်းများမှာ Vintage ခေါ် လူငယ်ဝတ် တီရှပ်များနှင့် ဂျင်းဘောင်းဘီးများ ဖြစ်ပြီး အထည်အများစုမှာ ဘေထုပ်အဝတ်အထည်များ ဖြစ်ကြ၏။
လူအသွားအလာများသည့်အခါ “Vintage အထည်လေးတွေ ဝင်ကြည့်လို့ရပါတယ်ရှင်”ဟု အော်ပြော ပြောနေတတ်သည့် သျှီသာသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့်ပင်။ ရှက်ရွံ့အားငယ်ပြီး အသံတုန်ခြင်း၊ အသံများတိုးတိမ်သွားခြင်း အလျဉ်း မရှိပါပေ။
သူ့အလုပ်သူသာ အာရုံစိုက်ပြီး အခြားဘာကိုမျှမမှု။ အထည်တွေ လမ်းပေါ်ချခင်းပြီး စရောင်းဖြစ်သည့်ပထမနေ့က ခုနစ် ထည်ရောင်းထွက်ခဲ့သည်။ ဒုတိယရက်တွင်လည်း ထိုနည်းနှင်နှင်သာ။ ထင်သလောက် အရောင်းမသွက်လှ။
“နှစ်ရက်ဆက် ရောင်းကြည့်တယ်။ တစ်ရက်ကို ခုနစ်ထည်နှုန်း ရောင်းရတယ်။ မက်လောက်စရာတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် သဘောကျပါတယ်။ ဆက်ပြီးလည်း ကြိုးစားဦးမယ်”ဟု သျှီသာက ရင်ဖွင့်သည်။
သို့သော် သိဟောင်းကျွမ်းဟောင်း မိတ်ဆွေသူငယ်ချင်းအချို့၏ ပြောင်းလဲတတ်သော အပြုအမှုကြောင့် စိတ်အားငယ် သလိုလို၊ ဝမ်းနည်းမိသလိုလိုတော့ ဖြစ်ရသည်ဟု သူက ဆိုသည်။
အကြောင်းမှာ လမ်းသွားလမ်းလာများထဲ အသိမိတ်ဆွေအချို့ကို မြင်တွေ့မိသည့်အခါ ခါတိုင်းလို သျှီသာက ခေါ်ပြောနှုတ် ဆက်သည်။ ထိုအခါ အသိမိတ်ဆွေအချို့ လမ်းဘေးတွင် ဘေထုပ်ရောင်းနေသည့်သူ့ကို မသိကျိုးကျွန်ပြုသွားတတ်၏။ အချို့ကမူ နှာခေါင်းရှုံ့တတ်ကြသည်ဟု သျှီသာက သူ့အတွေ့အကြုံကို ပြန် ပြောပြသည်။
” ဈေးရောင်းတာ မရှက်ဘူးလား ဘာညာ အဲလိုစကားတွေတော့ ပြောကြတယ်ရှင့်။ ဈေးရောင်းတာက ရှက်စရာမှ မဟုတ် ဘဲလေနော်။ ကောင်းရောင်းကောင်းဝယ် လုပ်စားတာဆိုတော့”ဟု သူ့ခံယူကိုချက်ကို သျှီသာက ပြောသည်။
ဘယ်သူဘာပြောပြော ထိုခံယူချက်ဖြင့် ကြိုးစားလာခဲ့သည့်အတွက် သျှီသာတစ်ယောက် ကြိုးစားမှု၏ အသီးအပွင့် တချို့ ကို စားသုံးခွင့်ရလာပြီ ဖြစ်သည်။
ကြိုးစားမှု ရလဒ်
ပထမဆုံး အသီးအပွင့်က မိခင်ဖြစ်သူအား နားကပ်လေးတစ်ရံ ဆင်မြန်းပေးလိုသည့်ဆန္ဒ ပြည့်ခဲ့ခြင်း ဖြစ်သည်။
မှတ်မှတ်ရရ မိခင်၏ မွေးနေ့ရက်မြတ်တွင် နားကပ်တစ်ရံ မွေးနေ့လက်ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။ ကြိုးစားမှု၏ အသီး အပွင့်အချို့ကို ခံစားရတော့ သျှီသာ ရှေ့ဆက်လှမ်းဖို့ ခွန်အားတွေ တိုးလာသည်။
ယခုဆို ပလက်ဖောင်းထက်ကနေ ဆိုင်ခန်းပေါ်ရောက်သည်အထိ ခရီးပေါက်ခဲ့ပြီ။ သူမျှော်မှန်းသည့် ဆိုင်ကြီးကနားကြီးနှင့် မဟုတ်သေးသည့်တိုင် တိုးတက်မှုတစ်ခုကို မြင်လာရသည်။
သို့ကြောင့်လည်း သျှီသာက သူ့ကြိုးစားအား ထုတ်မှုကို တစက်ကလေးမှ မလျှော့။ ကြိုးစားမြဲ ကြိုးစားနေဆဲ ဖြစ်သည်။ ဆိုင်ခန်းဖြင့် အထိုင်ချ၍ ရောင်းချနိုင်ပြီဖြစ်သော်လည်း ပလက်ဖောင်းပေါ် သူ ပြန်သွားဦးမည်။
သို့မှသာ ဝယ်ယူသူနှင့် ရောင်းချသူကြား ယုံကြည်မှုပိုတည်ဆောက်နိုင်မည်ဟု သူက ယူဆသည်။ ထို့အပြင် ဝယ်ယူသူများ က မည်သည့်အထည်အမျိုးအစားတွေ ပိုကြိုက်သည်၊ မည်သည့်အထည်တွေက အရောင်းတွင်ကျယ်သည် စသည့်အတွေ့ အကြုံတွေ ရလာနိုင်မည်ဟု သျှီသာက ပြောသည်။
ထို့ကြောင့် ကမာရွတ် ဗဟိုလမ်းက BRB မှတ် တိုင်အနီးမှာ ဆိုင်ဖွင့်ပြီးဖြစ်သည့်တိုင် လမ်းဘေးပလက်ဖောင်းမှာ ဈေးတက် ရောင်းဖို့ သူက စီစဉ်ထားသည်။
ယုံကြည်ရာလမ်း
သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာရေး ခြေလှမ်းအစမှာလည်း လေးဘေးဈေးသည်ဘဝက စခဲ့သည် မဟုတ်လား။ ထို့ကြောင့်သူက အလုပ်နှင့်ပတ်သက်ပြီး ရနိုင်သမျှအတွေ့ အကြုံတွေကို ပလက်ဖောင်းထက်မှာ ဆက်ယူဦးမည်။
ထိုကတဆင့် ဆိုင်ကြီးကြီးဖွင့်နိုင်အောင်ကြိုး စားပြီး ကိုယ်ပိုင်ဒီဇိုင်းနှင့် အဝတ်အထည်တွေ တင်ရောင်းနိုင်ရမည်ဟု သူက စိတ်ကူးရည်မှန်းထားသည်။
ထို့ကြောင့်လည်း သူ့လုပ်ငန်း ပိုမိုတွင်ကျယ်လာအောင် လောလောဆယ် လမ်းဘေးမှာလည်း ရောင်းမည်။ ဆိုင်မှာလည်း ရောင်းမည်။ ယခုဆို အွန်လိုင်းမှာပါ ရောင်းပေးနေသည်။
ပြီးခဲ့သည့် အတိတ်ကာလတုန်းကတော့ ကိုင်ပိုင်ဒီဇိုင်းဆွဲပြီး အမျိုးသမီးဝတ် အထည်တစ်မျိုး စမ်းရောင်းဖူးသည်။ သို့သော် ကိုဗစ်ကာလနှင့်ကြုံ၍ ထင်သလောက် မအောင်မြင်။
သို့ပေသည့် သူကစိတ်အားမလျှော့။ ဒီဇိုင်းပိုင်းကို ဆက်လေ့လာပြီး အထည်များတွင် ကိုယ်ပိုင်အမှတ်တံဆိပ်ကပ် ရောင်း နိုင်သည်အထိ ဆက်လျှောက်ရန် ပြင်ဆင်နေသည်။
ထို့ကြောင့်လည်း ယခုလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်မတည်ငြိမ်သည့်ကာလမျိုးတွင် လူငယ်များ အလုပ် လက်မဲ့ဖြစ်နေ၍ စိတ်ဓာတ်ကျမသွားကြရန် သျှီသာ တိုက်တွန်းသည်။
အဓိကအားဖြင့် လူငယ်တစ်ယောက်အနေဖြင့် မိမိဝါသနာပါသည့်အရာကို အရင်စဉ်းစားသင့်ကြောင်း သူက အကြံပြုသည်။ အကြောင်းမှာ ကိုယ်ဝါသနာပါသည့်အလုပ်ကိုလုပ်မှသာ ကြိုးစားလိုစိတ်ရှိမည်ဖြစ်ပြီး ကိုယ့်အိပ်မက်တွေလည်း အကောင် အထည်ဖော်ခွင့်ရလာမည်ဟု သျှီသာက ဆိုသည်။
သူဆိုလျှင် ယခုအသက် ၂၀ အရွယ်မှစ၍ နောင်လာမည့် သုံးနှစ်တာအတောအတွင်း ဆိုင်ကြီးကြီးဖွင့်ကာ ကိုယ်ပိုင် ဒီဇိုင်းနှင့် အဝတ် အထည်များရောင်းချနိုင်ရမည်ဟု သန္ဓိဌာန်ချထားကြောင်း ပြောသည်။
ထိုနည်းတူ အခြားသော လူငယ်လူရွယ်များအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလှသည့် ယခုကာလမျိုးတွင် ကြိုးစားလိုစိတ်ဖြင့်သာ အရာရာကို အနိုင်ယူကြဖို့ သူက ဆန္ဒပြုသည်။
“ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါရာကို အရင်ဆုံးရှာကြည့်ပါ။ ပြီးတော့ ဝါသနာပါတဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါ။ တစ်နေ့ မုချအောင်မြင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု သျှီသာက သူယုံကြည်ရာကို ပြောပါသည်။