ကြာညိုသင်း။ ။
ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် အလုပ်အကိုင်ရှားပါးမှုတွေ ဝင်ငွေလျော့ကျတာတွေကို ခံစားနေရတဲ့ ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ပါ ကြုံတွေ့ နေရတာပဲဖြစ်ပါတယ်။
“ကိုဗစ်ကာလတုန်းက ပန်းပဲဖိုက လုပ်ရသေးတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်လို့ ကုန်သည်တွေက မလာတော့တဲ့အတွက် လုံးဝပိတ်လိုက်ရတာ ရှိသလို သံထည်လုပ်ငန်းဖြစ်တော့ စိုးရိမ်စိတ်ကြောင့် ပိတ်ရ တာတွေလည်းရှိတဲ့အတွက် အခုဆိုရင် အခုပန်းပဲ လုပ်တဲ့သူတွေက လာလှူတာလေးတွေနဲ့ စားနေရတဲ့ အဆင့် ထိ ဖြစ်နေ တာ”လို့ စီးပွားရေးကြပ်တည်းလာမှုကို ဒေါ်ဒေါင်းရင်က ပြောပြနေပါတယ်။
ဒေါ်ဒေါင်းရင်တို့မိသားစုက စစ်ကိုင်းတိုင်းဒေသကြီးက ကျေးရွာလေးတစ်ခုမှာ နေထိုင်ကာ ပန်းပဲလုပ်ငန်းဖြစ် အသက် မွေးဝမ်းကျောင်း ပြုနေရတာဖြစ်ပြီး တစ်ရွာလုံးကလည်း စိုက်ပျိုးရေးလုပ်ငန်းထက် ပန်းပဲလုပ်ငန်းကိုသာ အားထားပြီး လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရွာကြီးမှာ ဒေါ်ဒေါင်းရင်တို့ မိသားစုအပါအဝင် ရွာရဲ့ထက်ဝက်လောက်က ပန်းပဲလုပ်ငန်းလုပ်ကိုင်ကြတာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဒီလုပ်ငန်းလုပ်ကိုင်တဲ့ သူတွေဟာ စိုးရိမ်မှုတွေကြောင့် လုပ်ငန်းပိတ်သိမ်းလိုက်ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ပြည်သူတွေက အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဒီလိုဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီက ဆန္ဒပြပွဲတွေကို ဖြိုခွင်းတာတွေ၊ ကူညီတဲ့သူတွေကို ဖမ်းဆီးတာ တွေလုပ်ခဲ့သလို တစ်ချို့နေရာဒေသတွေမှာဆိုရင် ပြန်လည်ခုခံတိုက်ခိုက်တာတွေအထိ ရှိတာကြောင့် မသင်္ကာတဲ့သူဆိုရင် ချက်ချင်းဖမ်းဆီးတာတွေ ရှိနေပါတယ်။
ဒါကြောင့်လည်း သံထည်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ သံပြားတွေ၊ သံချည်သံကွေး လုပ်တဲ့ လုပ်ငန်းတွေ၊ ပန်းပဲဖိုလို လုပ်တဲ့နေရာတွေကို စုံစမ်းတာတွေ ရှိလာမှာစိုးတဲ့အတွက် ပန်းပဲဖို လုပ်ငန်းလုပ်ကိုင်တဲ့သူတွေအနေနဲ့ စိုးရိမ်မှုတွေကြောင့် လုပ်ငန်းတွေ ရပ်လိုက်ရတာဖြစ်ပါတယ်။
ဒါ့အပြင် ကုန်သည်တွေကလည်း လမ်းခရီးမှာ သယ်ရတာက ဓါးအမျိုးမျိုး၊ ပေါက်ပြား စတဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် ဖမ်းဆီးစစ်ဆေးခံရမှာ ကြောက်တာရယ်၊ လမ်းတွေ ပိတ်တာတွေကြောင့် အလုပ် အပ်တဲ့သူလည်း မရှိဘဲ လုပ်ငန်းတွေပိတ်ပြီး သူများလှူတာနဲ့ စားနေရတဲ့ အဖြစ်တွေ ရောက်ကုန်တာလို့ ဒေါ်ဒေါင်းရင် စိတ်မကောင်းစွာ ပြောပြပါတယ်။
ပန်းပဲဖိုလုပ်ငန်းတွေဟာ အရင်ကတည်းက ယိုင်နဲ့နဲ့သာရှိခဲ့တာဖြစ်ပါတယ်။ ဈေးသက်သာပြီး အလွယ်တကူဝယ်လို့ရလာတဲ့ လယ်ယာသုံးစက်ကိရိယာတွေကြောင့် ပြည်တွင်းထုတ် လယ်ယာလုပ်ငန်းသုံးသံထည်တွေဟာ ဈေးကွက်မှာ နေရာပျောက်ခဲ့ရသလို ပြည်ပကဝင်လာတဲ့ မီးဖိုချောင်သုံး ဓားလိုမျိုးတွေကြောင့်လည်း ပန်းပဲဖိုတွေအထိနာခဲ့ရပါတယ်။ ပြည်တွင်းကပန်းပဲဖိုတွေဟာ နည်းပညာနဲ့အရင်းအနှီးအားနည်းချက်တွေလည်း ရင်ဆိုင်ကြရပါသေးတယ်။
ပန်းပဲဖိုတွေကို ပိတ်ထားရတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို မှီခိုနေတဲ့ ပန်းပဲလုပ်သားတွေကလည်း စားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်သွားတာပါ။ ပန်းပဲဖိုတစ်ဖိုတွင် ပန်းပဲဆရာအပါ လုပ်သားအနည်းဆုံး ၇ ဦးကနေ ၈ ဦးအထိ ရှိပါတယ်။
အလုပ်လက်မဲ့ဖြစ်သွားလို့ စားဝတ်နေရေးကြပ်တဲ့အပြင် ညဘက်မှာ အိမ်တံခါးလာခေါက်ပြီး စစ်ဆေးခံရမလား၊ ကိုယ့်မိသားစု ဝင်တွေကို ပန်းပဲမှာ လုပ်ငန်းသုံးတဲ့ ပစ္စည်းတွေတွေ့ရင် မှားပြီးအဖမ်းခံရမလားဆိုတဲ့ စိတ်နဲ့ ညဘက် တွေဆို ကောင်းကောင်းမအိပ်ရဘဲ ရင်တထိတ်ထိတ်နဲ့ ဖြတ်ကျော်နေရတာလို့ ဒေါ်ဒေါင်းရင်က လက်ရှိ ရင်ဆိုင်နေရတဲ့ ဒုက္ခကို ပြောပြပါတယ်။
ပန်းပဲလုပ်ငန်းက တစ်နိုင်တစ်ပိုင်လုပ်ကိုင်တဲ့ အသေးစားလုပ်ငန်းအများစုဖြစ်ပြီး စက်ပစ္စည်းကိရိယာတွေ မတတ်နိုင်တဲ့ အတွက် လက်ကိုသာ အားပြုလုပ်ကိုင်နေရတဲ့ သူတွေရှိသလို စက်ပစ္စည်းကိရိယာကို အသုံးပြုနိုင်တဲ့ လုပ်ငန်းရှင်ကြီး အချို့လည်း ရှိပါတယ်။
ဒေါ်ဒေါင်းရင်တို့လိုပဲ လက်မှုပညာနဲ့ ပန်းပဲဖို လုပ်ငန်းလုပ်ကိုင်တဲ့ရန်ကုန်မြို့က ဒေါ်မြရင်ကလည်း လုပ်ငန်းတွေ အရှုံးပြပြီး ရိုးရာလက် မှုပညာတစ်ခု တိမ်ကောလာနေတာကို အခုလိုပဲ ဆိုပါတယ်။
“မိဘပစ္စည်းတွေကို အမွေဆက်ခံပြီး ကျွန်မက အိမ်ထောင်ကျတော့ ဒီပညာနဲ့စီးပွားရှာဖို့ ရန်ကုန်တက်ခဲ့တာ။ အဆင်ပြေသလို သားတွေကို ကျောင်းထားနိုင် အိမ်နဲ့ခြံဝိုင်း တောင်ဝယ်နိုင်တဲ့ အထိပဲ။ နောက်ပိုင်းကျတော့ စက်ပစ္စည်းတွေက ပေါ်လာတော့ လက်နဲ့လုပ်တဲ့သူထက် စက်သမားကိုပိုအပ်လာကြသလို ကိုဗစ်ဖြစ်တော့ လုပ်ငန်းတွေက ပိုပါးသွားတယ်။ အခု အာဏာလည်းသိမ်းရော အလုပ်ပါ ရပ်လိုက်ရတယ်”ဟု သူက ညည်းညူစွာ ပြောပြပါတယ်။
မြန်မာ့ရိုးရာ ပန်းဆယ်မျိုးထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ ပန်းပဲလုပ်ငန်းဟာ နည်းပညာရဲ့ တိုးတက်မှုကို မလိုက်နိုင်တဲ့ တစ်နိုင်တစ်ပိုင် ပန်းပဲဖိုတွေ ပိတ်လာရတဲ့ အချိန်မှာပဲကပ်ရောဂါရဲ့ ရိုက်ခတ်မှု၊ အာဏာသိမ်းလိုက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ရိုးရာလုပ်ငန်းတွေ ပျောက်ကွယ်ကုန်မှာ စိုးရတဲ့ အနေအထားရှိနေတယ်လို့ ဒေါ်မြရင်က ပြောပါတယ်။
ဒေါ်မြရင်တို့ မိသားစုက ရန်ကုန်မြို့စွန်ရပ်ကွက်တစ်ခုတွင် နေထိုင်ကာ တစ်နိုင်တစ်ပိုင် ပန်းပဲဖိုလေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေရာကနေ အခုအာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပန်းပဲဖိုလည်းပိတ်ကာ သားနှစ်ယောက်ရဲ့ စက်ရုံကရတဲ့ လုပ်အားခကိုသာ အမှီပြု စားသောက်နေတာပါ။
ပန်းပဲလုပ်ငန်းဆိုတာက မြန်မာ့သမိုင်းတစ်လျှောက်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်သလို မြန်မာဘုရင်တွေ စစ်သူကြီး တွေ စစ်သားတွေ ကိုင်တဲ့ ဓါး၊ လှံ၊ တူးမီးသေနတ်၊ လက်နက် အစရှိတဲ့ လက်နက်တွေ ထုတ်သလို ကတ်ကြေး၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူ၊ သံဇဉ်း၊ သံတူရွင်းစတဲ့လုပ်ငန်းတွေ အထိ ထုတ်လုပ်ပေးရတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။
အိမ်တွင်း နေ့စဉ် သုံးဓားတွေနဲ့ အတူ လုပ်ငန်းခွင်သုံးဓားက စပြီး စစ်သုံး၊ ကာကွယ်ရေးသုံးဓားတွေ အထိ ပန်းပဲသမားတွေက ထုတ်ပေးရတာ ဖြစ်ပြီး မြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင်လည်း လက်ရာကောင်းထင်ရှား ကျော်ကြားတဲ့ ပန်းပဲဖိုကြီးတွေ အထိရှိခဲ့တာပါ။
ထုတ်လုပ်ရာ နယ်မြေဒေသအမည်နှင့်တွဲပြီး ထင်ပေါ်တဲ့ ဓားတွေ၊ လူမျိုးအလိုက် ထုတ်လုပ် စွဲကိုင်တဲ့ ဓားတွေ၊ ပုံသဏ္ဌာန် အလိုက် အမည်ပေးထားတဲ့ ဓား အမျိုးမျိုးရှိသလို ထုတ်လုပ်ရာဒေသအလိုက် နာမည်ကြီးခဲ့တဲ့ ဓားတွေကတော့ ရပ်သုံးရွာသုံး မျှသာမကဘဲ အခြားမြို့ ရွာဒေသများသို့ပါ တင်ပို့ရောင်းချရတာကြောင့် ပန်းပဲ လုပ်ငန်းပမာဏကလည်း မသေးလှပါ။
ယောက္ခဖြစ်သူဆီမှ ပန်းပဲပညာကို အမွေဆက်ခံသူ ဒေါ်ကြည်ရဲ့အမျိုးသား ဦးအောင်က “အခုကတော့ ရောဂါကြောင့်ရော နိုင်ငံရေး အခြေအနေ ကြောင့်ရော ကုန်ကြမ်းကလည်း တင်မရသလို ကုန်ချောလည်း ထုတ်မရ တော့ ဒီလုပ်ငန်းတွေက ရပ်ထား ရတာ။ အဲ့ဒီတော့ စားဝတ်နေရေးတော့ အခက်အခဲဖြစ်တာပေါ့။ ပန်းဖိုကို မှီခိုနေတဲ့ အလုပ်သမားတွေပါ ဒုက္ခရောက် ကုန်တာ”လို့ ပြောပြပါတယ်။
အရင်က ကျပ် ၄၀၀၀ လောက်တစ်နေ့လုပ်အားခ ရရင် အခု ကျပ် ၂၀၀၀ လောက်တောင် နပ်မမှန်တော့ စားဝတ်နေရေးက အဆင်မပြေတော့ဘူးဟု သူက ဆိုပါတယ်။
ဦးအောင်ဟာ ယောက္ခမနဲ့ယောက်ဖဖြစ်သူထံမှ ပန်းပဲ ပညာကို စည်းပူးတတ်မြောက်ခဲ့တာဖြစ်ပြီး သူ့ဇနီးဖြစ်သူ ဒေါ်ကြည် ကလည်း ပန်းပဲပညာကို တတ်မြောက်တာကြောင့် လင်မယားနှစ်ယောက်ပန်းပဲလုပ်ငန်းနဲ့ အခုအသက် ၆၀ ကျော်အထိ အသက်မွေးဝမ်း ကျောင်းပြုနေတာပါ။
“ကလေးတွေ ငယ်ငယ်ကဆို ဓားတစ်ချောင်းလာအပ်ပြီဆိုရင် ကျွန်မက ဖိုထိုးတာတွေဘာတွေက အစ အမျိုးသားကို ဝိုင်းကူ လုပ်ရတာ။ ဒီလုပ်ငန်းနဲ့ ပဲ စားဖို့၊ ဝတ်ဖို့၊ ကလေးတွေ ကျောင်းထားဖို့ ရှာခဲ့တာ။ အခုတော့ မိဘအမွေဖြစ်တဲ့ လုပ်ငန်းကို သားမီးတွေ တောင်လက်ဆင့် ကမ်းဖို့တောင် ခက်နေတယ်”လို့ စိတ်မကောင်းစွာ ဒေါ်ကြည်က ပြောပြပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပန်းပဲလုပ်ငန်းက သံထည်ပစ္စည်းတွေ ထုတ်လုပ်ရတာဖြစ်တာကြောင့် သားတွေအပေါ်မှာ မိခင် တစ်ယောက်ရဲ့ စိုးရိမ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
“ကိုယ်က ရိုးရိုးသားသား မိဘလုပ်ငန်းကို အမွေဆက်ခံပေးချင်ပေမယ့် အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့အခါ ဒီပညာတွေကို ပေးဖို့ တော်တော်စဉ်းစားရတယ်”လို့ ဒေါ်ကြည်က ဆိုပါတယ်။
ပန်းပဲဖိုတွေက အိမ်သုံးဓားမှ စစ်သုံးဓားလှံအထိ လက်နက်အမျိုးမျိုးကို သာမက လုပ်ငန်းခွင်သုံး ပစ္စည်းများကို ထုတ်လုပ် ပေး ခြင်း၊ သစ်ခုတ်ဝါးခုတ်ရန် ဓားမကြီးငယ် များ၊ ပဲကွပ်၊ ပုဆိန်၊ တူးရွင်းလုံး၊ တူးရွင်းပြား တို့ ထုတ်ပေးခြင်း၊ တူမီးသေနတ်များ အထိ လက်ရာကောင်းရင် ကောင်းသလို ထုတ်လုပ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီပန်းပဲပညာရပ်ကိုသာ တက်မြောက်ထားရင် ဒီလုပ်ငန်းက ဓား၊ လှံ၊ တူးရွင်း၊ ပဲကွပ်၊ ပုဆိန်၊ တံစဉ်းစတဲ့ လက်နက်ကိရိယာ တွေ ပြုလုပ်နိုင်တာကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးဝင်သလို သစ်ဝါးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ ကျောက်မျက်နဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်နိုင်တာကြောင့် စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းပေးနိုင်တဲ့ သမားရိုးကျ လက်မှုလုပ်ငန်း တစ်ခုလည်း ဖြစ်တာပါ။
ဒါကြောင့်လည်း ပန်းပဲဆရာတွေက ဒီပညာကို သင်ယူတက်မြှောက်ချင်တဲ့ တပည့်တွေကို လက်ဆင့်ကမ်းသလို မိသားစုထဲက နေလည်းလက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် မြန်မာဘုရင့်များ လက်ထက်ထဲက လက်ဆင့်ကမ်း သင်းကြား ပေးခဲ့တာ အခုထိတိုင်အောင်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရောဂါဘေးကပ်၊ စစ်မက်ဘေးကပ် အဲ့ဒီရဲ့ နောက်ဆက်တွဲက စီးပွားပျက် ကပ်တွေ အခု အငတ်ဘေးကပ်တွေပါ ဆက်တိုက်လာနေပြီပဲ ဖြစ်ပါတယ်။
ဒီအခြေအနေတွေက အလုပ်ရှင်၊ စီးပွားရေးသမားတွေသာမက တစ်နိုင်တစ်ပိုင် အသေးစား လုပ်ငန်းတွေ အိမ်တွင်း စီးပွားရေး လုပ်ငန်းတွေ သူတို့ကိုမှီခိုနေတဲ့ အလုပ်သမား၊ လယ်သမား၊ သာမာန် အခြေခံလူတန်းစားတွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှု တွေကို ခံစားနေကြပြီပဲ ဖြစ်ပါတယ်။
“အခုက စီးပွားရေးက ပျက်နေတော့ အောက်ဆီဂျင်မပြောနဲ့ နှာခေါင်းစည်း(Mask) တောင်အနိုင်နိုင် ဝယ်နေရတဲ့ ဘဝမှာ ကိုဗစ်သာထပ်ဖြစ်ရင် သေဖို့ပဲရှိတော့တယ်”လို့ ဒေါ်မြရင်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအနေနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ကမ္ဘာ့နိုင်ငံများနည်းတူခံစားနေရသည်မှာ နှစ်ကျော်အထိ ကြာမြင့်နေပြီး လက်ရှိမှာလည်း စစ်မက်ဘေးကို ထပ်မံခံစားနေရတာကြောင့် အများစုက စီးပွားရေးထိခိုက်ကာ စားဝတ်နေ ရေးအတွက် အရင်ထက် ပင်ပန်းစွာ ရှာဖွေနေရတာပါ။
ဒီအခြေအနေတွေကို တိုက်ရိုက်ခံစားနေရတာတော့ အခြေခံလူတန်းစားတွေ၊ အလုပ်သမား၊ လုပ်သမားတွေ၊ လက်မှု ပညာသည်တွေ တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေက ပိုပြီး အထိနာကြတာ ဖြစ်သလို မြို့ပြနဲ့ အလှမ်းဝေးတဲ့ ဒေါ်ဒေါင်းရင်တို့လို ကျေးလက်နေ ပြည်သူတွေအတွက် ထိခိုက်မှုပို၍ ပြင်းထန်ပါတယ်။
ဒေါ်ဒေါင်းရင်တို့ ရွာလေးကတော့ အလုပ်လက်မဲ့ လူဦးရေးတိုးပြီး အလုပ်ရှားပါးတဲ့ ဒေသဖြစ်သလို လက်ရှိမှာလည်း Lockdown တွေကြောင့် မြို့ပေါ်တက် အလုပ် လုပ်မရဘဲ ရွာကို လာလှူတဲ့ အလှူရှင်တွေကိုသာ စောင့်မျှော်နေရဆဲ ဖြစ်ပါတယ်။
“ဒါကြောင့် အမြန်ဆုံးတိုင်းပြည်ကို တည်ငြိမ်စေချင်ပြီး ကပ်ဆိုးကြီးကလည်း ကျော်ဖြတ်ချင်လှပါဘီ။ အရင်လို အိပ်ရေးဝတဲ့ ညတွေကို တန်းတမိတယ်”လို့ ဒေါ်မြရင်က ရေရွတ်လို့နေပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021