ဒေဝီ။ ။
စက်ယန္တယားကြီးနဲ့ နင်းခြေခံလိုက်ရလို့ ပြိုပျက်ပြီး တစ်စစီဖြစ်နေတဲ့ နေအိမ်လေးကို ကြည့်ရင်း ဒေါ်နုနု(အမည်လွှဲ) ထိုင်ငို ချလိုက်တယ်။ ရှစ်နှစ်တာခိုလှုံခဲ့ရတဲ့အိမ်လေးက အခုတော့ အပျက်အစီးပုံတွေကြားမှာပြားပြားဝပ်လျက်။
မုန်တိုင်းဒဏ်ကြောင့် ပစ္စည်းဥစ္စာတွေဆုံးရှုံး၊ ဆွေမျိုးသားချင်းတွေနဲ့ ရှင်ကွဲသေကွဲ ကွဲခဲ့ရတဲ့ နေရပ်ဇာတိကို စွန့်ခွာကာ ရန်ကုန်က လမ်းဘေးမြေနေရာတစ်ခုမှာ အခြားသော သူတွေနည်းတူ အဖီချနေအိမ်ဆောက်လို့ ကျူးကျော်အဖြစ် အခြေချ နေထိုင်လာခဲ့ရာက အောက်တိုဘာလကုန်မှာ အသိုက်မဲ့ခဲ့ရတယ်။
” ခွေးတစ်ကောင်လိုမောင်းထုတ်တာလားလို့ သူတို့ကိုပြောချင်ပေမယ့်ကြားအောင်မပြောရဲဘူး ကိုယ့်ကိုပစ်သတ်မှာစိုးလို့။ ” လို့ ဒေါ်နုနုကပြောတယ်။
ရန်ကုန်-ပုသိမ် ကားလမ်းတစ်လျှောက်က ထောင်နဲ့ချီတဲ့ ကျူးကျော်နေအိမ်တွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီက သတိ ပေးပြီးနောက် အောက်တိုဘာ ၂၈ ရက်နေ့မှာ လူအင်အားအများအပြားနဲ့ စက်ယန္တရားကြီးတွေရောက်လာပြီး ကျူးကျော် နေအိမ်တွေကို ဖြိုဖျက်ခဲ့တဲ့အထဲ ဒေါ်နုနုတို့ နေအိမ်လည်းအပါအဝင်ပါ။
စစ်ကောင်စီက လှိုင်သာယာမြို့နယ်က ကျူးကျော်တွေကို တစ်ပတ်အတွင်းဖယ်ရှားဖို့ အောက်တိုဘာ တတိယပတ် ကတည်းက သတိပေးပြောကြားခဲ့တာကြောင့် ရင်တထိတ်ထိတ်နေထိုင်ခဲ့ရပြီး ပစ္စည်းပစ္စယတွေကိုတော့ အသင့်ပြင်ထား ရပါတယ်။ စစ်ကောင်စီရဲ့ သတ်မှတ်ထားတဲ့နေ့မှာတော့ ရဲ၊စစ်သားတွေနဲ့ ဘတ်ဟိုးတွေပါ မြင်လိုက်ရတော့ အသင့်ပြင် ထားတဲ့ ပစ္စည်းတွေယူဆောင်ပြီး မီးခွက်ဈေးအနားက အဆောင်တစ်ခုမှာသွားထားခဲ့ရတယ်။
” သူတို့ရှင်းတဲ့နေတုန်းက တော်တော်ကြမ်းတယ်။ အကုန်ဘတ်ဟိုးနဲ့ ကုတ်သွားတာ ရဲတွေစစ်သားတွေကလည်း အရှေ့ ရော အနောက်ရောဝိုင်းထားတော့ ၊ရောင်းချင်တာလေးတွေမရောင်းရတော့ဘူး” လို့ ဒေါ်နုနုက ပြောပါတယ်။
နေအိမ်ဖြိုဖျက်ခံရပေမဲ့လည်း တစ်ချို့မိသားစုတွေက ပြန်အသုံးပြုလို့ရတဲ့ ဝါး၊ဝါးထရံ ၊ဓနိစတဲ့ အိမ်ဆောက်ပစ္စည်းတွေကို ယူဆောင်ပြီး အခြားနေရာမှာ ပြန်လည်ဆောက်လုပ်ကြတာ၊ အချို့တွေကလည်း ကိုယ့်အိမ်က အသုံးပြုလို့ရသေးတဲ့ အိမ် ဆောက်ပစ္စည်းတွေကို အခြားသူတွေကို ပြန်ရောင်းကြတော့ ဒေါ်နုနုကလည်း သူ့အိမ်က ဝါးတွေထရံတွေကို ပြန်ရောင်းရင် အသုံးစရိတ်လေးရမလားဆိုပြီးတွေးထားတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးကျော်နေအိမ်တွေကို ဖြိုဖျက်လို့ ဖယ်ရှားခံရတဲ့ လှိုင်သာယာလမ်းဘေးတစ်လျှောက်က ကျူးကျော်မိသားစုက ငါးထောင်နဲ့ရှစ်ထောင်ကြား၊ လူဦးရေသောင်းကျော်ရှိမယ်လို့မှန်းထားပြီး ရုတ်တရက် အဓမ္မ အင်အား သုံးဖယ်ရှားတော့ အများစုကဒုက္ခရောက်နေရတယ်လို့ ဖယ်ရှားခံလိုက်ရတဲ့ ကျူးကျော်တွေကို အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။
အချို့ကလည်း နဂိုနေရာလေး ပြန်နေရမလားမျှော်လင့်ချက်နဲ့ ရပ်ကွက်တွေထဲက အဆောင်မှာငှားရမ်းနေထိုင်ရင်း စောင့် ကြည့်ကြတာ ၊အဆောင်တွေကလဲ မိသားစုများရင်လက်မခံတော့ ကလေးနဲ့အမျိုးသမီးတွေကိုပဲ အဆောင်မှာအိပ်ခိုင်းပြီး ကျန်သူတွေက အပျက်အစီးပုံတွေကြားလမ်းဘေးတွေမှာ ခိုးအိပ်ရတာ၊ အချို့မိသားစုတွေကလည်း လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံအနီးနား ဝန်းကျင်မှာတဲထိုးပြီးနေထိုင်တာ၊ အချို့ကလည်း ငှားရမ်းနေထိုင်ဖို့ အခက်အခဲရှိတာကြောင့် နေရပ်ပြန်ကြတာတွေရှိတယ်လို့ ယင်းကဆက်ပြောတယ်။
ဒေါ်နုနုတို့ဆိုရင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ထဲက ရွာလေးတစ်ရွာကပါ၊ နာဂစ်မုန်တိုင်းဒဏ်ခံရသူတွေထဲ ဒေါ်နုနုတို့ မိသားစုတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒေါ်နုနုတို့မိသားစုက မုန်တိုင်းဒဏ်မခံရခင်အချိန်ထိ ရွာနီးချုပ်စပ်မှာ ဈေးရောင်းတာ၊ သစ်ခုတ်ဝါးခုတ်လုပ်ငန်းတွေလုပ် တာကြောင့် အတော်အသင့် ပြေလည်ခဲ့ကြပါတယ်။ နာဂစ်မုန်တိုင်းကြောင့် မိသားစုဝင်တွေ အသက်မဆုံးမရှုံးခဲ့ပေမယ့် နေအိမ်နဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ရပြီး စီးပွားရေး ပြန်နာလန်မထူနိုင်တော့ဘူးလို့ဆိုတယ်။
နေရပ်မှာ စားဝတ်နေရေးခက်ခဲတာကြောင့် ဟိုအရပ်ဒီအရပ်ကျင်လည်ရင်း ရန်ကုန်ကို ၂၀၁၂ လောက်က ရောက်ရှိပြီး လှိုင်သာယာမြို့နယ်က မီးခွက်ဈေးအနီးနားမှာ အခြားသူတွေ နေအိမ်ဆောက်နေထိုင်သလို ကျူးကျော်နေထိုင်ရင်း ကြုံရာ ကျပမ်းလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်။
လူဦးရေများတဲ့ ဒေါ်နုနုတို့မိသားစုမှာ သူကပဲအိမ်ကို ဦးစီးဦးရွက်ပြုရသူပါ။ မိသားစု၁၁ယောက်ရှိတဲ့အနက် လက်ရှိမှာ သား သမီးလေးယောက်ကအိမ်ထောင်ခွဲသွားတော့ ဒေါ်နုနုတို့ဇနီးမောင်နှံနဲ့ သားသမီးငါးယောက်က ကျူးကျော်တဲမှာကျန်ခဲ့ တယ်။
ကျပန်းအလုပ်လုပ်တဲ့ ခင်ပွန်းဖြစ်သူလည်း အလုပ်ရှိတစ်လှည့် မရှိတစ်လှည့်ဆိုတော့ ဒေါ်နုနုကပဲ စားဝတ်နေရေးအတွက် အခြားအိမ်တွေသွားပြီး အဝတ်လျှော်တာ၊ ကလေးသုံးယောက်နဲ့အတူ ရေသန့်ဗူးခွံ၊ ပုလင်းခွံတွေကို လှည်းတစ်စီးနဲ့ လိုက် ဝယ်တာတွေကို လုပ်ဆောင်ရပါတယ်။ ကလေးတွေနဲ့အတူလုပ်ရတော့ ပျှမ်းမျှတစ်နေ့ဝင်ငွေ တစ်သောင်းကျော်ကျော် လောက်ရပေမယ့် မိသားစုတွေ စားလောက်ရုံပါ။
ဒီလိုအခြေအနေမှာ ရုတ်တရက် ဖယ်ရှားခံရတော့ နေရေးစားရေးအတွက် ပိုပြီးတော့ရှေ့ဆက်ဖို့ခက်ခဲမှာကို တွေးပူရတယ် လို့ ဆိုတယ်။
လက်ရှိမှာ နေရာကပြောင်းရွှေ့ခဲ့ရတဲ့အပြင် နေအိမ်တွေကိုပါ ဖြိုဖျက်သွားတော့၊ လှိုင်သာယာမီးခွက်ဈေးနား ရပ်ကွက် ထဲက အဆောင်တစ်ခုကို ဒေါ်နုနုတို့ မိသားစုတွေပြောင်းရွှေ့ ခဲ့ရပါတယ်။ မိသားစုဦးရေများတော့ တစ်လရှစ်သောင်း ပေးရတဲ့ အဆောင်ကလည်း ခုနှစ်ယောက်အထိသာ နေထိုင်ခွင့်ပြုလို့ ကျန်သူတွေက ညဆို ဖျက်ခံထားရတဲ့နေရာတွေမှာ ပြန်အိပ်တာတွေလုပ်ရတယ်လို့ ပြောပါတယ်။
” အမျိုးသားက ညဆို ကျုးနေရာမှာပြန်အိပ်တယ်။ ဖျက်ထားတဲ့နေရာလေးမှာမီးကိုမှိတ်ပြီးအိပ်တာ အသံမပေးဘဲနဲ့ သိရင် ဖမ်းမှာဆိုးလို့။”လို့ ဒေါ်နုနုကပြောပါတယ်။
အရင်က ကျူးကျော်အဖြစ်နေထိုင်ခဲ့ရပေမယ့်လည်း ကျောတစ်ခင်းစာနေရာရှိတော့ စားဖို့သောက်ဖို့ပဲ ပူပန်ရပါတယ်။ အလုပ် အကိုင်မကောင်းတဲ့နေ့တွေဆိုလည်း ရှိတာနဲ့ စားသောက်လို့ရတယ်။ အခုတော့ နေရေးထိုင်ရေးအတွက် ပူပန်စရာ တစ်ခု တိုးလာတယ်လို့ဆိုတယ်။
” ရအောင်တော့ နေရမှာပေါ့ အဆောင်ခမပေးနိုင်ရင် ဘယ်နေ့ဆင်းရမလဲမသိဘူး၊ ကလေးတွေနဲ့ လမ်းဘေးနေလို့လည်း မရတာ။ ကိုယ်မှမဟုတ်ဘူး၊ မိသားစုတွေအကုန်ဒုက္ခရောက်တာ။ အကုန်လုံးမျက်ရည်နဲ့မျက်ခွက်ပဲ” လို့ ဒေါ်နုနုက ပြောပါ တယ်။
စစ်ကောင်စီက ကျူးကျော်နေအိမ်တွေကို ပြောင်းရွှေ့ဖို့ ဖိအားပေးတာကြောင့် အချို့တွေကလည်း ကြောက်ကြောက် လန့်လန့်နဲ့ ကြိုတင်ရွှေ့ပြောင်းကြသလို အချို့မိသားစုတွေကလည်း လာဖျက်တဲ့နေ့မှ ပစ္စည်းတွေရွှေ့ပြောင်းရတာတွေရှိ တယ်လို့ အသက် ၄၂နှစ်အရွယ် ဒေါ်တင်တင်ကပြောပါတယ်။
” ကျွန်မအိမ်က ဖျက်တာတော့ဖျက်ပြီးသွားပြီ။ အခြားနေရာတွေကိုတော့ ဘတ်ဟိုးနဲ့လာနင်းသွားတယ်။ မပြောင်းရသေး တဲ့လူတွေ ဒုက္ခရောက်တာပေါ့။” လို့ ဒေါ်တင်တင်ကပြောပါတယ်။
ဒေါ်တင်တင်ကလည်း ဧရာဝတီတိုင်းကနေပြောင်းလာတဲ့သူတစ်ဦးပါ။ နေရပ်မှာ ရှာဖွေစားသောက်ရတာ ခက်ခဲတဲ့ အတွက် အလုပ်အကိုင်ပေါတဲ့ ရန်ကုန်မှာအခြေချနေထိုင်ဖို့ ရောက်လာတာ ငါးနှစ်ခန့်ရှိပါပြီ။
ရန်ကုန်ရောက်စက အရင်ရောက်နေတဲ့ ဆွေမျိုးတွေနေအိမ်မှာနေထိုင်ပြီးနောက် အလုပ်အကိုင်အဆင်ပြေလာတဲ့အခါ မိသားစုတွေကိုခေါ်ကာ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအောက်နားမှာ နေအိမ်ဆောက်လုပ်ပြီး မိသားစုတွေနဲ့ နေထိုင်နေတာပါ။
ဓနိမိုး၊ ထရံကာတဲ့ နေအိမ်လေးဆောက်ဖို့တောင် အတိုးချေးစားတဲ့သူဆီက နေ့ပြန်တိုးချေးငှားပြီး ဆောက်ခဲ့ရတာပါ။ အခု တော့ အကြွေးတောင်မကျေခင် အိမ်ပါဖျက်ပေးလိုက်ရတယ်လို့ဆိုပါတယ်။
” အကြွေးတောင်မကျေသေးဘူး အခုဖျက်ပေးလိုက်ရတာ။ အိမ်ပြန်ဆောက်မယ့်လူကို ပစ္စည်းတွေအလုံးလိုက်ပေးလိုက် တယ်။ နှမြောတော့နှမြောစရာ”လို့ ဒေါ်တင်တင်ကပြောပါတယ်။
ကျန်းမာရေးမကောင်းတဲ့ခင်ပွန်းနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရှိတဲ့ မိသားစုမှာ ဒေါ်တင်တင်ကပဲ ဦးဆောင်ပြီး စားဝတ်နေရေးအတွက် လုံးပန်းရတယ်။
မိုးလင်းတာနဲ့ ရေသန့်ဘူးခွံပုလင်းခွံကောက်တာ၊ သံတိုသံစတွေဝယ်တာ၊ နေ့ပြန်တိုးချေးယူပြီး အခြားပုလင်းကောက်တဲ့ သူတွေဆီက ပစ္စည်းတွေကို ပြန်ဝယ်တာတွေလုပ်တော့ တစ်နေ့ဝင်ငွေ ခြောက်ထောင်ကနေ တစ်သောင်းကြားရပေမယ့် မိသားစုတွေလောက်ငရုံပဲ ရှိတယ်လို့ ဆိုပါတယ်။
” တစ်ဦးနဲ့တစ်ဦး အကူအညီတောင်းပြီးတော့နေရတာပေါ့၊ အဆောင်သမားတွေကိုလည်း ရှိခိုးတောင်းပန်ပြီးတော့ နောက် ငါးရက်နေမှ ပေးပါမယ်ဆိုပြီး တက်နေရတာပဲ။” လို့ ဒေါ်တင်တင်ကပြောပါတယ်။
ဒေါ်တင်တင်တို့မိသားစုလည်း တစ်လငါးသောင်းပေးရတဲ့ ၈ပေ ၁၅ ပေ ဆောင်မှာ လူအများကြီးနေထိုင်ခွင့်မပြုတဲ့အတွက် မိသားစုငါးယောက်လုံးကိုပေးနေဖို့ တောင်းပန်ပြီးနေထိုင်ရတယ်လို့ဆိုပါတယ်။
ရွှေ့ပြောင်းအလုပ်သမားနဲ့ အခြေခံလူတန်းစားမျိုးစုံရှိတဲ့ လှိုင်သာယာမြို့နယ်မှာလည်း တစ်ဦးချင်းငှားရမ်းတဲ့ အဆောင် တွေ၊ အိမ်ထောင်သည်နဲ့ မိသားစုအဆောင်တွေရှိပြီး သုံးသောင်းကနေ တစ်သိန်းအထိ ငှားရမ်းခရှိတယ်လို့ ဆိုပါတယ်။
ဒေါ်တင်တင်တို့ နေထိုင်ရာကျူးကျော်နေအိမ်တွေက မခိုင်မာဘူးဆိုတာလည်းသိပါတယ်၊ အရင်ကတည်း ပြောင်းရွှေ့မယ်၊ ဖယ်ရှားရမယ်ဆိုပြီး သတင်းတွေကြားသလို၊ ရွှေ့ပြောင်းပေးဖို့ စာကပ်တာတွေလည်း ခဏခဏကြုံရတယ်ဆိုပေမယ့် ဒီလိုမျိုး ချက်ချင်းကြီး ရှင်းလင်းခံရမယ်လို့ မထင်ထားမိဘူးလို့ ဆက်ပြောတယ်။
” ဖျက်ရမယ်ဆိုတာ အရင်ကတည်းကကြားနေတာလေ။ လာပြောလည်းခဏပဲ စာကပ်လည်းခနပဲဆိုတော့ ပြီးပြီးရောနေ လိုက်ကြတာလေ။ လုပ်လိုက်တော့မှပဲ အသည်းအသန်ဖြစ်ကြတာ။ ကျူးကျော်တွေလည်းကုန်ပြီ ပြောင်းကုန်ကြတာ” လို့ ဒေါ်တင်တင်ကပြောပါတယ်။
ကျန်းမာရေးမကောင်းတဲ့ခင်ပွန်း၊ လူမမယ်ကလေးသုံးယောက်နဲ့ စားရေးသောက်ရေးအတွက် ရုန်းကန်နေတာကနေ ရှေ့ အနာဂတ်မှာ နေစရာအတွက်ပါ ခေါင်းခဲရတော့မှာဖြစ်ပေမဲ့ အဆင်ပြေအောင်ကြိုးစား ရုန်ကန်သွားပြီး၊ မျှော်မှန်းထားသလို ဖြစ်မလာရင်တော့ ကိုယ့်နေရပ်ပဲပြန်ရမလား ဆိုတာတွေးတောနေရတယ် ဒေါ်တင်တင်ကပြောပါတယ်။
” ခက်ခဲပေမယ့်လည်း အဆင်ပြေအောင်ရုန်းရမှာပေါ့၊ သူများအဆောင်မှာနေပြီးပြီ။ ကြိုးစားပြီးမရှာပေးရင် နေလို့ရမှာ မဟုတ်ဘူး။ အဆင်ပြေရင်လည်းဆက်နေပေါ့၊ မပြေတော့လည်း ကိုယ့်ရွာကိုယ်ပြန်ရမှာပေါ့။ ရွာမှာတော့ အိမ်မရှိတော့ဘူး” လို့ ဒေါ်တင်တင်ကပြောပါတယ်။
လှိုင်သာယာကျူးကျော်မိသားစုတွေအများစုက နာဂစ်မုန်တိုင်းပြီးနောက် ဧရာဝတီတိုင်းဘက်နေ အခြေချပြောင်းရွှေ့လာ တဲ့ သူတွေများပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းပေါများပေမယ့် နေရေးစားရေးခက်ခဲတဲ့ ရန်ကုန်မြို့တော်မှာ ဖြစ်သလို အခြေချရင်း ကျူးကျော်အဖြစ် နေထိုင်လာကြတာပါ။
ရန်ကုန်တစ်မြို့လုံးအတိုင်းအတာအရ လူဦးရေသိန်းကျော်ရှိတဲ့ ကျူးကျော်တွေရဲ့ပြသနာဟာ အစိုးရအဆက်အဆက် ခေါင်းခဲစရာကိစ္စဖြစ်ခဲ့ပြီး လူမှုရေးအရ အကဲဆတ်တဲ့ပြသနာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီပြသနာကို အရင် NLD အစိုးရ လက် ထက်တုန်းက ဖြေရှင်းဖို့ကြိုးပမ်းခဲ့ပြီး ကျူးကျော်အိမ်ထောင်စုစာရင်းကောက်တာ၊ ကျူးကျော်အဖြစ်အသိအမှတ်ပြုတဲ့ Smart Card ထုတ်ပေးတာမျိုးတွေ လုပ်ခဲ့ပေမယ့် အပြီးသတ်ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။
ယခုစစ်ကောင်စီ တစ်ကယ်ရှင်းလင်းတဲ့အခါ လုပ်စားတဲ့ကျူးကျော်တွေက မရှိတော့ဘဲ အမှန်တကယ်နေထိုင်စာရာမရှိ ခက်ခဲတဲ့သူ တွေသာဒုက္ခရောက်ကျန်ခဲ့တာလို့ ကျူးကျော်တွေကို ကူညီနေတဲ့သူ တစ်ဦးကပြောပါတယ်။
ကျူးကျော်နေထိုင်သူတွေထဲ အမှန်တကယ်နေရာမရှိလို့ လမ်းဘေးမြေလွတ်တဲ့နေရာတွေမှာ အဖီချတဲထိုးရင်းနဲ့ နေအိမ် ဆောက်လုပ်နေထိုင်တာတွေကို အမှန်တကယ်ကျူးကျော်သူတွေလို့ဆိုပြီး အချို့တွေကလည်း ကျူးကျော်အဖြစ် နေထိုင် ရာမှ အခြားသူများကို နေရာလွှဲပြောင်းရောင်းခဲ့တာ မြို့နယ်တွေအလိုက်ကျက်စားတဲ့ လူဆိုးလူမိုက်များက မြေနေရာဦး ထားပြီး ပြန်ရောင်းချတာ၊ မြေလစ်လပ်တဲ့နေရာတွေမှာ ကျူးကျော်အခြေချ၍ ငွေကြေးတတ်နိုင်သူများနှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်တာတွေရှိတဲ့အတွက် ယင်းတို့ကို လုပ်စားကျူးအဖြစ် သတ်မှတ်တာလို့ဆိုပါတယ်။
” လုပ်စားကျူးတွေကပြေးသွားပြီ၊ ပြေးလည်းပြေးနိုင်တယ်။ အသက်စွန့်ပြီးမနေဘူး။ ကျန်ခဲ့တာက ပြေးစရာမြေမရှိ ငွေမရှိ တဲ့လူတွေပဲ။ သူတို့က နဂိုကတည်းက နေစရာမရှိလို့နေတာ”လို့ပြောပါတယ်။
မတည်ငြိမ်တဲ့ကာလကြီးမှာ ပြည်သူတွေအတွက် ဘာအစီအစဉ်မှမရှိဘဲ ရုတ်တရက် ဖယ်ရှားခဲ့တာက မိသားစု ထောင် ပေါင်းများစွာကို ဒုက္ခတွင်းထဲပို့တာနဲ့ အတူတူပဲလို့ ဖယ်ရှားခံလိုက်ရတဲ့ ကျူးကျော်မိသားစုဝင်တစ်ဦးဖြစ်တဲ့ အသက် ၅၄ နှစ် အရွယ်ဦးလှဆောင်ကပြောပါတယ်။
လူဦးရေမြောက်များစွာကို နေရာကနေ အတင်းအကြပ်ရွှေ့ပြောင်းစေရုံတင်မက နေအိမ်တွေကိုပါ ဖြိုဖျက်သွားခြင်းက ပြည်သူတွေ ရှေ့ဆက် အခက်အခဲဖြစ်စေရုံသာမက မိသားစုတွေပါ တစ်ကွဲတစ်ပြားဖြစ်စေတယ်လို့ ဆက်ပြောပါတယ်။
” အကုန်လုံးက တကွဲတပြားစီဖြစ်ကုန်ကျတယ်၊ ချက်ချင်းကြီးဆိုတော့ ဘယ်သူမှာအဆင်မပြေကြဘူးလေ”လို့ ဦးလှ ဆောင်က ပြောပါတယ်။
ဦးလှဆောင်တို့မိသားစုလည်း နေအိမ်ကနေ ဖယ်ရှားခံရပြီးနောက် အခြားသူတွေလို အဆောင်မှာငှားရမ်းနေထိုင်ဖို့ မတတ်နိုင်တာကြောင့် ဇနီးနဲ့သမီးတွေကို အဆောင်ငှားနေထိုင်တဲ့ဆွေမျိုးဆီ သွားရောက်နေထိုင်စေပြီး သူကတော့ ဖြိုဖျက် ခံရတဲ့နေရာလေးမှာ ရဲနဲ့စစ်သားတွေမသိအောင် သွားအိပ်ရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေက ရန်ကုန်-ပုသိမ် ကားလမ်းတစ်လျှောက်မှာနေထိုင်တဲ့ ကျူးကျော်နေအိမ်တွေတင်မကဘဲ၊ မော်တင်-ကမ်းနားလမ်းတစ်လျှောက်နဲ့ ဗဟန်းဈေးအနီးတို့က ကျူးကျော်ဆိုင်ခန်းတွေနဲ့ ကျူးကျော်နေထိုင်သူတွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖယ်ရှားရှင်းလင်းခဲ့ပါသေးတယ်။
အခုမငြိမ်မသက်ကာလမှာ ထောင်သောင်းချီတဲ့ ကျုးကျော်မိသားစုတွေကို ရုတ်တရက်ကြီး ရွှေ့ပြောင်းခိုင်းတာက အဓိက အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖမ်းဆီးချင်လို့ အကြောင်းရှာတာ ဒါမှမဟုတ် ဆန္ဒပြပွဲတွေတုန်းက ကျူးမိသား စုတွေက ရှေ့ဆုံးကပါဝင်ပြီး လှုပ်ရှားတာကြောင့် ဖယ်ရှားရှင်းလင်းတာလို့ ယူဆထားကြပါတယ်။
အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေတုန်းကလည်း လှိုင်သာယာမြို့နယ်က အားကောင်းတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ လှိုင် သာယာမြို့နယ်က လူငယ်တွေကျူးကျော်မိသားစုက ပြည်သူတွေကရဲရဲဝင့်ဝင့် ရင်ဆိုင်ခဲ့တာကြောင့် ကျူးကျော်တွေကို နှင်ထုတ်တာဖြစ်နိုင်တယ်လို့ ကျူးတွေကိုကူညီနေသူက ဆိုပါတယ်။
” တခြားစီးပွားရေးတွေ ဘာညာလည်းမကြားမိဘူး။ ကျူးတွေကိုနှင်တာ လုံခြုံရေးလို့အကြောင်းပြပေမဲ့ အရင်ကတည်းက လူတန်းစားစုံတဲ့နေရာဆိုတော့ ထူးပြီး ရာဇဝတ်မှုထူပြောတာလည်းမဟုတ်ပြန်ဘူး။ ဆန္ဒပြတုန်းက ကျူးတွေကရှေ့တန်းက ပါတာကိုမကျေနပ်တာလားပေါ့။”လို့ ယင်းကဆက်ပြောပါတယ်။
အခုလက်ရှိမှာတော့ ရန်ကုန်-ပုသိမ်ကားလမ်းတစ်လျှောက် (ဘုရင့်နောင်တံတားအောက်ကနေမအူပင်အထွက်လမ်းထိ) ကျူးကျော်မိသားစုတွေကတော့ အိမ်ရာမဲ့ခဲ့ရပြီး သူတို့အတွက်လိုအပ်တာက ခိုနားစရာနေအိမ်ဖြစ်တဲ့အတွက် ဒါက တာဝန် ရှိသူတွေ စဉ်းစားဖြေရှင်းရမယ့်ကိစ္စလို့ ယင်းကဆိုပါတယ်။
လက်ရှိမှာ နေအိမ်တွေကနေ ဖယ်ရှားရှင်းလင်းခံရတဲ့ သောင်းနဲ့ချီတဲ့ကျူးကျော်တွေကို အလုပ်သမားရေး လုပ်ဆောင်သူ တွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအချို့က ငွေကြေးအနည်းငယ်ထောက်ပံ့တာ ပရဟိတအဖွဲ့နဲ့ စေတနာရှင်အချို့က စားနပ်ရိက္ခာအချို့ ထောက်ပံ့တာတွေရှိပေမဲ့ လှူဒါန်းသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိတာကြောင့် ပေါ်ပေါ်ထင်ထင် မကူညီရဲကြဘူးလို့ အကူအညီပေးနေသူတွေနဲ့ ကျူးကျော်မိသားစုတွေကပြောပါတယ်။
” လာဖျက်တဲ့နေ့ကဆို အလှုရှင်တွေပေးတဲ့ထမင်းဘူး လေးဘူးနဲ့ မိသားစုတွေမျှစားကြတယ်။ သူတို့လည်း လှူပြီးပြန်ပြေးရ တယ် “လို့ ဒေါ်နုနုကပြောပါတယ်။
အရင်အစိုးရလက်ထက်မှာဆိုရင်တော့ ဒီလိုအခြေအနေဆိုးမကြုံတွေ့နိုင်သလို ကြုံခဲ့ရင်တောင် တစ်ခုခု အစားပြန်လုပ် ပေးမယ်လို့ တွေးထင်တယ်လို့ ဖယ်ရှားရှင်းလင်းခံရတဲ့ ကျူးကျော်မိသားစုတွေကဆိုပါတယ်။
လက်ရှိမှာ ရှင်းလင်းခံလိုက်ရတဲ့ ကျူးကျော်မိသားစုတွေဟာ အဆင်ပြေတဲ့နေရာတွေမှာ ခိုကပ်နေထိုင်နေကြပါတယ်။ ရန်ကုန်လိုနေရာမျိုးမှာ အခြေချနေထိုင်ဖို့အတွက် စားဝတ်နေရေးအနက် နေရေးကအရေးအကြီးဆုံးလို့ယူဆထားတဲ့ အတွက် နေအိမ်လေးတစ်လုံးနဲ့နေထိုင်ရဖို့ ဆုတောင်းမိတယ်လို့ကျူးကျော်မိသားစုတွေကဆိုတယ်။
” ကိုယ့်အိမ်လေးနဲ့ကိုယ်နေတော့ အရောင်းအဝယ်လည်း လုပ်လို့ရတယ်။ ကျွန်မက သမာအာဇီဝကျတဲ့ ဘယ်အလုပ်မျိုး မဆို အစုံလုပ်တက်တယ်။ပိုက်ဆံလည်းရှာတတ်တယ်”လို့ ဒေါ်တင်တင်ကပြောပါတယ်။
ဒေါ်နုနုကတော့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေရှိခဲ့တဲ့ ဇာတိကိုလည်းမပြန်ချင်တော့၊ ဒီရန်ကုန်မှာပဲ အခြေချနေထိုင်ဖို့ ဆုံးဖြတ် ထားတဲ့အတွက် နေရေးအတွက်ရော စားရေးအတွက်ပါ ပိုပြီးကြိုးစားရုန်းကန်ရတော့မယ်လို့ဆိုတယ်။
လက်ရှိမှာ ကျောတစ်ခင်းစာနေရာကအရေးကြီးတာကြောင့် လက်တလောငှားရမ်းနေထိုင်ရတဲ့အဆောင်မှာပဲ ဆက်နေပြီး အိမ်လခတွေကို တစ်လုံးတည်းမဟုတ်ရင်တောင် ပမာဏနည်းနည်းစီခွဲသွင်းပေးဖို့ အဆောင်ရှင်ကို တောင်းဆိုကြည့်မယ် လို့ ဒေါ်နုနုက ယခုလိုဆိုတယ်။
” နောက်လတောင်းပန်ပြီး သုံးထောင်သွင်းလေးထောင်သွင်းပေးမယ်ဆိုပြီးနေကြည့်ရမှာပေါ့။ အခြေအနေမကောင်း တော့ဘူးဆိုရင်လည်း တစ်မျိုးတစ်ဖုံကြည့်လုပ်ရမှာပဲ၊ ပင်လယ်ထဲပြန်သွားရမလားဆိုတော့ မသွားချင်တော့ဘူး”