နွေဦးမောင်။ ။
မာန်လွယ်ရွာလေးသည် ဆောင်းဦးရာသီ၏ အငွေ့အသက်များနှင့်အတူ ည ၁၀ နာရီမထိုးခင်ကပင် တိတ်ဆိတ်စပြုနေပြီ။
အိမ်ခြေ ၁၀၀ အောက်သာရှိသည့်ထိုရွာလေးတွင် လျှပ်စစ်မီးများ မရှိပါ။ ထို့ကြောင့် ဆောင်းည၏တိတ်ဆိတ်မှုအောက်က မာန်လွယ်ရွာလေးမှာ အမှောင်ထုသည် ပို၍ကြီးစိုးနေသယောင် ထင်မှတ်ရ၏။
သို့သော် ထိုတိတ်ဆိတ်မှုနှင့် ညအမှောင်ကို အခွင့်ကောင်းယူကာ သောက်စားပျော်ပါးနေသည့် လူတစ်စုလည်း ရွာလယ် ပိုင်းတွင် ရှိနေပါသည်။
ထိုသူများမှာ ဒေသခံတိုင်းရင်းသားများ မဟုတ်ကြပါ။ လူသတ်လက်နက်ကိုယ်စီဖြင့် မာန်လွယ်ရွာထဲ လာရောက်တပ် စွဲထားသည့် စစ်ကောင်စီတပ်မှ စစ်သားများသာ ဖြစ်ပါသည်။ တပ်သားဦးရေ ၃၀ ခန့်ရှိမည်။
သူတို့ မာန်လွယ်ရွာသို့ရောက်နေသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ရွာကမခွာမီနောက်ဆုံးညကို အထက်က အတိုင်း သောက်စားပျော်ပါးခြင်းဖြင့် နှုတ်ဆက်နေကြခြင်း ဖြစ်၏။
မာန်လွယ်ရွာမှာ ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ကျေးရွာတစ်ရွာ ဖြစ်ပါသည်။ တီးတိန်မှ ထိုရွာသို့ ဆိုင်ကယ်နှင့် သွားလျှင် နာရီဝက်ခန့် သွားရသည်။
ထိုရွာလေးရှိ မိသားစုနှစ်စုမှာ သောက်စားမူးယစ်ပျော်ပါးနေကြသော စစ်သားတချို့၏ ဆိုးသွမ်းယုတ်မာမှုဒဏ်ကို ခံခဲ့ ကြရသည်။ တိတိကျကျဆိုရလျှင် စစ်သားတစ်စုက ရွာခံအမျိုးသမီးနှစ်ဦးကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာပြုကျင့်မှုကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါသည်။
အမှောင်ဖုံးတဲ့ည
ဆိုခဲ့ပါစစ်သားများသည် ပျော်ပါးသောက်စားကြပြီးနောက် သုံးယောက်တစ်တွဲ နှစ်ယောက်တစ်တွဲဖြင့် ရွာတွင်း ဟိုဒီသွားလာကြသည်။
တစ်ရွာလုံးမှာ အိပ်မောကျနေခြင်းမဟုတ်သည့်တိုင် ကျေးရွာအတွင်း လက်နက်ကိုင်များရှိနေခြင်းကြောင့် တိတ်တဆိတ် နေထိုင်ကြခြင်း ဖြစ်သည်။ အကြောင်းမူ ‘တစ်ခုခုများ လုပ်လေမလား’ဟူသော စိုးရိမ်စိတ်ဖြင့် သတိထားနေရသည့် အနေ အထား ဖြစ်၏။
ထိုသို့ရှိစဉ် ည ၁၀ နာရီလောက်ရှိတော့ မရှေးမနှောင်းဆိုသလို မိသားစုနှစ်စုထံ ကြမ္မာရိုင်းများ ဝင်လာပါလေတော့သည်။ ယင်းမှာအခြားမဟုတ်ပါ။ အရက်မူးနေသည့် စစ်သားငါးဦးတွင် သုံးဦးက ဟောက်ကျင့်မာန်တို့ အိမ်တံခါးကို ခေါက်လာ သည်။ ကျန်နှစ်ဦးမှာ ကိုဆလိုင်းမာန်၏နှမအိမ်သို့ သွားခေါက်ကြကြောင်း ဟောက်ကျင့်မာန်၏ မိသားစုဝင်များက ပြန် ပြောပြသည်။
ထိုနေ့က ကိုဟောက်ကျင့်မာန်တို့မိသားစုသည် အခြားမိသားစုများနည်းတူ စိုးရိမ်စိတ်ဖြင့် စောစောအိပ်ရာဝင်ခဲ့ကြသည်။ ယခုမူ ထိုစိုးရိမ်ဖွယ်အခြေအနေမှာ သူတို့အိမ်တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပေပြီ။
အိမ်တံခါးကို တဒုန်းဒုန်းထုသံကြောင့် ကိုဟောက်ကျင့်မာန်တို့မိသားစု အိပ်ရာမှလန့်နိုးကုန်သည်။ တစ်လသားကျော်ကျော် သာရှိသေးသည့် သူ့သမီးအငယ်ဆုံးလေးမှာ ဆူညံသံများကြောင့် ကြောက်အားကြီးစွာ အော်ငိုတော့သည်။
သို့သော် သူ့အိမ်သို့ရောက်လာသူ စစ်သားသုံးဦးက ဘာကိုမျှ ဂရုမထား။ သေနတ်တကားကားဖြင့် ပစ်မည် ခတ်မည် သတ် ပစ်မည် တကဲကဲရှိ၏။ သွေးနုသားနုသာရှိသေးသည့် ကိုဟောက်ကျင့်မာန်၏အမျိုးသမီးမှာ ကြောက်အားလန့်အားဖြင့် စကားပင်ဟဟမပြောနိုင်ဘဲ ရှိချေသည်။
သူ့အနေနှင့် ကြောက်မည်ဆိုလည်း ကြောက်လောက်သည်။ အိမ်တံခါးကိုတွန်းဖွင့်ပြီးဝင်လာကတည်းက ထိုစစ်သား သုံးဦးမှာ သူ့အမျိုးသားကို ရိုက်နှက်ကန်ကြောက်ကာ နှိပ်စက်တော့သည်။ သူ့ကိုမူ အိမ်ယာထက်မှ နေရာမရွှေ့စေဘဲ ထိုနေရာ၌ ငြိမ်ငြိမ်လေးနေရန် သတိပေးခံရ၏။
စစ်သားသုံးယောက်မှာ တစ်ယောက်က ဟောက်ကျင့်မာန်အားနှိပ်စက်သည်။ ကျန်တစ်ယောက်က အိမ်တံခါးဝ၌ ကင်းစောင့်သလို သေနတ်လွယ်လျက်ဖြင့် ရှိနေသည်။ ကျန်တစ်ယောက်ကမူ အိပ်ယာပေါ်မှ သားသည်မိခင် ကိုဟောက်ကျင့်မာန်၏ဇနီးအား အလိုမတူဘဲ ဗလက္ကာရပြုလေသည်။
ထိုသူ့ အလိုဆန္ဒပြည့်တော့ ကျန်စစ်သားနှစ်ယောက်ကပါ ရှေ့ကနည်းအတိုင်း အိမ်ရှင်အမျိုးသမီးကို ပြုကျင့်ကြသည်။ ယင်းသို့လျှင် အိမ်ရှင်အမျိုးသားကို ရိုက်နှက်နှိပ်စက်သည့်အပြင် အမျိုးသမီးဖြစ်သူကိုပါ ပြုကျင့်စော်ကားကြပြီးနောက် ထိုစစ်သားသုံးဦး ပြန်သွားကြသည်။
အထက်နားတွင် ဖော်ပြခဲ့သည့်အတိုင်း ကိုဟောက်ကျင့်မာန်တို့အိမ်သို့ စစ်သားများရောက်လာချိန်နှင့် မရှေးမနှောင်းတွင် ၎င်း၏နှမအိမ်သို့လည်း စစ်သားနှစ်ဦး သွားရောက်နေပြီ ဖြစ်သည်။
ထိုနှစ်ဦးကလည်း ကိုဟောက်ကျင့်မာန်၏ နှမနှင့် ယောက်ဖတို့အိမ်ရှေ့သို့လာပြီး အိမ်တံခါးခေါက်ပြန်ပါသည်။ ကြောက် ကြောက်လန့်လန့်ဖြင့် ချက်ချင်းထပြီး တံခါးမဖွင့်သေးဘဲ စောင့်ကြည့်နေခဲ့ရာ စစ်သားနှစ်ဦးက ဒေါသထွက်ဟန်ဖြင့် တံခါး ကိုဝုန်းဒိုင်းထုတော့သည်။
ထို့ကြောင့် ဟောက်ကျင့်မာန်၏ယောက်ဖမှာ မနေသာတော့ဘဲ ထဖွင့်ပေးရလေသည်။ ဤတွင် အရက်မူးနေသည့် အနှီစစ်သားနှစ်ဦးက အိမ်တွင်းသို့ ဝင်လည်းဝင် ပါးစပ်မှ ဆဲလည်းဆဲဖြင့် ဟောက်ကျင့်မာန်၏ယောက်ဖကို သေနတ်ဒင် နှင့်ပါထုသည်။ နေရာတင် ထိုင်ခိုင်းထားပြီး ခြေဖြင့်ပြေးကန်သည်ဟုလည်း သူ့မိသားစုဝင်အမျိုးသမီးကြီးတစ်ဦးက ပြောပါ သည်။
တော်သေးသည်ဟုဆိုရမည်မှာ သည်တစ်ခေါက်၌ သည်မျှဖြင့်သာ စစ်သားနှစ်ဦးလုံး နောက်ပြန်ခေါက်သွားခြင်းဖြစ်သည်။ သို့သော် ကြာကြာကံမကောင်းလိုက်ပါ။ ထိုစစ်သားနှစ်ဦးအပြင် နောက်ထပ်အဖော်တစ်ဦးနှင့်ပါဒုတိယအခေါက် ပြန်ရောက် လာပါလေသည်။
ဤတစ်ခေါက်တွင်လည်း အပြစ်မရှိအပြစ်ရှာဆိုသကဲ့သို့ ကိုဟောက်ကျင့်မာန်၏ယောက်ဖကို ရိုက်နှက်ကန်ကြောက်ပြန် သည်။ သန္ဓေသားခုနစ်လနှင့် ဇနီးဖြစ်သူကိုမူ အလိုရှိတိုင်းလိုက်လျောရန် ဖြောင့်ဖြအကြပ်ကိုင်၏။ ပြီးသည့်အခါ စစ်သား တစ်ဦးက သူ့အမျိုးသားရှေ့၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား မဖွယ်မရာ ပြုတော့သည်။
အဆိုးထဲကအကောင်းဟုမဆိုနိုင်သည့်တိုင် ကိုဟောက်ကျင့်မာန်၏ဇနီးထက်စာလျင် နှမဖြစ်သူက အနည်းသက်သာရာ ရသွားသည်ဟု ဆိုရမည်။ အကြောင်းမှာ စစ်သားသုံးဦးလာရောက်သော်လည်း တစ်ဦးကသာ ယုတ်မာရိုင်းစိုင်းခဲ့ပြီး ကျန်နှစ်ဦးက အဖော်လိုက်လာခြင်းမျှသာ မပြုမူဘဲနေခဲ့၍ ဖြစ်သည်။
နောက်ထပ် မှောင်မိုက်ခြင်းများ
ပို၍ကံဆိုးသည်မှာ ကိုဟောက်ကျင့်မာန်နှင့် သူ့ဇနီးသည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ည ၁၂ နာရီခန့်တွင် သူတို့အိမ်သို့ လူမဆန်သည့်စစ်သားသုံးဦး နောက်တစ်ကြိမ် ရောက်လာပြန်၍ ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း သုံးဦးစလုံးက ရှေ့ကနည်းအတိုင်း ကိုဟောက်ကျင့်မာန်၏ဇနီးအား ထပ်မံပြုကျင့်ကြသည်။ သို့တိုင် ဟောက်ကျင့်မာန်နှင့်ဇနီးမှာ ပတ်ဝန်းကျင်ကအကူအညီရအောင် အော်လည်းမအော်ရဲသကဲ့သို့ ခေါ်လည်းမခေါ်ရဲခဲ့ပါ။
“ဘေးမှာ သေနတ်တွေလည်းချထားတော့ အော်လည်းမအော်ရဲဘူးလေ။ နင်အော်ရင် သတ်မှာနော်ဆိုပြီး ခြိမ်းလည်းခြိမ်း ခြောက်တော့ လှုပ်တောင်မလှုပ်ရဲဘူးပြောတယ်”ဟု အလိုမတူဘဲ ပြုကျင့်ခံရသူ၏တူမက ထိုညကအခြေအနေကို ပြောပြ သည်။
ဒုတိယအကြိမ် ပြန်သွားပြီးနောက် ည ၂ ချက်တီးတွင် တစ်ကြိမ် မနက် ၄ နာရီခန့်တွင် တစ်ကြိမ်ဖြင့် တစ်ညတည်း လေးကြိမ်ဆက်တိုက် လာရောက်ကြကြောင်း ကာယကံရှင်၏တူမက ပြောပါသည်။
ထိုလေးကြိမ်တွင် စစ်သားသုံးဦးက ကိုဟောက်ကျင့်မာန်၏ဇနီးအား တစ်ဦးကိုနှစ်ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြခြင်း ဖြစ် သည်။ ယင်းသို့ ကျူးလွန်ယုံမျှမက ဇနီးသည်၏နားကပ်တစ်ရံ လက်ကိုင်ဖုန်းတစ်လုံး ပါဝါဘန့်ခ်တစ်ခုနှင့် ငွေကျပ်နှစ် သောင်းခန့်ကိုပါ အနုကြမ်းစီးသွားသည်။
ထိုမျှနှင့် မပြီးသေး။ ထိုသူများနောက်ဆုံးအခေါက်ရောက်လာသည့် လေးကြိမ်မြောက်၌ ကိုယ်ဟောက်ကျင့်မာန်အား အရက်ဆိုင်သို့လည်းကောင်း ၎င်းတို့တည်းခိုရာ ရွာလူကြီးအိမ်အနီးသို့လည်းကောင်း ဆိုင်ကယ်မောင်းပို့ရန် စေခိုင်းခဲ့လေ သည်။
အခြေခံလူတန်းစား မိသားစုများ
ယခုလို ဆိုးယုတ်မှုများဖြင့် ကြုံတွေ့ခဲ့ရသည့် ကိုဟောက်ကျင့်မာန်သည် အသက် ၄၀ စွန်းစွန်းရှိပြီ ဖြစ်သည်။ ဇနီးဖြစ် သူမှာမူ သူ့ထက်ခုနစ်နှစ်ရှစ်နှစ်ခန့်ငယ်ပြီး အသက် ၃၀ ကျော်အရွယ် ဖြစ်၏။
သူတို့ဇနီးမောင်နှံတွင် ယခုနောက်ဆုံးမီးဖွားသန့်စင်ထားသည့် တစ်လကျော်အရွယ် သမီးငယ်လေးနှင့်ဆိုလျှင် သားသမီး လေးယောက်ရှိသည်။
သူတို့မိသားစုနေထိုင်ရာ မာန်လွယ်ကျေးရွာအပါအဝင် တီးတိန်မြို့နယ်နေ ချင်းတိုင်းရင်းသားအများစုမှာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းဖြင့် အသက်မွေးကြသူများ ဖြစ်သည်။
ကိုဟောက်ကျင့်မာန်တို့မိသားစုဆိုလျှင် ကိုယ်ပိုင်တောင်ယာခင်းအနည်းငယ်၌ အားလူးချိန်အားလူး၊ မုန်ညှင်းချိန်မုန်ညှင်း စသဖြင့် စိုက်ပျိုးကြသည်။ ထို့အပြင် ကြက်၊ဝက်၊ဆိတ်စသည့် အိမ်မွေးတိရိစ္ဆာန်အချို့ကိုလည်း မိသားစုဝင်ငွေအတွက် တစ်နိုင်တစ်ပိုင်မွေးမြူကြသေး၏။
၎င်း၏နှမနှင့် ယောက်ဖဖြစ်သူတို့ကမူ ကိုယ်ပိုင်တောင်ယာလုပ်ခင်းမရှိသဖြင့် နေ့စားအဖြစ် လူငှားအလုပ်ဖြင့် အသက် မွေးကြသည်။ သူတို့တွင်လည်း အိမ်မွေးတိရိစ္ဆာန်အချို့ မွေးမြူကြ၏။
အသက်အရွယ်အားဖြင့် ကိုဟောက်ကျင့်မာန်နှင့် သူ့နှမမှာ လေးငါးနှစ်ခန့်ကွာပြီး ယောက်ဖဖြစ်သူသည် သူ့နှမနှင့် အသက်မတိမ်းမယိမ်းဖြစ်ပါသည်။ သူတို့တွင်လည်း သားသမီးလေးယောက်ရှိပြီး ယခုလွယ်ပိုးထားသည့်သန္ဓေသားမှာ ငါးဦးယောက်မြောက်ဖြစ်၏။
ယခင်လို မနေရဲပြီ
စစ်ကောင်စီတပ်သားများ၏ လူမဆန်သည့်လုပ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကိုဟောက်ကျင့်မာန်နှင့် မိသားစုမှာ ကိုယ်ကျွမ်းကျင်ရာအသက်မွေးဝမ်းကြောင်းအလုပ်ဖြင့် ယခင်ကလို အေးအေးလူလူလုပ်ကိုင်စားသောက်နေထိုင်ရန် မဝံ့ရဲ ကြတော့ပေ။
မိသားစုဝင်များ ပြောပြချက်အရ နိုင်ငံရေးအခြေအနေမတည်ငြိမ်သည်နှင့်အမျှ နစ်နာမှုအား တိုင်တန်းဖို့လည်းအခွင့်မသာ တိုင်လည်းမတိုင်ရဲသည့်အခြေအနေတွင် နောက်ထပ်တစ်ကြိမ် ယခုလိုကြုံရမည်ကို စိုးထိတ်နေရသည်ဟု ဆိုပါသည်။
အမှောင်ညကို ဖြတ်သန်းပြီးကတည်းက ကိုဟောက်ကျင့်မာန်ရော ဇနီးဖြစ်သူပါ အရင်လို စကားဟဟ မပြောကြဟု ကိုဟောက်ကျင့်မာန်၏ အစ်မကြီးက ပြောသည်။
ထိုမှောင်မိုက်သော ကြမ္မာဆိုးကိုခံစားပြီး နောက်တစ်နေ့၌ပင် ကိုဟောက်ကျင့်မာန်တို့ သားအဖတစ်တွေ အစ်မကြီးတို့ထံ စိတ်ပြေလက်ပျောက်သွားခဲ့သည်။ အခင်းမဖြစ်မီအချိန်ကတည်းက သားသမီးအကြီးသုံးယောက်ကို အစ်မကြီးထံပို့ ထားမိ၍ တော်သေးသည်ဟု မှတ်ယူရသည်။ ကိုဟောက်ကျင့်မာန်တို့ရွာနှင့် သူ့အစ်မကြီးနေသည့်ရွာက သိပ်မဝေးလှ။ ကြားထဲမှာ ရွာလေးရွာသာ ခြားသည်။
ယင်းသို့မဟုတ်ပါမူ ထိုလူမမယ်ကလေးသုံးဦးပါ ဆိုးယုတ်မှုနှင့်ကြုံရပြီး စိတ်ဒဏ်ရရနိုင်သည်ဟုလည်း ကိုဟောက် ကျင့်မာန်၏ အစ်မကြီးက ထင်မြင်ချက်ပေးသည်။
ယခုတောင် မောင်ဖြစ်သူနှင့် ယောက်မဖြစ်သူတို့မှာ စိတ်ခံစားမှုဝေဒနာကို ကုန်စင်အောင်မဖွင့်ဟသည့်တိုင် မည်မျှခံစား နေရသည်ကို သူတို့ဟန်ပန်အမူအရာများက သက်သေပြနေသည်။
အဘယ်ကြောင့်ဆိုသော် မောင်ဖြစ်သူသည် အစ်မကြီးအိမ်မို့ အားကိုးတကြီးရောက်လာခဲ့သော်လည်း မျက်နှာပင်မဖော် ဝံ့အောင် ရှက်ရွံ့နေဟန်တွေ့မြင်ရ၍ ဖြစ်သည်။ ယောက်မဖြစ်သူမှာ သာ၍ဆိုးသေးသည်။ နဂိုကတည်းက စကားနည်း သူဖြစ်သည့်အလျှောက် ယခုမူ အစ်မကြီးအိမ်၌သုံးရက်နေပြီး ပြန်သာသွားသည် စကားဘယ်နှစ်ခွန်းမှ ပြောမသွား။ သူ့ဖာသာ ဆိတ်ဆိတ်နေသွားသည်ဟု ကိုဟောက်ကျင့်မာန်၏ အစ်မက ရင်ဖွင့်သည်။
ကိုယ့်အိမ်ကိုယ်ရာမို့သာ နေရာဟောင်းသို့ ပြန်ရမည်ဖြစ်သော်လည်း အမှန်တစ်ကယ်တော့ ကိုဟောက်ကျင့်မာန်တို့ မပြန်လိုသေး။ စိတ်အနာတွေ သက်သာအနည်ထိုင်သည်အထိ ထိုနေရာက ခွဲနေချင်သေးသည်။
သို့သော် သူတို့မိသားစုမှာ ထိုမျှလောက်အင်အားမရှိ။ ယခုချက်ချင်း တစ်နေရာကတစ်နေရာ ပြောင်းရွှေ့နေထိုင်ဖို့ ဆိုသည်မှာ ငွေကုန်ကြေးကျ များလှသည်မဟုတ်လား။ သည်တော့လည်း မတတ်နိုင်သည့်အဆုံး သည်နေရာသည်ဌာန မှာပဲ အမှောင်ညအိပ်မက်ဆိုးနှင့်အတူ ဖြတ်သန်းကြရပေဦးမည်။
(မှတ်ချက် – ကာယကံရှင်များ၏အမည်နှင့် ကျေးရွာအမည်တို့ကို အမည်လွှဲဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်)