Home ဆောင်းပါး “ပြည်သူ့ဘက်ကိုမျက်နှာမူခဲ့ကြတဲ့ ပြည်သူ့စစ်သားဇနီးများ “

“ပြည်သူ့ဘက်ကိုမျက်နှာမူခဲ့ကြတဲ့ ပြည်သူ့စစ်သားဇနီးများ “

ခင်ဘုန်းမို့။ ။


“အပြစ်မဲ့ပြည်သူတွေကို မတရားနှိပ်စက်တဲ့ အဖွဲ့အစည်းနဲ့ ကျွန်မကင်းချင်တယ်။ ကျွန်မတို့ရဲ့မျိုးဆက်ကလေးတွေကို မျက်နှာမငယ်စေချင်ဘူး။ ပြည်သူအားလုံးရဲ့ အမုန်းကိုလည်းဆွေစဉ်မျိုးဆက်မခံယူချင်ဘူး။ ဒါကြောင့် ဖြစ်လာသမျှရင်ဆိုင် မယ်။ ကျွန်မတို့ ဓမ္မဘက်ကိုပဲ ရပ်ခဲ့တယ်”လို့ မစုသစ်က ခိုင်မာပြတ်သားစွာနဲ့ပြောပါတယ်။

ဒီစကားသံဟာ စစ်အာဏာသိမ်းမှုကိုလက်မခံနိုင်တဲ့ တပ်မတော်သားတစ်ဦးရဲ့ဇနီးဖြစ်သူမစုသစ်ပြောပြတဲ့ ပြည်သူ့ဘက် ကို မျက်နှာမူဖြစ်ခဲ့ပုံ အကြောင်းပါ။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေနဲ့အတူ အစိုးရဝန်ထမ်းတွေဟာလည်း CDM လှုပ်ရှားမှုတွေမှာ တစ်ခဲနက် ပါဝင်ခဲ့ကြပါတယ်။ ဒီလိုပါဝင်မှုကြောင့် မြန်မာနိုင်ငံရဲ့အကြမ်းမဖက် စစ်အာဏာရှင်ဆန့် ကျင်ရေး CDM လှုပ်ရှားမှုကို ၂၀၂၂ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့အထိ အောင်မြင်မှု ရခဲ့ပါတယ်။

အစိုးရရုံးဝန်ထမ်းတွေသာမက တပ်မတော်သားတွေကိုလည်း CDM ပြုလုပ်ကာ ပြည်သူလူထုဘက်ရပ်တည်ဖို့ ဖိတ်ခေါ် လှုံ့ဆော်မှုတွေပြုလုပ်ခဲ့ကြသလို ပြည်သူလူထုဘက် ရပ်တည်လာခဲ့တဲ့ တပ်မတော်သားတွေရှိလာခဲ့ပါတယ်။

တပ်မတော်သားတွေတင်မကသေးပါဘူး။ သူတို့ရဲ့ဇနီးသည်တွေကပါ ပြည်သူ့ဘက်မျက်နှာမူကာ တော်လှန်ရေးမှာ ပါဝင် လာကြပါပြီ။

မစုသစ်ဟာ ပြည်သူ့ဘက်မျက်နှာမူကာ CDM ပြုလုပ်ခဲ့တဲ့ တပ်မတော်က ဦးစီးအရာရှိ(တတိယတန်း)အရာရှိရဲ့ ဇနီးတစ်ဦး ဖြစ်ပြီး လက်ရှိမှာ ပြည်သူ့စစ်သားဇနီးများအဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ဦးပါ။

မစုသစ်ဟာ စစ်တပ်ကအာဏာစသိမ်းချိန်ကတည်းက အမှန်တရားအတွက် နှုတ်ဆိတ်မနေခဲ့ပါဘူး။ အသိမိတ်ဆွေတွေ ကတားမြစ်ကြရတဲ့အထိ လူမှုကွန်ရက်ကနေ တော်လှန်ရေးနဲ့ပတ်သက်တာတွေတင်တာ၊ ဝေမျှတာတွေပြုလုပ်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူကိုလည်း ပြည်သူတွေမတရားနှိပ်စက်ခံနေရတဲ့အကြောင်းတွေ နေ့တဓူဝပြောပြကာ CDM လုပ်ဖို့ တိုက် တွန်းခဲ့ပါတယ်။

အစပိုင်းမှာတော့ အမျိုးသားဖြစ်သူကလည်း စစ်တပ်ကဒီလိုပြုမူနေတာတွေကို မကြိုက်ပေမယ့် တပ်ကထွက်လာရင် ကြုံရမယ့် အခက်အခဲနဲ့မိသားစု စားဝတ်နေရေးကို စိတ်ပူတဲ့အပြင် တပ်ပြေးဖြစ်မှာကိုလည်း ရင်မဆိုင်နိုင်ခဲ့ပါဘူး။

အဲ့ဒီနောက် ပြည်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာတော့ အမျိုးသားဖြစ်သူရဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလာခဲ့ပါ တော့တယ်။

“ပထမဆုံး CDM စတင်တဲ့နေ့ဟာ နှစ်ယောက်လုံးစိတ်တွေအရမ်းလှုပ်ရှားရပါတယ်။ သူ့ကိုအားပေးတယ်။ ဒါသမိုင်းပဲလို့ သူကလည်းကျွန်မကိုပြန်အားပေးတယ်။ အခုချိန်ခက်ခဲနေပေမယ့် တို့ရဲ့ဆွေစဉ်မျိုးဆက်က မျက်နှာမငယ်ရတော့ဘူးတဲ့ ပြည်သူဘက်ကိုရပ်လိုက်တဲ့အတွက် သူကလည်းပြည်သူတစ်ယောက်ဖြစ်သွားပြီ။ အမှန်တရားဘက်မှာ အားနည်းတယ် ဆိုရင်တောင် အဲ့ဘက်မှာပဲရပ်တည်မယ်လို့ပြောတယ်” လို့မစုသစ်က ဂုဏ်ယူစွာပြောပါတယ်။

မစုသစ်တစ်ယောက် အမျိုးသားဖြစ်သူ လုံခြုံတဲ့နေရာရောက်မယ့်အချိန်အထိ အဖက်ဖက်က လိုအပ်တာမှန်သမျှ ဖြည့်ဆည်းကာ ပါရမီဖြည့်ပါတယ်။ ပြည်သူ့ဘက်ကိုမျက်နှာမူလိုက်တဲ့အခါမှာလည်း ပြည်သူတွေကလည်း အားရဝမ်းသာ ကြိုဆိုအားပေးကြတာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပါတယ်။

မစုသစ်နဲ့ အမျိုးသားဖြစ်သူတို့ဟာ CDM မပြုလုပ်ခင်ကတည်းက တပ်တွင်းကသူတွေကို ပြည်သူ့ဘက်ရပ်တည်ဖို့ ပြန်လည် လှုံ့ဆော်တဲ့အပိုင်းတွေကို ပြုလုပ်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့ကြတာပါ။ သူတို့ရဲ့စိတ်ကူးဟာ စက်တင်ဘာလမှာတော့ အကောင် အထည်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ မစုသစ်ဦးဆောင်ပြီး တခြားသောအရာရှိတွေရဲ့ဇနီးသည်တွေ စုပေါင်းကာ တပ်တွင်းမှာကျန်ခဲ့တဲ့ CDM မပြု လုပ်ရသေးတဲ့ တပ်မတော်သားတွေရဲ့ဇနီးမယားတွေကို လှုံ့ဆော်တဲ့အပိုင်းကိုအဓိကလုပ်ဆောင်နေပါတယ်။

အဖွဲ့မှာအမျိုးသမီးတွေ ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီး ဇနီးသည်တွေရဲ့စကားဝိုင်းတွေ၊ ကမ်ပိန်းတွေပြုလုပ်တာ အပြင် CDM စစ်သားတွေနဲ့မိသားစုဝင်တွေအတွက် ဘာသာစကားသင်တန်းတွေ၊ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုတွေစတာတွေကို ပြုလုပ်ပေးနေပါတယ်။ နောက်ပိုင်းမှာလည်း ဘဝရပ်တည်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်နိုင်တဲ့အထိ ကူညီပေးဖို့ ပြည်သူ့စစ်သားဇနီးများက ရည်ရွယ်ထားပါတယ်။

ဆိုက်ဝါး ဒါမှမဟုတ် Brain Wash လုပ်ခံထားတဲ့အဖွဲ့အစည်းက လူတွေကိုဆွဲထုတ်ရမှာဖြစ်တဲ့အတွက် ဒီအခက်အခဲ ကအကြီးမားဆုံးစိန်ခေါ်မှုဖြစ်တဲ့အပြင် လှုံ့ဆော်ပြီးတဲ့နောက် တပ်ထဲထွက်လာပြီးတဲ့သူတွေရဲ့ စားဝတ်နေရေးကို တာဝန် ယူ ဖြေရှင်းပေးဖို့ကလည်း အကြီးမားဆုံးအခက်အခဲတွေထဲမှာ တစ်ခုအပါဝင်ဖြစ်တယ်လို့ မစုသစ်ကပြောပါတယ်။

“ကျွန်မတို့ဒီအဖွဲ့အစည်းဟာအမျိုးသမီးအဖွဲ့အစည်းဖြစ်တယ်။ ထွက်ပြေးလာတဲ့ ကလေးတွေပါတာရှိသလို ရေမြေ အပြောင်းအလဲ အခက်အခဲမျိုးစုံတွေရှိနေတဲ့ကြားထဲကပြုလုပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် ထမင်းလည်းချက်ရ တယ်။ ကလေးလည်းထိန်းရတယ်။ ဒီကြားထဲကနေပြုလုပ်တဲ့အရာဖြစ်တဲ့ ဒါကြောင့်ကျွန်မတို့ တခါတလေကျရင် ကျွန်မ တို့ရဲ့ လုပ်ငန်းစဉ်တွေနှေးမှာကြောက်တယ်။ ဒါပေမယ့် အလျင်မီအောင်ပြုလုပ်နေပါတယ်”လို့မစုသစ်ကဖွင့်ဟပါတယ်။

မစုသစ်လိုပဲပြည်သူ့ဘက်မျက်နှာမူခဲ့သူတစ်ဦးကတော့ CDM စစ်ဆေးဆရာဝန်တစ်ဦးရဲ့ ဇနီးဖြစ်သူ မသဇင်ပါ။

မသဇင်ကလည်း ပြည်သူ့စစ်သားဇနီးများအဖွဲ့မှာပါဝင်ပြီးတော့ တပ်တွင်းကညီအစ်မတွေဆီ ပြည်သူ့ဘက်မျက်နှာမူဖို့ လှုံ့ ဆော်တာတွေကိုပြုလုပ်ရာမှာပါဝင်နေပါတယ်။ CDM လုပ်ဖို့အမျိုးသားကအရင်တိုင်ပင်ခဲ့ပေမယ့် တပ်မတော်ကိုချစ်မြတ်နိုး တဲ့ မသဇင်အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကလေးအနာဂတ်ကိုတွေးပြီး စစ်တပ်လောင်းရိပ်အောက်မှာ ကလေးကို မကြီးပြင်းစေချင်တာကြောင့် ပြည်သူ့ဘက်မျက်နှာမူဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

“အာဏာသိမ်းပြီးဆိုတော့ အနေကျပ်အစားကျပ်ပါတယ်။ တပ်ပြင်မထွက်ရစည်းကမ်းတွေလည်း ထုတ်ထားတယ်။ အဲ့ကြားထဲကမှ ဈေးသွားဝယ်မယ်ဆိုပြီးမိသားစုလိုက် ကလေးပစ္စည်းကလွဲ ဘာပစ္စည်းမှမသယ်ယူနိုင်ဘဲ ထွက်လာခဲ့ရတာ ပါ” လို့ မသဇင်ကထွက်လာစဉ်ကအဖြစ်အပျက်ကိုပြောပါတယ်။

တပ်ထဲကထွက်လာစဉ်လမ်းမှာအခက်အခဲမျိုးစုံရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူ့ဘက်မျက်နှာမူလိုက်တဲ့အတွက် ပြည်သူလူထုရဲ့ ဝိုင်းဝန်းချစ်ခင်ခြင်းကို ထင်မထားလောက်အောင်ရရှိခဲ့တဲ့အတွက် မသဇင်တစ်ယောက် ဝမ်းသာခဲ့ရပါတယ်။

“စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ ငါတို့နိုင်မှာ ငါ့သမီးလေး အနာဂတ်မှာလူကြားထဲရဲရဲဝင့်ဝင့်နေနိုင်မှာဆိုတဲ့စိတ်လေးနဲ့ပဲ အားတင်းဖြစ်ပါတယ်”လို့မသဇင်ကဆိုပါတယ်။

တပ်အတွင်းမှာ ၂၄နှစ်အကြာနေထိုင်ခဲ့ဖူးတဲ့မသဇင်ဟာ တပ်တွင်းမှာနေစဉ်ကမလုပ်ချင်တဲ့အလုပ်တွေကိုလည်း လုပ်ကိုင် ခဲ့ရပါတယ်။

တပ်အတွင်းမှာ အမျိုးသမီးတွေဟာ ပါရမီဖြည့်ဘက်ဆိုတဲ့ခေါင်းစဉ်နဲ့အညီ တပ်တွင်းကအလုပ်ခိုင်းတာမှန်သမျှကို လုပ်ကိုင် ကြရပါတယ်။ သူတို့ဟာ လင်ယောကျာ်းအတွက် သားသမီးအတွက်ဆိုတဲ့စိတ်နဲ့ အရာအားလုံးကိုကိုယ်မှန်နေရင်တောင် ပြန်မပြောနိုင်တဲ့ဘဝနဲ့ရှင်သန်နေကြရတယ်လို့ မသဇင်ကဆိုပါတယ်။

“တပ်အလုပ်ဆိုပြီးခေါင်းစဉ်တပ်၊ တပ်ရဲ့အကြီးဆုံးကတော်နောက်ကို တကောက်ကောက်လိုက်ခဲ့ရတာမျိုးပါ။ ကလေး တစ်ဖက်နဲ့ တစ်နေကုန်အိမ်ပစ်ပြီး သူ့နောက်ကိုပဲလိုက်နေရတာပါ။ ဘာလုပ်မယ် မယ်မယ်ရရမရှိပဲ ဈေးဝယ်တာကို နောက် ကလိုက်နေရတာမျိုးတွေ”လို့ မသဇင်ကသူ့အတွေ့အကြုံကိုပြောပါတယ်။

အခုအခါမှာတော့ ပြည်သူ့ဘက်ကို မျက်နှာမူခဲ့တဲ့အတွက် နောင်တရတာမျိုးမရှိသလို လွတ်လပ်တဲ့ခံစားချက်တွေကို အပြည့်အဝရရှိနေပါပြီ။

“ဘဝဖြတ်သန်းပုံကတော့ အထဲနဲ့အပြင်အရမ်းကိုကွာဟပါတယ်။ လွတ်လပ်သွားသလိုခံစားရတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာမလိုဘဲ ကိုယ်ပြောချင်တာကို ပြောခွင့်ရှိတဲ့ လူတစ်ယောက်ဖြစ်လာတယ်လို့ခံစားရတယ်” လို့မသဇင်က ဖွင့်ဟပါတယ်။

မစုသစ်နဲ့ မသဇင်တို့နည်းတူပြည်သူ့ဘက်မျက်နှာမူခဲ့သူကတော့ မမေပိုးပါ။

မမေပိုးဟာ ကိုယ်တိုင် CDM လုပ်ထားတဲ့ဗိုလ်ကြီးတစ်ဦးဖြစ်သလို အမျိုးသားကလည်း CDM ပြုလုပ်ထားတဲ့ဗိုလ်ကြီးပါ။

“တပ်မတော်ရဲ့ တရားမျှတမှုမရှိတဲ့လုပ်ရပ်တွေကို မကြိုက်နှစ်သက်လို့ CDMလုပ်ပြီးပြည်သူ့ဘက်ရပ်တည်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ”လို့ မမေပိုးကပြောပါတယ်။

တပ်မတော်ကအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါကိုအကြောင်းပြကာ တပ်တွင်းကလူတွေကို အပြင်ထွက်ခွင့် မပေး တာ ပေးခဲ့ရင်လည်းအပြင်ထွက်ဖို့ဆေးရုံကားနဲ့ ဆေးခန်းလိုက်ဆိုပြီးမှထွက်ရတာတွေရှိပါတယ်။

“ အမလည်း ဆေးခန်းပြဆိုပြီးပဲ ထွက်လာခဲ့တာပါ။ လွတ်မြောက်နယ်မြေမရောက်မချင်းတွေ့ကြုံရတဲ့ အခက်အခဲ ကတော့ အများကြီးပါ။ လမ်းမှာပြန်မိမလားဆိုတဲ့စိုးရိမ်ချက်တွေရယ် အမတို့ထွက်လာတဲ့ကာလက လုံခြုံရေးအရမ်းတင်းကြပ်နေ တာတွေကြောင့် အခက်အခဲအများကြီးကြုံခဲ့ရပါတယ်”လို့မမေပိုးကဖွင့်ဟပါတယ်။

ပြည်သူ့ဘက်မျက်နှာမူတဲ့အချိန်မှာ ပြည်သူကလက်ခံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့် အားလုံးကကြိုဆိုတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။

လက်ရှိမှာအခက်အခဲတွေ၊စားဝတ်နေရေးအတွက် ပင်ပန်းဒုက္ခတွေရှိပေမယ့် အမှန်တရားဘက်ကို ရပ်တည်ခဲ့တာတွေ ကြောင့် ပျော်ရွှင်စိတ်လွတ်လပ်စွာနေထိုင်နိုင်ပါတယ်။

မမေပိုးက ကိုယ်တိုင်လည်းအရာရှိတစ်ဦးဖြစ်တာကြောင့် တပ်ဇနီးသည်တွေလုပ်နေကျအလုပ်တွေဖြစ်တဲ့ အရာရှိကြီး ကတော်တွေရဲ့ ဝေယျာဝိစ္စတွေကိုမလုပ်ခဲ့ရဘဲ ရုံးအလုပ်သာလုပ်ကိုင်ခဲ့ရပါတယ်။

“ လျှောက်ခဲ့တဲ့လမ်းအပေါ်မှာ အခုရောနောင်ရော ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး။ တပ်ထဲမှာက စားဝတ်နေရေး အဆင်ပြေပေမယ့် ဖိအားတော့များတယ်။ နောက်တပ်ထဲမှာနေရတဲ့ကာလမှာလည်း အမတို့တော်လှန်ရေးအတွက် ဘာမှ မလုပ်ပေးနိုင်လို့စိတ်ထဲတော့မကောင်းဘူးပေါ့နော်။ အခုကတော့တပ်ကလည်းထွက်လာပြီဖြစ်တဲ့အတွက် တော်လှန်ရေး မှာလည်း ပါဝင်လုပ်ဆောင်နိုင်လာလို့ ကိုယ့်ကိုကိုယ်ကျေနပ်အားရမိတယ်”လို့မမေပိုးက ဂုဏ်ယူစွာ ပြောပါတယ်။

ပြည်သူ့ဘက်မျက်နှာမူခဲ့တဲ့ တပ်မတော်သားတွေရဲ့ ဇနီးသည်တွေဟာ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း တော် လှန်ရေးအတွက်ကျရာတာဝန်ကိုထမ်းဆောင်နေကြပါပြီ။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က “ စစ်တပ်ထဲက ထွက်လာတဲ့သူတွေဆိုတာနှစ်တိုင်းရှိတယ်။ ဒါပေမယ့်အဲ့လိုထွက်လာတဲ့သူတိုင်းကပြန်ပြီး ပြန်လည်လှုံ့ဆော်နိုင်တဲ့သူဆိုတာ အတော်လေးရှားခဲ့ပါတယ်။ အခုလိုမျိုး ထွက်လာပြီးတော့ တိုက်တွန်းနိုးဆော်မှုတွေဆက်တိုက် လုပ်ဆောင်လာနိုင်တယ်။ လုပ်တဲ့အခါမှာလည်း တစ်ဦးတစ် ယောက်ချင်းစီမဟုတ်ဘူး။ အဖွဲ့ဖွဲ့ပြီးလုပ်တယ်။ အဖွဲ့ထဲမှာ အမျိုးသမီးအဖွဲ့ပြန်ပေါ်လာတာ ကျွန်မတို့နိုင်ငံမှာ မကြုံဖူးတဲ့ သမိုင်းဖြစ်စဉ်တစ်ခုလို့ယူဆတယ်”လို့ မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးမှာ ပြည်သူတွေရဲ့စိတ်ဆန္ဒက အရမ်းကိုထင်သာမြင်သာ ထင်ရှားတဲ့အတွက်ကြောင့် စစ်တပ်ထဲကထွက်လာ တဲ့သူတွေဟာ သူတို့တစ်ကိုယ်တော် လွတ်မြောက်ရေးအတွက်မဟုတ်ဘဲနဲ့ တခြားသူတွေလွတ်မြောက်ရေးလုပ်မှသာလျှင် ဒီတော်လှန်ရေးကပိုအောင်မြင်မယ်ဆိုတဲ့ စိတ်ဆန္ဒကိုသူတို့ တိုးမြှင့်ရရှိပြီး ပြည်သူတွေကလည်း တစ်ခဲနက်ထောက်ခံတယ် ဒီလိုအားပေးထောက်ခံမှုတွေက စစ်တပ်ကိုစွန့်ခွာတဲ့ တိုက်တွန်းနှိုးဆော်တဲ့အလုပ်တွေကို ပိုပြီးအားကောင်းခိုင်မာစေခဲ့ တဲ့အပြင် အခုလိုစစ်သားဇနီးတွေ စစ်သားတွေက တပ်မတော်သားတွေတပ်တွင်းမိသားစုတွေကို လှုံးဆော်မှုတွေပြန် လုပ်နိုင်တယ်ဆိုတာလည်း ပြည်သူတွေရဲ့တော်လှန်ရေးခွန်အားတွေကြောင့်ပဲလို့ မသဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။

“ ပြည်သူ့စစ်သားတွေဇနီးတွေက ပြောကြဆိုကြ ဟောကြပြောတဲ့အခါမှာ သူတို့ရဲ့အသိုင်းဝိုင်းက နဂိုရှိပြီးသား ရင်းနှီး ကျွမ်းဝင်ပြီးသား အသိုင်းအဝိုင်းက စိတ်ဝင်စားတယ်။ စစ်တပ်ထဲက ထွက်တဲ့သူတွေက ပြောတဲ့စကားမို့ စစ်တပ်ထဲက တခုပ်တရကို မကြိုက်လို့ဖြစ်စေကြိုက်လို့ဖြစ်စေ စောင့်ကြည့်နေကြတာရှိတယ်။ ပြီးတော့ စကားလုံးအပြောအဆို အသုံး အနှုန်းတွေကအစ စစ်တပ်ထဲက တကယ့်နေထိုင်သူတွေရဲ့အတွေ့အကြုံဖြစ်တဲ့အတွက်ကြောင့်မို့ ချိတ်ဆက်နိုင်တယ်။ အဲ့လိုချိတ်ဆက်မှုကတစ်ဆင့် ခွန်အားတွေ တွန်းအားတွေဖြစ်လာတဲ့အခါမှာ CDMလုပ်ဖို့အတွက် ရာခိုင်နှုန်းပိုများလာစေ တယ်” လို့သူက ဆိုပါတယ်။

ပြည်သူ့စစ်သားဇနီးတွေဟာ ပြည်သူ့ဘက်မျက်နှာမူကာ တော်လှန်ရေးအောင်မြင်တဲ့အထိပါဝင်သွားဖို့ ဆုံးဖြတ်ထားတဲ့ အပြင် တပ်တွင်းကမိသားစုတွေ CDM မှာပါဝင်လာဖို့ကြိုးစားသွားဖို့လည်းပြင်ဆင်နေကြပါတယ်။

“ ပြည်သူနဲ့ပူးပေါင်းပြီးဒီတော်လှန်ရေးကို တစ်ဖက်တစ်လှမ်းကနေနိုင်အောင်တိုက်သွားမှာပါ စစ်အာဏာရှင်စနစ်ကိုလည်း ကျရူံးအောင်လုပ်မှာပါ။ အမတို့ရဲ့ကလေးငယ်တွေအနာဂတ်မှာ ဒီလိုအဖြစ်မျိုးမကြုံရအောင် ဒီလူတွေကိုတော်လှန်ဖို့ အတွက် တပ်တွင်းမှာရှိတဲ့အရာရှိစစ်သည်မိသားစုများလည်း ပြည်သူနဲ့လက်တွဲပါလို့ပြောချင်ပါတယ်” လို့မမေပိုးကပြော ပါတယ်။

မစုသစ်ကလည်း “ပြည်သူလူထုရဲ့အားကအရမ်းလိုအပ်ပါတယ်။ နောက်ထပ်ထွက်လာမယ့်လူတွေအတွက် ပြည်သူလူထု ပါဝင်လာမှ ပိုပြီများများထွက်လာမယ်လို့ယုံကြည်တယ်”လို့ ပြည်သူတွေကိုသတင်းစကားပါးပါတော့တယ်။

Author:

Related Articles