Home ဆောင်းပါး ဘယ်သူ့ကို ကာကွယ်ကြမလဲ..

ဘယ်သူ့ကို ကာကွယ်ကြမလဲ..

နန်းဆိုင်နွမ်။          ။

သမီးလေးရဲ့လိင်အင်္ဂါတဝိုက်တွင် ယောင်ရမ်းကာ သွေးများလည်းထွက်နေပြီး၊ အရွယ်နဲ့မလိုက် နာကျင်ခံစားကာ အော်ငိုနေတာကို အမေ တယောက်အနေနဲ့ ပြောမပြတတ်အောင် ခံစားရကြောင်း ဒေါ်ထွေးရီက ဆိုပါတယ်။

“သမီးလေး ဗိုက်အောင့်တယ်ဆိုပြီး အော်ငိုရင် ကျမ အရမ်းခံပြင်းတယ်..” လို့လည်း မျက်ရည်ကျရင်း ပြောပြပါတယ်။

ဒေါ်ထွေးရီရဲ့သမီးငယ်လေး အသက် (၄)နှစ်အရွယ် ဝေေ၀ (အမည်လွှဲ) ဟာ ဘုန်းကြီးကျောင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ သူတို့မိသားစုဟာ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ စိန်တုံးကျောင်းတိုက်ဝန်းထဲမှာ ခေတ္တသွားရောက်မှီခိုနေထိုင်ခဲ့ချိန်က ဖြစ်ပွားခဲ့ခြင်းပါ။

“ကျမတို့နေစရာအဆင်မပြေလို့ ဘုန်းကြီးကျောင်းမှာ သွားနေကြတာ။ သမီးကြီး စာမေးပွဲကြီးပြီးရင်တော့ ရွာပြန်မယ် လုပ်ထားပြီးပြီ”

ဘုန်းကြီးကျောင်းတွင် (၁)လကျော်နေထိုင်လာပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ သမီးငယ်လေးကို ဘကြီးဘုန်းကြီးက သက်ငယ်မုဒိမ်းမှု ကျူး လွန်ခဲ့တာဖြစ်တယ်လို့ ဒေါ်ထွေးရီက ပြောပါတယ်။

“အခု ကလေးကို မုဒိန်းကျင့်တဲ့ဦးဇင်းက ကလေးအဖေရဲ့အသိပါ”

“သမီးလေးကို စစချင်းမေးတုန်းက ကြောက်နေတယ်။ နောက်ဆုံးတော့ ဘကြီးလုပ်တာဆိုတာ သမီးလေး ပြောပြလာတယ်”

“သမီးကို လုပ်တဲ့အချိန်မှာ ဘာလို့မအော်တာလဲလို့ မေးကြည့်တော့။ ဘကြီးဘုန်းကြီးက သမီးပါးစပ်ကို တိတ်နဲ့ကပ်ထားတယ်လို့ သမီးက ပြောပြပါတယ်”

ဒေါ်ထွေးရီအနေနဲ့ သူမရဲ့သမီးငယ်ကို ဘုန်းကြီးက မုဒိမ်းကျင့်လိုက်တယ်လို့ သိလိုက်တဲ့အခါမှာ မယုံတဝက် ယုံတဝက်ဖြစ်နေပြီး၊ ဘယ်သူ့ကို သွားရောက်တိုင်ကြားရမယ်ဆိုတာကိုလည်း မသိတဲ့အတွက် အတော်စိတ်ပင်ပန်းခဲ့ရပါတယ်။ ပညာမတတ်၊ ငွေကြေးမပြည့်စုံတဲ့အပြင် ကိုယ်တိုင်ကြားရမဲ့သူက ဘုန်းကြီးဖြစ်နေတဲ့အတွက်လည်း စိုးရိမ်စိတ်တွေ အများကြီးဖြစ်ခဲ့ရတယ်လို့ ဒေါ်ထွေးရီက သူမရဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ဆေးရုံကိုသွားပြီး ဆေးစစ်ရာမှာလည်း အခက်အခဲများစွာရှိခဲ့ကြောင်း၊ ရဲစခန်းသွားတိုင်ကြားရာမှာလည်း တာဝန်ရှိသူများက မြန်မြန်ဆန် ဆန်ဆောင်ရွက်ပေးမှုမရှိကြောင်း၊ တရားရုံးတွင် ရင်ဆိုင်ရာမှာလည်း ရှေ့နေခေါ်ရန် အဆင်မပြေကြောင်း၊ အစောပိုင်းကာလ အဆင်မပြေ မှုများကို ဒေါ်ထွေးရီက ပြောပြပါတယ်။

“သမီးလေးက ဆီးအိမ်ယောင်လို့ ဆေးရုံ(၂)ခါ တက်ခဲ့ရတယ်။ ကလေးအတွက် ဆေးကုသဖို့လည်း တဖက်ကရုန်းကန်ရတယ်။ တဖက်က လည်း အမှုအတွက် အခက်အခဲတွေ အများကြီး ကြုံရတယ်။ ငွေမရှိတော့ တရားရုံးသွားတာတောင် ရှေ့နေမငှားနိုင်ခဲ့ဘူး။ ကျမအဝတ် လည်းလျှော်တယ်။ စက်လည်းချုပ်တယ်။ သမီးလေးအတွက် အမှုမှန်ပေါ်ဖို့တခုပဲ ကျမစိတ်ထဲမှာရှိတယ်” လို့ ဒေါ်ထွေးရီက ပြောပါတယ်။

ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ဘုန်းကြီးဟာ ငွေကြေးချမ်းသာတဲ့အသိုင်းအဝန်း၊ ငွေကြေးချမ်းသာတဲ့ဒကာ၊ ဒကာမများ ပံ့ပိုးမှုရှိသူဖြစ်လို့ အမှုပိတ်ပေးပါက ကလေးငယ်ရဲ့ဆေးကုသစရိတ်အားလုံးကို အကုန်အကျခံပေးပြီး လိုအပ်တဲ့ငွေကြေးအထောက်အပံ့လည်းပေးမယ်လို့ အကြိမ်ကြိမ်လာရောက်ညှိနှိုင်းမှု ပြုခဲ့ကြောင်း ဒေါ်ထွေးရီက ဆိုပါတယ်။

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ် စိန်တုံးကျောင်းတိုက်မှ အသက် (၄၆)နှစ်အရွယ် ဝါတော် (၂၆)ဝါရှိ ဘုန်းကြီး ဦးပညာဒီပ(ခ) ဦးကျော် ဝင်းကို တိုင်းတရားရုံးက ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

“ကျမသမီးရဲ့ဘဝနဲ့ ဂုဏ်သိက္ခာကို ဘာနဲ့မှမလဲနိုင်ဘူး။ တရားဥပဒေအတိုင်း လုပ်မယ်။ တိုက်တလုံး၊ ကားတစီး၊ ချမ်းသာအောင် လုပ်ပေး မယ်ဆိုရင်တောင် ကျမ မယူဘူး။ ကျမ အမှန်တရားပဲ လိုချင်တယ်။ သောက်ဖို့ရေဖိုးမရှိတာတောင် ကျမသမီးလေး အမှုမှန်ပေါ်ဖို့ ရုံးချိန်း မပျက်မကွက်ရောက်အောင်သွားပါတယ်” လို့ ဒေါ်ထွေးရီ က အမှုစတင်လိုက်တဲ့အချိန်မှာ ဖြတ်သန်းခဲ့ရတာတွေကို ပြောပြတယ်။

လက်ရှိအမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအဆင့်ထိ သမီးလေးဝေေ၀ အမှုနိုင်ခဲ့ပေမယ့်  တရားခံဘုန်းကြီးဖက်က နေပြည်တော်အဆင့်ထိ အယူခံလျှောက်ထားတဲ့အတွက် အမှုပြီးမြောက်ခြင်း မရှိသေးပါ။

“ အမှုကတော့ ကျမတို့ တိုင်းအဆင့်ထိ နိုင်ပြီးပြီ။ အခုတရားခံဖက်က နစ်နာတယ်ဆိုပြီး နေပြည်တော်ကို စာတင်ထားတယ်။ ကျမလည်း သူ တို့ဘာဆက်ပြီးလုပ်မလဲဆိုတာ စောင့်ကြည့်နေရတယ်။ အခုနောက်ပိုင်းတော့ အခမဲ့ရှေ့နေအဖွဲ့က လိုက်ပြီးကူညီပေးနေပါတယ်” လို့ ဒေါ် ထွေးရီက ဆက်လက်ပြောပြတယ်။

အရွယ်မရောက်သေးတဲ့သူတွေအပေါ်ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုဟာ တနှစ်ထက်တနှစ် ပိုများလာပြီး သက်ငယ်မုဒိမ်းပြုကျင့်သူ တရားခံ များထဲမှာ ဘာသာရေးပုဂ္ဂိုလ်များ ပါဝင်နေတာတွေ့လာရတယ်လို့ သက်ငယ်မုဒိမ်းမှုများကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း များက ပြောကြပါတယ်။

၂၀၁၆ စက်တင်ဘာလအတွင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု ညောင်အိုင်ကြီးရွာ ညောင် အိုင်စိတ္တသုခကျောင်းထိုင်ဘုန်းကြီးဟာ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့ပြီး တရားလိုဖက်မှ ဇလွန်မြို့ ရဲစခန်းမှာ မုဒိန်းမှု ပုဒ်မ(၃၇၆)နဲ့ အမှုဖွင့် ထားပါတယ်။

၂၀၁၆ ခုနှစ်မှာ မြန်မာတနိုင်ငံလုံး မုဒိမ်းမှုပေါင်း (၁၁၀၀)ကျော်ဖြစ်ပွားပြီး အရွယ်ရောက်ပြီးသူ မုဒိမ်းကျင့်ခံရမှု (၄၉၂) မှုနဲ့ သက်ငယ်မုဒိမ်းမှု (၆၇၁)မှုရှိကြောင်း မြန်မာနိုင်ငံ၊ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဘာသာရေးပုဂ္ဂိုလ်များနဲ့ပါတ်သက်တဲ့ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုတွေကို မိမိတို့ကိုးကွယ်ကြတဲ့ ဘာသာရေးအပေါ် ထိခိုက်ပြီး အသရေ ညှိုး နွမ်းမှာ စိုးရိမ်လို့ ဖုံးကွယ်မှုတွေ ပြုလုပ်ကြကြောင်း၊ အကာအကွယ်ပေးလေ့ရှိကြကြောင်း သက်ငယ်မုဒိမ်းမှု လိုက်လံကူညီပေးနေတဲ့ အမျိုး သမီးအဖွဲ့အစည်းများက ဆိုကြပါတယ်။

“ ခရစ်ယာန်ဘုန်းကြီးပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဘုန်းကြီးပဲဖြစ်ဖြစ် ကိုယ့်ဘာသာအသရေညှိုးနွမ်းမှာ စိုးရိမ်ပြီးတော့ တာဝန်ရှိသူတွေကိုယ်တိုင် ဖုံးကွယ်ကြတာ။ တကယ်တော့ ဘာသာရေးက ဒါတွေကို အားပေးတာ မဟုတ်ဘူးဆိုတာကို မတွေးမိကြဘူး။ ဘာသာရေးဆိုတာ လိုက် ကာကွယ်ပေး နေစရာလည်း မလိုဘူး။ သူဖာသာသူ ရှင်သန်နေရမယ်”  ဟု သက်ငယ်မုဒိမ်းမှုများကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ အခ ရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားက ပြောပါတယ်။

တချို့ဘာသာရေးနဲ့ပတ်သက်တဲ့ မုဒိမ်းမှုတွေကို လာရောက်တိုင်ကြားရာမှာလည်း ဘာသာရေးအဖွဲ့အစည်းများက အနှောက်အယှက်ပေးခြင်း များ လိုက်လံပြုလုပ်ကြတယ်လို့ ဒေါ်ထားထားက ပြောပြပါတယ်။

“ လက်ရှိမှာ ကျမတို့အဖွဲ့က လိုက်ကူညီပေးနေတဲ့ ဘုန်းကြီးသက်ငယ်မုဒိမ်း ကျူးလွန်တဲ့အမှု (၂)မှုရှိပါတယ်။ အဲဒီ(၂)မှုက တော်တော်လေး လိုက်လုပ်ပေးရတယ်။ DNA စစ်ရတဲ့အဆင့်ထိ လုပ်ရတယ်။ အမှန်ဆိုရင် DNA စစ်ရတဲ့ အဆင့်အထိ မလိုဘူး။ စစ်ရတဲ့အဆင့်ရောက်အောင် လုပ်ကြတယ်”

Related Articles