Home ဆောင်းပါး အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့ အဖူးအငုံလေးတွေ

အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့ အဖူးအငုံလေးတွေ

ဒေဝီ။ ။

အမိဝမ်းကထွက်လာတဲ့ ကလေးငယ်လေးကို မိခင်ရင်ငွေ့ခိုလှုံဖို့ ရင်ခွင်ထဲထည့်ပြီး နွေးနွေးထွေးထွေး ထွေးပွေ့ထားလေ့ ရှိပေမဲ့ အသက် ၂၇နှစ်အရွယ် မိုင်(အမည်လွှဲကတော့) အသက်မဲ့နေတဲ့ မွေးကာစကလေးငယ်ကိုသာ နောက်ဆုံးအကြိမ် အဖြစ် ထွေးပွေ့လိုက်ရပါတယ်။

ကန်ပက်လက်မြို့နယ်စစ်ဘေးရှောင်တစ်ဦးဖြစ်သူ မိုင်ရဲ့ မွေးကာစ ကလေးငယ်လေးဟာ လူ့လောကထဲမှာ နာရီဝက်သာ ရှင်သန်လိုက်ရပြီး မိခင်နို့ရည်ကိုတောင် သောက်သုံးခွင့်မရလိုက်ဘဲ သူ့ကိုချစ်ခင်ယုယပေးမယ့် မိသားစုကို နှုတ်ဆက် သွားခဲ့ရတာပါ။

” မွေးကတည်းက အသက်ငွေ့ငွေ့ပဲပါလာတယ်၊ အသက်ရှင်နိုင်ဖို့ ဘေးနားက ကူညီသေးတယ်၊ မရတော့တာ”လို့ မိုင်နဲ့ ဆွေမျိုးတော်စပ်သူ မဇာဇာ(အမည်လွှဲ)ပြောပါတယ်။

ပုံမှန်အချိန်မှာဆို မိခင်မွေးရဖွားရခက်ခဲရင်တောင် ဆေးရုံဆေးခန်းသွားပြီး အန္တရာယ်ကင်းအောင် မွေးဖွားနိုင်ပေမယ့် လက် ရှိဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေတိုက်ပွဲတွေကြားထဲ စစ်ဘေးရှောင်းပြေးလွှားရင်းမွေးဖွားခဲ့ရတာကြောင့် ဆေးရုံ ဆေးခန်းသွားဖို့ ခက်ခဲကြန့်ကြာပြီး သေဆုံးခဲ့ရတာပါ။

ဒီကာလမှာ စစ်ဘေးရှောင်ကာ ပြေးလွှားရင်း ရင်သွေးငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မိခင်တွေက မိုင် တစ်ဦးတည်းတော့မဟုတ်ပါဘူး။

တိုက်ပွဲတွေကြားက စစ်ဘေးရှောင် ကလေးငယ်အချို့မှာ ဘေးလွတ်ရာ ပြေးလွှားရင်း မိုးဒဏ်လေဒဏ်ရာသီဥတုဒဏ် ကြောင့် ဖျားနာနေမကောင်းပေမယ့်လည်း ဆေးမကုနိုင်တာ၊ ဆေးဝါးမရှိတာတွေကြောင့် သေဆုံးရတာ၊ ကိုယ်ဝန် ဆောင်တွေဆိုလည်း တောထဲတောင်ထဲ မီးဖွားရခက်ခဲတာ၊ ခက်ခက်ခဲခဲမွေးဖွားခဲ့ပေမယ့်လည်း ကလေးအဖတ် မတင် တာ၊ ပြေးရင်းလွှားရင်း ကိုယ်ဝန်ပျက်ကျတာ စတဲ့ဖြစ်ရပ်ဆိုးတွေကြောင့် ရင်သွေးငယ်လေးတွေဟာ မကြွေသင့်ဘဲ ကြွေလွင့်နေရပါတယ်။

ကန်ပက်လက်မြို့မှာ စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် မိုင်တို့မိသားစုကလည်း နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေရတာ ငါးလနီးပါးရှိခဲ့ပါပြီ။ မပေါ့မပါးအခြေအနေနဲ့ စစ်ပွဲတွေကနေလွှတ်ရာပြေးလွှားပြီး ကိုယ့်မြို့မှာမွေးဖွားဖို့ နေအိမ်ကို ပြန်လာဖို့ကြိုးစားခဲ့ပေမယ့် မငြိမ်သက်တဲ့ အခြေအနေတွေကြောင့် စစ်ဘေးရှောင်ရတဲ့ နေရာမှာပဲ မွေးဖွားဖြစ်ခဲ့တာလို့ မဇာဇာကပြောပါတယ်။

” ဗိုက်နဲ့မွေးခါနီးလေ မြို့ကိုပြန်နေဖို့ လုပ်ပေမယ့် အဆင်မပြေခဲ့ဘူး။ သူတို့အိမ်နားလေးတင် တပ်လည်းစွဲထားတယ်။ အိမ်တွေလည်း အဖောက်ခံအဖျက်စီးခံထားရ၊ တွေ့ရင် တွေ့တဲ့သူဖမ်းတာဆိုတော့ မသွားနိုင်ဘူး”လို့ ဆိုတယ်။

အခြားစစ်ဘေးရှောင်တွေနဲ့ အတူတောတွင်းနဲ့ နီးစပ်တဲ့နေရာတစ်ခုမှာ စစ်ဘေးရှောင်နေထိုင်ရင်း ၁၂ရက်နေ့ညပိုင်းမှာ မိုင် ဗိုက်စနာလာပါတယ်။

၁၃ရက်နေ့မနက်မှာ ရွာအနီးဝန်းကျင်က သူနာပြုဆရာမက ကြည့်ရှုပြီး ခွဲမွေးရမယ့် အခြေအနေဖြစ်တာကြောင့် ဆောမြို့နယ် ဒါမှမဟုတ် မကွေးမြို့နယ်ကဆေးရုံသွားဖို့ပြောခဲ့ပါတယ်။

ဆေးရုံသွားဖို့ ငွေကြေးရှာဖွေတာ လူနာတင်ကားရှာဖွေတာတွေလုပ်ခဲ့ပေမယ့် လည်း ဘယ်လိုမှမရတဲ့အတွက်ကြောင့် ဆေးရုံ မသွားတော့ဘဲ သူနာပြုဆရာမကိုပဲမွေးဖွားပေးဖို့တောင်းပန်ပြီး မွေးဖွားခဲ့တာပါ။ မွေးဖွားလာတဲ့ ကလေးက ယောက်ျားလေးပါ၊ မိခင်ဝမ်းကထွက်ပြီး အသက်နည်းနည်းရှုသေးပေမယ့် ဗိုက်ထဲမှာ အချိန်ကြာမြင့်သွားတဲ့အတွက်ကြောင့် ပြင်ပမှာ နာရီဝက်သာရှင်သန်ခွင့်ရခဲ့တာလို့ မဇာဇာကပြောပါတယ်။

” မနက်ကတည်းက ဗိုက်နာပြီး ခွဲမွေးရတော့မယ့် အနေအထားမှာ မခွဲမွေးနိုင်ဘဲ ညနေမှ ကလေးကလည်း ကိုယ် တစ်ပိုင်းက အပြင်ရောက်တာ နှစ်နာရီကျော်ကျော်လောက်ရှိပြီ ရေမွန်းနေတာ”လို့ မဇာဇာကပြောပါတယ်။

လူလောကထဲ ရောက်ပြီးမကြာခင်အချိန်လေးပဲ ပြန်လည်ထွက်ခွာခဲ့ရတဲ့ သားငယ်ဖြစ်သူအတွက် မိဘနှစ်ပါးလုံးက စိတ် မကောင်းယူကြုံးမရဖြစ်နေရတဲ့အပြင် မိခင်ရဲ့ကျန်းမာရေးအခြေအနေမှာလည်း အကောင်းပကတိမဖြစ်သေးဘူးလို့ ဆိုပါ တယ်။

” မိခင်အသက်ကလည်း မျော့မျော့လေးပဲကျန်တာ။ ကံကောင်းထောက်မလို့ ရှင်ကျန်တာ။ သူ့မှာယူကြုံးမရဖြစ်နေတယ်။ နို့တင်းတာတို့ စိတ်တ္တဇနဲ့ ဂယောက်ချောက်ချားဖြစ်နေတယ်” လို့ မဇာဇာကပြောပါတယ်။

ကလေးသေဆုံးပြီး ကျန်ခဲ့တဲ့ သွေးနုသားနုမိခင်ကို ဂရုတစိုက်ပြုစုစောင့်ရှောက်ဖို့ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့် ရှောက်မှုတွေ ပေးဖို့လိုပေမယ့် တောထဲစစ်ရှောင်နေရတော့ မိုးထဲရေထဲ မလုံမခြုံနဲ့ ရှိတဲ့ရိက္ခာလေးနဲ့ ဖြစ်သလိုနေထိုင် စားသောက်ပြီး နီးစပ်သူတွေကပဲ ပြုစုစောင့်ရှောက်နေရတယ်လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်ပွဲတွေ စတင်ဖြစ်ပွားတဲ့ မေလတုန်းက မင်းတပ်ကနေ စစ်ဘေးရှောင်လာတဲ့ ကိုးရက်သားအရွယ် ကလေးငယ်တစ်ဦး မိုးလေတွေကြားထဲ အအေးမိဖျားနာရင်းသေဆုံးခဲ့ရသလို၊ဇွန်လတုန်းကလည်း ခုနှစ်လအရွယ် ကလေး ငယ်တစ်ဦး အအေးမိဖျားနာပေမယ့် ကုသဖို့ ဆေးဝါးမရနိုင်ဘဲ သေဆုံးတာ၊ ကန်ပက်လက်မြို့နယ်က ၁၀ တန်းကျောင်းသူ တစ်ဦး နှလုံးနဲ့အစာအိမ်ရောဂါဝေဒနာတွေခံစားရပေမယ့် ဆေးရုံအရောက်နောက်ကျပြီး သေဆုံးရတာစတဲ့ ဖြစ်စဉ် တွေလည်း ဖြစ်ခဲ့ပါတယ်။

” ကျမသမီးတို့လို ဆေးရုံဆေးခန်းမပြရဘဲနဲ့ မသေသင့်ဘဲသေသွားရတာတွေ နေမကောင်းတာ ငတ်ပြတ်တာ လွတ်လွတ်လပ်လပ် သွားလာလို့မရတာတွေကို စစ်ဘေးရှောင်တွေ အများကြီးကြုံတွေ့ရတာပေါ့။” လို့ ကန်ပက်လက် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်နှင်းဆီ (အမည်လွှဲ)ကပြောပါတယ်။

ဒေါ်နှင်းဆီရဲ့ အသက် ၁၇ နှစ်အရွယ် ၁၀ တန်း ကျောင်းသူသမီးငယ်လေးက သြဂုတ်လဆန်းပိုင်းက နှလုံးရောဂါ၊ အစာ အိမ်ရောဂါဝေဒနာတွေခံစားရပြီး ဆေးရုံရောက်နောက်ကျလို့ ဆုံးပါးခဲ့ရတာပါ။

ကန်ပက်လက်စစ်ဘေးရှောင်ဖြစ်တဲ့ ဒေါ်နှင်းဆီတို့မိသားစုကလည်း မေလကတည်းက မြို့ပေါ်မှာတိုက်ပွဲတွေကြောင့် ဆောမြို့နယ်၊ မကွေးမြို့နယ်တွေထဲ တိမ်းရှောင်ရင်းနောက်ဆုံး ကန်ပက်လက်က တောစပ်နား တစ်နေရာမှာ ယနေ့ အချိန် ထိ စစ်ဘေးရှောင် နေထိုင်ရတုန်းပါ။

တစ်ခါမှမကြုံဖူးတဲ့တိုက်ပွဲတွေ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံတွေကြာင်း ဒေါ်နှင်းဆီရဲ့ ၁၀ တန်းတက်ရမယ့် သမီးငယ်က ကြောက်လန့်တာ နှလုံးအားနည်းတာ ဖြစ်လာပါတယ်။

ဒါ့အပြင် အစာအိမ်ရောဂါဝေဒနာပါခံစားလာခဲ့ရပေမဲ့ ဆေးရုံဆေးခန်းမရှိတဲ့နေရာဖြစ်တာကြောင့် ဆေးမြီးတိုနဲ့ပဲ ကုသနေ တာကနေ တနေ့တခြားရောဂါဝေဒနာဆိုးလာခဲ့ပါတယ်။ မြေပြင်မှာလည်း တိုက်ပွဲတွေဖြစ် လမ်းတွေမှာလည်း အတား အဆီးတွေရှိနေတဲ့အတွက်ကြောင့်အခက်အခဲတွေကြားကနေ မကွေးဆေးရုံကို တက်ရောက်ကုသခဲ့ရတယ်။

ဆေးရုံသွားရန်ကြန့်ကြာခဲ့သည့်အတွက် မွေးပြီးချင်းမိနစ်ပိုင်းသာအသက်ရှင်သန်ခဲ့ရသည့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်နှင့်မိခင်

မကွေးဆေးရုံမှာ ငါးရက်ခန့် ကုသခဲ့ရပေမယ့် ဆေးရုံအရောက်နောက်ကျခဲ့တော့ ဝေဒနာကနေမသက်သာဘဲ နောက်ဆုံး သမီးဖြစ်သူ ဆုံးပါးခဲ့ရတယ်လို့ ဒေါ်နှင်းဆီက ပြောပါတယ်။

” ဟိုကို(ဆေးရုံ)ရောက်ရင် အဆင်ပြေသွားပြီပေါ့၊ အသက်ရှင်မယ် မျှော်လင့်ရင်းနဲ့ ဆေးရုံရောက်ပြီး သေဆုံးမယ်လို့ မမျှော်လင့်ထားတာ။ အချိန်မမီဘူးလို့ပြောရမယ်။” လို့ ဒေါ်နှင်းဆီက ဝမ်းနည်းစွာ ပြောပါတယ်။

သားသမီးငါးဦးရှိတဲ့အနက် သေဆုံးသွားတဲ့သမီးဖြစ်သူက ဒုတိယမြောက်သမီးဖြစ်ပြီး ကျောင်းဖွင့်ရင် ၁၀တန်းတက်ရမယ့် သမီးဖြစ်သူက ပညာရေးမှာ ထူးချွန်ပြီး ဆုတွေမကြာခဏ ရရှိသူဖြစ်တော့ ပညာရေးအတွက်မျှော်မှန်းချက် အပြည့်နဲ့ပါ။ ဒီလိုအချိန်မှာ မသေသင့်ဘဲသေဆုံးခဲ့ရတော့ သမီးဖြစ်သူအတွက် မဖြေဆည်နိုင်ဘူးလို့ ဒေါ်နှင်းဆီကဆိုတယ်။

” ကျမသမီးကစာတော်တယ်လေ။ အရမ်းဆုတွေရတယ်၊ ကိုးတန်းအထိအရမ်းတော်ခဲ့တာ၊ သမီး ၁၀ တန်းအောင်ဖို့ကို မျှော်လင့်ခဲ့ရတာ”လို့ ဒေါ်နှင်းဆီက ပြောတယ်။

ဆုံးပါးသွားတဲ့ သမီးဖြစ်သူအတွက် နေ့စဉ်နဲ့အမျှ ဝမ်းနည်းပူဆွေးရပေမယ့် မငြိမ်သက်တဲ့အခြေအနေကြား စိုးရိမ်ထိတ်လန့် နေရဆဲပဲလို့ဆိုတယ်။

” သမီးကိုဝမ်းနည်းရင်လည်း အေးဆေးဝမ်းမနည်းရဘူးပေါ့။ ကြောက်လန့်ရ စိုးရိမ်ရနဲ့ ဟိုနားပဲပြေးရမလို ပုန်းရမလိုနဲ့ ” လို့ ဒေါ်နှင်းဆီကပြောပါတယ်။

မင်းတပ်စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီက စစ်ပွဲတွေကနေ ပြေးလွှားပုန်းရှောင်ရင်း ဖျားနာနေပေမယ့် ဆေးကုသခွင့်မရလို့ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ ငါးနှစ်အောက်ကလေးက အနည်းဆုံး ၁၀ဦးရှိတယ်လို့ မှတ်တမ်းရှိထားပါတယ်။ ဒါက လက်လှမ်းမီသလောက်ဖြစ်ပြီး အဆက်အသွယ်မရတာ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရခက်တဲ့ နေရာတွေနဲ့ ချင်းပြည်နယ်က အခြားမြို့နယ်တွေမှာလည်း ကြုံတွေ့ရတာ တွေရှိတော့ ဒီထက်ပိုများနိုင်တယ်လို့ ယင်းကော်မတီက ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

ဒီလိုသေဆုံးရတဲ့ကလေးတွေထဲ မီးတွင်းထဲ အသားဝါဝင်ပြီး သေဆုံးရတာ စစ်ဘေးလွတ်ရာပုန်းရှောင်ရင်း မိုးဒဏ် လေ ဒဏ်မခံနိုင်ဘဲ သေဆုံးရတာ၊ တိုက်ကျွေးစရာဆေးဝါးမရရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရတာတွေကြောင့် ဖြစ် တယ်လို့ ဆိုတယ်။

ချင်းပြည်နယ်က မြို့နယ်အချို့မှ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တာတွေရှိနေသလို ရိက္ခာပို့လမ်း ကြောင်းတွေကို ဖြတ်တောက်ထားတာတွေကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အလုံအလောက်ရရှိဖို့ ခက်ခဲနေဆဲပါ။

ဒီအတွက် စစ်ဘေးရှောင်နေရတဲ့ ကလေးတွေမှာ အစာရိက္ခာမပြည့်စုံတာ၊ သောက်သုံးရေသန့် မရှိတာ၊ ဆေးဝါးနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုတွေမရှိတာ မွေးဖွားပြီးကလေးတွေဆိုလည်း လိုအပ်တဲ့ ကာကွယ်ဆေးတွေ အပြည့်အဝမရတာ၊ နို့စို့ အရွယ်ကလေးတွေဆိုလည်း အဟာရဖြည့်စွက်စာတွေမရတာတွေက လိုအပ်ချက်တစ်ခုအနေနဲ့ ရှိနေဆဲလို့ ယင်းပြန်ကြား ရေး တာဝန်ရှိသူကပြောပါတယ်။

” ကျန်းမာရေးကတော့ အဟာရပြတ်လပ်မှုပေါ့၊ စားစရာ ဆန်တောင်မှ အနိုင်နိုင်ဖြစ်နေတာ သိုလှောင်ထားတဲ့ရိက္ခာ ပစ္စည်းတွေလည်းကုန်နေပြီ။ ဒါကြောင့်မို့ကလေးတွေမှာ အဟာရပိုင်းချို့တဲ့တာတွေကတော့ရှိတယ်လို့ ယင်းတာဝန်ရှိသူက ဆိုတယ်။

ကယားစစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကလည်း ” ကျွန်တော်တို့ ကယားစစ်ဘေးရှောင်ကလေးတချို့လည်း ဖျားနာပြီးဆေးဝါးမရလို့ဆုံးတာ၊ တောထဲ ဘာမှမလုံလောက်တော့ မဖြစ်သင့်ဘဲ ဆုံးသွားရတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ရှိတဲ့ ကယားပြည်နယ်မှာ ငါးနှစ်အောက်ကလေးတွေက ရှစ်ပုံတစ်ပုံ ရှိမယ်လို့ ခန့်မှန်း ထားပြီး တောထဲပြေးရင်းလွှားရင်းမွေးတဲ့ ကလေးငယ်တွေရှိသလို၊ မမွေးနိုင်ဘဲဆုံးပါးသွားတာ၊ ဖျားနာပြီး ဆေးဝါးမရှိလို့ သေဆုံးသွားတဲ့ကလေးတွေကလည်း စာရင်းအတိအကျ မပြောနိုင်ပေမဲ့ အများအပြားရှိတယ်လို့ယင်းက ဆိုတယ်။

ကယားပြည်နယ်က ဒေသတိုင်းလိုလိုမှာ တိုက်ပွဲတွေဖြစ်ပွားနေတော့ မိသားစုတော်တော်များများက တောထဲတောင်ထဲ ရောက်သူတွေ စစ်ရှောင်စခန်းတွေဆီ ရောက်သူတွေ အများအပြားပါ။

ကလေးတွေမှာလည်း ကိုဗစ်လိုအနံ့ပျောက်တာ၊ တုတ်ကွေးဖျားနာတာ၊ နှာစေးချောင်းဆိုးတာတွေ ရှိနေပေမယ့် ဆရာဝန် ဆေးဝါးတွေ လုံလုံလောက်လောက်မရှိတဲ့အတွက်ကြောင့် မကုသပေးနိုင်တာတွေလည်းရှိတယ်လို့ ယင်းကဆက်ပြော တယ်။

” ကလေးတွေရဲ့ ကျန်းမာရေးက တော်တော်လေးစိုးရိမ်ရတယ်။ အဓိက က ဆေးကုသမှုမလုံလောက်တာ” လို့ ယင်း အကူ အညီပေးနေသူက ပြောတယ်။

ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ ရှိနေတဲ့ကလေးတွေအတွက်တင်မကဘဲ မိခင်ဝမ်းထဲက ထွက်လာတဲ့ ကလေးငယ်တွေအတွက်လည်း မွေးကတည်းက ကျန်းမာရေးစောင့်ရှောက်မှုတွေ ကာကွယ်ဆေးတွေ မရရှိဘူးလို့ ၎င်းက ဆက်ပြောတယ်။

စစ်ဘေးရှောင်ကလေးတွေအတွက် ကာကွယ်ဆေးတွေလိုသလို၊ ဆေးဝါးတွေ၊ တိုက်ကျွေးရမယ့် အစားအသောက် အဟာရတွေ၊ မကြာမီလည်း ဆောင်းဝင်လာမှာဖြစ်တဲ့အတွက် အနွေးထည်တွေ ခြင်ထောင်နဲ့စောင်တွေ လိုအပ် တယ်လို့ဆိုတယ်။

တည်ငြိမ်အေးချမ်းတဲ့ကာလမှာ မိဘမောင်နှမတွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားပြီး စာသင်ခန်းထဲ ရောက်နေရမဲ့အချိန်မှာ စစ်ဘေးသင့်ဒေသက ကလေးငယ်တွေကတော့ မိုးဒဏ်လေဒဏ်ကြားထဲ ထိတ်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေရတာ၊ အစာအဟာရပြတ်လပ်တာ၊ ကလေးငယ်အချို့မှာ ချစ်ရတဲ့မိသားစုတွေကို နှုတ်ဆက်ခွဲခွာ သွားရတာ စတဲ့ ဖြစ်ရပ်ဆိုးတွေကြုံတွေ့နေရတာက စစ်ရဲ့ ဆိုးကျိုးတွေကြောင့်လို့ ကချင်ပြည်နယ်စစ်ဘေးရှောင်သူတစ်ဦး ဖြစ်တဲ့ နောနောက ပြောတယ်။

နောနောကိုယ်တိုင်လည်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်စဉ်အချိန် လေးလရှိနေပြီဖြစ်တဲ့ ကိုယ်ဝန်ပျက်ကျပြီး ကိုယ်တိုင် အသက်အန္တရာယ်နဲ့ နီးတဲ့အထိ ဖြစ်ခဲ့ရတဲ့အတွက် စစ်ဘေးရှောင်ပြေးလွှားရင်း ကိုယ်ဝန်ပျက်ကျရတဲ့ မိခင်လောင်းတွေ၊ သားသမီးသေဆုံးရတဲ့ မိခင်တွေကို ကိုယ်ချင်းစာစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုတယ်။

နောနောက စစ်ဘေးကြောင့်ပြေးလွှားရစဉ်ကာလမှာ ကိုယ်ဝန်သည်မိခင်တွေ ဗိုက်တကားကားနဲ့ ပြေးလွှားရတာ၊ ဘေးလွှတ်ရာ ပြေးလွှားပုန်းရှောင်ရင်း မွေးဖွားပေးမဲ့သူတွေ ဆရာဝန်တွေမရှိတဲ့အတွက်ကြောင့် ကလေးမကျန်းမာတာ အဖက်မတင်တာမျိုးတွေ တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

” ကိုယ့်နေရပ်မှာဆို ဆေးရုံနဲ့ဝေးတာတောင် လက်သည်နဲ့မွေးလို့ရတယ်။ စစ်ပွဲကြောင့် ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ဆိုတော့ ကိုယ်ဝန်ကြီးနဲ့ မိခင်အတွက်ဆိုမကောင်းဘူးလေ၊ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်လွယ်တယ်၊ ပိုဂရုစိုက်ရမယ့် အချိန်မှာ စိတ်ဖိစီးမှုများစွာနဲ့ ပြေးလွှားနေရတော့ တော်တော်ဒုက္ခရောက်တာတွေ့ရတယ်။” လို့ နောနောကပြောတယ်။

ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း အာဏာသိမ်းမှု ဖြစ်စဉ်အပြီး ပဋိပက္ခဖြစ်ရပ်တွေကြောင့် ကလေးငယ်တွေက ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။ ပဋိပက္ခဖြစ်ရပ်တွေကြား အကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးခဲ့ရတဲ့ ကလေးငယ်တွေရှိသလို၊ ထောင်နဲ့ချီ ကလေးတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေလည်း ရှိနေပါတယ်။

အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေအနက် ကလေးသူငယ်ဦးရေ ရှစ်သောင်းနီးပါး ပါဝင် နေပြီး အစာရေစာမလုံလောက်မှု၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကို ခံနေရတယ်လို့ Save the Children အဖွဲ့က အစီရင် ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ မီးဖွားပြီးစမိခင်တွေ အပါအဝင် စစ်ဘေးရှောင်များက တောတွေ တောင် တွေထဲ ဖြစ်သလို နေထိုင်ကြရပြီး စစ်ဘေးရှောင်ကလေးသူငယ်တွေက အဟာရမပြည့်ဝတဲ့ ပြဿနာကြောင့် ရောဂါ ဘယတွေ ကပ်ငြိခံလာရဖို့ အန္တရာယ်များနေပြီး အချိန်မီ ကယ်ဆယ်မှုတွေ မလုပ်နိုင်ဘူးဆိုရင် အသက်သေဆုံးရတဲ့အထိ ဆိုးရွားတဲ့ အခြေအနေတွေ မကြာခင် ကြုံတွေ့လာရတော့မယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်သူတွေရဲ့ တူညီတဲ့မျှော်မှန်းချက်က အမြန်ဆုံး ငြိမ်းချမ်းစေချင်တာပါ။ လတ်တလော မငြိမ်း ချမ်းသေးတဲ့ကာလမှာလည်း စစ်ဘေးရှောင်ကလေးတွေအတွက် လုံခြုံစိတ်ချပြီးဘေးကင်းကင်းနဲ့ ခိုလှုံနိုင်တဲ့နေရာ၊ အစာ အဟာရတွေ၊ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြည့်ဆည်းပေးဖို့လိုနေပြီး ဒီလိုမှမဟုတ်ရင် မိုင်တို့ ဒေါ်နှင်းဆီ တို့လို သားသမီးဆုံးရှုံးရလို့ သောကပွေနေရတဲ့မိခင်တွေ များပြားလာမှာလို့ စစ်ဘေးရှောင်သူတွေက ဆိုပါတယ်။

Related Articles