ခင်ဘုန်းမို့။ ။
“သံတိုင်တွေရိုက်သံကြားရင် တစ်ကိုယ်လုံးကြက်သီးတွေထပြီး တုန်လာတဲ့အခြေအနေအထိဖြစ်ခဲ့တယ်။ အိပ်မက်တွေထဲ ခဏခဏပြန်အဖမ်းခံနေရလို့ အခုအချိန်အထိအိပ်ဆေးတွေသောက်နေရဆဲပါ”လို့ အမျိုးသမီးငယ် တစ်ဦးက တိုးညှင်းစွာပြောပါတယ်။
ဒီလိုစိတ်ခံစားချက်တွေ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေဟာ ဖေဖော်ဝါရီ(၁)ရက် အာဏာသိမ်းမှု ဖြစ်စဉ်နောက်မှာ ဖမ်းဆီးခံရပြီးပြန်လည်လွတ်မြောက်လာတဲ့အခါမှာ မပန်းလေး(အမည်လွှဲ)တစ်ယောက်ကြုံတွေ့ခံစားနေရတဲ့အရာတွေဖြစ်တယ်။
မပန်းလေးဟာ ဧပြီလက ရန်ကုန်မြို့ကသပိတ်စစ်ကြောင်းတစ်ခုမှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးတာတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ မပန်းလေး တယောက်ခါးသီးတဲ့ အကျဉ်းထောင်နေ့ရက်တွေကို နှစ်လအကြာဖြတ်သန်းပြီး ပြန်လည် လွတ်မြောက် လာခဲ့ပေမယ့် စစ်ကြောရေးကအဖြစ်အပျက်တွေကရလာတဲ့စိတ်ဒဏ်ရာတွေက ညဘက်အိပ်မပျော်တာ အိပ်မက် ဆိုးမက်တာတွေကို ယခုထိခံစားနေရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ပတ်သက်လာရင် အမျိုးသမီးတွေဟာဘယ်တော့မှနောက်ကျမကျန်နေခဲ့ပါဘူး။ အခုနွေဦးတော်လှန်ရေးမှာတင်မကဘဲ စစ်အာဏာရှင်စနစ် ခေတ်အဆက်ဆက်တိုင်းမှာ အမျိုးသမီးတွေဟာ တော်လှန်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။ အသက်ပေးသွားကြတဲ့အမျိုးသမီးတွေရှိသလို ဖမ်းဆီး အကျဉ်းချခံရသူတွေလည်း မနည်းပါဘူး။
ဖမ်းဆီးခံရပြီးပြန်လည်လွှတ်မြောက်လာသူ အမျိုးသမီးအချို့ကတော့ စစ်ကြောရေးမှာဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံဆိုးတွေအပြင် တခြားသူတွေရဲ့အဖြစ်ဆိုးတွေကို မျက်မြင်တွေ့ရှိခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေကြရပါတယ်။ ခက်ခဲလှတဲ့ အကျဉ်းထောင်နေ့ရက်တွေကို အားတင်းဖြတ်သန်းပြီးနောက် အပြင်ပြန်ရောက်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေက တွဲလျက်ပါလာပါတော့တယ်။
“ထွက်ဆိုချက်တွေကိုလက်မခံဘဲ သူတို့ပြောချင်တာပြောတယ် ညီမကငြင်းတော့ ခုံနဲ့ညီမရင်ညွန့်ကိုတိုက်ပြီး ပါးစပ်ပိတ်ထားဖို့ပြောတယ်”လို့မပန်းလေးက စစ်ကြောရေးအတွေ့အကြုံကိုပြောပြပါတယ်။ မပန်းလေးဟာ စစ်ကြောရေးမှာနေခဲ့ရတဲ့ ကာလတစ်ခုလုံးမှာ ကိုယ့်ကိုဘယ်အချိန်လာခေါ်မလဲဆိုတဲ့စိုးရိမ်စိတ်ကြောင့် စိတ် သောကဖြစ်ရတဲ့အပြင် ခေါ်သွားခံရပြီး ပြန်လာတဲ့သူတွေရဲ့ ဒဏ်ရာတွေ၊ပြန်ပြောပြပုံတွေကြောင့်လည်း စိတ်ဒဏ်ရာဖြစ်ခဲ့ရပါတယ်။
“စိတ်ကိုလျော့ပြီးအိပ်ဖို့ကြိုးစားတော့လည်းအိပ်ပျော်ခါနီးဆို သံတံခါးကြီးကိုဝုန်းခနဲရိုက်ချလို့ လန့်လန့်နိုးရတယ်။ စိတ်ရောလူရော နှိပ်စက်ညှင်းပန်းခံရတဲ့နေရာပါ”လို့ မပန်းလေးကဖွင့်ဟပါတယ်။
အကျဉ်းထောင်းအတွင်း စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ ကိုယ့်ကိုကိုယ်အားပေးစကားပြောကာ အတတ်နိုင် ဆုံးအားတင်းပြီး ခက်ခဲတဲ့နေ့တွေကိုအားတင်းဖြတ်သန်းခဲ့ပေမယ့် အပြင်ပြန်ရောက်တဲ့အခါမှာ စိတ်ပိုင်းဆိုင် ရာထိခိုက်မှုတွေ စိတ်ဒဏ်ရာတွေကိုတော့ မပန်းလေးလျစ်လျူရှုလို့မရခဲ့ပါဘူး။
“ပြန်လွတ်လွတ်ချင်းက အတွေ့အကြုံတွေကို ပြန်ပြောပြရင် အသက်ရှုကြပ်လာတာမျိုးတွေ ပါဖြစ်ခဲ့ပါ တယ်”လို့မပန်းလေးကပြောပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုသခဲ့ပြီး ဆရာဝန်ညွှန်ကြားတဲ့ ကုထုံးတွေ၊ ဆေးတွေသောက်ခဲ့ရတယ်။ ဆန္ဒပြတဲ့ဗီဒီယိုတွေ၊အကြမ်းဖက်ဖမ်းဆီးတဲ့ ဗီဒီယိုမျိုးတွေမြင်ရင် ကိုယ့်တုန်းက အဖြစ်အပျက်တွေ စစ်ကြောရေးမှာတွေ့ကြုံခဲ့ရတဲ့ မိတ်ဆွေတွေရဲ့အတွေ့အကြုံတွေ သူတို့ပြောပြချက်တွေ ကိုပြန်သတိရပြီး ပြန်ဝမ်းနည်းတာ၊ အဲ့အချိန်ကိုပြန်ရောက်သွားသလိုမျိုး၊ အတိတ်မှာ ပိတ်မိနေတဲ့ ခံစားချက် လိုမျိုး တွေကို မပန်းလေးတစ်ယောက်ခံစားနေရပါတယ်။
တခြားသူတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကြားတိုင်းမှာလည်း စိတ်ထိခိုက်မှုခံစားရတယ်။ အပြင်ပြန်ရောက်ပြီး တစ်လဝန်းကျင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုသမှုတွေပြုလုပ်ခဲ့ပြီး သုံးလလောက်အကြာမှာတော့ စိတ်ပိုင်း ဆိုင်ရာခံစားမှုတွေ သက်သာလာခဲ့ပါတယ်။ အချိန်ကြာလာတဲ့အခါမှာ အလုံးစုံသက်သာတာမျိုးမဟုတ်ပေမယ့် ဆိုးဝါးတဲ့အဖြစ်အပျက်အခြေအနေသတင်းတွေ ပြန်ကြားရတဲ့အခါမှာ အရင်ကအကြောင်းတွေကို ပြန်စဉ်းစားမိပြီး စိတ်ထိခိုက်မှုတွေပြန်လည် ပေါ်ပေါက်လာတယ်လို့ မပန်းလေးကဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေ အရ ဖေဖော်ဝါရီလမှနိုဝင်ဘာလအထိ အမျိုးသမီး(၈၉)ဦးအသက်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေထဲမှာ သေဒဏ်ချမှတ်ခံထားရသူ (၅)ဦး၊ထောင်ဒဏ်တသက်တကျွန်းချခံထားရသူ (၃)ဦး၊ ထောင်ဒဏ်(၇၇)နှစ်ချခံထားရသူ(၁)ဦးဟာအမျိုးသမီးတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း(AAPP) နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ကကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါ တယ်။
ပြစ်ဒဏ်ချမှတ်ခံထားရသူပေါင်းအမျိုးသမီး (၅၈)ဦးရှိပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူအမျိုးသမီး (၁၃၈၇)ဦး အထိရှိပါတယ်။
မပန်းလေးနည်းတူ အကျဉ်းထောင်နေ့ရက်တွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရသူတစ်ဦးကတော့ မအိမ့်(အမည်လွှဲ)ပါ။ မတ်လက တာမွေသပိတ်စစ်ကြောင်းကနေ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာ(၅)ရက်ကြာဖြတ်သန်း ခဲ့ရပါတယ်။ ကြွေးကြော်သံ တွေကို ဟာသလုပ်ပြီးကြွေးကြော် လှောင်ပြောင်တာ၊ လက်သုံးချောင်ထောင်ပြီး မတ်တပ်ရပ်ခိုင်းတာ၊ ကောင်းကောင်းမဖြေရင် ပါးရိုက်ပစ်မယ်၊အခုဝန်မခံရင် နေ့လား ညလားမသိတဲ့နေရာ ကိုပို့ပြီးစစ်မယ် ဆိုတာ မျိုးတွေ ခြိမ်းခြောက်တယ်လို့ မအိမ့်ကပြောပြပါတယ်။ ဖမ်းဆီးခံရစဉ်နဲ့ ရုံးထုတ်တဲ့အချိန်တွေမှာပါ လိင်ပိုင်းဆိုင် ရာစော်ကားမှုမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
“နင်တို့အိတ်တွေထဲမှာ ဆေးတွေတွေ့တယ်။ကွန်ဒုံးတွေတွေ့တယ်။ဆန္ဒပြပြီးတာနဲ့ ဟိုတယ်တွေကလည်းသွားဖို့ အဆင်မပြေဆိုတော့ ခြုံတိုးကြမလို့မဟုတ်လား ဆိုတာမျိုးတွေအထိပြောဆိုခံခဲ့ရတယ်”လို့ မအိမ့်က သူ့ အတွေ့အကြုံကိုပြောပါတယ်။
စစ်ဆေးနှိပ်စက်ခံရထားရတဲ့ဒဏ်ရာတွေနဲ့ ရောက်လာကြတဲ့ အမျိုးသမီးတွေ၊တချို့ဆို အမျိုးသမီး အင်္ဂါနေရာကို ခြေထောက်နဲ့စောင့်ကန်ခံရတာတွေအထိ ကြုံတွေ့ရတာကို မအိမ့်တစ်ယောက်တွေ့ခဲ့ရတယ်။ ခေါ်ချင်တဲ့ အချိန်လာခေါ်တာ၊ တိုက်ပိတ်ချင်ပိတ်ပစ်တာ၊ အဆောင်ပြောင်းပစ်လိုက်တာတွေကြောင့် နေ့စဉ်နဲ့အမျှ စိုးရိမ် ထိတ်လန့်စွာနေထိုင်ရပါတယ်။
ကိုဗစ်တတိယလှိုင်းဆိုးဝါးတဲ့အချိန်မှာ ကိုဗစ်ကြောင့်အပြင်က မိတ်ဆွေတွေသေဆုံးကြတဲ့ဖြစ်စဉ်တွေကြောင့် နေ့စဉ်နဲ့အမျှစိုးရိမ်ပူပန်မှုတွေနဲ့ဖြတ်သန်းကြရတယ်။ ကိုယ်တိုင်လည်းထောင်ထဲမှာ တုပ်ကွေးရောဂါ နှစ်ကြိမ် ဖြစ်ပြီး စားရတဲ့အစားအစာတွေကြောင့် အစာအိမ်ဖြစ်ကာ ထောင်ဆေးရုံတက်ရတဲ့ အထိဖြစ်ခဲ့တယ်။ မအိမ့် အတွက် အကျဉ်းထောင်အတွင်းမှာ စိတ်ဓာတ်အကျဆုံးအချိန်က အပြင်ကကြွေးကြော်သံတွေ ကြားရတဲ့အခါ ကိုယ့်ကိုကိုတာဝန်မကျေဘူးခံစားရကာ ဒေါသထွက်မိတဲ့အချိန်တွေပါ။ တကယ်တမ်းပြန်လည်လွတ်မြောက် လာချိန်မှာလည်း အထဲမှာကျန်နေခဲ့တဲ့သူတွေအတွက်တွေးပြီး မပျော်နိုင်ခဲ့ပါဘူး။
ပြန်လွတ်လာလာချင်း ဆိုရှယ်မီဒီယာမသုံးသေး သတင်းတွေမကြည့်သေးခင်ထဲက ရဲဘော်တွေအကြောင်းကို သတိရလို့မေးလိုက်ရင် မရှိကြတော့ဘူးဆိုတာမျိုးတွေသိရကြားရပြီး အခြေအနေတွေပြန်လေ့လာဖို့ သတင်းတွေ ပြန်ကြည့်တဲ့အခါ နေ့စဉ်မတရားသတ်ဖြတ်နေသမျှကို ခံပြင်းဒေါသထွက်ရတဲ့ ခံစားချက်မျိုးကို မခံစားနိုင် လောက်အောင် စုပြုံခံစားရတာပဲလို့ မအိမ့်ကဖွင့်ဟပါတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ စိတ်ဒဏ်ရာတွေ ကြောင့် အိပ်ဆေးသောက်နေရသလို အကြမ်းဖက်တဲ့ ဗီဒီယိုတွေ၊ သတင်းတွေကို တစ်နေ့ နှစ်ခုသုံးခုထက် ပိုမကြည့်နိုင်ဘူးလို့ မအိမ့်ကပြောပါတယ်။
“စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုလုပ်ဖို့ ကူညီကြပေမယ့် အခုထိမလုပ်နိုင်သေးပါဘူး။နေ့စဉ်ထပ်ရနေတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှု လုပ်ဖို့စိုးရိမ်နေမိတယ်”လို့ မအိမ့်ကပြောပါတယ်။ ထိခိုက် ကျဆုံးရတဲ့ရဲဘော်တွေအတွက် ပိုတာဝန်ယူဖို့ပိုကြိုးစားရင်းစိတ်ရော လူရောအားတင်းကာ နေထိုင်နေပါတယ် လို့လည်းဆိုပါတယ်။
ဖမ်းဆီးခံရပြီးပြန်လည်လွှတ်မြောက်လာတဲ့အမျိုးသမီးတွေဟာ အကျဉ်းထောင်ထဲမှာ စစ်ကြောရေးမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာဖြစ်ဖြစ်၊ ကိုယ့်အနားမှာရှိတဲ့အမျိုးသမီးတွေကို ညှင်းပန်းနှိပ်စက်နေတာကို ကိုယ်တိုင်မျက်မြင် ထင်ထင်ရှားရှားမြင်တွေ့ရတယ်၊ ကြားသိရတယ်ဆိုတာတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တွေခံစားရနိုင်တယ်လို့ စိတ်ပညာရပ်ဆိုင်ရာကျွမ်းကျင်သူ မဖြူပန်းနုခင်ကပြောပါတယ်။ မဖြူပန်းနုခင်ဟာ အမေရိကန်ပြည်ထောင်စု၊ဗားမောက် တက္ကသိုလ်မှာ စိတ်ပညာ ပါရဂူဘွဲ့အတွက်ကျောင်းတက်နေတာဖြစ်ပြီး လက်ရှိမြန်မာ့နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း တွေကြားမှာ ဖြစ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြသနာတွေ လျော့ပါးစေဖို့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ကူညီပေးနေပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတာတွေကတော့ စိတ်ဓာတ်ကျရောဂါ(Depression)၊ ပူပန်ကြောင့်ကြမှုရောဂါ(Anxitey) တွေအပြင် Post Traumatic Stress Disorder( PTSD) ရောဂါလဏ္ခာတွေရရှိနိင်တယ်လို့ မဖြူပန်းနုခင်ကဆိုပါတယ်။ရောဂါမဖြစ်ရင်တောင် အိပ်မက်ဆိုးတွေအရမ်းမက် ပြီးတော့ ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်တွေကို အိပ်မက်ဆိုးအနေနဲ့ပြန်မြင်နေတာ၊ နိုးထနေတဲ့အချိန်နေ့ခင်းမှာတောင် အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်နေတာ၊မျက်လုံးထဲမှာ ကိုယ်ကအဲ့အခြေအနေကို ပြန်ရောက်နေသလို စိတ်ကဖြစ်နေတာ တွေဖြစ်တတ်တယ်တယ်လို့ သူကဆိုပါတယ်။
စိတ်ဒဏ်ရာကြောင့်ဖြစ်တဲ့ တခြားလကၡဏာတွေအနေနဲ့ အလွယ်တကူစိတ်ထိခိုက်လွယ်တာ၊စိတ်အတက် အကျမြန်တာ၊ အလွယ်တကူ ဒေါသထွက်လွယ်တာ စတဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ လည်းဖြစ်နိုင်ပါ တယ်။ဒါ့အပြင် အစားမဝင်တာ၊အရမ်းအိပ်တာ၊အိပ်ရာထဲကမထတော့တာ၊ အစာကိုပဲ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ စားပစ်လိုက်တာမျိုး Eating Disorder ၊ Sleep Disorder စတာတွေကိုခံစားရနိုင် ပါတယ်။ အဆိုးဝါးဆုံးအနေနဲ့ မိမိကိုယ်ကိုနာကျင်အောင်လုပ်ချင်စိတ်တွေပေါ်လာပြီးတော့ နာကျင်အောင်လုပ်မိတာ၊ ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုတဲ့ စိတ်တွေဖြစ်တတ်ပါတယ်။
“တခါတလေ အသက်ရှူရကြပ်သလိုမျိုး၊ ရင်တုန်ပန်းတုန်ဖြစ်ပြီးတော့ သတိလစ်တော့သလိုမျိုးစိတ် ကခံစားနေရတာတွေ ခေါင်းအမြဲမူးနေတာတွေ ခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေအများကြီးဖြစ်နေ တတ်တယ်”လို့မဖြူပန်းနုခင်ကဆက်ပြောပါတယ်။
ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေက လူတိုင်းခံစားရနိုင်တာမဟုတ်ပေမယ့် ညှင်းပန်းနှိပ်စက်ခံရတဲ့ အခြေအ နေ၊မျိုးရိုးဗီဇပိုင်းဆိုင်ရာ၊ လူတစ်ယောက်ရဲ့ အခြေခံကြံကြံခံနိုင်စိတ်အခြေအနေ၊ပတ်ဝန်းကျင်ရဲ့ ဖေးမမှုစတဲ့ အချက်တွေအပေါ်မှာမူတည်တယ်လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေနည်းတူ ၁၉၈၈နောက်ပိုင်း စစ်အာဏာရှင်လက်အောက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကျဉ်းထောင်နေ့ရက်တွေကိုဖြတ်သန်းခဲ့ရပြီး အခုနွေဦးတော်လှန်ရေးမှာလည်း နောက်တစ်ကြိမ်အကျဉ်းထောင်နေ့စွဲတွေကို ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးတွေ ဟာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ မကင်းပါဘူး။
အသက်(၅၀)ကျော်အရွယ်ဒေါ်မေလွင်(အမည်လွှဲ)ကတော့ (၁၀)နှစ်အကြာ ၂၀၂၁ခုနှစ် ဧပြီလမှာ တတိယအကြိမ်မြောက် အကျဉ်းထောင်ကိုပြန်လည်ရောက်ရှိရတာပါ။ ဧပြီ(၁၄)ရက်နေ့က စစ်ကောင်စီတပ်သား တွေက လာရောက်ဖမ်းဆီးရာမှာ ဒေါ်မေလွင်အိမ်မှာမရှိတဲ့အတွက် အမျိုးသားဖြစ်သူနဲ့မောင်ဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အိမ်ပြန်ရောက်တဲ့အခါမှာ ကိုယ်တိုင်ရဲစခန်းလိုက်သွားကာ အဖမ်းခံခဲ့ပါ တယ်။ရွှေပြည်သာစစ်ကြောရေးမှာ (၆)ရက်အကြာဖြတ်သန်းခဲ့ရတယ်။ဒေါ်မေလွင်ကိုယ်တိုင်တော့ ရိုက်နှက်စစ် ဆေးခံရတာမျိုး မကြုံတွေ့ခဲ့ရပေမယ့် တခြားအမျိုးသမီးတွေကို ရိုက်နှက်စစ်ဆေးတာ ၊အမျိုးသမီးတွေတိုင်းကို လိင်ပိုင်းဆိုင်ရာစော်ကား ပြောဆိုတာတွေကို ကြုံတွေ့ခဲ့ရတယ်။
“နင်တို့မိန်းကလေးတွေကို မုဒိမ်းကျင့်သတ်လို့တောင်ရတယ်။ အသက်မပါပဲပြန်သွားရမယ်ဘာညာ နှုတ်တွေနဲ့လာ စော်ကားတယ်။ ခြိမ်းခြောက်မှုတွေရှိတယ်”လို့ဒေါ်မေလွင်က စစ်ကြောရေးတုန်းက အတွေ့အကြုံကို ပြောပြပါတယ်။ အမျိုးသမီးတွေကို ပါးစပ်ထဲသေနတ်ပြောင်းထည့်တာ၊ အကျီရင်ဘက်ထဲကို သေနတ်ပြောင်း ထည့်ပြီးခြိမ်းခြောက်တာ၊တင်ပါးတွေကိုရိုက်နှက်တာ စတဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း မျက်မြင်တွေ့ခဲ့ရ တယ်။ ကိုယ်တိုင်လည်း အကျဉ်းထောင်မှာဆူပူတယ်လို့ ဆိုကာရိုက်နှက်ခံရပြီး တိုက်နှစ်ခါ အပိတ်ခံရ ပါသေးတယ်။
ဒေါ်မေလွင်ဟာ ၁၉၉၉ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တစ်ခုမှာဖမ်းဆီးခံခဲ့ရပြီး ထောင်ခြောက်လ ကျခဲ့ပါတယ်။ ဒါ့အပြင်၂၀၀၉ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ပြုလုပ်ရာမှာ အဖမ်းခံရပြီး ထောင်နှစ်နှစ်ကျခဲ့ပါသေးတယ်။ အဲ့အချိန်တုန်းက သားဖြစ်သူခြောက်နှစ်သားသာရှိသေးတဲ့အတွက် အကျဉ်း ထောင်ထဲမှာမိခင်ဆိုတဲ့ ခံစားချက်နဲ့အမြဲစိတ်ထိခိုက်ခဲ့ရတာတင်မကဘဲ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့ရတဲ့နေ့နဲ့ တိုက်ဆိုင်စွာ ဖခင်ဖြစ်သူကင်ဆာနဲ့ဆုံးပြီးရက်လည်တဲ့နေ့နဲ့ကြုံရတဲ့ အခြေအနေ တွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့ ဒေါ်မေလွင်ကဖွင့်ဟပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း အပြင်ပန်း မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေရခဲ့ပါတယ်။ စစ်ကြောရေးမှာဖြတ်သန်းရမှုပုံစံတွေ စစ်ဆေးမေးမြန်းပုံ တွေ၊စစ်ကြော ရေးမှာ တိုက်တဲ့ရေ၊ ကျွေးတဲ့ထမင်းစတာတွေက အရင်စစ်အာဏာရှင် လက်ထက်နဲ့ပုံစံအတူတူ ပဲဆိုပေမယ့် ရက်စက်ယုတ်မာမှုကတော့ အခုတခါကအဆိုးဝါးဆုံးဖြစ်တယ်လို့ ဒေါ်မေလွင်ကမှတ်ချက်ပြုပါတယ်။
နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်တဲ့အတွက် အကျဉ်းထောင်အတွင်းကအခက်အခဲတွေ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပေ မယ့် အကျဉ်းထောင်အတွင်း ညှင်းပန်းနှိပ်စက်ခံရသူအမျိုးသမီးတွေမှာ သားသမီးအရွယ်၊တူမအရွယ်၊ အမေ အရွယ် စသဖြင့်အရွယ်စုံပါဝင်တဲ့အတွက် ဒေါ်မေလွင်အတွက် စိတ်ထိခိုက်မှုပိုဖြစ်စေပါတယ်။
“စိတ်ထိခိုက်မှုကတော့ ပြောမပြတတ်အောင်ပဲ အခုတစ်ခေါက်ပြန်ထွက်လာတဲ့အခါမှာ လက်ရှိအခြေအနေ အခင်းအကျင်းတွေနဲ့ဆိုတော်တော်လေးကိုစိတ်မှာ တစ်နေ့တစ်နေ့မချမ်းသာဘူး”လို့သူ့ခံစားချက်ကိုဖွင့်ဟပါ တယ်။
ဒေါ်မေလွင်နည်းတူ စစ်အာဏာရှင်စနစ်အောက်မှာ အကျဉ်းထောင်နေ့ရက်တွေကိုဖြတ်သန်းခဲ့ဖူးပြီး အခုနွေဦး တော်လှန်ရေးမှာလည်း အကျဉ်းထောင်နေ့ရက်တွေကိုပြန်လည်ရင်ဆိုင်ခဲ့သူကတော့ ဒေါ်ကြည်ကြည်(အမည်လွှဲ) ပါ။ မေလ(၂)ရက်နေ့က ဒေါ်ကြည်ကြည်အိမ်ကို ရဲအယောက်(၂၀)လောက်ဝင်ရောက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။
“အန်တီ့ကိုပါးတွေရောနားတွေရော နံပါတ်တုတ်တွေနဲ့ပေါင်တွေရော ကျောတွေရော မျက်နှာတွေရောရိုက်တာ လက်နဲ့ကာလိုက်တာ လက်တစ်ချောင်းအရိုးအက်သွားတယ်”လို့ဒေါ်ကြည်ကြည်က အဖမ်းခံရစဉ်က အဖြစ် အပျက်ကိုပြန်ပြောပြပါတယ်။
အဲ့ဒီနောက်ရဲစခန်းကိုခေါ်သွားတာ အဲဒီကတစ်ဆင့် စစ်ကြောရေးကိုရောက်ပါတယ်။ စစ်ကြောရေးမှာ ထမင်း၊ ပဲဟင်းနဲ့ ညှီစော်နံနေတဲ့ ငါးဟင်းကျွေးတယ်။ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေ၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တွေကြောင့် ဒေါ်ကြည်ကြည်တစ်ယောက်အဲ့ဒီနေ့ကထမင်းစားမဝင်ခဲ့ပါဘူး။ စစ်ကြောရေးကို (၇)ရက်ကြာဖြတ်သန်းအပြီးမှာ တော့ အင်းစိန်ထောင်ကိုရောက်ခဲ့တယ်။ အင်းစိန်ထောင်ရောက်တဲ့အခါမှာလည်း အဆောင်တူလူငယ်နဲ့အတူ တော်လှန်ရေးသီချင်းတွေဆိုတာကြောင့် ရိုက်နှက်ခံရကာ တိုက်ပိတ်ခံခဲ့ရပါသေးတယ်။ အဲ့ဒီနောက် သာယာဝတီထောင်ကို ပြောင်းရွေ့ခံခဲ့ရပါတယ်။ သာယာဝတီထောင်ရောက်တဲ့အခါမှာလည်း အင်းစိန်ထောင်မှာ ဆူပူတယ်လို့ဆိုကာ တိုက်ထပ်မံပိတ်ခံရပါတယ်။
ဒေါ်ကြည်ကြည်ဟာ ၂၀၀၆ ခုနှစ်က လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုကြောင့်ပေါ်ပေါက်လာတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲမှာပါဝင်တာကြောင့် ထောင်ခြောက်နှစ်ခွဲကျခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ လေးနှစ်ကျော်ဖြတ်သန်းကာ ၂၀၁၀ ခုနှစ်မှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အကျဉ်းထောင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ဖူးပေမယ့်ဒီတစ်ကြိမ်ကအဆိုးဆုံးလို့ဒေါ်ကြည်ကြည်ကမှတ်ချက်ပြုပါတယ်။
ပထမအကြိမ်ထောင်ကျတုန်းက အိမ်နဲ့အဆက်အသွယ်ဖြတ်ထားတာ၊ စစ်တပ်ကချခိုင်းတဲ့အမိန့်အတိုင်း တရားရုံးက အမိန့်ချခံရတာတွေရှိခဲ့ပေမယ့် ရိုက်နှက်မခံခဲ့ရဘူးလို့ သူကဆက်ပြောပါတယ်။
“အခုတစ်ခေါက်ထောင်ထဲကိုဝင်သွားတာတကယ့်ကို ဘာအသုံးအနှုန်းတွေနဲ့သုံးပြရမှန်းတောင် အန်တီမသိတော့ ဘူး တော်တော်ကို့မှရက်စက်ပြီးကြမ်းတမ်းတယ်၊လူတွေကလည်းလာလိုက်ရင်သွေးချင်းချင်းရဲလို့ စစ်ဖိနပ်တွေနဲ့ လည်း ကလေးတွေကိုကန်တယ်”လို့ ဒေါ်ကြည်ကြည်က သူမြင်ခဲ့ရတာကိုပြောပြပါတယ်။
အသက်(၆၀)ကျော်အရွယ် ဒေါ်ကြည်ကြည်ဟာ ကိုယ်တိုင်အကျဉ်းထောင်မှာဖြတ်သန်းခဲ့ရတာအပြင် မြေပြင်မှာ အသက်ပေးသွားတဲ့လူငယ်တွေ၊ဖမ်းဆီးခံရတဲ့လူငယ်တွေအတွက် စိတ်နှလုံးထိခိုက်ရတာကြောင့် အခုတစ်ခေါက် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့အခါ နှလုံးဆေးသောက်နေရပါတော့တယ်။
၁၉၈၈နောက်ပိုင်း စစ်အာဏာရှင်လက်ထက်က အကျဉ်းထောင်အတွင်းခါးသီးတဲ့နေ့ရက်တွေကို ဖြတ်သန်းဖူး သူကတော့ မခင်စော(အမည်လွှဲ)ပါ။၁၉၉၈ခုနှစ်မှာ ဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ရဲ့ခါသီးတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ သီးသန့်ထောင်၊ ကျွန်းတိုက်လို့ခေါ်တဲ့ သေဒဏ်သမားတွေ၊ လူသတ်သမားတွေ ထားတဲ့ ကျွန်းတိုက်မှာ တစ်နှစ်ကျော်နေခဲ့ရပြီး ရဲမွန်စခန်းမှာ ခြောက်လလောက်နေခဲ့ရပါတယ်။ ဒါ့အပြင်၂၀၀၇ ခုနှစ်မှာလည်း အကျဉ်းကျခံခဲ့ရပါသေးတယ်။စစ်ကြောရေးကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။
အကျဉ်းထောင်အတွင်းမှာစစ်ပြေးတွေ၊ ထောက်လှမ်းရေးတွေရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကြောင့် ညဘက်မအိပ်တတ်တော့တဲ့ အကျင့်တခုရခဲ့ပြီး အပြင်ပြန်ရောက်လို့ နှစ်ပေါင်းများစွာကြာတဲ့အထိ ညတိုင်း မအိပ်တော့တဲ့အကျင့်တခုရခဲ့ပါတယ်။ ဒီလိုအကျင့်ဖြစ်ခဲ့ပေမယ့်လည်း အိပ်ဆေးလုံးဝမသောက်ဘဲ တခြားနည်း လမ်းတွေ၊သဘာဝနည်းလမ်းတွေနဲ့ အိပ်နိုင်အောင်ကြိုးစားခဲ့ပါတယ်။
“အိပ်ဆေးကိုလုံးလုံးမသောက်ဘူး။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့စစ်အာဏာရှင်သို့မဟုတ်ရန်သူက ငါတို့ကိုဒီလိုဖြစ်စေချင်လို့ လုပ်လိုက်တာကိုရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့အိပ်ဆေးမသောက်ဘူး။ အမြဲတမ်းတော့မဟုတ်ဘူးပေါ့ မအိပ်လိုက်အိပ်လိုက် ဒီလိုနဲ့ကျော်ဖြတ်လိုက်တယ်”လို့ မခင်စောကပြောပါ တယ်။အကျဉ်းထောင်အတွင်းနေစဉ်မှာ ရဲဘော်တွေအဖမ်းခံရတာ၊စစ်ကြောရေးမှာ သေဆုံးတဲ့သတင်းတွေနဲ့ နိုးထရတဲ့နေ့တွေကတော့ မခင်စောအတွက်စိတ်ဒဏ်ရာရခဲ့တဲ့ နေ့ရက်တွေဖြစ်ခဲ့ပါတယ်။
အကျဉ်းထောင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရနိုင်တဲ့ ဆိုးဝါးတဲ့နေ့တွေကို မခင်စော တစ်ယောက် နိုင်ငံရေးယုံကြည်ချက်စိတ်တခုထဲနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပညာရှင်တွေ တွေမရှိ သလောက်နည်းပါးခဲ့တဲ့အတွက် အရင်စစ်အာဏာရှင်စနစ်မှာ အကျဉ်းထောင်တွင်းဖြတ်သန်းခဲ့ဖူးတဲ့ အမျိုးသမီးအများစုဟာ စိတ်ဒဏ်ရာတွေကို မိမိဘာသာကုစားခဲ့ကြရတယ်လို့ မဖြူပန်းနုခင်က သုံးသပ်ပါတယ်။
တချို့အမျိုးသမီးတွေက ဆရာဝန်ကနေကုသမှုရယူခဲ့ကြတာမျိုးဖြစ်နိုင်သလို သူတို့ရဲ့နိုင်ငံရေးယုံကြည်မှု၊ ဘာသာရေးရေးယုံကြည်မှုတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ကာ စိတ်ကိုပြန်လည်ကုစားကြတာ အပြင် တချို့က အနုပညာခံစားချက်တွေ တည်ဆောက်ကာ စာတွေ၊ကဗျာတွေရေးတာ မျိုးတွေလည်းရှိခဲ့ကြ တယ်လို့ မဖြူပန်းနုခင်ကဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသူဟောင်းအမျိုးသမီးတွေကခေတ်အဆက်ဆက်သူတို့လွတ်မြောက်ပြီးတဲ့နောက်ပိုင်းမှာ ဆက်လက်ပြီးတိုက်ပွဲဝင်တယ်။ ကျွန်မတို့အားလုံးသိတဲ့အတိုင်းပဲ တက်ကြွလှုပ်ရှားသူအနေနဲ့ ဆက်လက်လှုပ်ရှား တယ်။ ခေတ်အဆက်ဆက်မှာ သူတို့ရဲ့နိုင်ငံရေးယုံကြည်မှုနဲ့ အမှန်တရားဘက်မှာ ရပ်တည်ခဲ့တယ်ဆို တဲ့သတ္တိတွေရဲရင့်မှုတွေ စိတ်ဒဏ်ရာတွေကို ကုစားတယ်လို့ခန့်မှန်းမိတယ်”လို့မဖြူပန်းနုခင်က ဆိုပါတယ်။
ပတ်ဝန်းကျင်အနေနဲ့လည်း ပြန်လည်လွတ်မြောက်လာသူအမျိုးသမီးတွေရဲ့ သတ္တိရှိမှုနဲ့ရဲရင့်မှုကို ကြိုဆို ဂုဏ်ပြုဖို့လို သလို ဒီအမျိုးသမီးတွေကိုယ်တိုင်လည်း မိမိကိုယ်ကိုဂုဏ်ယူစိတ်နဲ့ ရှေ့ဆက်ဖို့လိုတယ်လို့ တိုက်တွန်းပါတယ်။
“စိတ်ဒဏ်ရာရပြီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာရောဂါလဏ္ခာတွေရှိနိုင်တယ် ထိခိုက်မှုတွေရှိနိုင်တယ် ဒါပေမယ့်ဒါကတသက်လုံးစာမဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာ ပညာရှင်တွေမရှိခဲ့ရင်တောင် အမျိုးသမီးတွေ မိမိဘာသာကုစားနိုင်ခဲ့တယ်။ တည်ဆောက်နိုင်တယ်။ ထရော်မာရပြီးတဲ့နောက်မှာလည်းပိုပြီးတော့ စိတ် ဓာတ်ကြံ့ကြံ့ခံနိုင်သွားတဲ့ သာဓကတွေ ကုသရေးဘက်ကရော သိပ္ပံနည်းကျ အရရော နားလည် ထားတာရှိတယ်”လို့ မဖြူပန်းနုခင်က ဆိုပါတယ်။
အကျဉ်းထောင်နေ့ရက်တွေကိုဖြတ်သန်းဖူးသူတွေက ဒီလိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိခဲ့ပေမယ့်လည်း စစ် အာဏာရှင်ကိုဆန့်ကျင်ဖို့ ဆန္ဒတွေပြင်းပြနေဆဲပါ။
ဒေါ်ကြည်ကြည်က “အန်တီကနိုင်ငံအရေးနဲ့ပတ်သက်လာရင် ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ဒဏ်ရာတွေသူများ နှိပ်စက်တာတွေအဲ့ဒါတွေကိုခံစားရတယ်လို့မမြင်ဘူး။ စစ်ကျွန်ဘဝကလွတ်ဖို့ပဲစဉ်းစားတယ်။ စိတ်ဒဏ်ရာတွေ ခန္ဓာကိုယ် မှာရှိတဲ့ ဒဏ်ရာတွေကိုဘာတစ်ခုမှမပြောချင်ဘူး။ တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက်ပဲရှိတယ်။ အညို အမဲစွဲတာတွေငုံ့တောင်မကြည့်မိဘူး အန်တီနာခဲ့တာတွေကိုအနာလို့မထင်ဘူး အန်တီလုပ်ရမယ့်အလုပ် တာဝန်လို့ယူဆတယ်”လို့ဆိုပါတယ်။ မပန်းလေးကတော့ “ဆင်တူရိုးမှား အဖြစ်အပျက်တွေမြင်တိုင်းအဲ့အချိန်ကို ပြန်ရောက်သွားတယ်”လို့ဖွင့်ဟ ပါတယ်။