Home ဆောင်းပါး “အာဏာရှင်လက်အောက် တရားမျှတမှုရဖို့အလှမ်းဝေးနေတဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုများ”

“အာဏာရှင်လက်အောက် တရားမျှတမှုရဖို့အလှမ်းဝေးနေတဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုများ”

နန်းဆိုင်နွမ်။ ။

“ ဘယ်နေ့ ကိုယ့်အလှည့် ရောက်လာမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ ကြောက်နေရတယ်” လို့ မငြိမ်းငြိမ်းထွန်း က စစ်ကောင်စီတက်လာပြီးနောက် ရင်ဆိုင်နေရတဲ့အခြေအနေကို ပြောလာပါတယ်။

မငြိမ်းငြိမ်းထွန်းဟာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေတဲ့သူဖြစ်သလို လက်ရှိမှာ အမျိုးသမီးတွေအကြမ်းဖက်ခံရတဲ့ သတင်းအချက်အလက်တွေကို ကောက်ယူနေတဲ့ သူလည်းဖြစ်ပါတယ်။

စစ်တပ်ကနေပြီး အမျိုးသမီးအပေါ် ကျူးလွန်မှုတွေဟာ တနေ့ထက်တနေ့ပိုများလာတဲ့အတွက် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ဖက်မှာရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ရပ်ရွာမှာမနေရဲကြတော့ဘဲ စစ်ရှောင်ဒုက္ခသည်အဖြစ် ထွက်ပြေးနေရ ပါတယ်။

“ စစ်ကောင်စီက အမျိုးသမီးတွေကို ဖမ်းဆီးတာ ၊ နှိပ်စက်တာ ၊ အကြမ်းဖက်မှုတွေဟာ ယခင်ကထက် အဆပေါင်းများစွာ များလာတာကိုတွေ့ရတယ်။ ကိုယ့်အိမ်မှာတောင် ကိုယ်မနေရဲတဲ့အဆင့်ပါပဲ “လို့ မငြိမ်းငြိမ်းထွန်း က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး (၁၀)လ အတွင်းမှာ သပိတ်မှာပါဝင်တဲ့ အမျိုးသမီးတွေကို ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်တာတွေရှိသလို သာမာန် ပြည်သူအမျိုးသမီးတွေကိုဖမ်းဆီးစစ်ဆေး နှိပ်စက်တာတွေလည်းရှိပါတယ်။

“ သပိတ်မှာပါလို့ ဖမ်းခံရတဲ့ အမျိုးသမီး ၂၂ ဦး ဆိုရင် စစ်ကြောရေးမှာ အရမ်းနှိပ်စက်ခံရတယ်။ တချို့အမျိုးသမီးတွေ ကိုယ့်လမ်းကိုယ်သွားနေတာတောင်မှ ပစ်ခတ်ခံရတာတွေအများကြီးပဲ။ တချို့ ကပစ်ခံရတာရှိသလို တချို့က အပြေးမြန်လို့ မမှန်တာတွေလည်းရှိတယ်” လို့ မငြိမ်းငြိမ်းထွန်းက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးကာလမှာ အမျိုးသမီးအရေး၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ သာမာန်လုပ်နေကြလှုပ်ရှားမှုတွေကို မလုပ်နိုင်တော့ဘဲ လွှတ်မြောက်ရာဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“လက်ရှိအခြေအနေမှာတော့ သတင်းအချက်အလက်ကောက်ရတာ အင်မတန်ခက်ခဲပါတယ်။ သာမန်ချိန်မှာဆို ကျူးလွန်ခံရသူနေတဲ့ပတ်ဝန်းကျင်ကို မေးမြန်းရတာ အခက်အခဲသိပ်မရှိပေမယ့် လက်ရှိအချိန်မှာ စစ်ကောင်စီက ကျူးလွန်တာဆိုရင် သတင်းမပေးရဲ၊မေးရင်လည်း ပြောမပြရဲကြဘူး” လို့ မငြိမ်းငြိမ်းထွန်းက လက်ရှိ အခက်အခဲကို ပြောပြလာပါတယ်။

မြန်မာနိုင်ငံတဝှမ်း ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းပြီးနောက် နိုဝင်ဘာ(၃)ရက်ထိ စစ်တပ်မှ အမျိုးသမီး (၂,၆၉၅ ) ကိုဖမ်းဆီးနှိပ်စက်ခဲ့ပြီး၊ စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးဦးရေ (၈၀)ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံကအမျိုးသမီးတချို့ဟာ စစ်ကောင်စီရဲ့အကြမ်းဖက်နှိပ်စက်မှု တခုတည်းခံနေရသူများမဟုတ်ကြဘဲ အမျိုးသား တွေကျူးလွန်တဲ့ အိမ်တွင်းအကြမ်းဖက်ကိုလည်း ခံနေကြရတာတွေလည်းရှိကြပါတယ်။

“ အမျိုးသမီးတွေက စစ်ကောင်စီ တခုတည်းကိုပဲ တော်လှန်နေရတာမဟုတ်ဘူး။ အမျိုးသားတွေရဲ့ အိမ်တွင်းအကြမ်း ဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တော်လှန်နေရတာ။ ဒီ ၂၀၂၁ ခုနစ်မှာတော့ အမျိုးသမီး အကြမ်းဖက်ခံရမှုက တော့ သိသိသာသာတိုးလာတယ်” လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ အတွင်းရေးမှူး နော်ဆဲဆဲက ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ခုနစ် WLB အဖွဲ့ဝင်တွေရှိတဲ့ တိုင်းရင်းသားနယ်မြေအတွင်း လက်လှမ်းမီသမျှ ကောက်ခံထားရတဲ့ အိမ်တွင်း အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကတော့ (၃၀၀)ကျော်ရှိပြီး၊ စစ်တပ်မှ ကျူးလွန်တဲ့ မုဒိမ်းမှုတွေ ကတော့ (၄) မှု ရှိကြောင်း လည်း နော်ဆဲဆဲက ပြောပါတယ်။

“ မြန်မာတနိုင်ငံလုံးက လုံခြုံရေးအရ ပြေးလွှားနေရတယ်။ ဒါကြောင့် ဒီနှစ်မှာသေချာ တိကျဖော်ပြလို့မရနိုင်ဘူး။ ဒါပေမယ့် မြင်နေတာတော့ ပိုဖြစ်တယ်။ လက်ရှိမှာတော့ ပြည်တွင်းတရားမျှတမှုကတော့ အလှမ်းဝေးမယ်။ နိုင်ငံတကာ တရားမျှတမှုကို ကျမတို့ ပိုမိုလုပ်ဆောင်နေတာရှိပါတယ်။ ဆက်ပြီးလုပ်ဆောင်သွားမယ်” လို့ နော်ဆဲဆဲက ဆိုပါတယ်။

အရင်က လက်နက်ကိုင်ပဋိပက္ခ ဖြစ်တဲ့နေရာ၊ တိုင်းရင်းသားဒေသတွေမှာသာ အမျိုးသမီးတွေနည်းမျိုးစုံ အကြမ်းခံရမှု ပိုတွေ့ခဲ့ရပေမယ့် လက်ရှိစစ်အာဏာသိမ်းပြီးနောက်မှာတော့ တနိုင်ငံလုံးအတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ ကြောင်း အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မမေစပယ်ဖြူက ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ အကြမ်းဖက်မှုက တနိုင်ငံလုံးအတိုင်းအတာနဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်တဲ့နေရာတွေမှာပဲမဟုတ်တော့ဘူး။ မြို့ပြတွေပေါ် တနိုင်ငံလုံးမှာဖြစ်နေတယ်” လို့ မမေစံပယ်ဖြူ ကဆိုပါတယ်။

စစ်အာဏာရှင် ဖြုတ်ချရေးအတွက် တော်လှန်ရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေကို စစ်တပ်က ရိုက်နှက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ လိင်းပိုင်ဆိုင်ရာစော်ကားမှုတွေဟာ ကြောက်စရာကောင်းလောက်အောင် လက်နက်သဖွယ် အသုံးပြုနေကြောင်းလည်း မမေစံပယ်ဖြူက လက်ရှိကြုံတွေ့နေရတာတွေကို ပြောပါတယ်။

စစ်ကောင်စီဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ မုဒိမ်းကျင့်မှုတွေကို စစ်လက်နက်သဖွယ် အသုံးပြုတွေ ပိုများလာကြောင်း အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လ တွင်လည်း စစ်ကိုင်းတိုင် ကနီမြို့နယ်မှာ စစ်ကောင်စီက အသက် (၁၄)နှစ် အရွယ် မိန်းကလေးငယ်၊ ချင်းပြည်နယ်မှာလည်း မွေးကင်းစမိခင်လောင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်ကို စစ်ကောင်စီက အုပ်စုလိုက်မုဒိမ်းကျင့်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိနေပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ယခုနှစ် ဇွန်လဆန်းပိုင်းမှာ အရွယ်မရောက်သေးတဲ့ မယ်သီလရှင်တစ်ဦးကို စစ်ကောင်စီက မုဒိမ်းကျင့်ခဲ့သလို နိုဝင်ဘာ လဆန်းပိုင်းမှာလည်း အသက် (၆၂)နှစ် အရွယ်အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ပါတယ်။

“ ကျမတို့ ရှမ်းပြည်မှာဆိုရင်တော့ အမျိုးသမီးတွေ ဘဝဟာ ပိုပြီး လုံခြုံမှုကင်းလာတယ်။ အကြမ်းဖက်ခံရရင်လည်း ငြိမ်ခံနေရတဲ့အဖြစ်ပါ။ အမျိုးသားတွေ အကြမ်းဖက်တာခံရသလို စစ်သားတွေ မုဒိမ်းကျင့်မှာလည်း ကြောက်နေရတဲ့ဘဝ” လို့ ကွတ်ခိုင်မြို့နယ် အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ ကချင်အမျိုးသမီး ဒေါ်လွမ်းရယ် က ပြောပါတယ်။

အရင်အစိုးရ လက်ထက်မှာတုန်းက အမျိုးသမီးတွေအကြမ်းဖက်ခံရရင် လိုက်ပါကူညီဆောင်ရွက်ပေးရတာ တရားရင်ဆိုင်တဲ့ အခါ လွယ်ကူပေမယ့် လက်ရှိမှာတော့ အခက်အခဲများစွာရှိကြောင်း စစ်တပ်နဲ့ပတ်သက်ရင်လည်း စစ်ခုံရုံးမှာ ဆုံးဖြတ်ကြောင်းလည်း ဒေါ်လွမ်းရယ်က ပြောပါတယ်။

ဒါ့ကြောင့် မြန်မာတဝှမ်းလုံးရှိတဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရခဲ့ရင် လက်ရှိအနေအထားမှာ တရားဥပဒေနည်းအရကူညီဖို့ ခက်တဲ့အချိန်ဖြစ်တဲ့အတွက် အမျိုးသမီးတွေအကြမ်းဖက်ခံရရင် အချက်အလက်ကိုသာ သေချာစုဆောင်းပြီး နောင်တချိန်မှာ တရားမျှတမှုပြန်ရအောင် ဆောင်ရွက်မှာဖြစ်ကြောင်းလည်း အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

“ လက်ရှိ အခြေအနေမှာကတော့ အဲဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ကျမတို့ အဖွဲ့အစည်းကိုယ်တိုင်လည်း အရင်ကလို ဥပဒေပိုင်းဆိုင်ရာကူညီဆောင်ရွက်မှုတွေ မလုပ်နိုင်တော့ဘူး” လို့ မငြိမ်းငြိမ်းထွန်းက စိတ်မကောင်းစွာ ပြောပါတယ်။

တရားမျှတမှု ရှာဖွေရေးအပိုင်းမှာတော့ စစ်ကောင်စီရဲ့ လက်အောက်တရားရုံးတွေရဲ့ အဆုံးအဖြတ်တွေက တရားမျှတမှုဆိုတာ လုံးဝရှိမှာမဟုတ်တော့ကြောင်း တရားမျှတမှုရရှိဖို့ အတွက်ခက်ခဲဦးမှာဖြစ်ကြောင်းလည်း မငြိမ်းငြိမ်းထွန်းက ဆိုပါတယ်။

စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ကိုယ့်အဖွဲ့အစည်း အနေနဲ့တော့ တိုက်ရိုက်လုပ်ဆောင် ပေးနိုင်တာ မရှိပေမယ့် နိုင်ငံတကာ ခုံရုံးကိုသွားနိုင်ဖို့ အတွက် အချက်အလက်များကို တဆင့် ပို့ပေးတာတွေ လက်လှမ်းမှီသလောက် ဆောင်ရွက်ပေးနေကြောင်းလည်း အမျိုးသမီးအရေးဆောင်ရွက်နေသူများက ပြောပါတယ်။

“ပြည်တွင်းမှာက တရားမျှတမှုရရှိဖို့ ဘယ်လိုနည်းနဲ့မှမရနိင်တော့ဘူး။ ကျမတို့နိုင်ငံတကာကို စည်းရုံးလှုံ့ဆော်မှုပြုလုပ်ပြီး တော့ အထူးသဖြင့်စစ်တပ်ကျူးလွန်တဲ့အမှုကို နိုင်ငံတကာတရားရုံးမှာ တရားမျှတမှု ရဖို့အသုံးပြုပြီး လုပ်ဆောင်သွားမယ်” လို့ နော်ဆဲဆဲ က ဆိုပါတယ်။

ခေတ်ကာလပြောင်းလဲလာမှုနဲ့ နည်းပညာတိုးတက်မှုတွေကြောင့် အရင်ခေတ် အာဏာသိမ်းမှုနဲ့မတူအောင် သတင်းအချက် အလက်စီးဆင်းနိုင်သေးကြောင်း သတင်းအချက်အလက်ကိုလည်း လက်လှမ်းမီနေသေးကြောင်းလည်း နော်ဆဲဆဲက ပြောပါ တယ်။

“ အရင်ခေတ် စစ်အစိုးရလက်ထက်နဲ့ မတူတော့ပါဘူး။ ခေတ်တွေကပြောင်းလဲလာပြီ၊ နည်းပညာတွေလည်း တိုးတက်လာပြီ။ ဒါကြောင့်မတရားမှုတွေ အကြမ်းဖက်မှုတွေကို သတ္တိရှိရှိထုတ်ဖော်ပြောဖို့ တရားမျှတမှုရရှိအောင် ဝိုင်းဝန်းတိုက်တွန်း ချင်ပါတယ်” လို့ နော်ဆဲဆဲ က ပြောပါတယ်။

မြန်မာနိုင်ငံကအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ဆိုရင် ပြစ်မှုကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချနိုင်မှပဲ ရမယ် လို့လည်း အမျိုးသမီးအရေး ဆောင်ရွက်သူတွေ က မှတ်ချက်ပြုလိုက်ပါတယ်။

ဒါကြောင့်ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့နဲ့ “ ၁၆ ရက်တာ” လှုပ်ရှားမှု အတွက်အမျိုးသမီးအဖွဲ့တွေအနေနဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ရာမှာတော့ သူတို့အနေနဲ့ “ ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ် အမျိုးသမီးအပေါ် အကြမ်းဖက်မှုအဆုံးသတ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့လှုပ်ရှားကြတာပဲဖြစ်ပါတယ်။

Author:

Related Articles