Hi။ ။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ အရှေ့ဖက်မှ ဟိုပုံးကိုရင်လေး ဦးစီးတည်ထောင် ခဲ့သော ထမ်းစမ်းဂူလမ်းအတိုင်း ၁ နာရီကျော်လောက် မောင်းလာခဲ့မယ်ဆိုရင် လမ်းခွဲနှစ်ခုရှိပါတယ်။
အဲ့ဒီထဲက အထူးဒေသ (၆) စံဖူးရွာသစ်လမ်းဆိုတဲ့ လမ်းခွဲလေးအတိုင်း ၁ နာရီကျော်လောက် မောင်းလာခဲ့မယ်ဆိုပါက ဆောင်းရာသီမှာ ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်တဲ့ နေရာတစ်နေရာဖြစ်တဲ့ အမြင့်ပေ ၈,၀၀၀ ကျော် ရှိတဲ့ မဲနယ်တောင်တန်းကြီးရဲ့ တောင်ခြေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
မဲနယ်တောင်ခြေမှာ ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ကြပြီး ရေနံချေးသုတ်ထားတဲ့ ရှေးဟောင်းအိမ်တွေနဲ့ နေထိုင်ကြ တာကို မြင်တွေ့ရပါတယ်။
ဒေသခံအများစုဟာ တောင်ယာတွေကို အဓိက စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ ဟင်းသီးဟင်းရွက်၊ စတော်ဘယ်ရီ၊ ပင်စိမ်းသီး၊ထောပတ်သီး စတဲ့ အသီးတွေ ပေါများတဲ့ နေရာဒေသလည်း ဖြစ်ပါတယ်။
ဒေသခံတောင်သူများက ပိုက်ဆံကို ချွေတာသောအားဖြင့် ဟင်းသီးဟင်းရွက် အသီးအနှံတွေကို ကိုယ်တိုင် စိုက်ပျိုးကြပြီး တစ်ဖက်မှာလည်း ပဲပုတ် ကိုယ်တိုင်ပြုလုပ် စားသောက်ကြသလို စီးပွားအဖြစ်လည်းလုပ်ရောင်းကာ အသက်မွေး ဝမ်းကျောင်း ပြုကြတာမျိုးလည်း ရှိပါတယ်။
“မြန်မာငါးပိ ပအိုဝ်းပဲပုတ်” ဆိုတဲ့အတိုင်း မြန်မာဟင်းလျာတွေမှာ ငါးပိက မပါမဖြစ်ဆိုသလို ပအိုဝ်းရိုးရာဟင်းလျာမှာ လည်း ပဲပုတ်က မပါမဖြစ်ပါပဲ။
ကဲ…ပဲပုတ်လုပ်ငန်းလုပ်ပုံ အဆင့်ဆင့်အကြောင်းကို ဆက်လက် လေ့လာကြရအောင်။
ပဲပုတ်လေးတွေ ရဖို့အတွက် အရင်ဆုံး ပဲပုတ်စေ့ပင်ကို နေလှန်းပြီး ခြောက်ပြီဆိုပါက ပဲပုတ်စေ့တွေကို ထုတ်ရပါတယ်။ လက်နဲ့တစ်ခုချင်းစီကို ခွာမယ်ဆိုရင်တော့ အချိန်အရမ်းကြာတော့ ခြောက်အောင်လှန်းပြီး တုတ်နဲ့ရိုက်လိုက်ရင် ပဲပုတ် စေ့လေးက သူ့အလိုလို ထွက်လာပါတယ်။
ပဲပုတ်ချက်ဖို့အတွက် ပဲပုတ်စေ့တွေကို နူးနေအောင် ပြုတ်ရတာဖြစ်တဲ့အတွက် ထင်းမီးဖိုနဲ့ မီးအဆက်မပြတ်တော့ ထည့်ပြီး တစ်နေကုန် ပြုတ်ရပါတယ်။ ပအိုဝ်းအမျိုးသမီးတွေကတော့ ပဲပုတ်စေ့လုပ်တော့မယ်ဆိုရင် ပြုတ်တဲ့နေ့ကစပြီး ပဲပုတ် ချပ်တွေရတဲ့အထိ ခြံတွေ သွားလို့ မရတော့တဲ့ နေ့ရက်လေးတွေပါပဲ။
နူးလာပြီဆိုပါက ပလိုင်းထဲကို ဒရင်ကောက်ရွက်လို့ခေါ်တဲ့ အရွက်ထည့်ပြီး ပြုတ်ထားတဲ့ ပဲပုတ်စေ့ကို အဲ့ဒီ အရွက်တွေ ကြားထဲ ထည့်ပြီး နှစ်ည၊ သုံးညထိ နှပ်ထားရပါတယ်။ ဆာလာအိတ်သန့်သန့်လေးရှိပါက ဆာလာအိတ်နဲ့ နှပ်ထားလို့ ရပါတယ်။ နှပ်နေတဲ့ အချိန်တွေမှာလည်း မီး သို့မဟုတ် နေရောင်ခြည်ရဲ့ အပူငွေ့ငွေ့လေး တော့ပေးရပါမယ်။
တချို့ဆိုရင် နေ့လည်ပိုင်း မီးမမွေးတဲ့အချိန်တွေဆို နေရောင်ခြည်အပူနဲ့ နပ်ထားပေးရပါတယ်။ နေ့လည်ပိုင်းတွေက နေရောင်သွားရာကို လိုက်ထားရင်းနဲ့ ပဲပုတ်တောင်းကို ခဏခဏ မ, နေရတော့ မောတောင် မောတယ်လို့ ပဲပုတ်လုပ်တဲ့ တောင်သူ အမျိုးသမီးက ခပ်ပြုံးပြုံးလေးနဲ့ ဆိုပါတယ်။
နှစ်ည၊ သုံးညလောက် နှပ်ထားပြးီရင် ထုတ်ပြီး သူတို့လုပ်နေကြ ရိုးရာဓလေ့တစ်ခုလိုဖြစ်တဲ့ အရာတစ်ခုကတော့ ပဲပြုတ် မထောင်းခင်မှာ အိမ်နီးနားချင်းက ဟင်းချက်ဖို့ တစ်အိမ် နည်းနည်းစီ မျှဝေလေ့ ရှိကြတာပါပဲ။ အိမ်နီးနားချင်းက ပဲပုတ် ချက်ရင် ကိုယ်ကိုယ့်ပေးလိုက် ကိုယ်ကချက်ရင် ပြန်ပေးလိုက်နဲ့ပါ။ ဒီလိုနှပ်ပြီးသား ပဲပုတ်စေ့ကို ဂျုးမြစ်နဲ့ ရောချက်ရင် လည်း စားလို့ အရမ်းကောင်းပါတယ်။
နှပ်ပြီးသား ပဲပုတ်စေ့တွေကိုထုတ်ပြီး ညှက်နေအောင် ထောင်းရပါတယ်။ တချို့ဆို လက်ကြိတ်စက်နဲ့ ကြိတ်တာမျိုး တွေလည်း ရှိပါတယ်။
ပဲပုတ်စေ့ ညှက်နေအောင် ထောင်းတဲ့ နေရာမှာလည်း သစ်ပင်ကြီးပင်စည်နဲ့ ပြုလုပ်ထားပြီး အမြင့်သုံးပေကျော် အလေးချိန် ၁၀ ပိသာလောက် ရှိတဲ့ ဆုံကြီးတွေနဲ့ ထောင်းရပါတယ်။ အိမ်မှာ အသုံးပြုလေ့ရှိတဲ့ ငရုပ်စုံအသေးမျိုးနဲ့တော့ မရပါဘူး။
ထောင်းပြီး ရလာတဲ့ ပဲပုတ်တွေကို အရင်ဆုံး လက်နဲ့ အလုံးလုံးတွေဖြစ်အောင် ပြုလုပ်ရပါတယ်။ ဒီလို ပဲပုတ်လုပ်တာက ချက်ရပြုတ်ရတာဖြစ်တာကြောင့် အမျိုးသမီးအလုပ် တစ်ခုလိုပင် သတ်မှတ်ကြပါတယ်။ အမျိုးသားတွေက အထူးတလည် လုပ်တာမျိုး မရှိပါဘူး။
ဒီလိုပုံစံမျိုး အလုံးလုံးတွေကို ရလာပြီဆိုပါက အချပ်လေးဖြစ်အောင် လုပ်ရတော့မှာပါ။ ဒီလိုလုံးတဲ့ နေရာမှာ လက်ဖဝါးကို အရမ်းကပ်တာကြောင့် မကပ်အောင် မလုံးခင်မှာ လက်ဖဝါးကို ဆီလေး အရင်လိမ်းပေးထားရပါတယ်။
လုံးထားတဲ့ ပဲပုတ်တွေကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ရမှာပါ။ ပြီးတော့ ခွက် သို့မဟုတ် လေးတဲ့ အရာဝတ္တုတစ်ခုခုဖြစ် အပေါ် ကနေ အပြားလေးဖြစ်အောင် တလုံးချပ်ချင်းစီ ဖိရိုက်ရပါတယ်။
တစ်လုံးချင်းစီး ဖိရိုက်ပြီး အပြားလေး ရလာပါက စကောထဲမှာ စီပြီးထည့်ရပါတယ်။ တစ်ချပ်နဲ့တချပ် မထပ်အောင် သတိ ထားပြီး ထည့်ပြီးစီထားရပါတယ်။ ထပ်ထားရင် ကောင်းကောင်းမခြောက်တာ ပြီးတော့ မှိုတက်တာမျိုးတွေ ဖြစ်တတ် တာကြောင့် မထပ်အောင် သတိထားပြီး စီထည့်ရပါတယ်။
ပဲပုတ်တွေထည့်ထားတဲ့ စကော၊ဗန်းတွေနဲ့ ပဲပုတ်ကို ခြောက်အောင်ပြန်လှန်းရပါတယ်။ နေသာတဲ့နေ့တွေဆို နှစ်ရက် လောက် လှန်းရပါတယ်။ ပဲပုတ်အချပ် အထူအပါးပေါ်မှာ မူတည်ပြီး လှန်းရပါတယ်။ ပါးပါးလေး ရိုက်ထားရင်တော့ အခြောက်မြန်ပြီး ထူထူကြီး ရိုက်ထားပါက အချိန်ပိုယူပြီးလှန်းရပါတယ်။
ဒီလိုပဲပုတ်လေးတွေ ရလာပြီဆိုပါက လာဝယ် သူတွေရှိရင် ၅၀၀ ဖိုးဆိုလျှင် အချပ် ၃၀၊ ၄၀ ထိပေးပြီး ရောင်းကြပါတယ်။ တချို့ဆို တောင်ကြီး ပွဲစားတွေဆီမှာ ပိဿာလိုက် သွင်းတာမျိုးတွေ လုပ်ကြပါတယ်။ တစ်ပိဿာ ၃,၀၀၀ ကနေ ၅,၀၀၀ ထိ ရတယ်တယ်လို့ ဆိုပါတယ်။
ယခင်က ကိုဗစ်-၁၉ မလာခင်တွေမှာ ဈေးတွေမှာ တစ်ထုတ် ၁,၀၀၀ နှုန်းနဲ့ လိုက်ရောင်းကြပြီး စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်း အထောက်အကူဖြစ်တယ်လို ဆိုပါတယ်။ ပဲပုတ်ရောင်းရတဲ့ ပိုက်ဆံတွေကို လိုအပ်တဲ့ ဟင်းအ မယ်တွေကို ဝယ်ခြမ်းပြီး အဆင်ပြေသလို အသုံးပြုကြပါတယ်။ ကိုယ်တိုင်ချက်တာ ဖြစ်တာကြောင့် ပိုက်ဆံအရမ်း မသုံး ရတော့ ငွေတချို့ စုဆောင်းမိတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ပဲပုတ်သည် ပအိုဝ်းရိုးရာဟင်းလျာနှင့် ပအိုဝ်းသကေင်္တ ဖြစ်သည့်အတွက် အိမ်တိုင်းလိုလို မပြတ်လှပ်ရလေအောင် ပဲပုတ် ထွက်သည့်ရာသီတွေမှာဆိုရင် တစ်နှစ်စာအဖြစ် ပဲပုတ်ချက်ထားတွေ လုပ်ပါတယ်။ ပဲပုတ်သည် ဟင်းလျာအဖြစ် သုံးသည့် အတွက် ပဲပုတ်ချက်သည့်အခါ အမျိုးသမီးရဲ့အလုပ် အမျိုးသမီးနှင့်သာ ဆိုင်သည်ဟုလည်း ကျေးရွာရဲ့ ရိုးရာဓလေ့အဖြစ် သတ်မှတ်ကာ အမျိုးသမီးအများစုသာလျှင် ပြုလုပ်ကြပါသည်။
တစ်ချို့တွေဆို ပဲပုတ်ချက်ပြီး ရောင်းရတဲ့ဝင်ငွေကို တစ်ချို့အိမ်ထောင်ဦးစီးတွေက အသိအမှတ်မပြုကြပါဘူး။ ဘာကြောင့် လဲဆိုတော့ များပြားတဲ့ ဝင်ငွေမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။