Home ဆောင်းပါး လုံခြုံဘေးကင်း ငြိမ်းချမ်းခြင်းဆီသို့

လုံခြုံဘေးကင်း ငြိမ်းချမ်းခြင်းဆီသို့

နွေဦးမောင်။ ။

ယခုရက်ပိုင်းများတွင် ခုခံစစ်ခေါ် မြို့ပြပြောက်ကျားတိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်။ ထိုသို့ မြို့ပြတိုက်ပွဲများ ဖြစ်ပွားလာသည်နှင့်အမျှ နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်း ရှိလာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံစစ်စတင်ဆင်နွှဲရန်ကြေညာသည့် စက်တင်ဘာ ၇ ရက်မှ ၁၇ ရက်နေ့အထိ ပစ်မှတ်ပေါင်း ၃၇၇ ခုရှိပြီဟု NUG က ဆိုသည်။

ယင်းသို့ခုခံစစ်ဆင်နွှဲနေစဉ် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုလှဲရန် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝင် ရဲဘော်အချို့လည်း ကျဆုံးမှုရှိနေသည်။

PDF တပ်ဖွဲ့ဝင်များတွင် လူငယ်အများစုပါဝင်ပြီး လူထုလူတန်းစား အလွှာအသီးသီးမှ ပါဝင်ဆင်နွှဲနေကြခြင်းလည်း ဖြစ်၏။

ထို့ကြောင့် အာဏာရှင်စနစ်ကိုမလိုလားသည့် ပြည်သူလူထုမှာ ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခြင်းနှင့်အတူ PDF လူငယ်များအတွက်ပါ စိုးရိမ်ပူပန်ကြရသည်။ PDF လူငယ်များ၏ မိသားစုဝင်များမှာမူ ဆိုဖွယ်ရာမရှိပြီ။

၎င်းကို ရှမ်းပြည်နယ်ရှိ မြို့ကြီးတစ်မြို့မှ PDF လူငယ်တစ်ဦး၏မိခင်က “သူတို့စလုပ်ပြီဆိုကတည်းက ဘယ်တော့များ အဖမ်းခံရမလဲ တိုက်နေရင်း တစ်ခုခုဖြစ်သွားမလား အမျိုးမျိုးစိတ်ပူနေရတယ်”ဟု ရင်ဖွင့်သည်။

NUG၏ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သော စာရင်းများအရ အမည်စာရင်းသွင်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်သိန်းကျော်ရှိသည်ဆိုသော်လည်း ဒေသအလိုက်ဖွဲ့စည်းထားသည့်တပ်ဖွဲ့ဝင်အင်အားမှာ ယခုထက်ပိုမို များပြားနိုင်ကြောင်း ခန့်မှန်းကြသည်။

စွန့်ဝံ့သူများ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒေသအလိုက်ဖွံ့စည်းပြီး စစ်ကောင်စီ၏လက်အောက်ခံတပ်များကို ခုခံတွန်းလှန်လာ သည်မှာ ယခုဆို လေးလကျော်ခဲ့ပြီ။

ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်များ မိသားစုနှင့် အဆက်အသွယ်ပြတ်ခဲ့ကြသည်မှာ ရက်လရှည်ကြာခဲ့ကြပြီ ဖြစ်သည်။ သို့သော် ထိုသို့ မိသားစုနှင့် ဝေးကွာခြင်း ဆွေမျိုးမိတ်သင်္ဂဟများကို ခွဲခွာရင်းဖြင့်ပင် တော်လှန်ရေး ရှေ့ခရီးကို နှင်နေကြဆဲ ဖြစ်ပါသည်။

တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များတွင် လူပျိုလူလွတ်များပါဝင်သကဲ့သို့ ဇနီးမယားသမီးသားနှင့် အိမ်ထောင်သည်များ လည်း ပါဝင်ကြ၏။

ရှမ်းပြည်နယ် မြို့ကြီးတစ်မြို့မှ အသက် ၂၇ နှစ်အရွယ် PDF ရဲဘော်တစ်ဦးဆိုလျှင် ကိုယ်ပိုင်မိသားစုအသိုက်အမြုံကို စွန့်ကာ တော်လှန်ရေး၌ ပါဝင်လျက်ရှိသည်။ သူ့မိခင်ထံမှ သိရှိရသည့်အချက်အလက်များအရ ထိုရဲဘော်တွင် တစ်နှစ်သား အရွယ်သားလေးနှင့် ကိုယ်ဝန်အရင့်အမာနှင့် ဇနီးသည်တို့ကို မိဘများနှင့် ထားရစ်ခဲ့ရသည်။

” အန်တီ သူတို့လေးတွေ(မြေးများ)အတွက်ကို ရင်နာတယ်။ ကလေး ၁၁ လ တစ်နှစ်ဆိုတဲ့အရွယ်လေးက မိဘနဲ့နီးနီး ကပ်ကပ်နေရမဲ့အရွယ်လေးတွေ။ အဲဒီအချိန်မှာ သူအဖေနဲ့ ခွဲလိုက်ရတာ”ဟု PDF လူငယ်၏မိခင်က ပြောပါသည်။

တော်လှန်ရေးရဲဘော်၏ဇနီးမှာ ရှေ့လဆိုလျှင် မီးဖွားရပေတော့မည်။ သို့သော် ၎င်းတို့မိသားစုလေးမှာ ခွဲခွာနေရဆဲ ဖြစ် သည်။

အထက်ပါကဲ့သို့ မိသားစုတကွဲတပြားဖြင့် နေထိုင်ကြရသူများတွင် ပဲခူးတိုင်းရှိ မြို့ကြီးတစ်မြို့မှ မိသားစုတစ်စုလည်း ရှိနေ ပါသေးသည်။

၎င်းတို့မိသားစုဆိုလျှင် မိသားစုဝင်ငါးဦးရှိရာ ခင်ပွန်းနှင့် သားကြီးဖြစ်သူတို့က မိသားစုနှင့် အဝေးမှာ ဖြစ်သည်။ ခင်ပွန်းဖြစ် သူက ထိုမြို့လေးတွင် အဖမ်းခံရမည့်နာမည်စာရင်း၌ ပါဝင်နေသကဲ့သို့ သားဖြစ်သူမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သို့ ဝင်ရောက်ခဲ့သောကြောင့် ဖြစ်သည်။

အာဏာမသိမ်းမီကတော့ မိသားစုစုံစုံလင်လင်ဖြင့် ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ဖူးသည်။ ယခုမူ မိသားစုစားဝတ်နေရေး ဖြေရှင်း ပေးမည့် ခင်ပွန်းဖြစ်သူလည်း အိမ်တွင်မရှိသလို သားကြီးဖြစ်သူရဲ့ လုပ်အားခလည်း မရတော့တာကြောင့် စားဝတ်နေရေး ပင် ခက်ခဲလျက်ရှိသည်။

ယင်းကိုပင် ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်လေး၏မိခင်က ဤသို့ ရင်ဖွင့်ပါသည်။

” မိသားစုဆွေမျိုးတွေက နည်းနည်းပါးပါးကြည့်ပေးတယ်။ ပတ်ဝန်းကျင်က ကြည့်ရှုစောင့်ရှောက်တယ်။ အခုက အလုပ် လည်းထွက်လုပ်လို့မရတော့ အဲလိုလေးပဲ နေနေရတယ်”

ရန်ကုန်မြို့က မြို့နယ်တစ်ခုတွင်နေထိုင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး၏မိခင်ဆိုလျှင်လည်း ရင်နှင့် လွယ်ကာမွေးခဲ့ရသည့်သားကို တိုင်းပြည်အတွက်ဟုသာ သဘောပိုက်ထားရသည်။

အကြောင်းမှာ ၃၄ နှစ်အရွယ်သားဖြစ်သူမှာ တောတွင်းတစ်နေရာမှ ပြန်ရောက်လာပြီဖြစ်သည့်တိုင် သူ့တာဝန်နှင့်သူမို့ မိသားစုအား အချိန်မပေးနိုင်သေး၍ ဖြစ်သည်။

” အိမ်မှာမရှိတုန်းကလည်း စိတ်ပူခဲ့ရသလို အခုပြန်ရောက်လာတော့လည်း သူတို့တာဝန်တွေလုပ်ဆောင်နေတဲ့အချိန် ဘေး ကင်းပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ အမြဲရှိနေတယ်”ဟု ရန်ကုန်မြို့မှ PDFတပ်ဖွဲ့ဝင် လူငယ်တစ်ဦး၏မိခင်က ပြော သည်။

သည်ကြားထဲ စစ်ကောင်စီတပ်များ၏ ရန်ပြုမှုကြောင့် PDF ရဲဘော်များ၏မိသားစုဝင်များမှာ မလုံခြုံသည့်ဘဝအခြေအနေ များကိုပါ ကြုံတွေ့လာကြရသည်။

Photo: BPDF-Yoma

ကျီးလန့်စာစား ဘဝများ
ရှမ်းပြည်က PDF ရဲဘော်၏ မိသားစုဆိုလျှင် အမြဲလိုလို စောင့်ကြည့်ခံရသည်။ ထို့ကြောင့် ညည ခွေးအူသံကြားလျှင်ဖြစ်စေ လျှပ်စစ်မီးများဖြတ်တောက်ခံရလျှင်ဖြစ်စေ အလိုလိုကြောက်စိတ်များဝင်လာသည်ဟု ထိုရဲဘော်၏မိခင်ဖြစ်သူက ဆိုသည်။

သည်လိုနှင့် တစ်ရက်တွင်တော့ သားဖြစ်သူတော်လှန်ရေးရဲဘော်မှာ အဝေးသို့ရောက်နေရာကပြန်လာပြီး မိဘအိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သည်။ သို့သော် ထိုသို့ လာရောက်သည်ကို သတင်းပေးဒလန်က သိသွားသည်။

ထို့ကြောင့်ပင် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်သားနှင့် ရဲများသာမက အရပ်ဝတ်များဖြင့်ပါ အင်အား အများအပြားဖြင့် နေအိမ်အဝိုင်းခံရတော့သည်။

ခြံတံခါးနှင့် နေအိမ်တံခါးများကို စစ်ကောင်စီတပ်များ ရိုက်ချိုးဖျက်ဆီးကာ ဝင်ရောက်လာသည်။ ထိုနောက် အခန်းတံခါး များကိုပါ ရိုက်နှက်ဖျက်ဆီးပြီး အနုကြမ်းစီးသလို ဝင်စီးလေသည်။

ထိုအခါ ရဲဘော်လေး၏အစ်မဖြစ်သူက သူ့မောင်တွင် အပြစ်မရှိကြောင်း ဖမ်းဆီးနှိပ်စက်ခြင်း မပြုလုပ်ကြရန် တောင်းပန် တိုးလျှိုးသည်ကို ဆံပင်ဆွဲကာ ပါးနားရိုက်သည်အထိ ရိုင်းပြစွာ ဆက်ဆံခံရသည်ဟု မိခင်ဖြစ်သူက ပြောပါသည်။

ယခုမူ ထိုရဲဘော်လေးကို ဖောက်ခွဲရေးသမားဟုခေါင်းစဉ်တပ်ကာ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားလေသည်။

ပဲခူးတိုင်းရှိ မြို့ကြီးတစ်မြို့က PDF ရဲဘော်လေး၏ မိသားစုကတော့ ရှမ်းပြည်က PDF ရဲဘော်လေး၏ အဖြစ်အပျက်ထက် ပိုမိုဆိုးဝါးသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။

အကြောင်းမှာ နေအိမ်အား လေးကြိမ်တိတိဝင်ရောက် ရှာဖွေခြင်းကိုခံရပြီး ကျန်နေရစ်သည့် မိခင်နှင့်ညီမဖြစ်သူတို့ကိုပါ ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခံရ၍ ဖြစ်သည်။

သို့သော် နေအိမ်ဝင်စီးခံရချိန်များနှင့် မိသားစုအားခေါ်ယူစစ်ဆေးခံရချိန်များတွင် တော်လှန်ရေးနှင့်သက်ဆိုင်သည့် စာရွက် စာတမ်း ဖုန်းအဆက်အသွယ် စသည့်ခိုင်လုံသည့်အထောက်အထားများ တွေ့မသွားခြင်းက ၎င်းတို့မိသားစုအတွက် အဆိုး ထဲကအကောင်းဟု ဆိုနိုင်မည်ဖြစ်သည်။

မည်သို့ဆိုစေ ပြည်နယ်ရော ပြည်မပါမကျန် နိုင်ငံအဝှမ်းနေထိုင်ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏ မိသားစုများမှာ စိုးရိမ်ထိတ်လန့်မှုများကြားက ယုံကြည်ချက်တစ်ခုအတွက် ဆက်လက်တောင့်ခံနေကြဆဲဖြစ်သည်။

ငြိမ်းချမ်းပါစေ
ထိုရဲဘော်လူငယ်မိသားစုများ၏ ယုံကြည်ချက်မှာ အခြားမဟုတ်။ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပြီး အမှန်တရားက အောင်ပွဲခံနိုင်ရေးပင် ဖြစ်ပါသည်။

သို့အတွက်လည်း မိမိတို့ရင်သွေးငယ်များ တော်လှန်ရေးခရီး လမ်းခုလတ်၌ ဘေးမသီရန်မခံ ရှေ့ဆက်နိုင်ရေးကို မိခင်များ ကတောင်းဆုပြုကြသည်။ ထိုမိခင်များတွင် ပဲခူးတိုင်းက PDFရဲဘော်၏ မိခင်ဖြစ်သူသည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။

“အိမ်မှာနေရင်း သားကြီးအတွက် အမြဲဆုတောင်းနေရတယ်။ ကျန်းမာရေးကောင်းဖို့ ဘေးဒုက္ခဆိုးတွေနဲ့ မကြုံဖို့ သူတို့ လိုချင်တဲ့ အမှန်တရားအတွက် အဆုံးထိတိုက်ပွဲဝင်သွားနိုင်ဖို့အကုန်လုံးပဲ”ဟု ထိုရဲဘော်လေး၏ မိခင်က တုန်ရီနေသော အသံများဖြင့် ပြောသည်။

သူ့သားလေးမှာ သားသမီးသုံးယောက်တွင် အကြီးဆုံးသားဖြစ်သော်လည်း အသက်အရွယ်အားဖြင့် ၂၃ နှစ် သာရှိသေး သည်။ ထိုသို့ အသက်ငယ်ရွယ်သော်လည်း အသိမငယ်သည့်အပေါ် မိခင်က ဂုဏ်ယူနေသည်။

NUG ဦးဆောင်လမ်းညွှန်မှုဖြင့် လတ်တလောဆင်နွှဲနေသည့် ခုခံစစ်များမှာလည်း တစ်ရက်ထက်တစ်ရက် အရှိန်ပိုမြင့် လာခဲ့ပြီ။

ထိုအခြေအနေတွင် လက်နက်ကိုင်လမ်းစဉ်၌ပါဝင်နေသည့် မိမိရင်သွေးငယ်များအတွက် အကောင်းဆုံးကိုမျှော်လင့်သလို အဆိုးဆုံးအခြေအနေအတွက် စိတ်ကိုပြင်ဆင်ထားပြီးဖြစ်ကြောင်း PDF ရဲဘော်များ၏ မိခင်ဖြစ်သူများက ရဲဝံ့စွာဆိုသည်။

ပဲခူးတိုင်းရှိ မိခင်တစ်ဦးကမူ “ကိုယ့်ကလေးနဲ့ပတ်သက်ရင် အကောင်းဆုံးကိုတော့ မျှော်လင့်တာပဲ။ ဒါပေမယ့်တစ်ကယ်လို့ အဆိုးဆုံးအခြေအနေနဲ့ကြုံလာခဲ့မယ်ဆိုရင်လည်း ကျွန်မဝမ်းနည်းနေမှာမဟုတ်ပါဘူး”ဟု သူက ပြတ်ပြတ်သားသား ပြော ပါသည်။

အထူးသဖြင့် လူတိုင်းမလုပ်နိုင်သည့်အလုပ်ကို ဘဝနှင့် အသက်ကိုရင်းပြီး လုပ်ကိုင်နေသည့်သားအတွက် ဂုဏ်ယူနေမည် ဟု သူက ဆိုပါသေးသည်။

သို့တိုင် သူ့စိတ်မှာတော့ သားဖြစ်သူအပါအဝင် လူငယ်လူရွယ်အများအပြား ပါဝင်ဆင်နွှဲနေသည့် ခုခံစစ်မှ မုချအောင် လိမ့်မည်ဟု စွဲမြဲစွာယုံကြည်နေပါသည်။

ထိုယုံကြည်ချက်အတိုင်း တော်လှန်ရေးကြီးအောင်မြင်မှသာ “ကျွန်မတို့အားလုံး နောက်ကျောလုံမယ်။ ငြိမ်းချမ်းတဲ့ဘဝကို ရမယ်”ဟု PDF ရဲဘော်လေး၏မိခင်က ဆိုလေသည်။

Related Articles