Home ဆောင်းပါး ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’

ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’

Honest Information (HI)

ပစ္စည်းမျိုးစုံ စုပုံထားတဲ့ အခန်းငယ်တစ်ခုထဲမှာ အမျိုးသမီးလေးငါးဦးစုဖွဲ့ထိုင်ကာ အစားအသောက်မျိုးစုံနဲ့ တစ်ကိုယ်ရေ သုံးပစ္စည်းမျိုးစုံကို လူတစ်ဦးစာ ထုပ်ပိုးနေကြပါတယ်။

တစ်ဦးက ငါးပိကြော်၊ကြက်မွကြော်၊လက်ဖက်အကြော်စုံ စတဲ့အခြောက်အခြမ်းတွေကို အထုတ်သေးသေးလေးတွေထုတ် နေကြသလို တစ်ယောက်က သွားတိုက်တံ၊သွားတိုက်ဆေး၊ရေချိုးဆပ်ပြာတွေကို သပ်သပ်ဆီနေရာတကျစုထားပါတယ်။ နောက်တစ်ဦးကတော့ စာအုပ်အပုံကြီးထဲက စာအုပ်တစ်ချို့ကိုရွေးထုတ်ကာ အစီအရီထားနေတာကိုတွေ့ရပါတယ်။

ပစ္စည်းအမျိုးအစားရာချီကို နာရီအတော်ကြာ ထုပ်ပိုးနေကြရပေမယ့် သူတို့ပုံစံကငြီးငွေ့ပုံမရဘဲ ရွှင်လန်းတက်ကြွနေကြ ပါတယ်။

သူတို့ထုပ်ပိုးနေကြတာက တခြားတော့မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တာကြောင့် မတ ရားဖမ်းဆီးခံထားရသူတွေအတွက် ထောင်ဝင်စာပို့ဖို့ ထုတ်ပိုးနေကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်ရာမှာ အမျိုးသမီးတွေဟာကျရာနေရာကနေ ပါဝင်ခဲ့ကြတာကို နွေဦးတော်လှန်ရေး ကာလ တစ်လျှောက်လုံး တွေ့မြင်ကြရမှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ပထမဆုံးခြေလှမ်းဖြစ်တဲ့ သံပုံးတီးတာကအစပြုလို့ စစ်အာဏာသိမ်းမှုကြောင့် နောက် ဆက်တွဲဖြစ်တဲ့ မတရားဖမ်းဆီးခံထားရပြီး အကျဉ်းကျနေသူတွေအတွက် ထောင်ဝင်စာပို့ဖို့ စီစဉ်တဲ့အထိ အမျိုးသမီးတွေ ဦးဆောင်နေတာပါ။

ဖေဖော်ဝါရီ ၁ ကနေ အောက်တိုဘာလ ၂၃ နေ့အထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၇,၀၁၆ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နိုင်ငံရေးနဲ့ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၁,၃၁၆ ဦး၊ တရားရင်ဆိုင်နေရသူ ၄,၃၂၀ ဦးကိုလွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တာကြောင့် ဖမ်းဆီးအကျဉ်းကျခံရသူ ထောင်ပေါင်းများစွာကျန်ရှိနေသေးပြီး ဖမ်းဆီးခံရသူ တိုင်းရဲ့ မိသားစုဝင်တိုင်းက ထောင်ဝင်စာပို့ဖို့အဆင်ပြေကြတာမဟုတ်ပါဘူး။

မိသားစုကနယ်မှာနေထိုင်တာကြောင့် ထောင်ဝင်စာမရတဲ့သူတွေ၊မိသားစုလိုက်တိမ်းရှောင်နေရတဲ့အတွက် ထောင်ဝင်စာ မရသူတွေ၊ မိသားစုကစီးပွားရေးအဆင်မပြေတာကြောင့် ထောင်ဝင်စာမရသူတွေ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ထောင် ဝင်စာရဖို့အဆင်မပြေတဲ့ ဖမ်းဆီးခံရသူတွေအတွက် အဆင်ပြေဖို့ရည်ရွယ်ပြီး ထောင်ဝင်စာပို့ပေးတဲ့ အဖွဲ့တစ်ခု ပေါ်ပေါက် လာခဲ့တာပါ။

ထောင်ဝင်စာပို့ကြမယ်ကို ဇွန်လကစတင်လုပ်ကိုင်ခဲ့ပြီးအခုဆိုရင်အဖွဲ့ရဲ့ သက်တမ်းဟာ လေးလနီးပါးရှိပြီဖြစ်ပါတယ်။ ထောင်ဝင်စာပို့ကြမယ် အဖွဲ့မှာ အဖွဲ့ဝင်၁၀ဦး ဝန်းကျင်ရှိပြီး အမျိုးသမီးအများအပြား ပါဝင်လုပ်ကိုင်နေကြတာလည်းဖြစ် ပါတယ်။

Photo Credit: ထောင်ဝင်စာပို့ကြမယ် (Facebook စာမျက်နှာ)

ထောင်ဝင်စာက မိသားစုဝင်ကိုယ်တိုင်ပို့မှ လက်ခံတာဖြစ်တဲ့အတွက် စီးပွားရေးအဆင်မပြေတဲ့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ လက်ထဲကိုတိုက်ရိုက်ပို့ပေးရတာရှိသလို မိသားစုအဝေးရောက်နေတဲ့ ဖမ်းဆီးခံရသူတွေ၊မိသားစုလိုက် တိမ်းရှောင်နေရသူတွေအတွက်တော့ ဈေးပါးထောက်ပံ့ပေးတာ တွေပြုလုပ်ပေးပါတယ်။ (ဈေးပါးဆိုတာက ထောင်တွင်း ဈေးဝယ်အကောင့်သဘောမျိုးဖြစ်ပါတယ်။အကျဉ်းကျသူအမည်နဲ့ ဈေးဝယ်အကောင့်ထဲမှာ ပိုက်ဆံရှိပါက ထောင်တွင်းမှာ ဝယ်လို့ရနိုင်တဲ့ အရာတွေကို ဝန်ထမ်းကတစ်ဆင့်ဝယ်ယူနိုင်ပါတယ်။)

အဖွဲ့အနေနဲ့ လုပ်ငန်းစတင်ရာမှာ ထောင်ဝင်စာမပို့နိုင်တဲ့မိသားစုတွေကို ရှေ့နေတွေကတစ်ဆင့်ချိတ်ဆက်ကြသလို၊ အင်းစိန်ထောင်ရှေ့ကိုယ်တိုင်သွားပြီး မိသားစုတွေကိုတွေ့တာ၊ လူမှုကွန်ရက်ကတစ်ဆင့် ကြေညာတာ စတဲ့နည်းလမ်း တွေနဲ့ စတင်ခဲ့ကြပါတယ်။ အဲ့ဒီကတစ်ဆင့် စိတ်ဝင်စားသူတွေများပြားလာပြီး အလှူငွေထည့်ဝင်သူတွေလည်း ရှိလာခဲ့ ပါတယ်။

စစချင်းကာလမှာတော့ အလှူရှင်တွေအများကြီးဆီကနေ လုံလုံလောက်လောက်ထောက်ပံ့လို့ရတဲ့အထိ အလှူငွေတွေ ရရှိ ခဲ့ပြီးနောက်ပိုင်းမှာတော့ အခြားသော ထောက်ပံ့ပေးရတဲ့အဖွဲ့တွေလဲရှိလာတော့ အလှူရှင်တွေလျော့နည်းတာမျိုးတွေ ရှိခဲ့ပေမယ့် အဖွဲ့အနေနဲ့ကတော့ အလှူရှင်တွေဆီက နည်းနည်းပဲရရ များများပဲရရ ရရှိသမျှအလှူငွေအားလုံးနဲ့ မတရား ဖမ်းဆီးခံအကျဉ်းကျတဲ့သူတွေဆီကို လုံလောက်စွာထောက်ပံ့ပေးနိုင်အောင်ကြိုးစားနေပါတယ်လို့ ထောင်ဝင်စာပို့ကြမယ် မှာ လုပ်ကိုင်နေတဲ့ မစုစု(အမည်လွဲ)ကဆိုပါတယ်။

“ စစလုပ်ချင်းမှာမိသားစုတွေဆီက ယုံကြည်မှုရအောင်လုပ်ရတဲ့ အခက်အခဲလေးတွေတော့ရှိတယ်။ အကျဉ်းကျနေသူ တွေရဲ့အချက်အလက်တွေကို မိသားစုတွေကိုမေးတဲ့အခါမျိုးမှာ မိသားစုတွေကစိုးရိမ်တာမျိုးတွေရှိတဲ့အခါကျ မိသားစုတွေ ယုံကြည်မှုရှိလာအောင် တည်ဆောက်ရတဲ့အပိုင်းလေးတွေက အခက်အခဲရှိတယ်”လို့ မစုစုကဆိုပါတယ်။

အဖွဲ့ဝင်တွေအနေနဲ့ ထောင်ဝင်စာပို့ဖို့စာရင်းပြုစုရတာ၊ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေနဲ့ဆက်သွယ်ရတာ၊ ဈေးဝယ် တာ၊ ပါဆယ်ထုတ်တာ၊ မိသားစုဝင်တွေဆီပါဆယ်ရောက်အောင်ပို့ရတာ၊ ထောင်တွင်းဈေးဝယ်အကောင့်ထဲ ပိုက်ဆံထည့် ပေးတာသွင်းတာစတဲ့ တာဝန်တွေကို ခွဲဝေလုပ်ဆောင်ကြပါတယ်။

အဖွဲ့အနေနဲ့တစ်လကို အကျဉ်းကျနေသူအယောက် ၂၀၀ ဝန်းကျင်အတွက် ထောင်ဝင်စာပို့ပေးနေတယ်လို့ ဆိုပါတယ်။

ထောင်ဝင်စာပို့ဖို့ စီးပွားရေးအဆင်မပြေတဲ့မိသားစုတွေ၊ မိသားစုလိုက်တိမ်းရှောင်နေရလို့ ထောင်ဝင်စာမပို့နိုင်တဲ့သူတွေ မိသားစုက အဝေးမှာနေထိုင်တာကြောင့် ထောင်ဝင်စာပို့ဖို့ ခက်ခဲသူတွေကို ဦးစားပေးပြီးပို့ပေးတာဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးမရွေးပို့ဆောင်ပေးတာဖြစ်ပါတယ်။

အစပိုင်းမှာတော့ရန်ကုန်က အင်းစိန်ထောင်တစ်ခုထဲကိုသာပို့ပေးခဲ့ပေမယ့် အခုအခါမှာတော့ အိုးဘို၊ သာယာဝတီ၊ တောင်ငူ၊ ညောင်ရွှေ၊ကျိုင်းတုံစတဲ့ အနယ်နယ်အရပ်ရပ်ကအကျဉ်းထောင်အချို့က ဖမ်းဆီးခံထားရသူတွေထံကိုပါ ထောင် ဝင်စာပို့ပေးနေပြီဖြစ်ပါတယ်။

နယ်ကအကျဉ်းထောင်တွေအတွက် ထောင်ဝင်စာပို့ရာမှာ နယ်တာဝန်ခံတွေနဲ့ချိတ်ဆက်ပြီးပို့ဆောင်ပေးနေပါတယ်။

ထောင်ဝင်စာအထုတ်ထဲမှာ ငါးပိကြော်၊ပုဇွန်ခြောက်ထောင်းကြော်၊ ကြက်မွကြော်၊ မြေပဲကြော်၊ငါးနီတူခြောက်ကြော်၊ လက် ဖက်အကြော်စုံစတဲ့ အခြောက်အခြမ်းတွေပါသလို ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊သွားတိုက်တံ၊သွားတိုက်ဆေး၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ဆေး၊ဖိနပ်၊ပုဆိုး၊အကျီ၊ထဘီစတာတွေ ပါဝင်ပါတယ်။

အမျိုးသမီးတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း၊ အတွင်းခံ စတာတွေလည်းမမေ့မလျော့ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေဖတ်ဖို့ စာအုပ်အချို့လည်း မပျက်မကွက်ထည့်ပေးပါသေးတယ်။ ကိုဗစ်ကာလအတွင်း မှာလည်း လိုအပ်တဲ့ဆေးဝါး၊Mask၊လက်သန့်ဆေး စတာတွေလည်းထည့်ပေးတယ်လို့ဆိုပါတယ်။

Photo Credit: ထောင်ဝင်စာပို့ကြမယ် (Facebook စာမျက်နှာ)

ထောင်ဝင်စာပို့တဲ့အခါမှာလည်း ကန့်သတ်ထားတဲ့အရာတွေရှိတဲ့အတွက် ထောင်ဝင်စာပို့တဲ့အခါမှာ ဆောင်ရန် ရှောင်ရန် တွေကို ထောင်ဝင်စာပို့ကြမယ်ရဲ့ လူမှုကွန်ရက်မှာ အများပြည်သူသိရှိနိုင်အောင် ဝေမျှထားပါသေးတယ်။

ချဉ်ပေါင်ကြော်၊ မရမ်းသီးကြော်၊ မန်ကျည်းသီးကြော်၊ ကင်ပွန်းချဉ်ရွက်ကြော်၊ သရက်သီးသနပ်စတဲ့ အချဉ်အရသာပါတဲ့ အစားအစာတွေကို ဝမ်းရောဂါလိုမျိုးဖြစ်မှာစိုးတဲ့အတွက် ခွင့်မပြုဘူးလို့ ထောင်ဝင်စာပို့ကြမယ်ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ချက်ထားတဲ့အသားဟင်းတွေပို့လို့မရဘဲ အကြော်သာရပြီး အသီးဆိုရင်လည်း သရက်သီး၊စပျစ်သီး၊ပိန္နဲသီး၊ ဒူးရင်းသီး စတာတွေမရကြောင်းနဲ့ အသုံးအဆောင်မှာလည်း ဖန်၊ သံ စတာတွေလည်းမရဘဲ ကော်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေသာရ တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအတွက် အဝတ်အစားပို့ရာမှာလည်း ထဘီ၊စကတ်၊ရှေ့ကွဲ၊နောက်ကွဲ၊ ဘောင်းဘီတို စတာတွေ မရဘဲ ရိုးရိုးထဘီသာခွင့်ပြုတယ်လို့ဆိုပါတယ်။ ဖတ်စရာစာအုပ်ပေးပို့ရာမှာလည်း နိုင်ငံရေးစာအုပ်လို့ယူဆရတဲ့ စာအုပ်မျိုး တွေမရဘူးလို့ ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေရဲ့ ထောာင်ဝင်စာပါဆယ်ပိတ်တဲ့ရက်တွေ၊ ထောင်ဝင်စာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကိုလည်း သူတို့ရဲ့လူမှုကွန်ရက်က တစ်ဆင့်ဝေမျှတာတွေလည်းပြုလုပ်ပါတယ်။

ထောင်ဝင်စာပို့ဖို့ အခက်အခဲဖြစ်နေတဲ့ ဖမ်းဆီးခံနွေဦးသူရဲကောင်းတွေရဲ့မိသားစုတွေအနေနဲ့ အဖမ်းခံရသူရဲ့ အမည်၊ ပုဒ်မ၊ အဖမ်းခံရတဲ့နေ့စွဲ၊ထောင်အမည်၊ အုပ်ထိန်းသူအမည်နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့အတူ ထောင်ဝင်စာပို့ကြမယ် ကိုစာရင်းပေးသွင်းနိုင်တဲ့အကြောင်းလည်း ကြေငြာထားပါသေးတယ်။

“ တချို့မိသားစုတွေမှာ အဆင်မပြေတဲ့အချိန်တွေမှာ ညီမတို့ကူညီပေးလို့ တော်တော်လေး အထောက်အကူဖြစ်တယ်လို့ မိသားစုတွေဆီက ပြန်ပြောချက်အရသိရပါတယ်” လို့ မစုစုကပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ မိသားစုဝင်တွေအဆင်ပြေစေဖို့ တတ်နိုင်သလောက်ကူညီမှုတွေ ဆောင်ရွက်နေသလို တစ်ဖက် မှာလည်း အဖွဲ့ဝင်တွေလုံခြုံရေးအတွက်စိုးရိမ်မှုနဲ့ အခက်အခဲအချို့လည်းရှိနေပါသေးတယ်။

မိသားစုတွေဆီပါဆယ်ပို့တဲ့အခါ၊ ဈေးဝယ်တဲ့အခါမျိုးတွေမှာ လုံခြုံရေးအခက်အခဲတွေရှိတယ်လို့ မစုစုကဖွင့်ဟပါတယ်။

လုံခြုံရေးနဲ့ပတ်သက်ပြီး အဖွဲ့ဝင်ထဲက Wave Account ပိတ်ခံရသူရဲ့ အိမ်လိပ်စာကိုရှာဖွေတာမျိုးတွေကြုံတွေ့ခဲ့ရတယ် လို့ သူကဆိုပါတယ်။ အဖွဲ့ဝင်တွေအားလုံး လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပိုသတိထားပြီးလုပ်ဆောင်လာရတာမျိုးတွေ ရှိလာပါတယ်လို့လည်း မစုစုကဆိုပါတယ်။

ဒါအပြင် “ ညီမတို့ ထောင်ဝင်စာပို့ကြမယ်က အမျိူးသမီးတွေအနေနဲ့ကတော့ ပစ္စည်းအလေးကြီးတွေ မရတာတွေ၊ အလုပ် တွေ run ရတာတွေများလို့ ခါးနာတာတို့၊ လူကနုံးပြီးဖျားသွားတာတို့ အဲ့လိုကျန်းမာရေးပြဿနာတော့ရှိကြပါတယ်” လို့ ထောင်ဝင်စာပို့ကြမယ်မှာ လုပ်ကိုင်နေတဲ့ မသဇင်(အမည်လွဲ)ကဆိုပါတယ်။

အခက်အခဲတချို့ရှိနေပေမယ့်လည်း အဖွဲ့ဝင်အမျိုးသမီးတွေဟာ တော်လှန်ရေးအတွက်တစ်ထောင့်တစ်နေရာက တာဝန် ထမ်းဆောင်နေဆဲပဲ ဖြစ်ပါတယ်။

“ တော်လှန်ရေးမှာ ဒီလိုတစ်ထောင့်တစ်နေရာ ပါဝင်နေမှမဟုတ်ပါဘူး။ တခြားသောနည်းလမ်းတွေနဲ့လည်း တော်လှန်နေ တဲ့သူတွေအများကြီးရှိပါတယ်။ ဆိုတော့ နည်းလမ်းတွေအများကြီးမှာမှ ဒီလိုကူညီပေးတဲ့အဖွဲ့မှာ ပါဝင်နေရတာကလည်း ကိုယ်တတ်နိုင်တဲ့တာဝန်ကိုယ်ထမ်းပြီး စစ်အာဏာရှင်ကို တော်လှန်နေတယ်လို့ပဲခံစားရပါတယ်” လို့မစုစုကဆိုပါတော့ တယ်။

Related Articles