Home ဆောင်းပါး ပြစ်ဒဏ် ကင်းလွတ်ခွင့်မပေးသင့်သော လူမဆန်မှုများ

ပြစ်ဒဏ် ကင်းလွတ်ခွင့်မပေးသင့်သော လူမဆန်မှုများ

ဒေဝီ။ ။

ညသန်းခေါင်ယံ အိပ်မောကျချိန်မှာပဲ နေအိမ်တံခါးကို ထုရိုက်ပြီး တံခါးဖွင့်ဖို့ ကြိမ်းမောင်းပြောဆိုသံကြောင့် ကိုယ်ဝန်ခုနှစ် လ လွယ်ထားရတဲ့ မနမ်ဇွန်တစ်ယောက် အိမ်ယာကထလာပြီး မပေ့ါမပါးခန္ဓာကိုယ်နဲ့ပဲ ကမန်းကတန်း တံခါးဖွင့်ပေးခဲ့ရ တယ်။

တံခါးဖွင့်လိုက်စဉ်မှာပဲ ယူနီဖောင်းဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားတဲ့ စစ်သားနှစ်ယောက်က အိမ်ထဲဝင်လာပြီး သေနတ်မောင်းချိန်ကာ မနမ်ဇွန်ဝတ်ဆင်ထားတဲ့ နားကပ်ကို ချွတ်ခိုင်းတယ်။ နားကပ်ချွတ်ပေးနေစဉ်မှာပဲ ခင်ပွန်းဖြစ်သူ အိမ်ယာကထလာတဲ့အတွက် ခင်ပွန်းကိုကြမ်းပြင်ပေါ်ဝပ်ခိုင်းပြီး ခြေထောက်နဲ့ကန်သလို မျက်နှာကိုလည်း ရိုက်ခဲ့တယ်။

စစ်သားတယောက်က ခင်ပွန်းဖြစ်သူကို စောင့်ကြည့်နေချိန်မှာ အခြားစစ်သားတစ်ယောက်ကမနမ်ဇွန်ကို ရေချိုးခန်းထဲ ဆွဲခေါ်သွားပြီး အဓမ္မပြုကျင့်ပါတော့တယ်။

“အမျိုးသမီးကိုအိမ်ပြင်ဆွဲခေါ်သေးတယ်၊ မရတော့ အိမ်ထဲပြန်ဆွဲပြီး ရေချိုးခန်းထဲမှာပဲ အလှည့်ကျနဲ့ တစ်ယောက် တစ်လှည့်စီ ကျူးလွန်တာ” လို့ မနမ်ဇွန်တို့ မိသားစုနဲ့နီးစပ်တဲ့ ဆွေမျိုးတစ်ဦးကပြောပါတယ်။

စစ်သားနှစ်ယောက်က တလှည့်စီကျူးလွန်ခဲ့ပြီးတော့ ပြန်သွားပြီးနောက် မနက်သုံးနာရီမှာ ထပ်မံရောက်ရှိလာကာ မနမ်ဇွန်ကို အဓမ္မ ပြုကျင့်ပြန်ပါတယ်။

” မိန်းကလေးကဘာပြောလဲဆို ဆရာရယ်၊ကျွန်မမှာ ဗိုက်ကြီးသည်ပါ၊ သားအိမ်လည်းနာလှပြီ၊ ခန္ဓာကိုယ်မှာ အားလည်း မရှိတော့ဘူးမလုပ်ပါနဲ့လို့ တောင်းတောင်းပန်ပန်နဲ့ပြောတာပဲ၊ ပြောပေမယ့်လည်းမရဘူး။ ဘယ်ရမလဲဆိုပြီး ပြောတယ်။ သနားစရာလားဘာညာနဲ့ မရိုသေ့စကားပြောရရင် သူ့ မအင်္ဂါကိုပါကိုက်လိုက်တယ်”လို့ ယင်းဆွေမျိုးက ပြောပါတယ်။

နိုဝင်ဘာ၁၁ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ယင်းစစ်သားနှစ်ဦးက ည၁၀နာရီဝန်းကျင်မှာမနမ်ဇွန်တို့ နေအိမ်ကိုလာ ရောက်ပြီး ဖုန်းနဲ့ငွေကြေးတွေတောင်းခဲ့ပါသေးတယ်။ မနမ်ဇွန်တို့က မရှိကြောင်းပြောဆိုတာကြောင့်ပြန်သွားကာ ညသန်း ခေါင်ယံအချိန်မှာ ထပ်ရောက်လာပြီး မနမ်ဇွန်ကို အဓမ္မမှု ကျူးလွန်ခဲ့တာပါ။

ဒီလိုပြုကျင့်ပြီးနောက် မနမ်ဇွန်တို့ မိသားစုကို ကျေနပ်လားဆိုပြီး သေနတ်ပြချိန်းခြောက်တာ ၊သတင်းပေါက်ကြားရင် မိသားစုကိုပါသတ်ပြစ်မယ်လို့ ကျိန်းမောင်းပြောဆိုတာတွေလုပ်ခဲ့တယ်လို့ ယင်းဆွေမျိုးက ဆက်ပြောပါတယ်။

“ကိုယ်ဝန်သည်အမျိုးသမီး မိသားစုကို ကျေနပ်လား၊မကျေနပ်ရင် ဒါပဲရမယ်ဆိုပြီးသေနတ်ပြချိန်းခြောက်ပြောတယ်။ သူတို့လည်း ကျေနပ်တယ်ဆိုပြီးပြောရတယ်”လို့ ယင်းကပြောတယ်။

ခုနှစ်လရှိနေပြီဖြစ်တဲ့ ကိုယ်ဝန်အရင့်အမာနဲ့မနမ်ဇွန်ကို နေအိမ်မှာပဲ ယူနီဖောင်းဝတ် စစ်သားနှစ်ဦးက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တာကြောင့် စိတ်ရောကိုယ်ပါနာကျင်ထိတ်လန့်တဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။

မနမ်ဇွန်လိုပဲ နိုင်ငံအနှံ့မှာ စစ်ကောင်စီဟာ အမျိုးသမီးတွေကို ကိုယ်ဝန်သည်တွေပါမချန် ဖမ်းဆီး၊နှိပ်စက် ၊သတ်ဖြတ် ရုံတင်မက အဓမ္မပြုကျင့်တဲ့ ကိစ္စတွေကို ကျူးလွန်နေလျက်ရှိပါတယ်။

ဖေဖော်ဝါရီလကနေ နိုဝင်ဘာ ၂၅ရက်နေ့အထိ တော်လှန်ရေးကာလအတွင်းမှာ ကျဆုံးသွားတဲ့ အမျိုးသမီးနဲ့ အခြားလိင် စိတ်ခံယူထားသူ ၁၀၀ ကျော်ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ထုတ်ပြန်ထားပြီး ၊ ဒီထဲမှာ ကိုယ်ဝန် ဆောင်တွေ၊ မသန်စွမ်းသူတွေလည်းပါပါဝင်နေတယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အမျိုးသမီးတွေအပေါ် အကြမ်း ဖက်တဲ့လုပ်ရပ်တွေက ပိုတိုးလာ ပိုပြီးတော့ရက်စက်လာပြီး အာဏာသိမ်းကာလအတွင်း အမျိုးသမီးနဲ့ မိန်းကလေး ၈၅ ယောက်တို့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကား မှုများနဲ့ ပတ်သက်တဲ့အစီရင်ခံစာတွေအများအပြားလည်းရရှိထားပြီး ကျူးလွန်သူများကို အရေးယူနိုင်ဖို့ ယူကေအစိုးရက နိုင်ငံတကာမိတ်ဖက်များနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာစိတ်မရှိစွာ အဓမ္မပြုကျင့်မှု

စစ်ကောင်စီရဲ့ နည်းမျိုးစုံသော အကြမ်းဖက်ကျူးလွန်မှုတွေကို ခံရသူတွေထဲမှာ ချင်းအမျိုးသမီးဖြစ်သူ မနမ်ဇွန်လည်း တစ် ယောက်အပါအဝင်ပါ။

ချင်းပြည်နယ်၊တီးတိန်မြို့မှာ နေထိုင်တဲ့ ကလေးလေးဦးမိခင် မနမ်ဇွန်က လာမယ့်ဇန်နဝါရီမှာ ငါးယောက်မြောက်ကလေး ငယ်ကို မွေးဖွားမှာဖြစ်ပြီး၊ကိုယ်ဝန်အရင့်အမာနဲ့ပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတာ ပါ။

“သူတို့မှာ ဓားအချွန်လည်းပါတယ်၊ သေနတ်လည်းပါတယ်။ မောင်းချိန်ပြီးသေနတ်ကိုထောက်တာ၊ အမျိုးသမီးကို နားကပ် ချွတ်ခိုင်းလို့ နားကပ်ပါချွတ်ပေးလိုက်တယ်။ ပြီးတော့ အော်ရင်သတ်ပစ်မယ်ဆိုပြီး။ ကလေးတွေငိုတော့လည်း တိတ်ခိုင်း ထားတာ” လို့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

စစ်သားတွေက မနမ်ဇွန်ကို ကိုယ်ဝန်သည်မှန်းသိပေမယ့် ခြိမ်းခြောက်ပြီးလိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သလို အဲ့ဒီညမှာပဲ မနမ်ဇွန်တို့နဲ့ တရွာတည်းနေထိုင်တဲ့ ကလေးမွေးထားတာ တစ်လသာရှိတဲ့ သားသည်မိခင်တစ်ဦးကိုပါ အဓမ္မပြုကျင့်ခဲ့ တယ်လို့ ယင်းကဆိုပါတယ်။

အမျိုးသမီးနှစ်ဦးလုံးကကိုယ်ဝန်ဆောင်နဲ့ သားဖွားပြီးစ မိခင်တွေဖြစ်တဲ့အတွက် ဒီလိုအဓမ္မကျူးလွန်ခံခဲ့ရတဲ့ အခါ လူရော စိတ်ရော ထိခိုက်နာကျင်တဲ့ ဒဏ်တွေနဲ့ စိတ်အားငယ်နေပြီး ကြောက်ရွံ့မှုတွေလည်း ရှိနေပါတယ်။

” စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း ထိခိုက်သွားတယ်။ မေးတဲ့အခါ တငိုငိုနဲ့ပြောတယ်။ မျက်ရည်တွေနဲ့၊ ကိုယ်ဝန်သည် အမျိုးသမီးကတော့ တခါတခါမှာ ကလေးရှိနေလို့ နို့မို့ဆို သတ်ပစ်လိုက်မယ် ဘာညာပြောတယ်။” လို့ ယင်းဆွေမျိုးက ပြော ပါတယ်။

လက်ရှိအချိန်မှာတော့ ကျူးလွန်ခံရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့မီးဖွားပြီးစ အမျိုးသမီးတို့ကို ချင်းပြည်နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံတဲ့နေရာတစ်ခုကို ပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးကုသမှုတွေ လုပ်ဆောင်ပေး ထားတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်အရင့်အမာနဲ့ အဓမ္မကျူးလွန်ခံရတဲ့အတွက် နောက်ဆက်တွဲ ကူးစက်ရောဂါတွေမရအောင် ကိုယ်ဝန်သည် မိခင် လောင်းကို ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့လိုသလို၊ စိတ်ပိုင်းဆိုင်ရာ ကုသစောင့်ရှောက်ပေးဖို့ လိုတယ်လို့ အငြိမ်းစားဆရာဝန်တစ်ဦးကပြောပါတယ်။

“နောက်ဆက်တွဲအနေနဲ့ဆို ကျူးလွန်တဲ့အခါမှာ HIV ကာလသားရောဂါတွေရှိရင် ကူးစက်ခံရနိုင်မယ်။ နောက် injuries (ဒဏ်ရာ)တွေ ရနိုင်တယ်။ဒါတွေက ဘယ်လောက်အတိမ်အနက်ပြင်းထန်တယ်ဆိုတာ အသေးစိတ်တော့ မသိတဲ့အတွက် သေချာမပြောနိုင်ဘူးပေါ့။ အဓိကကတော့ မိခင်လောင်းကိုယ်ရောစိတ်ပါကျန်းမာဖို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့ လိုတယ်လို့ ၎င်းက ပြောပါတယ်။

ကိုယ်ဝန်သည်တွေကို ဖမ်းဆီးနှိပ်စက်မှုတွေ

စစ်ကောင်စီတပ်ဖွဲဝင်တွေက ကိုယ်ဝန်သည်အမျိုးသမီးတွေကိုပါမချန် အကြမ်းဖက်နှိပ်စက်မှုပြုနေတာက အကြောင်း ကြီး ငယ် မရွေး၊နေရာဒေသမရွေးမှာ ကြုံနေရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မွန်ပြည်နယ်၊ပေါင်မြို့မှာ ညဘက်အပြင်ကပြန်လာတဲ့ ဇနီးမောင်နှံနှစ်ဦးက ဓာတ်မီးနဲ့ အိမ်ရှေ့ကို ထိုးကြည့်မိစဉ် စစ်ကားကင်းလှည့်တာနဲ့ ကြုံရင်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရာမှာ ကိုယ်ဝန်ငါးလ ကျော် လွယ်ထားတဲ့ အမျိုးသမီးသေဆုံးပြီး ခင်ပွန်းဖြစ်သူ ဒဏ်ရာရခဲ့တာ ဖြစ်ပွားခဲ့တယ်လို့ ပေါင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

” အဲ့ဒီတုန်းကလည်း ကိုယ်ဝန်သည် လင်မယားကို ပစ်သတ်ပြီး ဒီတိုင်းထားခဲ့တာ၊ သေနတ်နဲ့ပစ်သတ်စရာ မလိုတဲ့ကိစ္စကို လုပ်သွားတာ ဘာမှတာဝန်ခံတာမျိုးမရှိဘူး ၊ဒီတိုင်းပဲပစ်ထားခဲ့တာ”လို့ မွန်ပြည်နယ် ပေါင်မြို့က ဒေသခံတစ်ဦးက ပြောပါ တယ်။

နိုဝင်ဘာ ၉ရက်တုန်းကလည်း မအူပင်မြို့နယ်က စည်ပင်နေ့စားဝန်ထမ်းရဲ့ဇနီး ကိုယ်ဝန်နှစ်လလွယ်ထားရတဲ့ အမျိုး သမီးကို အထွေထွေအုပ်ချုပ်ရေးမှုးရုံး ဒုဦးစီးမှုးအိမ်က ရွှေထည်တွေပျောက်ဆုံးရာမှာ ခိုးယူတယ်လို့စွပ်စွဲပြီး ရဲတပ်ဖွဲ့က ရိုက်နှက်စစ်ဆေးတာကြောင့် ယင်းကိုယ်ဝန်သည် အမျိုးသမီးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒုဦးစီးမှုးအိမ်က ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးတာကို တိုင်ကြားခဲ့ရာမှာ နေအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ယင်း အမျိုးသမီးခိုးယူတယ်လို့ မသင်္ကာမှုနဲ့ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး စစ်ဆေးရာမှာ လက်လွန်ပြီး သေဆုံးခဲ့ရတယ်လို့ ယင်းဒေသ ခံက ပြောပါတယ်။

” ကိုယ်ဝန်လနုလို့ မသိဘူးဆိုရင်တောင် ဒီလောက်ရက်ရက်စက်စက် ရိုက်နှက်ဖို့ မကောင်းဘူး၊သေဆုံးသွားတော့ ခန္ဓာကိုယ်မှာ အညိုအမည်းတွေနဲ့ မြင်မကောင်းအောင်ကျန်ခဲ့တာ” လို့ ယင်းကဆက်ပြောပါတယ်။

စစ်ကြောရေးမှာလည်း မညှာတာ

ဒ့ါအပြင် ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်လို့ ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့လို့စတဲ့ အကြောင်းအရာတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တယ်ဆိုပြီး ဖမ်းဆီးရာမှာလည်း ကိုယ်ဝန်ဆောင်ဖြစ်လို့ သနားညှာတာမှုမရှိဘဲ အကြမ်းဖက် ဖမ်းဆီးတာ၊ ရိုက်နှက်တာတွေ ရှိနေသလို စစ်ကြောရေးမှာလည်း အကြမ်းဖက် ရိုက်နှက်တာတွေကြောင့် ကိုယ်ဝန် ပျက်ကျတဲ့အထိ ကြုံရတဲ့ အမျိုးသမီးတွေလည်း တွေ့ခဲ့တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မမွန်မွန် (အမည်လွှဲ) ကပြောပါတယ်။

မမွန်မွန်က မေလတုန်းက ၅၀၅(က) နဲ့အဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

အကျဉ်းထောင်တွင်းမှာ မမွန်မွန်နဲ့ တစ်ခန်းတည်းအတူနေခဲ့ရတဲ့ အသက် ၃၆နှစ်အရွယ် ကိုယ်ဝန်လေးလရှိပြီ ဖြစ်တဲ့ အမျိုးသမီးက လူမှုကွန်ရက်မှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို မျှဝေခဲ့တဲ့အတွက် ဖမ်းဆီးခံရသလို၊ ကိုယ်ဝန်နှစ်လရှိနေပြီဖြစ်တဲ့ အသက် ၄၂နှစ်အရွယ် အမျိုးသမီးကတော့ CDM လုပ်တဲ့ ခင်ပွန်းဖြစ်သူ မီးရထားဝန်ထမ်း အမျိုးသားကို မတွေ့တာကြောင့် ကိုယ်စားဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ကိုယ်ဝန်လေးလရှိပြီဖြစ်တဲ့ အမျိုးသမီးက စစ်ကြောရေးမှာ ရိုက်နှက်ညှင်းပန်းခံရလို့ ကိုယ်ဝန်ပျက်ကျပြီး ဆရာဝန်တွေနဲ့ ကုသမှုပေးလုပ်ပြီးနောက် အင်းစိန်ထောင်တွင်း ရောက်လာခဲ့သလို၊ကိုယ်ဝန် နှစ်လ အမျိုးသမီးကတော့ စစ်ကြောရေးမှာ ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ကြောင့်ထောင်တွင်းရောက်တဲ့အခါ သွေးဆင်းပြီး ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ မမွန်မွန်ကပြောတယ်။

“ကိုယ်ဝန်လေးလ အမက ဒုတိယရက်စစ်ကြောရေးဝင်ရတဲ့နေရာမှာ မေ့လဲသွားပြီး သတိရလာတော့ကိုယ်ဝန်ပျက်ကျသွား တာသိလိုက်ရတာ၊ ရိုက်စစ်ဖို့ထိမလိုပေမယ့် သူတို့ကို စကားကောင်းကောင်း မပြောလို့ဆိုပြီး ရိုက်တဲ့အထိဖြစ်တာ၊ ကိုယ်ဝန်နှစ်လအမကျတော့ အင်းစိန်ရောက်ထဲက သွေးတွေအများကြီးဆင်းနေတာ ဆရာဝန်တွေခေါ်ပြီး စစ်ဆေးတာ တွေလုပ် မှ ကိုယ်ဝန်ပျက်ကျတာသိတယ်” လို့ မမွန်မွန်ကပြောတယ်။

ခင်ပွန်းဖြစ်သူကိုယ်စားဖမ်းဆီးခံလာရတဲ့ ကိုယ်ဝန်နှစ်လလွယ်ထားတဲ့ အမျိုးသမီးဆို ရိုက်နှက်ခံရတာတွေကြောင့် မျက်နှာ၊ ခြေသလုံး ၊ခါးနဲ့ ကျောကုန်းတွေမှာလည်း အညိုအမဲ စွဲဒဏ်ရာတွေက ရှိနေတုန်းပဲလို့ဆိုတယ်။

ယင်းအမျိုးသမီးနှစ်ဦးလုံးက ပြစ်မှု ကြီးကြီးမားမားမရှိပေမဲ့ စစ်ကြောရေးမှာ ရိုက်နှက်ညှင်းပန်းခံခဲ့ရပြီး ကိုယ်ဝန်ပျက်ကျ တဲ့အထိ ဖြစ်စေတာက အင်မတန်မှ ဆိုးရွားတဲ့လုပ်ရပ်ကို ကျူးလွန်တာဖြစ်တယ်လို့ မမွန်မွန်ကဆိုပါတယ်။

“ကိုယ့်သားသမီးကိုလွယ်ထားတဲ့အချိန်မှာ ရုတ်တရက်ဆုံးရှုံးလိုက်ရတော့ဘေးလူတွေ ဝိုင်းဝန်းဖြေသိမ့်ပေးပေမယ့် ဘယ်ရမလဲ၊ တောက်လျှောက်ငိုနေတာ “လို့ မမွန်မွန်ကပြောပါတယ်

ဒီလို လူ့အခွင့်အရေးတွေ ကိုယ်ချင်းစာတရားတွေမထားဘဲ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သားသည်မိခင်တွေကို လိင်ပိုင်းဆိုင်ရာထိပါးတာ၊ အကြမ်းဖက် ညှင်းပန်းနှိပ်စက်တာတွေက လက်သင့်မခံနိုင်စရာ လုပ်ရပ်ဖြစ်တယ်လို့ မမွန်မွန် ကပြောပါတယ်။

” ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုပါ မတရား ယုတ်မာရက်စက်တဲ့အထိရိုက်နှက် စစ်ဆေးခြင်းကိုတော့ ရှုံ့ချတယ်။ တရားခံပင်ဖြစ်ပါစေ ကိုယ်ဝန်ပျက်ကြသည်အထိ လုပ်ခဲ့တာသည် လက်နက်အားကိုးနဲ့ညှင်းပန်းတာပါပဲ” လို့ မမွန်မွန်က ပြောတယ်။

တရားမျှတမှုကို ရှာဖွေပေးပါ

အမျိုးသမီးရေးလုပ်ဆောင်သူဒေါ်စုစုငယ်က တော်လှန်ရေးကာလမှာ အမျိုးသမီးတွေ နဲ့ကိုယ်ဝန်ဆောင်အမျိုးသမီး တွေ အပေါ် အကြမ်းဖက်မှုတွေကို ပိုတွေ့လာရပြီး ဒါတွေက လူ့အခွင့်အရေးကို ချိုးဖောက်ရာကျသလို CEDAW ( အမျိုး သမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်)မှာ ကတိက ဝတ်ပြု ထားတဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့အချက်ကိုလည်းချိုးဖောက်ရာကျတယ်လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေဟာ လူ့အသိုင်းအဝိုင်းကနေ အထူးတလည်ကြည့်ရှု့စောင့်ရှောက်ဖို့ လိုတဲ့သူ တွေဖြစ်ပြီး သူတို့ကိုအခုလို နှိပ်စက် ဖမ်းဆီးတာဟာ ကျင့်ဝတ်အရလည်း အလွန်ကို အရုပ်ဆိုးတဲ့ အပြုအမှုဖြစ်တယ်လို့ ယင်းကဆက်ပြောပါတယ်။

အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်လေး (Women Advocacy Coalition –Myanmar)ကလည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေက တနေ့တခြား ပိုပိုတိုးမြှင့်လာ နေပြီး၊အမျိုးသမီးကြီးငယ်မရွေး ကိုယ်ဝန်ဆောင် ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ နည်းပေါင်းစုံနဲ့ အကြမ်း ဖက်ခံနေရတယ်လို့ မှတ်ချက်ပြုပါတယ်။

” စစ်ကောင်စီရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေက ပိုပိုပြီး လူမဆန်လာဘူး၊ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ညှင်းပန်းနှိပ်စက်မှုတွေက ဆိုးရွားတဲ့ လူမဆန်တဲ့ ကိစ္စတွေဖြစ်တယ်” လို့ ဒေါ်ခင်လေးကဆိုတယ်။

စစ်ကောင်စီရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေက နှစ်ပေါင်းများစွာကတည်း တိုင်းရင်းသားဒေသတွေ ပဋိပက္ခဒေသတွေမှာ ကြုံတွေ့နေခဲ့တာဖြစ်ပြီး လက်ရှိကာလမှာတော့ နည်းပညာပွင့်လင်းလာတဲ့အတွက် ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန် သိရှိလာတာလို့ ယင်းကဆက်ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က သက်ကြီးရွယ်အို၊ အမျိုးသမီး၊ကိုယ်ဝန်ဆောင်၊ အသက်မပြည့်သူများပါမကျန် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိပေမယ့် ယင်းတို့ကို အရပ်ဘက်တရားရုံးတွေမှာ အပြစ်ပေးအရေးယူနိုင်တဲ့ ဥပဒေ တွေမရှိသလို၊ စစ်ဘက်ဆိုင်ရာ တရားရေးမှာလည်း ထိထိရောက်ရောက် အရေးယူတာမျိုးမရှိဘူးလို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အတွင်းရေးမှူး နန်းမို့မို့ကပြောပါတယ်။

” အခုမှတော့ ပြစ်ဒဏ်ပေးခြင်းကကင်းလွတ်နေတာတော့မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တပ်မတော်ကျူးလွန်တဲ့ကိစ္စတွေမှာ ကျူးလွန်သူတွေက အပြစ်ပေးအရေးယူခြင်းကကင်းလွတ်နေတာက စနစ်တခုလို အလေ့အထတစ်ခုလိုဖြစ်နေတယ်။” လို့ နန်းမို့မို့ကပြောပါတယ်။

တီးတိန်မြို့က ကိုယ်ဝန်သည်အမျိုးသမီးနဲ့မီးဖွားပြီးစ အမျိုးသမီးတို့ကို ကျူးလွန်တဲ့ စစ်သားနှစ်ဦးမှာလည်း လက်ရှိ အချိန်ထိ ဥပဒေအကြောင်းအရ အပြစ်ပေးအရေးယူတာမျိုးမကြားသိရသေးဘူးလို့ ယင်းအမျိုးသမီးတွေရဲ့ ဆွေမျိုးဖြစ်သူ တွေကပြောပါတယ်။

” ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တစ်နေ့မှာကျူးလွန်တဲ့ စစ်သားနှစ်ယောက်ကို သူတို့အထက်အရာရှိက နောက်ပြန်ကြိုးတုတ်ပြီး ရွာမှာပဲဆုံးမတယ်၊တရားဥပဒေအရ အရေးယူတာမျိုးတော့မရှိသေးဘူး။ တရားစွဲဆိုတဲ့စာယူလာပေးဖို့တော့ သူတို့အရာရှိ က မိန်းကလေးရဲ့ ဆွေမျိုးတွေဆီကို အကြောင်းကြားတယ်”လို့ ယင်းကဆိုပါတယ်။

ယခင်ကာလတွေတုန်းက စစ်တပ်ရဲ့ ကျူးလွန်မှုတွေခံရသူတွေအတွက် တရားမျှတမှုရရှိဖို့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး လုပ်ဆောင်သူတွေက ကူညီလုပ်ဆောင်ပေးတာ၊ကျူးလွန်ခံရတဲ့သူတွေကို ကျန်းမာရေး၊လုံခြုံရေးဆိုင်ရာတွေ ကူညီပေးတာတွေရှိပေမယ့် လက်ရှိကာလမှာ အဖွဲ့အစည်းတွေကိုယ်တိုင်က အကြောင်းအမျိုးမျိုးနဲ့ နေရာတကွဲတပြားစီ ရောက်နေတာတွေရှိတော့ ဒီလိုအရေးကိစ္စတွေမှာ ထိထိရောက်ရောက်မကူညီနိုင်တာတွေလည်းရှိတယ်လို့နန်းမို့မို့က ဆက်ပြောပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အခက်အခဲတွေအများအပြားရှိပေမယ့် ကျူးလွန်ခံရမှုတွေမှာ တိကျတဲ့ သတင်းအချက်အလက် မှတ်တမ်းတွေကို မြေပြင်အဖွဲ့အစည်းတွေအကူအညီနဲ့ စုဆောင်းထားရှိဖို့လိုပြီး တရားမျှတမှုကိုဖော်ဆောင်နိုင်တဲ့အချိန်မှာ အသုံးဝင်နိုင်မယ်လို့ဆိုပါတယ်။

ဒါ့အပြင် မတရားအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုင်းဆိုင်ရာတွေကို ရရှိနိုင်ဖို့ လူမှုအဖွဲ့စည်းတွေ၊ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေက ကူညီလုပ်ဆောင်ပေးသင့်တယ်လို့ အမျိုးသမီး ရေးဆောင်ရွက်သူတွေကဆိုတယ်။

အမျိုးသမီးကြီးငယ်မရွေးအပေါ် စစ်ကောင်စီရဲ့အကြမ်းဖက်ကျူးလွန်မှုတွေက တိုင်းရင်းသားဒေသတွေမှာ ယခင်ကတည်း က ဖြစ်ပျက်ခဲ့တာကြောင့် အခုချိန်မှာ ဒီလုပ်ရပ်တွေကို အဆုံးသတ်ဖို့လိုတယ်လို့ ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကဆိုတယ်။

ပြည်သူကိုကာကွယ်ရမယ့်သူတွေက ပြည်သူကို သေနတ်ပြောင်းချိန်ပြီး အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ကိုယ်ဝန်ဆောင် ပါမချန် အကြမ်းဖက် နှိပ်စက်တာ၊ အနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေက လုံးဝခွင့်မလွတ်သင့်တဲ့ ကိစ္စဖြစ်ပြီး၊ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်တာတွေရော၊ တီးတိန်ဖြစ်စဉ်ကကျူးလွန်သူတွေကိုပါ ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်လို့ ယင်းကဆိုပါတယ်။

” လုံးဝလုံးဝခွင့်မလွတ်သင့်တဲ့ကိစ္စပဲ ပြည်သူ့စစ်သားမဟုတ်ဘဲ၊ မုဒိမ်းစစ်တပ်ဖြစ်နေပြီ၊ ကျွန်တော်တို့ ပြောချင်တာက ကျွန်တော်တို့တတွေ ဒီမှာလှုပ်ရှားနေသ၍ အသက်ရှင်နေသ၍ ဒီလိုမျိုးကိစ္စတွေ ဘယ်တော့မှ ကျူးလွန်မှာမဟုတ်ဘူး၊ ပြည်သူကိုကာကွယ်မယ်။”လို့ ယင်းတပ်ဖွဲ့ဝင်ကပြောပါတယ်။

Author:

Related Articles