ရှင်ငြိမ်း။ ။
မြန်မာ- ထိုင်းနယ်စပ်တောတွင်းတစ်နေရာမှာ နယ်မြေဒေသအစုံကလာကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သားတွေဟာ ဟိုနား တစု၊ ဒီနားတစုနဲ့ ကျောက်ဆောင်၊ ကျောက်တုံးတွေကိုမှီရင်း လည်တဆန့်ဆန့်နဲ့ တစုံတရာကို စောင့်ဆိုင်းနေပါတယ်။
ဒီထဲမှာ အသက် ၁၉ နှစ်သာရှိသေးတဲ့မသဲဝါတို့ အမျိုးသမီးအုပ်စုလည်းပါဝင်ပြီး သူတို့တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းကနေဝင်ရောက်လာတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်။
အကြောင်းအမျိုးမျိုးကြောင့် ဒေသအသီးသီးကနေရောက်လာကြတဲ့သူတွေဟာ ပွဲစားရဲ့ခေါ်ဆောင်မှုနဲ့ မြဝတီမြို့ကနေ တဆင့် မှောင်ရိပ်ကိုအားပြုကာ သောင်ရင်းမြစ်ဂိတ်မှာစုဆုံပြီး ထိုင်းဘက်ခြမ်းကို လှေနဲ့ဖြတ်ကူးခဲ့ကြတယ်။
တဖက်ကမ်းမှာအသင့်စောင့်နေတဲ့ အလုံပိတ်ကုန်တင်ကားနဲ့ လူအယောက် ၅၀ တသုတ်၊ ၅၀ တသုတ်ခွဲကာ လေးခေါက် မြောက်ပို့ပြီးချိန်မှာတော့ ကားသမားကပွဲစားကိုစောင့်နေဖို့ပြောပြီး တောတွင်းတစ်နေရာမှာထားသွားခဲ့တယ်။
ပွဲစားကိုစောင့်ရင်း အချိန်လည်းကုန် လူလည်းပင်ပန်းနေရတဲ့အကြား ပတ်ဝန်းကျင်တစ်ခုလုံးဟာတိတ်ဆိတ်မဲမှောင်ကာ လူခြေတိတ်နေတော့ သစ်ရွက်လေတိုးသံတွေ၊ ပိုးကောင်ငယ်လေးတွေရဲ့အော်မြည်သံတွေဟာ ခြေသံတွေအလားထင် မှတ်မှားတဲ့အတွက် တစ်ညလုံးပဲစိုးရိမ်ထိတ်လန့်စွာနေခဲ့ရတယ်။
ဒီလိုနဲ့နိုဝင်ဘာ ၂၅ ရက်၊ နံနက်လေးနာရီအချိန်လောက်မှာ ကျောက်ဆောင်တွေကြားမှာပုန်းခိုနေတဲ့ မသဲဝါအပါအဝင် မြန်မာနိုင်ငံစုစုပေါင်း ၁၈၄ ယောက်ကို ခိုးဝင်လာသူတွေအဖြစ်နဲ့ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။
သူတို့အုပ်စုမှာအမျိုးသမီး ၅၅ ယောက်နဲ့ အမျိုးသား ၉၃ ယောက်လုံးဟာ ပွဲစားကို ထိုင်းမှာအလုပ်ရဖို့အတွက် တစ်ယောက် ကို ထိုင်းဘတ်ငွေ နှစ်သောင်းခွဲ(လက်ရှိပေါက်ဈေးအရမြန်မာကျပ်ငွေ ဆယ့်လေးသိန်းကျော်)ပေးကာ စွန့်စားရောက်လာ ကြသူတွေပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက် စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းမှုများလာတာနဲ့အမျှ အလုပ်မဲ့တွေများလာပြီး အလုပ်အကိုင် အခွင့်အလမ်းမရှိတဲ့အခါ ပြည်ပကိုခိုးထွက်ကြတဲ့အမျိုးသမီးရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင် နေရတာပါ။
၂၀၂၀ မတ်လမှ ၂၀၂၁ သြဂုတ်လအထိ ထိုင်းအစိုးရကဖမ်းမိခဲ့တဲ့တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားလေးသောင်းကျော် ထဲမှာ သုံးသောင်းကျော်ကနယ်စပ်မှာဖမ်းမိတာဖြစ်ပြီး ကျန်တစ်သောင်းကထိုင်းနိုင်ငံထဲမှာဖမ်းမိတာလို့ ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)အဖွဲ့ရဲ့အလုပ်သမား တာဝန်ခံ ဦးမင်းဦးက ရှင်းပြပါတယ်။
“ခိုးဝင်သူကတော့ အဆပေါင်းမြောက်များစွာဝင်လာကြတယ်လို့ ပြောလို့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာအကြောင်း ကြောင်းကြောင့်ထွက်ပြေးလာရသူ၊ တိမ်းရှောင်လာသူတွေနဲ့ စီးပွားရေးအဆင်မပြေလို့ဝင်လာကြတာပေါ့”လို့ သူက ဆိုပါ တယ်။
ယခင်ကတော့ ထိုင်းသွားကြသူတွေထဲမှာ ပဲခူး၊ ရခိုင်၊ ချင်းပြည်နယ်၊ တနသာၤရီနဲ့ မြန်မာပြည်အလယ်ပိုင်းက သဘာဝ ဘေးအန္တရာယ်ခံရသူတွေအများဆုံးလာကြပေမယ့် လက်ရှိကာလမှာတော့ နေရာဒေသစုံကနေဝင်ရောက်မှုရှိနေတာ ဖြစ် တယ်။
ထိုင်းကိုယခင်က အသက် ၂၀ နဲ့ ၄၀ ကြားရှိသူတွေသာအများဆုံးသွားကြပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ အသက် ၂၀ တောင်မပြည့်သေးတဲ့လူငယ်တွေပိုမိုလာရောက်ကြတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေ က ထောက်ပြနေကြပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိသွားတဲ့မသဲဝါဆိုရင် အသက် ၁၉ နှစ်သာရှိသေးသလို အတန်းပညာအားဖြင့်လည်း မူလ တန်းအထိသာတက်ရောက်ခဲ့ရပြီး မွေးချင်းမောင်နှမများတာမို့ အကြီးဆုံးဖြစ်တဲ့မသဲဝါက ကျောင်းထွက်ကာ အလုပ်လုပ်ခဲ့ ရသူဖြစ်တယ်။
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ဇာတိဖြစ်တဲ့ မသဲဝါနဲ့ ဖခင်ဖြစ်သူဟာ မြန်မာပြည်မှာတနေကုန်အလုပ်လုပ်မှ လုပ်အားခ ၅,၀၀၀ ကျပ်သာရတဲ့စပါးရိတ်၊ ပဲနုတ်တဲ့နေ့စားအလုပ်တွေလိုက်လုပ်ရင်း မိသားစုခြောက်ယောက်နဲ့ ဘဝကိုကျပ်ကျပ်တည်းတည်း ဖြတ်သန်းခဲ့ရတယ်။
ဒီလိုအချိန်မှာ တစ်ဖက်ရွာကအမျိုးသမီးတယောက်က ထိုင်းနိုင်ငံဘက်မှာအလုပ်သွားလုပ်ရင်း အဆင်ပြေလာတယ်ဆိုတဲ့ သတင်းစကားကြောင့် ထွက်ပေါက်ပိတ်နေတဲ့မသဲဝါလည်း ထိုင်းသွားမှအဆင်ပြေမယ်လို့ တွေးမိခဲ့တယ်။
“ကျမသွားမယ်ဆိုတော့ အဖေကသူ့အမတွေဆီအကူအညီတောင်းတော့ သူတို့ကတဆင့်တခြားသူဆီမှာ ၅ ကျပ်တိုးနဲ့ သိန်း၂၀ ယူလိုက်တယ်။ တစ်လစာအတိုးတခါထဲပေးခဲ့ရတယ်။ ကျန်တာကအိမ်အတွက်နဲ့ ကျမအတွက်ငွေတစ်သောင်းယူ လာတယ်”လို့ မသဲဝါက ရှင်းပြတယ်။
တစ်ဖက်ရွာကအမျိုးသမီးရဲ့အဆင့်ဆင့်ချိတ်ဆက်ပေးမှုနဲ့ လူပွဲစားက ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးတစ်ခု မှာ စားသောက်နေထိုင်စရိတ်အငြိမ်း တနေ့လုပ်ခထိုင်းဘတ်ငွေ ၂၀၀ (လက်ရှိပေါက်ဈေးအရမြန်မာကျပ်ငွေ နှစ်သောင်း နီးပါး) ရမယ်ဆိုတဲ့အတွက် စွန့်စားထွက်လာရင်း အခုလိုအဖမ်းခံခဲ့ရတာပါ။
မဲဆောက်မြို့နယ်မှာ ခိုးဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကူညီပေးနေတဲ့စေတနာ့ဝန်ထမ်းတစ်ယောက်ကတော့ “ သူတို့ ကိုထိုင်းစစ်တပ်ကမိတာဆိုတော့ပြစ်ဒဏ်ကျနိုင်တယ်။ ဒါမဲ့ကျနော်တို့ကတော့ ကိုယ့်နိုင်ငံသားတွေ ပြစ်ဒဏ်မကျ အောင် အတတ်နိုင်ဆုံးလိုက်လုပ်ပေးနေတယ်။ သံရုံးကိုလည်းအကူအညီတောင်းထားတယ်။ လောလောဆယ်တော့ သူတို့ကို ၁၄ ရက်ထားပြီး ကိုဗစ်စစ်ပြီးရင် မြန်မာနိုင်ငံကို ပြန်လွှဲပေးပါမယ်”လို့ ပြောပါတယ်။
လက်ရှိအခြေအနေအထိတော့ သူတို့ပြစ်ဒဏ်ကျ၊ မကျကိုတော့မသိရသေးပါ။ သို့ပေမယ့် မရှိမဲ့ရှိမဲ့ကြားက သူများထံ ငွေချေးခဲ့ရတာဖြစ်ပြီး ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရတဲ့ မသဲဝါအတွက်တော့ အပူပေါ်အပူဆင့်ကာ သောက ရောက်နေရပါပြီ။
ထိုင်းဥပဒေအရ အကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံထဲမှာခိုးဝင်တာမိလို့ရှိရင် အနည်းဆုံးအချုပ် ၄၅ ရက်နဲ့ ဒဏ်ငွေ ထိုင်း ဘတ်ငွေ ၂,၅၀၀(ကာလပေါက်ဈေးအရ မြန်မာငွေကျပ်တသိန်းကျော်)ပေးရပြီး ပြန်ပို့တဲ့အခါမှာလည်းခိုးဝင်သူက စရိတ် တစ်ဝက်ကျခံရမှာဖြစ်ပါတယ်။
မသဲဝါတို့နဲအတူ ဖမ်းဆီးခံရတဲ့မန္တလေးတိုင်းကလာတဲ့ကိုအောင်သူကတော့“လူနှစ်ရာနီးပါးခိုးဝင်တာမမိဘူးဆိုကတည်းက သူတို့ငွေပေးထားလို့ပေါ့။ ဒီဘက်ရောက်မှဖမ်းမိဆိုကတည်းက အစောင့်တွေနဲ့ ပွဲစားတွေပေါင်းလုပ်တယ်ဆိုတာ အသိသာ ကြီး” လို့ ထင်ကြေးပေးပါတယ်။
ဒါတွေကြောင့် အလုပ်သမားအရေးဆောင်ရွက်သူဦးမင်းဦးကတော့ အခုလိုအခြေအနေတွေကြောင့် ထိုင်းကိုလာမယ့် အလုပ် သမားတွေအနေနဲ့ ပွဲစားတွေရဲ့စကားကိုမယုံကြည်ကြဖို့ အရေးကြီးတယ်လို့ သတိပေးပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်လို့၊ စီးပွားရေးအဆင်မပြေလို့စတဲ့အခက်အခဲအကျပ်အတည်းတွေကြောင့် အနီးဆုံး ထိုင်းနိုင်ငံထဲကို အခုလိုတရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်တာတွေရှိနေတာဖြစ်ပါတယ်။
တကယ်တော့ တခြားနိုင်ငံတွေကို တရားဝင်သွားအလုပ်လုပ်ကိုင်ဖို့ဆိုတာတောင် အတော်မလွယ်တဲ့ကိစ္စပါ။ အထူးသဖြင့် ဘာသာစကားနားမလည်ရင် ပိုတောင်အန္တရာယ်များပါသေးတယ်။
မသဲဝါနည်းတူ အသက် ၁၉ နှစ်သာရှိသေးတဲ့မူယာခင်လည်း အထည်ချုပ်ဝင်ငွေတစ်ခုနဲ့ မိသားစုရပ်တည်ရေး မဖြစ်နိုင် တော့တဲ့အတွက် ထိုင်းမှာအလုပ်သွားလုပ်ဖို့စရိတ်ကို အိမ်ဂရံပေါင်ပြီးသွားရာက ဖမ်းဆီးခံခဲ့ရသူပါ။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ဇာတိဖြစ်တဲ့ မမူယာခင်ဟာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံတစ်ခုမှာ တစ်လကိုမြန်မာငွေကျပ် နှစ်သိန်းခွဲရနေတဲ့ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဖြစ်တယ်။
သူ့မိဘနှစ်ပါးအပါအဝင် မိသားစု စုစုပေါင်း ခြောက်ယောက်ရှိပြီး ဖခင်က မင်းပြားမှာကျပန်းအလုပ်သမားတစ်ယောက်ဖြစ် ကာ အလုပ်ရှိတဲ့အကိုကြီးကလည်း အကျဉ်းကျနေတာကြောင့် သူတို့မိသားစုစားဝတ်နေရေးဟာမချောင်လည်ခဲ့ကြပါဘူး။
ဒါကြောင့် အတန်းပညာ ငါးတန်းအထိသာနေခဲ့ရတဲ့မူယာခင်ဟာ သူ့အတွက်အလုပ်ရှားတဲ့ဇာတိမြို့ကိုစွန့်ခွာပြီး တစ်ရွာထဲ နေ သူငယ်ချင်းတွေနဲ့အတူ ရန်ကုန်မှာသွားရောက်အလုပ်လုပ်နေခဲ့တာ အခုဆိုရင်သုံးနှစ်နီးပါးရှိနေပြီ။
“ တစ်လကို နှစ်သိန်းခွဲဆိုတဲ့လစာက စရိတ်ကြီးတဲ့ရန်ကုန်လိုမြို့ကြီးမှာ ဘယ်လောက်မလဲ။ ဒါမဲ့ကျမအတော်လေး ခြိုးခြံချွေ လွန်းလို့ တစ်လကိုတစ်သိန်းခွဲပုံမှန် မိဘတွေဆီပို့ပေးနိုင်တယ်”လို့ မူယာခင်က ပြောပါတယ်။
တစ်လ၊ တစ်လသူပို့ပေးတဲ့ငွေကျပ်တစ်သိန်းခွဲဟာလည်း တင်နေတဲ့အကြွေးတွေအတွက် အတိုးပေးရတာ၊ မိခင်ဆေးဖိုး စတဲ့ မဖြစ်မနေသုံးရမယ့်ကုန်ကျစရိတ်တွေကြောင့် ထမင်းစားရတစ်ရက်၊ မစားရတစ်ရက်နဲ့ နေခဲ့ရတယ်။
ဒီအချိန်မှာ စစ်တပ်ကအာဏာသိမ်းလိုက်တော့ အလုပ်အားလုံးရပ်ဆိုင်းသွားတာကြောင့် ဖခင်မှာအလုပ်မရှိနေတဲ့အချိန်မှာ တစ်အိမ်လုံးရဲ့တာဝန်ကြီးဟာ မူယာခင်ရဲ့အလုပ်အပေါ်မှာလုံးလုံးလျားလျားရောက်လာခဲ့တယ်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်လာတဲ့ စီးပွားရေးအဆင်မပြေမှုတွေကို နိုင်ငံသားတိုင်းလိုလို အနည်းနဲ့အများတွေ့ကြုံနေ ရတယ်ဆိုပေမယ့် ငွေကြေး၊ ပညာနိမ့်ပါးလွန်းတဲ့မူယာခင်တို့လို ဝင်ငွေနည်းမိသားစုအတွက်တော့ အသက်ရှင်ဖို့တောင် ခက်ခဲတဲ့ဘဝပါ။
“ စားစရာမရှိတာက ရေသောက်ဗိုက်မှောက်နေလို့ရပေမယ့် နေမကောင်းတာကိုတော့ မကုဘဲနေလို့မှမရတာ။ ရေသောက် ဗိုက်မှောက်တယ်ဆိုတာလည်း စကားအဖြစ်ပြောတာ။ တစ်ကယ်ရက်ရှည် ဘယ်သူနေနိုင်မှာလဲ။ တောင့်ခံစရာအားတောင် မရှိတော့ဘူး”လို့ မူယာခင်က ပြောရင်းမြေကြီးကိုစိုက်ကြည့်နေပါတယ်။
ဒီအချိန်မှာအလုပ်ပွဲစားက ထိုင်းနိုင်ငံက သစ်စက်တစ်ခုမှာအလုပ်ရမယ်ဆိုတာကြောင့် စားဝတ်နေရေး၊ ကျန်းမာရေးအပြင် အကြွေးနွံနစ်နေလို့ကူကယ်ရာမဲ့နေတဲ့မမူယာခင်အနေနဲ့ ရေနစ်နေတုန်းကောက်ရိုးတမျှင် ဆွဲကိုင်မိလိုက်သလိုအတိုင်းမသိ ဝမ်းသာသွားခဲ့တယ်။
တကယ်လို့ ဝင်ငွေကောင်းတဲ့ထိုင်းနိုင်ငံဘက်မှာ သူ့အလုပ်တွေအဆင်ပြေသွားပြီး နေသားကျသွားတဲ့အခါကျရင် ပေါင်နှံ ထားတဲ့သူတို့အိမ်လေး အမြန်ဆုံးပြန်ရွေးနိုင်ဖို့ ဖခင်နဲ့ အကိုကြီးရဲ့လုပ်အားတွေပါခေါ်ယူဖို့အထိ သူကစဉ်းစားထားတာပါ။
သူအနေနဲ့ ထိုင်းနိုင်ငံဘက်ကိုမထွက်သွားမီကတည်းက ရလာမယ့်လစာကိုမျှော်မှန်းတွက်ဆရင်း မိသားစုအသက်ရှုချောင် မယ့်အရေးတွေးကာ အပျော်ကြီးပျော်နေခဲ့သလို့ အကြွေးဆပ်မယ့်သူရဲ့ရွှေရောင်အိပ်မက်ဟာလည်းလင်းလက်နေခဲ့တယ်။
သို့ပေမဲ့ သူတို့ရန်ကုန်ကထွက်သွားပြီး သုံးရက်မြောက်နေ့မှာတော့ သူရဲ့ရွှေရောင်အိပ်မက်ကြီးဟာ ပျက်ဆီးသွားခဲ့ရတယ်။ အကြောင်းကတော့ လူ ၁၈ယောက်ပါတဲ့သူတို့အုပ်စုဟာ ထိုင်းဘက်ကိုလှေနဲ့အကူးမှာ ထိုင်းရေကြောင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကိုခံလိုက်ရလို့ပါ။
“ရုတ်ရက်အဖမ်းခံလိုက်ရတာသိတော့ ကြောက်သွားတယ်။ အဲဒါနဲ့တပြိုက်တည်း ဆုံးရှုံးသွားရတဲ့ငွေအတွက်လည်း စိုးရိမ် စိတ်ဝင်လာတယ်။ အိမ်ဂရံပေါင်ထားတာဆိုတော့ ဒါဆုံးရှုံးသွားမယ်ဆိုရင် မိသားစုအားလုံးလမ်းဘေးရောက်ပြီလေ”လို့ ပြောနေ တဲ့မူယာခင်ဟာ စိတ်လှုပ်ရှားနေသလို အသံတွေလည်း တုန်နေပါတယ်။
လောလောဆယ်မှာတော့ မူယာခင်အနေနဲ့ ဘာမှမတွေးတောနိုင်သေးသလို ကျန်းမာရေးမကောင်းတဲ့အမေနဲ့ သူ့အပေါ် အားကိုးတကြီးမျှော်လင့်နေကြမယ့်မျက်နှာတွေကိုရင်ဆိုင်မရဲတာကြောင့် ရန်ကုန်မှာပဲအလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
ထိုင်းရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်ပေးနေတဲ့ကော့သောင်းမြို့အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင် ဒေးရှင်းရဲ့စီမံကိန်းတာဝန်ခံ ဦးမိုးဝေက“နယ်စပ်မှာဖမ်းမိသူတွေကို ကျနော်တို့အဖွဲ့ကစားသောက်စရာနဲ့ ပညာပေးအစီ အစဉ်တွေပြောပြတယ်။ နောက်MOUနဲ့အလုပ်တွေခေါ်မယ့် အကြောင်းရှင်းပြပြီး ကားနဲ့နေရပ်ပြန်ပို့ပေးတယ်”လို့ ရှင်းပြပါ တယ်။
ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံနယ်စပ်အနီးဖမ်းမိထားသူတွေကို လာမယ့် ဒီဇင်ဘာ ၁ ရက်အထိ အပြစ်ပေးအရေးယူတာတွေ မလုပ်ဘဲ ပြန်လွှတ်ပေးနေမှာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ဖမ်းဆီးအရေးယူမှုတွေစတင်တော့မှာပါ။
အကြောင်းကထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်ကစပြီး အလုပ်သမားလိုအပ်ချက်အရ နှစ်နိုင်ငံသဘောတူညီမှု(MOU) စနစ်နဲ့ မြန်မာလုပ်သားနှစ်သိန်းကျော်ခေါ်ယူမှာဖြစ်လို့ တရားမဝင်လာရောက်မှုတွေကိုတင်းကျပ်ဖမ်းဆီးမှာဖြစ်တယ်လို့ ဦးမိုးဝေ က ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ်သမားသံအရာရှိနဲ့ ထိုင်းရောက်မြန်မာလုပ်သားများအရေးဆောင်ရွက်ပေးနေသူတွေ ကတော့ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်တာတွေမပြုလုပ်ကြဖို့ နှိုးဆော်သတိပေးထားပါတယ်။
ဒီလိုတရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတဲ့ရွှေ့ပြောင်းအလုပ်သမားတိုင်းမှာ တူညီတဲ့အခက်အခဲ တွေကိုယ်စီရှိနိုင်ပေမယ့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက် ပိုလို့အခက်အခဲတွေ့ကြရပါတယ်။
ကားပေါ်မှာမလုံမခြုံနဲ့ ရက်ရှည်နေလာရသလို အမျိုးသမီးတွေအနေနဲ့ အခုလိုနိုင်ငံရပ်ခြားသွားအလုပ်လုပ်တဲ့အပေါ်မှာ လည်း အထင်အမြင်သေးပြီး စနောက်ချင်တာတွေ ရှိတယ်လို့ မူသန်းခိုင်က ပြောပြပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့မူသန်းခိုင်က“ကျမတို့အမျိုးသမီးအုပ်စုကများတာတောင် သူတို့ကစချင်သလိုလို၊ ဘာလို လိုနဲ့။ အထင်သေးသလိုကြည့်တာကလည်းကြောက်စရာကြီး။ ကျမတို့စကားပြောလိုက်တိုင်းလည်းဟားတိုက်တယ်”လို့ ဆို ပါတယ်။
ဒါပေမဲ့တချို့ပွဲစားနဲ့အမျိုးသားတွေကတော့ အတူလာတဲ့အမျိုးသမီးတွေအပေါ်မှာလိင်ပိုင်းဆိုင်ရာနှောင့်ယှက်ကြတာတွေ ရှိပေမယ့် တချို့ပွဲစားတွေကတော့ စာနာနားလည်မှုထားပြီးကာကွယ်စောင့်ရှောက်တတ်တယ်လို့ သူက ရှင်းပြပါတယ်။
မူသန်းခိုင်ဟာ မူယာခင်လိုပဲ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ဇာတိဖြစ်ပြီး မိသားစုအခက်အခဲတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ့်သူပါ။ သူကတော့ အမျိုးသမီးချည်းပဲရှိတဲ့မိသားစု ၅ ယောက်မှာ အကြီးဆုံးသမီးဖြစ်တာမို့ မိသားစု တာဝန်ကိုယူထားရပါတယ်။
သူမှာယခင်က အိမ်မှာစက်ချုပ်ဆိုင်လေးဖွင့်ထားပေမယ့် အလုပ်မရှိလို့ ငပိ၊ ငခြောက်ကိုယ်တိုင်လုပ်ရောင်းတဲ့အလုပ်လေး ရှိနေလို့ အနည်းငယ်ချောင်လည်တယ်လို့ပြောရမှာပါ။ သူငယ်ချင်းဖြစ်သူမူယာခင်က ထိုင်းမှာဝင်ငွေ ကောင်းမယ့်အလုပ်ရှိ တယ်ဆိုလို့ မိသားစုပိုင်အတွင်းပစ္စည်းလေးတွေရောင်းချကာ လိုက်ပါလာသူဖြစ်ပါတယ်။
အဖမ်းခံရလို့ ပြန်ပို့လိုက်တဲ့သူတွေထဲမှာ မူသန်းခိုင်လည်းပါပေမယ့် သူကတော့ရခိုင်ပြည်နယ်ကိုပြန်သွားခဲ့ပါတယ်။
လက်ရှိအာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေ ဖြေရှင်းပေးဖို့တာဝန်ရှိပေမယ့် လက် တွေ့မှာတော့ ဘာတစ်ခုမှလုပ်ပေးနိုင်တာမရှိသေးပါဘူး။
အစိုးရနဲ့အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဆိုရင် အလုပ်သမား တွေ ဆီကနေငွေကြေးယူထားပြီး ခရီးရောက်အောင်မပို့နိုင်တဲ့လူပွဲစားတွေကိုပြည်သူတွေအနေနဲ့ အချက်အလက်အတိ အကျ တင်ပြနိုင်ရင် အရေးယူပေးမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
အခုလိုပြဿနာမျိုးတွေနဲ့မကြုံရအောင် မြန်မာရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ MOUစနစ်နဲ့လာပြီး သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို လေ့လာထားဖို့လိုကြောင်း အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတွေက အကြံ ပြုထားကြပါတယ်။
မြန်မာ – ထိုင်းနယ်စပ်တလျှောက်ရှိတရားဝင်ဂိတ်တွေဖြစ်တဲ့ မြဝတီ – မဲဆောက်၊ တာချီလိတ် – မယ်ဆိုင်၊ ကော့သောင်း – ရနောင်ဂိတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ဂိတ်တွေအပါအဝင် တရားမဝင်ဂိတ်စုစုပေါင်း ၂၁ ခုရှိပါတယ်။
အဲ့ဒီဂိတ်တွေကနေ ထိုင်းနိုင်ငံထဲကို တောလမ်းကတဆင့် တရားမဝင်ဝင်ရောက်လာမှုက ပိုမိုများပြားလာနေတာကြောင့် ထိုင်းလုံခြုံရေးအဖွဲ့ကနယ်စပ်တစ်လျှောက်မှာလုံခြုံရေးအင်အားကိုတိုးမြင့်စောင့်ကြပ်ထားပါတယ်။
ထိုင်းနိုင်ငံကဘယ်လိုပဲတင်းကျပ်ထားပါစေ။ မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင်တွေမရှိရင်၊ လူတွေအငတ်ဘေးကျလာ ရင်တော့ အခုလိုခိုးဝင်မှုတွေကဆက်ရှိနေမှာပဲလို့ မသဲဝါကတော့ ထောက်ပြပါတယ်။
ထိုင်းဘက်ကို လူတိုင်းတရားဝင်သွားရောက်အလုပ်လုပ်နိုင်အောင် စီစဉ်မပေးဘဲနဲ့ ခိုးမဝင်ကြဖို့ကိုပဲအတွင်တွင်ပြောနေတာ ကို နားမလည်ဘူးလို့လည်း သူကမေးခွန်းထုတ်နေပါတယ်။
သူ့အနေနဲ့တော့ဆုံးရှုံးသွားရတဲ့ငွေကြေးအတွက် ပြန်သွားဖို့ စိတ်ကူးရှိတာကြောင့် လက်ရှိရန်ကုန်မှာအလုပ်လုပ်ရင်း ငွေရှာမယ်ဆိုတာကို အခုလိုပဲပြတ်သားစွာ ဆိုတယ်။ “ငွေမပါဘဲနဲ့တော့ ကျမအိမ်မပြန်ဘူး။ ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့ဒုက္ခကခံရဖူးသူမှသိတာ။ ဒါကြောင့် အခွင့်အရေးရရင် ပြန်သွားနိုင်အောင် ကြိုးစားမယ်”