Home ဆောင်းပါး “စစ်ဘေးအတွက် ရတက်မအေးရသူတွေ”

“စစ်ဘေးအတွက် ရတက်မအေးရသူတွေ”

ဒေဝီ။ ။

မြို့ပြနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ လူနေအိမ်တွေ မီးရှို့ခံရတယ်ကြားတိုင်း မအင်ကြင်း (အမည်လွှဲ) တစ်ယောက် အမြဲပူပန်နေရပြီး ညဘက်လည်းအိပ်မပျော်နိုင်တော့ပါဘူး။

မအင်ကြင်းနေထိုင်ရာ တမူးမြို့နယ်က လက်ရှိစစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားရာ ချင်းပြည်နယ်နဲ့ထိစပ်နေတော့ ပစ်ခတ် မှုတွေ တိုက်ပွဲသတင်းတွေကို ကြားသိတွေ့မြင်နေရပြီး ကိုယ်နေတဲ့နေရာနားကို ဘယ်နေ့တိုက်ပွဲတွေရောက်လာမလဲ၊ ဘယ်အချိန် ထွက်ပြေးတိမ်းရှောင်ရမလဲဆိုတာ စဉ်းစားတိုင်း စိတ်ပူပန်ရပါတယ်။

ကိုယ့်အရပ်ဒေသမှာတိုက်ပွဲတွေကြုံလာလို့ ဘေးလွတ်ရာတိမ်းရှောင်ရတဲ့အခါ မအင်ကြင်းတို့လို မသန်စွမ်းတွေအနေနဲ့ သူများနည်းတူ မပြေးနိုင်မလွှားနိုင်တော့ ဘေးအန္တရာယ်အခက်အခဲတွေကြား ဒုက္ခတွေ့စေနိုင်မလားဆိုတဲ့ အတွေးက မအင်ကြင်းကို စိတ်အားငယ်စေပါတယ်။

” ဒီလိုအခြေအနေမှာ တခြားသန်စွမ်းတဲ့သူတွေရဲ့ စိုးရိမ်ပူပန်မှုက ငါးဆယ်ရာခိုင်နှုန်းဆို သမီးတို့က ခုနှစ်ဆယ်၊ တစ်ရာ ရာခိုင်နှုန်းလောက်ရှိတယ်။သူများတွေ တစ်ခုခုဖြစ်လို့ပြေးမယ့်အချိန်မှာ သမီးတို့ကပြေးလို့မရဘူး။ သွားလို့လည်းမရတော့ တော်တော်လေးတော့စိုးရိမ်တယ်” လို့ မအင်ကြင်းကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အရေးပေါ်ကာလကြေငြာထားပြီး မြို့ပြနဲ့ တိုင်းရင်းသားဒေသတွေမှာ ပစ်ခတ်မှု တွေ၊တိုက်ပွဲတွေက နေ့စဉ်ဆိုသလိုဖြစ်ပွားနေတော့ ပြည်သူတွေမှာ ဘေးလွှတ်ရာတိမ်းရှောင်ရ ထွက်ပြေးရတာတွေလည်း ရှိပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်းမှာ CDMမှာ ပါဝင်တာ၊ ဆန္ဒပြလှုပ်ရှားမှု တွေမှာပါဝင်တာ စတဲ့အာဏာသိမ်းဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားတွေမှာပါဝင်ခဲ့ကြပြီး ဆန္ဒပြသူတွေကို ပစ်ခတ် ဖမ်းဆီးမှုတွေကြောင့် သေဆုံးခဲ့၊ အဖမ်းဆီးခံခဲ့ရတဲ့ မသန်စွမ်းသူတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေသအချို့မှာ တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ဖြစ်တဲ့အခါမှာ မသန်စွမ်းအချို့တွေလည်း အကြမ်းဖက်ပစ်ခတ်ခံရတာ တွေလည်း ရှိခဲ့ပါတယ်။

မကြာခင်ကာလတစ်ခုမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ပွဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်လိုမှန်းဆထားတော့ အရေးပေါ် အခြေအနေကြုံလာတဲ့အခါ ပစ်ခတ်မှုတွေ တိုက်ပွဲတွေကြားထဲ နိုင်ငံမှာ လူဦးရေ ၂.၃သန်းရှိတဲ့ မသန်စွမ်းသူတွေမှာ ဘယ်လိုပြေးလွှားပုန်းရှောင်ရမလဲ၊ အန္တရာယ်ကြားထဲ လွတ်ကင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက တရိပ်ရိပ် မြင့်တက်လာစေပါတယ်။

မသန်စွမ်းတွေမှာ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည် မသန်စွမ်း သူတွေက အဖော်မပါဘဲ သွားလာလှုပ်ရှားဖို့ နေထိုင်ရပ်တည်ဖို့ လိုအပ်ချက်ရှိတဲ့အတွက် အရေးကြုံလာတဲ့အချိန် သူတို့ကို ကူညီဖေးမမဲ့သူ မရှိတဲ့အခါ မသန်စွမ်းသူတွေမှာ အခက်အခဲတွေနဲ့ မလွဲမသွေ ကြုံတွေ့လာနိုင်တယ်လို့ မအင်ကြင်းက ဆိုပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်တဲ့ မအင်ကြင်းက ဘယ်ခြေထောက် မသန်စွမ်းတဲ့အတွက် ချိုင်းထောက်အသုံးပြုပြီး သွားလာနေထိုင်နေရတာပါ။

အာဏာမသိမ်းခင်ကာလအထိ ရန်ကုန်မှာ မသန်စွမ်းအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုနဲ့ အသက်မွေးဝမ်းကြောင်း သင်တန်း တက်တာ၊ စက်ချုပ်တာတွေ လုပ်ကိုင်ရင်းနေတာကနေ မငြိမ်မသက်တဲ့ အခြေအနေတွေကြောင့်မတ်လမှာ နေရပ် တမူး မြို့ကို ပြန်လာခဲ့တာပါ။

မအင်ကြင်းတို့ နေရပ်တမူးမြို့ကလည်း ချင်းပြည်နယ်နဲ့ ထိစပ်နေတော့ ချင်းပြည်နယ်က မြို့နယ်အချို့မှာလည်း တိုက်ပွဲ တွေဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေက နေ့စဉ်နဲ့အမျှပါ။

” ဒီဘက်မှာ ပစ်ခတ်မှုတွေဖြစ်တဲ့သံကြားရင် တစ်ညလုံး အိပ်မပျော်တာရှိတယ်။ သူများတွေထက်ပိုပြီး အားငယ်တယ်ပေါ့။ သတိထားပြီးလည်းနေရတယ် “လို့ မအင်ကြင်းကပြောတယ်။

တိုက်ပွဲတွေနဲ့ အရေးပေါ်အခြေအနေအတွက် ကြိုတင်တွက်ဆပြီး ဆေးဝါးနဲ့တစ်ကိုယ်ရေစာပစ္စည်းတွေ ပြင်ဆင်တာတွေ လုပ်ထားပေမယိ့ တစ်ကယ်ဖြစ်လာတဲ့အခါ မသန်စွမ်းတစ်ဦးဖြစ်တဲ့အတွက် ပြေးလွှားရမလွယ်တာ၊ သူများတန်းတူ မပြေးနိုင် တာတွေကြောင့် တိုက်ပွဲတွေကြားကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ ဆိုတယ်။

မဖြစ်ခင်ကတည်းက ကြိုတင်ပြီး နယ်စပ်ဒေသတွေကို ပြေးလွှားပုန်းရှောင်ပြီး သူများနေအိမ်မှာ ခိုလှုံနိုင်ပေမဲ့လည်း မသန်စွမ်းတစ်ယောက်အတွက် နေအိမ်အပြင်အဆင်၊ အိမ်သာ ၊ရေချိုးခန်း စတဲ့အခြေခံလိုအပ်ချက်တွေ ရှိတဲ့အတွက် အဆင်မပြေနိုင်တော့ အမျိုးမျိုးတွေးတောနေရတယ်လို့ဆိုပါတယ်။

” ချိုင်းထောက်နဲ့ မသန်စွမ်းတစ်ယောက်အနေနဲ့ သူများအိမ်မှာသွားနေမယ်ဆိုရင်လည်း အဆင်မပြေမှုတွေရှိတယ်။ အဲ့ဒါ ကြောင့် နောက်ဆုံးစဉ်းစားတာက ဘာပဲဖြစ်ဖြစ်သေမယ်ဆိုလည်း ကိုယ့်အိမ်မှာပဲသေမယ်။ ဒီတိုင်းနေပြီး သေရုံပဲရှိတယ် ဆိုပြီးဆုံးဖြတ်ထားတယ်” လို့ မအင်ကြင်းကပြောပါတယ်။

တောင်ကြီးမြို့နယ်မှာနေထိုင်တဲ့ ကိုယ်အဂါၤမသန်စွမ်းသူတစ်ဦးဖြစ်တဲ့ မကြာဖြူကလည်း အရေးပေါ်အခြေအနေဖြစ်လာတဲ့ အခါ လူတိုင်းအခက်အခဲရင်ဆိုင်ရမှာ မှန်ပေမယ့် မသန်စွမ်းဖြစ်တော့ သူများတွေထက် အခက်အခဲပိုရင်ဆိုင်ရပြီး အများနဲ့ မတူဘဲ အစကတည်းက မလုပ်နိုင်မကိုင်နိုင်တော့ အခက်အခဲတွေကြုံရတယ်လို့ ပြောပါတယ်။

မကြာဖြူက ဝန်ထမ်းအကိုမိသားစုနဲ့အတူ နေထိုင်တာပါ။ သူနေတဲ့ဒေသမှာ မငြိမ်မသက်အခြေအနေကြုံတဲ့အခါ အကိုတွေ ကူညီဖေးမမှုရှိတယ်ဆိုပေမယ့် တကယ်လက်တွေ့ကြုံလာရတဲ့အခါ သူ့တို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေမှာစိုးရိမ်တယ်လို့ ဆိုတယ်။

” တခုခုဖြစ်ရင် ငါတို့ညီမကို ထမ်းပြေးမယ် ပွေ့ပြေးမယ်လို့ဆိုပေမယ့်၊ တကယ်တမ်းအရေးကြုံရင် … ဖြစ်လာပြီဟေ့ဆိုရင် ကျွန်မတို့လို မသွားနိုင်မပြေးနိုင်တဲ့သူတွေက ကျန်ခဲ့ရမယ့်အပိုင်းပါ”လို့ မကြာဖြူကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသတစ်ချို့မှာလည်း စစ်ကောင်စီက ရွာတွေကိုမီးရှို့ဖျက်စီးတာ၊ ပစ်ခတ်မှုတွေလုပ်တဲ့အခါ မပြေးလွှား နိုင်တဲ့ သက်ကြီးရွယ်တွေကျန်ခဲ့ပြီး မီးလောင်သေဆုံးတာ၊ နှိပ်စက်ညှင်းပန်းတာတွေ မြင်တွေ့နေရတော့ မသန်စွမ်းတွေ အတွက်ဆို ပိုပြီးတော့ ဒုက္ခရောက်မဲ့အနေအထားလို့ ဆက်ပြောပါတယ်။

” ဘယ်လိုမှမပြေးနိုင်တော့ ကျန်ခဲ့ရမယ့်အခြေအနေဆိုတော့ အများကြီးတော့စိုးရိမ်တယ်၊ ကိုယ့်ကိုယ်ကိုလည်းတွေးမိပါ တယ်။ ဖြစ်ပြီဟေ့ဆိုရင်တော့ ရင်ဆိုင်ရမှာပဲ။ သန်စွမ်းသူတွေတောင်ကြောက်တာ မသန်စွမ်းသူတွေကလည်း ကြောက် တယ်။” လို့ မကြာဖြူကပြောတယ်။

မငြိမ်မသက်အခြေအနေနဲ့ တစ်ကယ်တမ်းရင်ဆိုင်လာရတဲ့အခါ စိုးရိမ်ထိတ်လန့်ပေမယ့် ကိုယ့်ထက် အခြေအနေဆိုးတဲ့ သူတွေက ပိုကြောက်မှာစိုးတဲ့အတွက် သူတို့ကို အားပေးတာတွေလုပ်ပေးဖြစ်တယ်လို့မကြာဖြူကပြောပါတယ်။

အမြင်အာရုံမသန်စွမ်းသူတစ်ဦးဖြစ်တဲ့ မခင်ခင်(အမည်လွှဲ)က” အမြင်အာရုံချို့တဲ့သူတွေက အဖော်မပါဘဲသွားလာဖို့ ခက် တော့ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် တိုက်ပွဲဘာညာ ဖြစ်လည်း သူတို့အတွက် စိုးရိမ်ရတယ်”လို့ ပြောပါတယ်။

မခင်ခင်ကလည်း တိုက်ပွဲတွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ သူနဲ့ဘဝတူ အမြင်အာရုံမသန်စွမ်းတွေအတွက်က နဂိုကတည်းကမှ အဖော်မပါရင် သွားလာဖို့ခက်ခဲတဲ့အပြင် ပစ်ခတ်နေတဲ့အခြေအနေမှာ ပြေးရမယ်ဆိုရင်လည်း တနည်း မဟုတ် တနည်း ခက်ခဲနိုင်တယ်လို့ဆိုပါတယ်။

” အဖွဲ့အစည်း တစ်စုံတစ်ယောက်အကူအညီမပါဘဲနဲ့ မသန်စွမ်းတွေက သွားဖို့လာဖို့မလွယ်ဘူး။ ရေကြီးတာတို့ဘာတို့ဆို ကယ်ဖို့က ဖြစ်နိုင်ချေရှိတယ်ပေါ့။ ဒီလိုအချိန်မှာက ကိုယ့်အသက်ကိုလုပြီးပြေးကြတာ မသန်စွမ်းတွေကို ကူညီဖို့ဆိုတာက ထည့်စဉ်းစားပေးတာကောင်းမယ်။” လို့ မခင်ခင်ကပြောတယ်။

အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ သာမန်လူတွေအတွက်တောင် အခက်အခဲပေါင်းသောင်းခြောက်ထောင် ရင်ဆိုင်ကြုံ တွေ့ရပြီး မသန်စွမ်းတွေအတွက်ကတော့ ပိုဆိုးရွားနိုင်မှာပါ။ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အဖွဲ့အစည်းအတွေက ထုတ်ပြန်တာတွေရှိပေမယ့် မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားတာ နည်းပါးတော့ မသန်စွမ်း အားလုံးကိုခြုံငုံပြီး အဆင်ပြေနိုင်မယ့် အစီစဉ်တွေ လုပ်ဆောင်ပေးသင့်တယ်လို့ မသန်စွမ်းအရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။

” ဟိုးအရင်ကတည်းက ဘေးအန္တရာယ်ကြုံတဲ့အခါ မသန်စွမ်းတွေအတွက် ဘေးလွှတ်ရာကို ပြေးဖို့ ခိုလှုံဖို့အစီအစဉ်တွေက နဂိုကတည်းက မရှိတာဖြစ်တော့ ဒီကာလဆို ပိုဆိုးတာပေါ့” လို့ မသန်စွမ်းအရေးဆောင်ရွက်နေသူတစ်ဦးက ဆိုတယ်။

ဘေးအန္တရာယ်တွေ ပဋိပက္ခတွေနဲ့ကြုံတဲ့ အခါအထူးလိုအပ်ချက်ရှိတဲ့သူတွေကို အရင်ဆုံး ဘေးလွတ်ရာထားရှိပေးဖို့ စီစဉ်မှု အားနည်းတဲ့အတွက် အခုလိုမျိုးအဖက်ဖက်က ခက်ခဲနေချိန်မှာ ပထမဦးစားပေးအနေနဲ့ မလုပ်ဆောင်နိုင်သေးတာတွေ ရှိတော့ စီမံခန့်ခွဲသူတွေက မသန်စွမ်းတွေအတွက် ထည့်တွက်ပြီး ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ သူက ဆိုတယ်။

ဒါ့အပြင် မသန်စွမ်းသူတွေအနေနဲ့လည်း အရေးပေါ်အခြေအနေပေါ် တွက်ဆပြီး စိုးရိမ်ပူပန်တာ၊ စိတ်အားငယ်တာတွေ ရှိပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့၊အားမလျော့ဖို့ လိုအပ်တယ်လို့ ၎င်းကဆက်ပြောတယ်။

” ဒီလိုမျိုးအခြေအနေဖြစ်တာကလည်း ကိုယ့်ကြောင့်လည်းမဟုတ်ဘူး၊ တစ်နိုင်ငံလုံးခံရတဲ့အတွက် အားလျော့လိုက်လို့ တော့ မဖြစ်ဘူးပေါ့။ ကိုယ်အသက်ရှင်ရပ်တည်ဖို့ ကိုယ့်မိသားစုဘေးကင်းဖို့အတွက်ကတော့ အခက်ခဲတွေရင်ဆိုင်ရပေမယ့် ငါတစ်ယောက်တည်းပဲ ခက်ခဲနေတာပါလားဆိုတာကို မတွေးစေချင်ဘူး” လို့ ယင်းကဆိုပါတယ်။

မသန်စွမ်းသူတွေကတော့ အရေးပေါ်အခြေအနေကြုံလာတဲ့အခါ ဘေးအန္တရာယ်ကင်းကင်းနဲ့ခိုလှုံနိုင်တဲ့နေရာ ၊မသန်စွမ်း တွေအတွက် သင့်လျော်တဲ့နေရာမျိုးဖန်တီးပေးစေချင်ပြီး ဒီလိုမှသာ မသန်စွမ်းတွေအားလုံးအတွက် အဆင်ပြေနိုင်မယ်လို့ ယင်းတို့ကဆိုတယ်။

” မသန်စွမ်းတွေအတွက် တစ်ကယ်ကို လုံခြုံစိတ်ချရတဲ့ အဆောက်အဦပဲဖြစ်ဖြစ် တွင်းဆိုလည်း တွင်းပဲဖြစ်ဖြစ်။ တနေ ရာတော့ ပေးနိုင်မယ်ဆို တစ်ကယ်ကို ကျေးဇူးတင်တယ်” လို့ မကြာဖြူကပြောပါတယ်။

လက်ရှိမှာတော့ မသန်စွမ်းသူတွေအတွက် လိုအပ်ချက်တွေကို စဉ်းစားပြီး အလေးပေးဆောင်ရွက်မယ့်အဖွဲ့အစည်းတွေ၊ ရပ်ရွာအဖွဲ့အစည်းတွေမရှိတော့ နီးစပ်ရာမသန်စွမ်းအချင်းချင်း အားပေးတာ၊သတင်းအချက်အလက်မျှဝေတာမျိုးတွေ လုပ်ရ တယ်လို့ မအင်ကြင်းကဆိုတယ်။

” အခုလိုကာလမှာဆို မသန်စွမ်းတွေက ပိုပြီးအားငယ်တယ် စိုးရိမ်မှုတွေလည်းများတယ်။ မိသားစုတွေကပဲဖြစ်ဖြစ် ရပ်ရွာ ကပဲဖြစ်ဖြစ် လုံလုံခြုံခြုံထားပေးနိုင်ရင် အတိုင်းထက်အလွန်ပေါ့။ ကျမတို့အတွက် လုံခြုံမှုအရမ်းလိုအပ်တယ်” လို့ မအင်ကြင်းက သူ့ဆန္ဒကိုပြောပြပါတယ်။

Related Articles