Home ဆောင်းပါး “သူများတွေက သတ်တယ် စစ်စတာက ပြန်မွေးပေးတယ် “

“သူများတွေက သတ်တယ် စစ်စတာက ပြန်မွေးပေးတယ် “

ရွှေသွဲ့။ ။


ဗိုက်နာနေတဲ့ကိုယ်ဝန်သည်အမျိုးသမီးဟာ သွေးတိုးရောဂါအခံရှိပြီး သွေးတိုးနေတာကြောင့် ခေါင်းတောင်မထောင် နိုင်တော့ပါဘူး။ အဲအချိန်မှာမိခင်ရဲ့ညှစ်အားလုံးဝမရှိတဲ့အတွက် ဗိုက်ထဲကကလေးရော မိခင်အတွက်ပါစိတ်ပူပြီး ချွေးပြန်နေသူကတော့ တာဝန်ယူမွေးပေးမယ့် စစ်စတာ အန်းရိုဇားနူးတောင်ပါ။

မိခင်ဖြစ်သူကို အားဖြစ်စေမယ့် စကားတွေပြောလိုက် ဘယ်လိုပုံစံလေးညှစ်ဖို့ ပြောပေးရင်းကနေ သူကိုယ်တိုင်လည်း အား စိုက် မွေးပေးတာကြောင့် ကလေးဝမ်းအပြင်ရောက်လာပြီး ဝါးကနဲ ငိုသံကြားရတော့မှ ရင်ထဲကအလုံးကြီး ကျသွားတယ် လို့ စစ်စတာ အန်းရိုဇားနူးတောင်ကဆိုတယ်။

“ ဒီလိုမွေးလူနာဆိုအရမ်းအန္တရာယ်များတယ်။ ကလေးလည်းမညှစ်နိုင်ဘူး။ မိခင်ကအသက်မပြည့်တော့ ဗိုက်နာတာလည်း
မသိ၊ ရေမွှာပေါက်တာလည်းမသိ၊ ကလေးလှုပ်တာလား မလှုပ်တာလည်းမသိ၊ ဓာတ်မှန်ရိုက်ဖို့လည်း ဆေးခန်းမှာကမရှိ၊ သူများဆီသွားရိုက်ပါမယ်ဆိုတော့လည်း ညအချိန်မတော်ဖြစ်နေတော့ ဒီအတိုင်းပဲမွေးရတော့ ကလေးများ အသက်ရှင်ပါ့ မလား စိုးရိမ်လိုက်ရတာ”လို့ စက်တင်ဘာလလယ်တုန်းကမွေးပေးခဲ့တဲ့ မွေးလူနာခြေနေကို စစ်စတာက ပြန်ပြောပြနေ တာဖြစ်ပါတယ်။

အသက် ၄၆ နှစ် အရွယ်ရှိတဲ့ ခရစ်ယာန်သီလရှင် စစ်စတာအန်းရိုဇားနူးတောင်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ကျောင်းက သီလရှင်တစ်ဦးဖြစ်သလို မလိဂင်ဒိုင်လို့ အမည်ပေးထား တဲ့ ပရဟိတဆေးခန်းက တာဝန်ခံလည်းဖြစ်ပါတယ်။

မလိဂင်ဒိုင်ဆေးခန်းက ဆင်းရဲနွမ်းပါးသူတွေနဲ့ စစ်ဘေးရှောင်တွေကို အဓိကထား ကုသပေးနေတဲ့ဆေးခန်း လည်းဖြစ် ပါတယ်။ အထွေထွေရောဂါပေါင်းစုံ ကုသပေးနေတဲ့ ဆေးခန်းဖြစ်သလို အစိုးရဆေးရုံတွေ၊ ပုဂ္ဂလိကဖွင့်ထားတဲ့ ဆေးခန်း တွေဆီ သွားရောက်မွေးဖွားဖို့ ခက်ခဲနေတဲ့ ကိုယ်ဝန်သည်တွေအတွက်တော့ ဒီဆေးခန်းဟာ အထူးအားကိုးရာနေရာ တစ်ခုပါပဲ။

ဆေးခန်းပုံမှန်လည်ပတ်နိုင်ဖို့အတွက် ကက်သလစ်အသင်းတော်ရဲ့ ထောက်ပံ့မှု၊ အခြားသော NGO လိုအဖွဲ့အစည်းမျိူး တွေက လှူဒါန်းငွေနဲ့ သက်ဆိုင်ရာဆရာဝန်တွေနဲ့ သူနာပြုတွေ ငှားရမ်းပြီး လည်ပတ်နေတာပဲဖြစ်ပါတယ်။ လတ်တလော အခြေအနေရ ဆေးခန်းမှာ ဝန်ထမ်းအင်အားနဲ့ ဆေးပစ္စည်း လိုအပ်ချက်တွေ ရှိနေပေမယ့်လည်း စစ်စတာ ကိုယ်တိုင် အပင်ပန်းခံပြီး တာဝန်ယူလုပ်ဆောင်ပေးနေတာပါ။

“ ကက်သလစ်အသင်းတော်က စစ်ရှောင်တွေ၊ ကိုဗစ်စင်တာတွေ ကြည့်ရတယ်ဆိုတော့ ဆေးခန်းကို အကုန်လုံး မကြည့် နိုင်တော့တာ။ အခုနောက်ပိုင်း ကူညီတဲ့သူတွေက စစ်ဖြစ်နေတဲ့နေရာကို သွားကျတော့ ဒီမှာသိပ်ပြီးမလှူနိုင်တာလည်း ပါတယ်” လို့ စစ်စတာက ဆိုပါတယ်။

Photo Credit: Sister Ann Rose Nu Tawng

သီလရှင်ငယ်ဘ၀

စစ်စတာရဲ့ ဇာတိမွေးရပ်မြေဟာ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ကဖြစ်ပြီး ၁၆ နှစ်အရွယ် ၁၀ တန်းအောင်ပြီး ရန်ကုန်မှာ ဆေးသင်တန်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဆေးသင်တန်းက ဆင်းပြီး အသက် ၂၀ အရွယ်မှာ သီလရှင်ဖြစ် တက္ကသိုလ်ကို ခြောက်နှစ်ကျော်တက်ရောက်ခဲ့ပြီး စစ်စတာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဆေးသင်တန်းဆင်ပြီးကတည်းက တောရွာတွေ၊ နယ်တွေကလူနာတွေကို ဆေးလိုက်ကုပေးသလို၊ ဆေးရုံဆေးခန်း မသွား တတ် မလာတတ်သူတွေကို ဆေးရုံကိုပို့ပေးပြီး ဆရာဝန်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးတာမျိုးလည်း လုပ်ဆောင်ပေးခဲ့ သူဖြစ်ပါတယ်။

စစ်စတာဖြစ်ပြီး အနှစ် ၂၀ အတွင်းမှာ သက်ကြီးရွယ်အိုတွေ၊ ဘော်ဒါဆောင်တွေ၊ မိဘမဲ့ကျောင်းတွေနဲ့ စစ်ရှောင် စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစတဲ့ လူမှုရေးလုပ်ငန်းတွေကို တောက်လျောက်လုပ်ကိုင်နေခဲ့တာ ပဲဖြစ်ပါတယ်။ စစ်စတာဖြစ်ပြီး တာဝန်ကျတဲ့ ကျေးရွာတွေမှာ ကလေးမွေးပေးတာကစလို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တဲ့အတွက် ကလေးမီးဖွားပေးရတဲ့ လုပ်ငန်းအတွေ့အကြုံလည်း ရင့်ကျက်နေသူ ဖြစ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မလိဂင်ဒိုင်ဆေးခန်းမှာ ခြောက်နှစ်ရှိပြီဖြစ်ပြီး လူနာကြည့်ရင် စိတ်ရောလူပါ နှစ်မြုပ်ပီး လုပ်တတ်တဲ့အတွက် အစာစားချိန်မမှန်တဲ့အတွက် အစာအိမ်ရောဂါ ဝေဒနာကိုလည်း ခံစားနေရတာ ဖြစ်ပါတယ်။

“ တစ်ခါတစ်လေကျရင် ထမင်းစားပြီးလား၊ မစားရသေးဘူးလားဆိုတာကိုတောင် မေ့နေတာတွေရှိတယ်။ လူနာတွေ အဆင်ပြေဖို့ လူနာတွေကျန်းမာဖို့အတွက်ပဲ စစ်စတာစိတ်က အဲ့ဒီမှာပဲများနေတော့ တစ်ခါတစ်လေ မနက်စာမစားမိဘူး။” လို့ စစ်စတာကဆိုပါတယ်။

ခံစားနေရတဲ့ အစာအိမ်ရောဂါဟာ ခွဲစိတ်ရမယ့်အခြေအနေထိ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမယ့်လည်း အစားပျက်တော့ အအိပ်ပါပျက်တဲ့အတွက် ကိုဗစ်တတိယလှိုင်းတုန်းက ကိုဗစ်လူနာတွေ ကြည့်ပေးရင်း ကိုဗစ်ကူးစက်ခံလိုက်ရပါသေးတယ်။

ကိုဗစ်တတိယလှိုင်းမှာ ကူကယ်ရာမဲ့နေတဲ့လူနာတွေကိုလည်း မျက်နှာလွှဲမနေနိုင်တဲ့အတွက် ဘာသာရေးဝတ်စုံအပေါ် PPE ထပ်ဝတ်ဆင်ကာ ကိုဗစ်လူနာတွေကို ကယ်တင်နိုင်ခဲ့ပါသေးတယ်။

“ ကိုဗစ်လူနာကြည့်တော့ ကိုဗစ်လည်း ထိလိုက်သေးတယ်။ အောက်ဆီဂျင်က ၆၀ ထိကျတာ။ ကိုယ့်ဟာကို ပြန်ကုလိုက် တာပါပဲ” လို့ စစ်စတာက ပေါ့ပေါ့ပါးပါး ဆိုပါတယ်။

သေနတ်တွေရှေ့ ဒူးထောက်ခဲ့သူ

ဒါ့အပြင် စစ်စတာဟာ သတင်းဌာနတွေမှာလည်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါသေးတယ်။ စစ်စတာဟာ သူ့ရဲ့ အသက် အန္တရာယ်ကိုတောင် ဂရုမထားဘဲ ဆန္ဒပြနေတဲ့ ပြည်သူတွေရဲ့အသက်ကို ကယ်တင်ဖို့အတွက် အသင့်ချိန်ထားတဲ့ သေနတ်ရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တဲ့အတွက် စစ်စတာရဲ့အကြောင်းကို ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းမီ ဒီယာ တွေမှာ ဖော်ပြခဲ့ကြတာပါ။

ဒီလိုသတင်းမှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြခံရတော့ ရှမ်းပြည်နယ်မှာရှိနေတဲ့ အသက် ၇၀ကျော် အဖေနဲ့အမေဟာ သမီး ဖြစ်သူပုံကိုတွေ့ပြီး နှလုံးနဲ့သွေးတိုးရောဂါအခံရှိတဲ့ မိခင်ဖြစ်သူဟာ သွေးတိုးပြီးနေမကောင်းဖြစ်သွားခဲ့ပါသေးတယ်။

“ ဓာတ်ပုံတွေမှာတွေ့တော့လေ အမေကတောင်းဆိုတယ်။ သမီးရေတဲ့ နောက်တခါကျရင် သေနတ်ကိုင်တဲ့သူတွေ ရှှေ့ကို မသွားနဲ့နော်တဲ့။ ငါ့သမီးကို အချိန်မရွေးပစ်သတ်နိုင်တယ်တဲ့။ တကယ်လို့ ငါ့သမီးသေသွားရင် အမေလည်း အသက်ရှင်မှာ မဟုတ်တော့ဘူး။ အမေရင်ကျိုးမှာတဲ့။ နောက်တစ်ခါမသွားဘူးလို့ ကတိပေးပါဆိုလို့ ဟုတ်ကဲ့ပါလို့ ကတိပေးထားရတယ်” လို့ မိခင်ဖြစ်သူရဲ့ မှာကြားချက်ကို ပြောပါတယ်။

သို့ပေမယ့်လည်း အဲ့ဒီအဖြစ်အပျက်အပြီး သိပ်မကြာခင်မှာ ဆန္ဒပြလူငယ်တွေကို မပစ်ခတ်ဖို့ ငိုကြွေးတောင်းပန်နေ တဲ့ပုံတွေ ထပ်ပြီးပြန့်နှံ့လာတာကို မြင်တွေ့လိုက်ရတဲ့ မိခင်ဖြစ်သူမှာ သွေးတိုးရောဂါအခံကြောင့် စကားမပြောနိုင်တဲ့အထိ လေဖြတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

“ နောက်တခါ ပုံထပ်တွေ့တော့ အမေကအရမ်းလန့်ပြီး လေဖြတ်သွားတာလေ။ ဒါပေမယ့် အခုတော့ မြစ်ကြီးနားမှာလာပြီး သမားတော်တွေနဲ့ ကုတဲ့အခါကျတော့ စကားတော့နည်းနည်းပြန်ပြောနိုင်ပါပြီ” လို့ စစ်စတာက မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကိုပြောပြပါတယ်။

မိဘနှစ်ပါးလုံးမှာ ကျောင်းဆရာနဲ့ဆရာမတွေဖြစ်ပြီး လက်ရှိမှာတော့ ဖခင်ဖြစ်သူက ကျန်းမာရေးကောင်းမွန်စွာနဲ့ ကက် သလစ်အသင်းတော်မှာ ဓမ္မဆရာအဖြစ် လုပ်နေတာဖြစ်ပါတယ်။

ဒီလို လူသားဆန်တဲ့ စိတ်နဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေပေမယ့်လည်း လူ့ သဘောသဘာဝအရ သေနတ်ရှေ့မှာ ဒူးထောက်တောင်းပန်နေတဲ့စစ်စတာကို သီလရှင်က သီလရှင် အလုပ်မလုပ်ဘဲ ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေ လုပ်နေတယ်ဆိုပြီး ပြစ်တင်ပြောဆိုတာလည်း ခံရပါသေးတယ်။ ဒီလိုဝေဖန်ပြောဆိုမှုတွေကို အလေးထားမထားဘဲ လုပ်စရာရှိတာကိုသာ ဆက်လက်လုပ်ကိုင်နေတာပါ။

“ဆရာဝန်မဟုတ်ဘဲ ဒီလိုမျိုးတွေ လုပ်နေတယ်ဆိုပြီး ဝေဖန် အပြောခံရတာတွေတော့ ရှိတာပေါ့ ။ ဒါပေမယ့် စစ်စတာရဲ့ စိတ်ထဲမှာ စီးပွားရေးလုပ်တာမဟုတ်ဘူး။ တကယ့်လူနာရဲ့ လိုအပ်ချက်ကို ကိုယ်တတ်တဲ့ ပညာ၊ ဘုရားပေးတဲ့ အရည် အချင်းနဲ့ ကူညီလိုက်တာပဲ” လို့ စစ်စတာက ဆိုပါတယ်။

ကလေးမွေးပေးလို့ လူနာကြည့်လို့အပြစ်ပေးမယ်၊ လာဖမ်းမယ်ဆိုလည်း စစ်စတာအဖမ်းလည်းခံမယ်။ အပြစ်ပေးတာ လည်းခံမယ်။ ဒုက္ခရောက်နေတဲ့သူကိုတော့ မကူညီဘဲမနေနိုင်ဘူး။ နိုင်တဲ့အကူအညီတော့ပေးရမှာပဲလို့ သူ့ရဲ့ခိုင်မာတဲ့ ခံယူချက်ကို စစ်စတာက ဆိုတယ်။

လက်ရှိဆေးခန်းမှာလည်း လိုအပ်ချက်တွေ ရှိနေပေမယ့် အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေး အကျပ် အတည်းနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူတွေ ပူဆွေးသောကရောက်နေတာကို စစ်စတာကိုယ်တိုင်လည်း ထပ်တူခံစား ရတဲ့အတွက် တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ အခုလိုအချိန်မှာ အားမချန်ဘဲ နိုင်တဲ့ဘက်က ကူညီပေးနေတာလို့ ဆိုပါတယ်။

Photo Credit: Sister Ann Rose Nu Tawng

ခက်ခဲတဲ့ကာလတွေကို မွေးမိခင်တွေနဲ့အတူဖြတ်ကျော်ခဲ့

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆေးခန်းကို လှူဒါန်းနေတဲ့ အလှူရှင်တွေနည်းပါးလာတဲ့အတွက် ဆရာဝန်နဲ့ သူ နာပြုငှားရမ်းဖို့ ခက်ခဲတဲ့လတွေလည်းရှိနေပါတယ်။

ခွဲစိတ်မွေးဖွားဖို့အတွက် အပြင်က ဆရာဝန်၊ သူနာပြုတွေကိုပြန်ငှားပြီး ဆေးခန်းမှာမွေးပေးနေပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကဆိုရင် ခွဲစိတ်ဆရာဝန်နဲ့ သူနာပြုမငှားနိုင်တဲ့အတွက် ရိုးရိုးမွေးလူနာ ၂၈ ဦးကို စစ်စတာကိုယ်တိုင် အောင်မြင်စွာ မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။

ဆေးခန်းမှာ စစ်စတာနဲ့အတူ အကူသူနာပြု ရှစ်ဦးရှိပြီး အခြားသောရောဂါတွေနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာတွေ ကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်။

ဆရာဝန်တွေ သူနာပြုတွေ ပြန်ခေါ်နိုင်မှ မွေးလူနာ ပြန်လက်ခံမယ်လို့ တွေးထားပေမယ့် အားကိုးတကြီးနဲ့ ရောက်လာတဲ့ ကိုယ်ဝန်သည်တွေကိုတော့ စစ်စတာ ပြန်မလွှတ်ရက်တော့ဘဲ သူ့ရဲ့ ကိုယ်စွမ်းညဏ်စွမ်းရှိသမျှသုံးပြီး အကောင်းဆုံးဖြစ် အောင် မွေးဖွားပေးခဲ့တာပါ။

“ တခြားနေရာသွားဖို့လည်း ပိုက်ဆံတစ်ပြားမှမရှိဘူး။ သေသေရှင်ရှင် စစ်စတာ လက်ထဲမှာအပ်ပါတယ်” လို့ ကိုယ်ဝန် သည်တွေက ငိုယိုပြီး တောင်းပန်ပြောဆိုတဲ့အတွက် ရိုးရိုးမွေးရင် အန္တရာယ်ရှိတဲ့ ကိုယ်ဝန်သည်ကိုတောင် ဘုရားရှိခိုး ဆု တောင်းပြီး မွေးပေးခဲ့တယ်လို့ စစ်စတာက ဆိုပါတယ်။

အန္တရာယ်ရှိတဲ့ မွေးလူနာတွေ ဆိုတာကတော့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးအားနည်းရောဂါ၊ အသက်မပြည့်ဘဲ မွေးမယ့်မိခင်တွေ၊ကလေးအနေအထား ပုံမှန်မဟုတ်တာ၊ ခြေထောက်ကစမွေးတာနဲ့ မွေးပြီးသွေးသွန်တာ အစရှိတဲ့ မွေး လူနာတွေကို မွေးပေးရင် အန္တရာယ်များတယ်ဆိုတာ သိတဲ့အတွက် တခြားဆေးခန်းမှာသွားမွေးဖို့ တိုက်တွန်း တာတွေ ရှိပေမယ့်လည်း မွေးမယ့်မိခင်ကိုယ်တိုင်က ငိုယိုပြီး စစ်စတာပဲမွေးပေးဖို့ တောင်းပန်ပြောဆိုမှုတွေကြောင့် မွေးပေးလိုက် ရတဲ့ လူနာတွေလည်း မနည်းလှပါဘူး။

ဒီလိုမွေးလူနာတွေကို မွေးပေးရတဲ့အခါမှာ စစ်စတာအတွက် စိတ်ဖိစီးမှုတွေ ဖြစ်တာတော့အမှန်ပါပဲ။ ကလေးက ဝမ်းအပြင် ရောက်မှပဲ စိတ်ဖိစီးမှုတွေ ပျောက်သွားပြီး ကလေးရဲ့ ဘဝတစ်လျောက်လုံး ငြိမ်းချမ်းပျော်ရွှင်စေဖို့အတွက် မွေးပေးတဲ့ ကလေးတိုင်းကို ဆုတောင်းပေးတယ်လို့ စစ်စတာက ဆိုပါတယ်။

“ ဗိုက်ထဲကနေ ကလေးထွက်ပြီဆိုတာနဲ့ စစ်စတာပျော်သွားတာပဲ။ ကလေးတွေရဲ့ ဘဝဟာ မငြိမ်းချမ်း၊ မပျော်ရွှင်တဲ့ ဘဝ တွေ မဖြစ်ပါစေနဲ့ သူတို့ရဲ့ဘဝတွေ ပျော်ရွှင်စရာကောင်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းသာယာတဲ့ မြန်မာနိုင်ငံမှာ သူတို့ ကောင်းကောင်းမွန်မွန် အသက်ရှင်နိုင်ပါစေလို့ အမြဲဆုတောင်းပေးတယ်” လို့ စစ်စတာက ဆိုပါတယ်။

ယခင်က ဆေးခန်းမှာ သားဖွားမီးယပ်ဆရာဝန်(OG) သီးသန့်ငှားနိုင်တဲ့အတွက် ရိုးရိုးမွေးလူနာရော ခွဲမွေးတဲ့ မွေးလူနာပါ လက်ခံပြီး မွေးပေးနိုင်ခဲ့တာဖြစ်တဲ့အတွက် တစ်လကို မွေးလူနာ ဦးရေ ၄၀ ကျော်ကို လစဉ်မွေးပေးနေတာဖြစ်ပါတယ်။

သားဖွားမီးယပ်ဆရာဝန်နဲ့ ကလေးဆရာဝန် သီးသန့် မငှားနိုင်တဲ့ လတွေဆိုရင် ခွဲစိတ်မွေးဖွားမယ့် ကိုယ်ဝန်သည်တွေကို လက်မခံနိုင်ဘဲရိုးရိုးမွေးမယ့် ကိုယ်ဝန်သည်တွေသာ လက်ခံပြီး အကူသူနာပြုတွေနဲ့ စစ်စတာကပဲ ဦးဆောင်ပြီး မွေးဖွား ပေးတာ ဖြစ်ပါတယ်။

မွေးလူနာအပြင် အထွေထွေရောဂါနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒီလူနာတွေအတွက် လာကြည့်ပေးတဲ့ ဆရာဝန်နှစ်ဦးရှိပြီး လူနာတွေအတွက် လိုအပ်တဲ့ ဆေးတွေပေးဖို့ မှာကြားပြီးရင် အချိန်ပိုင်းကြည့်ပေး တာဖြစ်တဲ့အတွက် စစ်စတာကပဲ တာဝန်ယူပြီး ဆက်ကြည့်ပေးရတာပါ။

နေ့စဉ်လာကြည့်ပေးတဲ့ ဆရာဝန်နှစ်ဦးက သားဖွားမီးယပ်ဆရာဝန် မဟုတ်တဲ့အတွက် မွေးလူနာတွေ မကြည့်ပေးဘဲ မွေး လူနာထဲက အရေးပေါ် အခြေအနေနဲ့ကြုံမှသာ ညွှန်ကြားချက်ပေးတာမျိုးရှိပြီး နောက်ဆက်တွဲအနေနဲ့ စစ်စတာကပဲ တာဝန် ဆက်ယူရပါတယ်။

မွေးလူနာတွေက ညအချိန်မတော် ရောက်လာတတ်တဲ့အတွက် စစ်စတာဟာ နေ့ရော ညပါဆေးခန်းမှာ စောင့်ပေး နေရ တဲ့အတွက် အအိပ်ပျက်၊ အစားပျက်ပေမယ့်လည်း ညည်းညူတာမရှိဘဲ လူနာတွေ ကြည့်ပေးနေရတာကိုပဲ ပျော်ရွှင်နေသူ ဖြစ်ပါတယ်။

လက်ရှိမှာ အောက်တိုဘာလကစပြီး သားဖွားမီးယပ် ဆရာဝန်ရော၊ သူနာပြုပါ ပြန်ငှားထားနိုင်တဲ့အတွက် ခွဲစိတ်ဖို့ မွေးဖွားဖို့ လိုအပ်တဲ့ လူနာ၊ အခြားရောဂါကြောင့် ခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာတွေနဲ့ သားအိမ်ခြစ်တာ အစရှိတဲ့ လူနာတွေကို အခြေအနေကြည့်ပြီး အခမဲ့ရော၊ စရိတ်မျှပေးနဲ့ပါ ကုသပေးနေပါပြီ။

ဆေးခန်းဆက်ပြီး လည်ပတ်ဖို့အတွက် ကက်သလစ် အသင်းတော်က ပံ့ပိုးပေးတာရှိသလို ဆေးဆိုင်တွေမှာ အဟောင်းပေး အသစ်ယူ ပုံစံနဲ့လုပ်ဆောင်ရတာလည်းရှိတယ်လို့ ဆေးခန်းရဲ့ အခြေအနေကို ပြောပြပါတယ်။

Photo Credit: Sister Ann Rose Nu Tawng

ငွေကြေးအဆင်မပြေတဲ့လူနာတွေ

လူနာတွေဟာ ပုဂ္ဂလိက ဆေးခန်းတွေမှာ ခွဲမွေးမယ်ဆိုရင် စားပေါ်အနေနဲ့ ငွေကြိုသွင်းရပြီး ကုန်ကျစရိတ်မှာ ၁၀ သိန်း ကျော် ကုန်ကျတာ ဖြစ်ပါတယ်။ စစ်စတာဆီမှာမွေးဖို့လာပေမယ့် မဖြစ်မနေ ခွဲမွေးဖို့လိုတဲ့ လူနာတွေအတွက်လည်း ပြင်ပဆေးခန်းတွေနဲ့ ချိတ်ဆက်ပေးပြီး အလှူရှင်ရှာပေးရတာမျိုးရှိသလို၊ အလှူရှင်မရခင် စားပေါ်တင်ဖို့ ပိုက်ဆံကို စစ်စတာက စိုက်ထုတ်ပြီး ရှင်းပေးရတဲ့အခါတွေလည်းရှိပါတယ်။

“ လူနာက ပိုက်ဆံတစ်ပြားမှ မရှိဘူးဆို စစ်စတာက ချေးပေးလိုက်ပြီးမှ အလှူရှင် ရှာလို့ ရရင်ပြန်ပေးတယ်။ အလှူရှင်မရှိ ရင်တော့ ဒီလိုပဲဖြစ်သွားတာပေါ့” လို့ လူအင်အားပါမက ငွေအင်အားပါ စိုက်ထုတ်ပေးရတဲ့ အခါမျိုးတွေလည်း ရှိတယ် ဆိုတာကို ရယ်မောစွာနဲ့ ပြောပြပါတယ်။

ဆေးခန်းကို အများဆုံးလာရောက်မွေးဖွားတဲ့သူတွေမှာ စစ်ရှောင်စခန်းကသူတွေ၊ အောက်ခြေလူတန်းစားတွေနဲ့ နိုင်ငံရေး အခြေအနေကြောင့် ပြေးရင်းလွှားရင်း အရေးပေါ်လာမွေးတဲ့သူတွေ များပါတယ်။

ကလေးမွေးပေးတဲ့အခါ အညစ်အကြေးတွေနဲ့ သွေးတွေ တစ်ကိုယ်လုံး အပေခံရပေမယ့် ဒါကို အညစ်အကြေးလို့ မမြင်ဘဲ မြင့်မြတ်တဲ့အရာလို့ ပြောင်းမြင်ပြီး ကလေးကို လျောလျောလျူလျူမွေးပေးနိုင်ဖို့အတွက်သာ အာရုံထားမွေးပေးတယ်လို့ စစ်စတာက ဆိုပါတယ်။

လက်ရှိမှာ စစ်စတာဟာ တာဝန်ကျရာနေရာဖြစ်တဲ့ မလိဂင်ဒိုင်ဆေးခန်းမှာ နေ့ရောညပါ မနားရအောင် လူနာတွေအတွက် အားကိုးအားထားရာအဖြစ် ရပ်တည်နေဆဲပါ။ စစ်စတာဟာ သီလရှင်တစ်ပါးဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းတွေလို တာဝန် အရ ရွေ့ပြောင်းရလည်း ကျတဲ့နေရာတိုင်းမှာ အခုလိုပဲ ကူညီဆောင်ရွက်ပေးဖို့ အသင့်ပြင်ဆင်ထားပြီးသားလို့ ဆိုပါတယ်။

စစ်စတာဟာ သူ့ရဲ့ဘဝကို အများအကျိုးအတွက် ပေးဆပ်ထားပြီးသားဖြစ်တဲ့အတွက် ကျန်းကျန်းမာမာရှိနေပြီး အသက်နဲ့ ခန္ဓာတည်မြဲနေသ၍ အများအကျိုးအတွက် လုပ်ဆောင်သွားဦးမှာလို့ သူ့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ယခုလိုဆိုတယ်။

“ စစ်စတာကမွေးပေးရတာပျော်တယ်။ လူတွေဒီလောက်အသတ်ခံနေရတာ စစ်စတာက ပြန်ပြီးတော့မွေးဖွားပေးနိုင်ခဲ့ တယ်။ သူများတွေကသတ်တယ်။ စစ်စတာတော့ ကလေးတွေ ကောင်းကောင်းမွန်မွန်မွေးဖွားနိုင်တယ်”

Author:

Related Articles