ဇော်မိုးလူ(ချိုးလင်းပြာ အမှတ် ၈၊ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ မှ ပြန်လည်ဖော်ပြသည်)
တချိန်က မြန်မာပြည်ရဲ့မြို့ကြီးတွေမှာ ခြေသေးတရုတ်မတွေလို့ခေါ်တဲ့ ခြေထောက်သေးသေးနဲ့ခက်ခက်ခဲခဲ သွားနေကြတဲ့ တရုတ်အမျိုးသမီးကြီးတွေကို တွေ့ဖူးကြပါလိမ့်မယ်။ ဒါဟာ တရုတ်အမျိုးသမီးတွေကို ငယ်စဉ် ကစပြီး ခြေထောက်ကို တင်းတင်းကျပ်ကျပ်စည်းနှောင်လိုက်တဲ့ ဓလေ့ကြောင့်ဖြစ်ပါတယ်။ တရုတ်လူမျိုး များရဲ့ခြေထောက်စည်းနှောင်တဲ့ဓလေ့ဟာ နှစ်ပေါင်းတထောင်ကျော်တည်မြဲခဲ့ပါတယ်။ တရုတ်အမျိုးသမီးတွေ ရဲ့ခြေစည်းဓလေ့အကြောင်းတစေ့တစောင့်တင်ပြချင်ပါတယ်။
စတင်ပေါ်ပေါက်လာပုံ
တရုတ်လူမျိုးတို့ရဲ့ခြေစည်းဓလေ့နဲ့ပတ်သက်တဲ့ဓတ်ပုံ၊ ပန်းချီ စာပေစတဲ့အရေးပါတဲ့အချက်အလက် တွေကို အများအားဖြင့် ၁၉ ရာစုနဲ့ ၂၀ ရာစုများအတွင်းမှာတွေ့ရပါတယ်။ ဒါတွေဟာအနောက်တိုင်းသားတွေ ရဲ့အမြင်နဲ့ရေးသားထားတာတွေဖြစ်ပြီး အဓိကအားဖြင့် ခရစ်ယာန်သာသနာပြုများကရေးသားထားတာတွေ ဖြစ်ပါတယ်။
ခြေစည်းဓလေ့ဟာတန်မင်းဆက်လက်ထက်ထက်စောပြီးစတင်ပေါ်ပေါက်လာနိုင်ဖွယ်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ ပထမဆုံး တွေ့ရှိခဲ့တဲ့ အထောက်အထားကတော့ တရုတ်နိုင်ငံတောင်ပိုင်း နန်ဂျင်း(Nanjing)က တန်မင်းဆက်လက်ထက် မှာစတင်တွေ့ခဲ့ပါတယ်။
အေဒီ ၉၂၀ က တန်မင်းဆက်ရဲ့ဧကရာဇ်လီယူ(Li Yu) လက်ထက်မှာ ရွှေကြာငုံ(Golden Lotus) ဆိုတဲ့ ဝေါဟာရကို စတင်တွေ့ခဲ့ရပါတယ်။ လီယူဟာသူ့ရဲ့အချစ်တော် နန်းတွင်းသူတဦးကို ခြေထောက်မှာပိုးစ တွေနဲ့စည်းနှောင်စေပြီး ရတနာတွေနဲ့စီခြယ်ထားတဲ့ စင်မြင့်ပေါ်မှာ ကပြစေခဲ့ပါတယ်။ နန်းတွင်းသူရဲ့သေးငယ် တဲ့ ခြေထောက်မှာလှပတဲ့ရှူးဖိနစ်ကိုဝတ်ဆင်ပြီး ကပြတာဟာ အင်မတန်မှ လှပပြီးချစ်စဖွယ်ကောင်းတယ်၊ ဆွဲ ဆောင်မှုရှိတယ်လို့ရှုမြင်ခဲ့ကြပါတယ်။ သုံးလက်မခန့်အရှည်ရှိတဲ့ အဲဒီခြေထောက်ကို ရွှေကြာငုံလို့တင်စားခဲ့ ပါတယ်။ နောက်ပိုင်းမှာ အဲလိုခြေစည်းတဲ့ဓလေ့ဟာ နန်းတွင်းမှာကော နန်းတွင်းပြင်ပကိုပါ ပျံ့နှံ့သွားခဲ့ပြီး တရုတ်အမျိုးသမီးတွေဟာ ခြေစည်းတဲ့ဓလေ့ကို ကျင့်သုံးလာကြတယ်လို့ဆိုပါတယ်။
အချို့ဒဏ္ဍာရီတွေထဲမှာတော့ တရုတ်ဧကရာဇ်ရဲ့မိဖုရားဟာ “ကိန္နရီ”ဖြစ်တာကြောင့် သူမရဲ့ခြေထောက်တွေကို လူမမြင်အောင်စည်းနှောင်ရာကနေ ဒီဓလေ့စတင်ပေါ်လာတယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီဓလေ့က တရုတ်နိုင်ငံအနှံ့အပြားကိုပျံ့နှံ့သွားခဲ့ပါတယ်။ တရုတ်နယ်မြေအတွင်းမှာ ပါဝင်တဲ့ မွန်ဂို၊ ဟက်ကနဲ့တိဗက် တွေကတော့ လိုက်နာကျင့်သုံးခြင်းမရှိခဲ့ပါဘူး။ မင်(Ming) နဲ့ကွင် (Qing)မင်းဆက်တွေရဲ့လက်ထက်မှာ နန်း တော်အတွင်းမှာတောင် ခြေစည်းတဲ့ဓလေ့ကို အတင်းအကျပ်မလိုက်နာစေခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ခြေစည်းတဲ့ဓလေ့ကို အများစုက ကျင့်သုံးခဲ့ပြီး မစည်းသူဟာ အနည်းအကျဉ်းပဲရှိခဲ့ပါတယ်။
ခြေထောက်စည်းနှောင်ခြင်း
ခြေစည်းတဲ့ဓလေ့အရ တရုတ်မိန်းကလေးငယ်တွေကို အသက် ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ အမေဖြစ် သူက ခြေစည်းပေးလေ့ရှိပါတယ်။ အချို့အိမ်ထောင်မကျမီအရွယ်အထိ ခြေစည်ပေးလေ့ရှိပါတယ်။ ခြေစည်း တဲ့အခါမှာ ခြေချောင်းငယ်လေးချောင်းကိုချိုးပြီး ခြေဖဝါးအောက်မှာ စုပြီးစည်းနှောင်ထားပါတယ်။ ခြေမကို လည်း ဖနောင့်ဖက်ကိုကွေးပြီး စည်းနှောင်ပါတယ်။ အဲဒီနောက်မှာ သေးငယ်တဲ့ ရှူးဖိနပ်ကို ဝတ်ဆင်စေပြီး ခြေထောက်ကိုပုံသွင်းလိုက်ပါတယ်။ ခြေထောက်က ကြီးလာတဲ့အခါမှာ စည်းနှောင်ထားမှုဟာ ပိုမိုတင်းကျပ်လာ ပြီး ခြေဖဝါးဟာကွေးကောက်သွားပါတယ်။ ဒီလိုတင်းတင်းကျပ်ကျပ်စည်းနှောင်လိုက်တာကြောင့် ကလေးငယ် ရဲ့ခြေထောက်ဟာ သုံးလက်မထက်ပိုကြီးမလာတော့ဘဲ ရွှေကြာငုံလို့ခေါ်တဲ့သေးငယ်တဲ့ခြေထောက်ပုံစံဖြစ်လာ ပါတော့တယ်။
ဒီလိုစည်းနှောင်ထားစဉ်မှာ ခြေထောကိုနေ့စဉ်ဆေးကြောသန့်ရှင်းပေးရပါတယ်။ ရှည်လာတဲ့ခြေသည်းကခြေ ဖဝါးကိုစူးပြီးရောဂါရရှိနိုင်သလို ပတ်တီးစနဲ့တင်းတင်းကျပ်ကျပ်စည်းနှောင်ထားတဲ့အတွက် သွေးမလည်ပတ်ပဲ ဖြစ်သွားနိုင်တာကြောင့်ပါ။ သွေးလှည့်ပတ်မှုကောင်းစေဖို့အတွက် နှိပ်နယ်ပေးရပါတယ်။ တချို့မိန်းကလေးငယ် တွေဟာ ခြေထောက်သွေးမလျှောက်တော့တာကြောင့်ခြေထောက်ပုပ်ပြီးသေဆုံးတာမျိုးတွေလည်းဖြစ်တတ် ပါတယ်။
ဒီလိုစည်းနှောင်တဲ့ ဓလေ့ဟာ နေရာဒေသအလိုက် ကွဲပြားမှုတွေရှိပါတယ်။ အသက်အရွယ် စည်းနှောင်ရာမှာ သုံတဲ့ပစ္စည်း၊ စည်းနှောင်ပုံစည်းနှောင်နည်း၊ စီးတဲ့ ရှူးဖိနပ်စတာတွေဖြစ်ပါတယ်။ တချို့တွေကတော့ ခြေချောင်း တွေကို ပုံပျက်သွားအောင်မချိုးဘဲ ခြေထောက်တွေကြီးမလာအောင်သာ ပတ်တီးစနဲ့တင်းတင်းပတ်ကြပါတယ်။
အဲဒီလိုသေးငယ်တဲ့ ခြေထောက်တစုံရဖို့အတွက် ကျခဲ့ရတဲ့ မျက်ရည်တွေဟာ ရေချိုးလို့တောင်ရတယ်လို့ တရုတ်လူမျိုးတွေမှာ ဆိုရိုးစကားရှိခဲ့ပါတယ်။
ခြေထောက်စည်းနှောင်ခြင်း၏ အဓိကအကြောင်းအချက်များ
တရုတ်အမျိုးသမီးတွေကို ခြေထောက်စည်းနှောင်တာဟာ အကြောင်းအချက်အမျိုးမျိုးရှိပါတယ်။
ခြေစည်းခြင်းရဲ့မူလအစဟာ နန်းတွင်းမှာရှိတဲ့ အမျိုးသားတွေက သူတို့ရဲ့ကြင်ယာတွေကို မဖောက်ပြန်စေဖို့ ရည်ရွယ်ခဲ့တာဖြစ်နိုင်ပေမယ့် နောက်ပိုင်းမှာတော့ ခြေထောက်စည်းနှောင်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆတွေ ဟာ ဒီထက်ပိုပြီးကျယ်ပြန့်ခဲ့ပါတယ်။
ခြေထောက်စည်းနှောင်တဲ့ဓလေ့ဟာ နန်းတော်အတွင်းကနေ ကျော်လွန်ပျံ့နှံ့လာပြီးတဲ့နောက်မှာ ခြေထောက် ကို ပိုပြီးတင်းတင်းကျပ်ကျပ်စည်းနှောင်လာကြပါတယ်။ ဒီလိုစည်းနှောင်လိုက်တာကြောင့် အမျိုးသမီးတွေဟာ ထော့နင်းထော့နင်းနဲ့သွားလာဖို့ခက်ခဲလာတယ်။ နံရံ ဒါမှမဟုတ် တစုံတယောက်ကို မှီခိုပြီးမှ သွားလာကြရ တယ်။ ဒီဓလေ့ကိုအများအားဖြင့် အထက်တန်းလွှာအမျိုးသမီးတွေကြားမှာ ကျင့်သုံးလာခဲ့ပြီး အမျိုးသမီးတွေ ဟာ အခန်းအောင်းတဲ့ဘဝနဲ့ပဲ နေခဲ့ကြရပါတယ်။ ပြင်ပကို အထိန်းတော်တွေမပါပဲ လွတ်လွတ်လပ်လပ်မသွား လာနိုင်ကြတော့ပါဘူး။ ဒါဟာ အမျိုးသမီးတွေကို လူမှုရေးဖောက်ပြန်မှုတွေမဖြစ်အောင် ရည်ရွယ်ပြီးကျင့်သုံးခဲ့ တာပါ။
အချိန်ကြလာတာနဲ့အမျှ ဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်မှုတွေကို ပိုမို ချဲ့ကားလာပါတယ်။ လက်တွေ့အားဖြင့် စည်းနှောင်ထားတဲ့ ခြေထောက်တွေဟာ အနံ့ဆိုးဝါးပြီးကိုယ်လက်အင်္ဂါမစွမ်းမသန်ဖြစ်စေပေမယ့် ဒါဟာ ကျန်း မာရေးကို ပိုမိုကောင်းမွန်စေတယ်၊ ပိုပြီး ကလေးရစေနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ဒီဓလေ့ကို အမျိုးသမီး တွေကို ကိုယ်တိုင်က လိုက်နာကျင့်သုံးပြီး ပိုမိုပျံ့နှံ့လာစေခဲ့ပါတယ်။ စည်းနှောင်ထားတဲ့ ခြေထောက်တွေဟာ အနုပညာဟန်မြောက်ပြီး ဆွဲဆောင်မှုရှိတယ်လို့ရေးသားဖော်ပြကြပေမယ့် သာမာန်ခြေထောက်တွေနဲ့ နိုင်း ယှဉ်တဲ့အခါမှာ ပြည်တည်နာဖြစ်စေမှု၊ ကိုယ်လက်မစွမ်းမသန်ဖြစ်မှုနဲ့ သွေးမလည်ပတ်မှုတွေကို ဖြစ်စေပါ တယ်။
ခန့်မှန်းခြေအားဖြင့် ခြေထောက်စည်းနှောင်တဲ့ မိန်းကလေး ၁၀ ရာခိုင်နှုန်းလောက်ဟာ ဆေးကုသလို့မရခဲ့ဘူး လို့ဆိုပါတယ်။ တရုတ်မိသားစုအသိုင်းအဝိုင်းမှာ အမျိုးသမီးများရဲ့စင်ကြယ်မှု(အပျိုစင်ဖြစ်မှု)ဆိုတဲ့အယူအဆ လွှမ်းမိုးခဲ့ပါတယ်။ အထူးသဖြင့် လက်သစ်ကွန်ဖြူးရှပ်ဝါဒီတွေက အမျိုးသမီးများရဲ့ကြီးကျယ်မြင့်မြတ်မှုကို ချီး ကျူးဂုဏ်ပြုခဲ့ကြပြီး ကွန်ဖြူးရှပ်ဝါဒက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံပျက်အောင်ပြုမှုတာကို လက်မခံပေ မယ့် ခြေထောက်စည်းနှောင်မှုဟာ အဆုံးစွန် ယဉ်ကျေးသိမ်မွေ့မှုအဖြစ် ချီးမွမ်းခဲ့ပါတယ်။ ရှေးဟောင်းတရုတ် ပြည်က တရုတ်လူမျိုးအမျိုးသမီးတယောက်ရဲ့ဘဝရည်မှန်းချက်ဟာ အိမ်ထောင်ပြုခြင်းဖြစ်ခဲ့ပြီး ခြေထောက် စည်းနှောင်မှုဟာ လင်ယောင်္ကျားရှိမှုအတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်လာခဲ့ပါတယ်။ အိမ်ထောင်ပြုရာမှာ အမျိုးသမီးတယောက်ရဲ့ရုပ်ဆင်းအင်္ဂါလှပမှုထက် ခြေစည်းထားခြင်းရှိမရှိဆိုတာက ပိုပြီးအရေးပါပါတယ်။ ဒါ ဟာ မိမိ မိသားစုကို ဂုဏ်တက်စသလိုနာခံမှုရှိတဲ့ ချွေးမတယောက်အဖြစ် ယောက္ခမဖြစ်သူက သတ်မှတ်ပြီး မျိုး ဆက်သစ်ကို မှန်မှန်ကန်ကန် စောင့်ရှောက်နိုင်မယ့်သူလို့လည်း သတ်မှတ်ကြလို့ဖြစ်ပါတယ်။ တရုတ်လူမျိုး တွေရဲ့စကားပုံမှာတော့ အမေဟာ သမီးနဲ့သမီးရဲ့ေြထောက်ကို တပြိုင်တည်း မချစ်နိုင်ဘူးလို့ဆိုကြပါတယ်။
တရုတ်အမျိုးသားများ က ခြေထောက်စည်းနှောင်ထားတဲ့ အမျိုးသမီးတွေဟာ အချစ်နဲ့လိင်ပိုင်းဆိုင်ရာအရ မြင့် မြတ်တဲ့အဆင့်အတန်းတခုဖြစ်တယ်လို့မှတ်ယူကြပါတယ်။ ဒီအနက်အဓိပ္ပါယ်က အမျိုးသမီးတွေကို ရိုးရိုးကုပ် ကုပ်နေထိုင်စေပြီး ကာမရောစိတ် ပိုမိုပြင်းပြလာစေတဲ့အတွက်ဖြစ်တယ်လို့ဆိုတာပါ။ အလားတူပဲ ခြေစည်း ထားတဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှုကို ပိုမိုကောင်းမွန်စေတယ်၊ စွဲလန်းမှုကိုဖြစ်စေတယ်လို့ယုံကြည်ကြ ပါတယ်။ ဒါကြောင့် ရှေးခေတ်က တချို့ပြည့်တန်ဆာရုံတွေမှာ ပြည့်တန်ဆာများရဲ့စည်းနှောင်ထားတဲ့ ခြေ ထောက်ပုံသဏ္ဍာန်ကိုရေဆွဲဖော်ပြထားခဲ့ပါတယ်။ သေးငယ်တဲ့ ရွှေကြာငုံသဏ္ဍာန်ေြထောက်တွေအကြောင်းကို သီချင်းတွေ၊ ကဗျာတွေရေးသားဖွဲ့ဆိုခဲ့ပါတယ်။
ဒီအတွေးအခေါ်အယူအဆတွေရဲ့ပုံသွင်းမှုပေါ်မှာ အခြေခံပြီး တရုတ်အမျိုးသမီးတွေဟာ ဒီဓလေ့ကို လိုက်နာ ကျင့်သုံးခဲ့ကြပါတယ်။
ခြေစည်းဓလေ့ကို တိုက်ဖျက်ခြင်း
ခြေထောက်စည်းနှောင်တဲ့ဓလေ့ဟာ ၁၀ ရာစု အစောပိုင်းလောက်မှာ စ တင်ခဲ့ပြီး ၁၃ ရာစုနဲ့ ၁၄ ရာစုလောက် မှာ တရုတ်လူ့အဖွဲ့အစည်းအတွင်းပျံ့နှံ့သွားခဲ့ပါတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုအတွင်းမှာ အနောက်နိုင်ငံက ခရစ် ယာန်သာသနာပြုတွေ ရောက်လာပြီးတဲ့နောက်မှာ ခြေထောက်စည်းတဲ့ဓလေ့ကို မယဉ်ကျေးတဲ့ အမူအကျင့် အဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ခဲ့ပါတယ်။
၁၈၉၅ ခုနှစ်မှာတော့ ရှန်ဟိုင်းမြို့မှာ ပညာတတ် တရုတ်အမျိုးသားအမျိုးသမီးတွေနဲ့ခရစ်ယာန် သာသနာပြု တွေပါဝင်ပြီး ပထမဆုံးခြေစည်းဓလေ့ကို ဆန့်ကျင်တဲ့လူ့အဖွဲ့အစည်းကို တည်ထောင်ခဲ့ကြပါတယ်။ ဒီအသင်း ရဲ့အဖွဲ့ခွဲတွေကို မြို ့ကြီးများမှာ ဖွဲ့စည်းတည်ထောင်နိုင်လာခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ကြိုးပမ်းမှုကြောင့် ၁၉၁၁ ခုနှစ်မှာ အစိုးရခြေစည်တာကို ဆန့်ကျင်တဲ့ ဥပဒေပြဌာန်းခဲ့ပါတယ်။ ဒီလိုဆန့်ကျင်ပေမယ့် ခြေစည်းဓလေ့ဟာ ၂၀ ရာစုအထိ ဆက်လက်တည်ရှိနေဆဲပါ။ နောက်ပိုင်းမှာ ခြေထောက်စည်းနှောင်ခြင်းကို ဆန့်ကျင်တဲ့ လှုပ်ရှား မှုတွေပေါ်ပေါက်လာပါတယ်။
ခြေထောက်စည်းနှောင်ခြင်းကို ဆန့်ကျင်တဲ့ လှုပ်ရှားသူတွေက ကမ္ဘာကြီးရဲ့တခြားဒေသက အမျိုးသမီးတွေ ဟာ ခြေစည်းတဲ့ဓလေ့မရှိဘူး၊ ဒါဟာ တရုတ်ပြည်အတွက် မျက်နှာပျက်စရာဖြစ်တယ်ဆိုတာကို ပညာပေးကြပါ တယ်။ နောက်ဒုတိယအချက်အနေနဲ့ ခြေစည်းခြင်းရဲ့အားနည်းချက်နဲ့ သာမန်ခြေထောက်တွေရဲ့အားသာချက် တွေကို နှိုင်းယှဉ်ပြီးပညာပေးပါတယ်။ တတိယအနေနဲ့သဘာဝခြေထောက်လူ့အဖွဲ့အစည်းကို ဖွဲ့စည်းပြီး အဖွဲ့အစည်းဝင်တွေက သူတို့သမီးတွေကို ခြေစည်းထားတဲ့ အမျိုးသမီးတွေနဲ့လက်ထပ်ခြင်းမပြုဖို့ကတိပြု ကြပါတယ်။ ဒီနည်းဗျူဟာသုံးရပ်က ထိရောက်မှုရှိတာကြောင့် ခြေစည်းတဲ့ဓလေ့ဟာ မြန်မြန်ဆန်ဆန်နဲ့ပျောက် ကွယ်ခဲ့ပါတယ်။ မိန်းကလေးငယ်တွေဟာ ခြေထောက်စည်းနှောင်လို့ခံစားရတဲ့ ဘေးဒုက္ခကနေကင်းလွတ်ခဲ့ ကြရပါတယ်။ ဒါပေမယ့် အချို့ကျေးလက်ဒေသတွေနဲ့တောင်ပေါ်ဒေသတွေမှာ ၁၉၄၉ ခုနှစ် အထိ မိန်းကလေး ငယ်တွေကို ခြေစည်းပေးနေဆဲဖြစ်ပါတယ်။
နှစ်တထောင်လောက်က ကျင့်သုံးလာခဲ့တဲ့ အလေ့အကျင့်တရပ်ဟာ မျိုးဆက်တဆက်အတွင်းမှာ ဆန့်ကျင် တွန်းလှန်ခဲ့တာကြောင့် အဆုံးသတ်သွားတာပါ။
အတွေးအအခေါ်အယူအဆတရပ်က ပုံသွင်းပေးခဲ့တာကြောင့် တရုတ်အမျိုးသမီးပေါင်းများစွာဟာ လွဲမှားတဲ့ ကျင့်သုံးမှုကို နှစ်ပေါင်းတထောင်ကျော်လိုက်နာကျင့်သုံးခဲ့ကြရတယ်ဆိုတာ သင်ခန်းစာယူစရာပါ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုတာ လူမျိုးတမျိုးရဲ့ ဂုဏ်အင်္ဂါတရပ်ဖြစ်တယ်ဆိုပေမယ့် ဒီဓလေ့ထုံးစံက လူ့အဖွဲ့အစည်း အတွင်းက အစိတ်အပိုင်းတခုကို ထိခိုက်နစ်နာစေမယ်ဆိုရင် ဒါကို မျက်စေ့စုံမှိတ်ပြီး လိုက်နာကျင့်သုံးကြမယ့် အစားပြုပြင်ပြောင်းလဲပြီး ကျင့်သုံးရမှာဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာပြည်က လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံပြီး တိုးတက်ဖွံ့ဖြိုး မှုကို နှောင့်နှေးစေတဲ့ ဓလေ့ထုံးစံတွေရှိနေတယ်ဆိုရင် သေချာစီစစ်လေ့လာပြီး ပြောင်းလဲကျင့်သုံးကြဖို့လို အပ်ကြောင်းတင်ပြလိုက်ရပါတယ်။
စာကိုး။ ၁။ Marie Vento. One Thouand Years of Chinese Foot Binding စာတမ်း။
၂။ City Life မဂ္ဂဇင်း(March 2004) မှ The Ancient Chinese Practice of Foot Binding ဆောင်းပါး။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021