Home ဆောင်းပါး ကင်းဘတ်စပေါ်က အမျိုးသမီးတွေရဲ့ ဘဝကောက်ကြောင်း

ကင်းဘတ်စပေါ်က အမျိုးသမီးတွေရဲ့ ဘဝကောက်ကြောင်း

ရွှေရည်။ ။

“နေ့စဉ်ရုန်းကန်လှုပ်ရှားရတဲ့ ဘဝတွေမှာ အမျိုးသားတွေထက် ပိုပြီးခက်ခဲတဲ့ အမျိုးသမီး တွေရဲ့ဘဝကို မြင်ပြီး ဆွဲဖြစ်တယ်။ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းတွေမှာမှ ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေက အမျိုးသမီးတွေမှာ ပိုပြီးများတယ်။ ပိုပြီးတင်းကြပ်တယ်။ ဒီလိုအခက်ခဲတွေကို ဆွဲဖြစ်တယ်။ ဆွဲရင်းနဲ့မှ ပန်းချီကား တစ်ကားနဲ့တစ်ကား ပိုပြီးသိလာရတာက အခက်အခဲက တမျိုးထဲမဟုတ်ဘူး။ အဲဒီမှာတင် ပန်းချီကားတွေက ပြောင်းလဲလာတာ”

သူ့နာမည်က ခြူးဝေငြိမ်းပါ။ ရှမ်းပြည်နယ် တောင်ပိုင်းက ရပ်စောက်မြို့သူ ဖြစ်ပါတယ်။ ငယ်စဉ်က ကလေးတစ်ယောက်ရဲ့ စူးစမ်းချင်တဲ့ အမြင်မျိုးနဲ့ ရောင်စုံခဲတံကိုင်ပြီး ပန်းချီဆွဲခဲ့ ပါတယ်။ သိနားလည်လာတဲ့ အချိန်မှာတော့ ပန်းချီဆွဲတာက တခြားအနုပညာတွေထက် မိမိ ပြောချင်ပြချင်တဲ့ အကြောင်းအရာတွေကို သိမ်သိမ်မွေ့မွေ့ ပြလို့ရတာကြောင့် ပန်းချီဆရာမ တစ်ယောက် ဖြစ်လာခဲ့သူပါ။

သူက အင်ဂျင်နီယာဘွဲ့ကို ပစ်ပယ်ပြီး ၂၀၀၈ ခုနှစ်မှာတော့ ပန်းချီလောကထဲကို ခြေစုံပစ်ဝင် လာခဲ့ပါတယ်။ စတင်ဝင်ရောက်ချိန်မှာတော့ ပုံစံမျိုးစုံရေးဆွဲခဲ့ပေမယ့် ၂၀၁၄ ခုနှစ်နောက်ပိုင်း မှာတော့ မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေကိုသာ ရေးဆွဲခဲ့သူဖြစ်ပါတယ်။ ဒီလို ရေးဆွဲဖြစ်ခဲ့တဲ့ အကြောင်းအရင်း ခိုင်ခိုင်မာမာလည်း သူ့မှာရှိလို့နေပါတယ်။

Photo: ခြူးဝေငြိမ်း

“ ကျမ တက္ကသိုလ်ကျောင်းသူဘဝတုန်းက ကျမညီမလေးကတော့ အထက်တန်းကျောင်းသူပဲ ရှိပါသေးတယ်။ သူက နယ်ကနေ ကျမရှိတဲ့ မန္တလေးမြို့ကို လာလည်တယ်။ မနက်စာ စားမယ်ဆိုပြီးတော့ မနက် ၉ နာရီလောက်ကို ဆိုင်ကယ်နဲ့ထွက်ကြတယ်။ ကျမက ဆိုင်ကယ် မောင်းတယ်။ သူကလိုက်စီးတယ်။ အဲဒီအချိန်မှာ အမျိုးသားတစ်ယောက်က လာပြီးတော့ ကျမ ညီမရဲ့ ရင်သားကို ကြမ်းကြမ်းတမ်းတမ်းကိုင်ပြီးတော့ မောင်းပြေးသွားတယ်။ အဲအချိန်မှာ ညီမလေးက ငိုတယ်။ ကျမလည်း စော်ကားသွားတဲ့သူနောက်ကို လိုက်ပြီး ဆိုင်ကယ်နဲ့လိုက် တိုက်လိုက်တယ်။ လူလည်း ပွန်းပဲ့သွားတယ်။ အဲဒီလိုအခိုက်အတန့်ဖြစ်ပီးတော့ နေ့စဉ် မိန်းကလေးတွေရဲ့ဘဝကို စပြီးတော့ သတိထားမိတယ်။ အစက ထင်တာက ကျမတို့ပဲ ဒီလို ဖြစ်တယ်ထင်တာ။ နောက်မှ ကိုယ့်သူငယ်ချင်း ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒါတွေဖြစ်နေ တယ်ဆိုတာ သိလာရတယ်။ ဒီပြဿနာက နေ့စဉ်ဘဝမှာ အမျိုးသမီးတွေကြုံနေရတယ်ဆိုတာ သိလာရတော့ အမျိုးသမီး ပန်းချီကားတွေ ဆွဲဖြစ်တယ်”

အဲဒီအချိန်ကစပြီး နေ့စဉ်ဘဝမှာ အမျိုးသမီးတွေရဲ့ မလုံခြုံတဲ့ အခြေအနေတွေနဲ့ အမျိုးသမီး တွေနဲ့ ပတ်သက်တဲ့ ဓလေ့ထုံးတမ်းတွေကို ကင်းဘတ်စပေါ်မှာ ပုံဖော်ရေးဆွဲခဲ့ပါတယ်။ ဒါပေ မယ့် ပန်းချီကားပေါ်မှာ သူပြောပြချင်တဲ့ အကြောင်းအရာကို ပုံဖော်နိုင်ဖို့ထက် ပန်းချီကား တစ်ကား ဖြစ်လာဖို့ တော်တော်လေး ခဲယဉ်းမှုတွေရှိခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကို သေသေချာချာ ရေးဆွဲနိုင်ဖို့အတွက် အချိန် ၂ နှစ်ကျော်ကြာ လေ့ကျင့်ခဲ့ရပြန်ပါတယ်။

Photo: ခြူးဝေငြိမ်း

“ စစချင်းတော့ မဆွဲနိုင်ဘူး။ ကျမ ပြောချင်တဲ့ လုပ်ချင်တဲ့စိတ်ပဲ ရှိတာလေ။ လက်က အဲဒီ လောက်မဆွဲနိုင်ဘူး။ ပုံတွေကရုပ်ပျက်ဆင်းပျက် ထွက်တယ်။ လူတွေက လူနဲ့မတူဘူး။ မိန်း ကလေးတွေက မိန်းကလေးပုံမဖြစ်ဘူး။ ဆွဲချင်တဲ့ အကြောင်းအရာ၊ ပြောချင်တဲ့ အကြောင်း အရာထက် ပန်းချီကားဖြစ်ဖို့ တော်တော်ကြီးရုန်းကန်နေရတယ်ဆိုတော့ အချိန်နည်းနည်း ကြာ သွားတယ်။ နှစ်တွေ နည်းနည်းလောက် အချိန်ယူပြီးတော့မှ မိန်းကလေးပုံတွေ ဖြစ်သွားတာပါ။ စစဆွဲတုန်းကတော့ နေ့စဉ်ဘဝမှာ မိန်းကလေးတွေ ကြုံတွေ့ရတဲ့အကြောင်း ဒါတွေကို မပြော ဘဲဖုံးထားရတဲ့အကြောင်း ဒါပေမယ့် ဆွဲရင်းနဲ့မှ အမျိုးသမီးတွေရဲ့ဘဝမှာ မညီမျှတာတွေကို တွေ့ပြီး ပုံတွေ ထပ်ပြီးဆွဲဖြစ်ခဲ့ပါတယ်”

သူက အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကို ပုံဖော်ရေးဆွဲတဲ့အခါမှာလည်း မြန်မာ့ယဉ်ကျေးမှုကို လက်ရှိ ခေတ်အမြင်နဲ့ ပေါင်းစပ်ဖန်တီးသူဖြစ်ပါတယ်။ သမရိုးကျ မြင်နေရတဲ့ ပုံရိပ်မျိုးမဟုတ်ဘဲ ခေတ်ရဲ့အငွေ့အသက် ရသတွေကိုပါ ရောပြွန်းဖန်တီးထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ် သွားရာစေညွှန်ထားတဲ့ စုတ်ချက်တွေရဲ့ ဆေးရောင်စုံအောက်က မိန်းကလေးတွေကိုတော့ လူမှု အသိုက်အဝန်းထဲမှာ အမျိုးသမီးတစ်ယောက်ရဲ့ဖွင့်ထုတ်ပြောချင်တာတွေကို လှစ်ဟပြထားတာ ဖြစ်ပါတယ်။

Photo: ခြူးဝေငြိမ်း

“ မြင်နေကျပုံစံမျိုးမဟုတ်တဲ့ မိန်းကလေးတွေ ပြီးတော့ အခုခေတ်ရဲ့ အငွေ့အသက်လည်း သူ့မှာ ပါရမယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့ အရင်ခေတ်က မြန်မာ့ရဲ့ယဉ်ကျေးမှုကလည်း ပါရမယ်။ ဖွင့် ထုတ် ပေါက်ကွဲလိုက်ပြီးတော့ ပြောချင်တာတွေကို မကြောက်မရွံ့ ပြောရဲတဲ့ မိန်းကလေးလည်း ဖြစ်ရမယ်။ နောက်တစ်ချက်က လူမှုပတ်ဝန်းကျင်မှာ မိန်းကလေးတွေ ဆိုရင် ဖိတယ်ပေါ့နော်။ ဖိလွန်းမကဖိတော့ တခါတလေ ပေါက်ထွက်ချင်လာသလိုဖြစ်တယ်။ တကယ့်အပြင်လောကမှာ ကျတော့ အရမ်းကြီးပေါက်ထွက်လို့မရဘူးလေ။ မိဘကိုလည်း ငဲ့ရတယ်။ အဲတော့ ပြောချင်တဲ့ ပုံစံ၊ ပေါက်ထွက်ချင်တဲ့ပုံစံ၊ ဖွင့်ထုတ်ချင်တဲ့ ပုံစံတွေကို ပန်းချီထဲမှာ ပြလိုက်တယ်။ အဲဒီ ၂ မျိုးပေါင်းသွားတယ်။ ပန်းချီထဲက မိန်းကလေးတွေက သူတို့ကိုယ်သူတို့ယုံကြည်မှုရှိတယ်။ အရမ်းကြီးမပြောင်းလဲနေဘူး။ ကိုယ်ပြောချင်တာ ခိုင်မာတယ်။ ပြောချင်တဲ့ပုံစံအတိုင်း၊ နေချင် တဲ့ ပုံစံအတိုင်း၊ ကိုယ့်ကိုကိုယ်လည်း ကိုယ်ပိုင်တယ်ပေါ့နော်။ အဲဒီလိုမျိုးရေးဆွဲထားတာပါ”

ဒါ့အပြင် ခြူးဝေငြိမ်းဟာ ခရီးတွေသွားရင်း ပန်းချီဆွဲရတာကို နှစ်သက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ရန်ကုန်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ပန်းချီပြပွဲက ထင်မှတ်မထားတဲ့ အောင် မြင်မှုတွေရခဲ့တာကြောင့် ပန်းချီကားရောင်းရတဲ့ ငွေတချို့နဲ့သူနှစ်သက်တဲ့ ခရီးသွားခြင်းကို အစ ပြုခဲ့ပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေကို ထပ်မံပုံဖော်ရေး ဆွဲဖို့ အတွက် သူ့ရဲ့ အတွေးသစ် ၊အမြင်သစ် ၊ ရှုထောင့်အသစ်တွေကိုတော့ သူက ခရီးသွားခြင်းကနေ ရှာဖွေယူခဲ့ပါတယ်။ မြန်မာနှလုံးသားနဲ့ ကမ္ဘာကြည့်ကြည့်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခြူး ဝေငြိမ်းဟာ အခုဆိုရင် ပြည်တွင်းပြည်ပပွဲပေါင်း လေးဆယ်ကျော် ပြသခဲ့ပြီး တစ်ကိုယ်တော် ပြပွဲ (၈) ပွဲပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

Author:

Related Articles