Home ဆောင်းပါး အမျိုးသမီးပါဝင်မှု နောက်ပြန်လှည့်သွားသည့် ကရင့်အမျိုးသားနိုင်ငံရေး

အမျိုးသမီးပါဝင်မှု နောက်ပြန်လှည့်သွားသည့် ကရင့်အမျိုးသားနိုင်ငံရေး

မလိခ။        ။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ရဲ့ နောင်လာမယ့် (၄)နှစ်အတွင်းမှာ ဦးဆောင်မယ့် ခေါင်းဆောင်သစ်စာရင်း ထွက်ပေါ်လာတဲ့အခါ ကေအဲန်ယူရဲ့ (၁၆) ကြိမ်မြောက်ညီလာခံကို စောင့် ကြည့်နေကြသူအများအပြား တအံ့တသြဖြစ်ခဲ့ကြရပါတယ်။

ယခင်က ကြီး(၅)ကြီးလို့ခေါ်တဲ့ ထိပ်တန်းခေါင်းဆောင် (၅)ဦးမှာပါခဲ့တဲ့အထဲက (၃)ဦးဟာ ထိပ် ပိုင်းခေါင်းဆောင်နေရာတွေမှာသာမကပဲ ဗဟိုကော်မတီ(၅၅)ဦး စာရင်းမှာတောင် မပါပဲဖြစ်သွား ခဲ့ပါတယ်။ ဒါဟာ ကေအဲန်ယူအတွင်း  အုပ်စုနှစ်စုအားပြိုင်မှုရဲ့ ရလာဒ်တွေဖြစ်တယ်လို့ လူအများက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ (၁၅)ကြိမ်မြောက် ညီလာခံမှာကတည်းက ကေအဲန်ယူခေါင်းဆောင်ပိုင်းမှာ ဥက္ကဌ ဗိုလ်ချုပ် ကြီးမူတူးစေးဖိုး ပါဝင်တဲ့အုပ်စုနဲ့ ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်အုပ်စုဆိုပြီး အုပ်စုနှစ်စုအားပြိုင်မှုတွေ ရှိနေတယ်လို့ အများက မြင်ခဲ့ကြတာပါ။

ဒီလို အုပ်စုအားပြိုင်မှုတွေက ကေအဲန်ယူအတွင်း အမျိုးသမီးတွေ ဦးဆောင်မှုနေရာ ပါဝင်မှုကို လည်း စတေးရသလို ဖြစ်ခဲ့တယ်ဆိုတာ ဖြစ်စဉ်တွေက ဖော်ပြနေပါတယ်။

ဒါဟာ အမျိုးသမီးတွေအတွက်တော့ ဆုံးရှုံးမှုတခုဖြစ်ပါတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့ အထွေထွေအတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။

“တကယ့်အတွေ့အကြုံတွေရှိတဲ့ နော်စီဖိုးရာစိန်လို ခေါင်းဆောင်မျိုး မပါလာတာက နှမျောစရာ ပေါ့နော်။ ကျမတို့ အမျိုးသမီးတွေအတွက် ရှုံးတယ်။ သူက အနှစ်(၄၀)ကျော်တောင် လုပ်လာတဲ့သူ၊ သူမပါလာတာတော့ စိတ်မကောင်းဘူး။ အခုတော့ အမျိုးသမီး(၅)ဦးတော့ပါလာတယ်။ တစ် ယောက်ကတော့ အသက်ငယ်ပြီး အတွေ့အကြုံ မရှိသေးဘူး”

ကေအဲန်ယူ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဆင့်ဆင့်ခေါင်းဆောင်မှုတွေမှာ အမျိုးသမီးတွေ အနည်း ဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရမယ်လို့ မူအရချမှတ်ထားပါတယ်။ ဒါပေမယ့် ဒါဟာလက်တွေ့မှာ ဖြစ် မလာခဲ့ပါ ဘူး။

အရင်(၁၅)ကြိမ်မြောက် ညီလာခံသက်တမ်းအတွင်းမှာ ဗဟိုကော်မတီဝင် (၄၅)ဦးရှိခဲ့သည့် အနက် အမျိုးသမီး (၄) ဦးသာ ပါဝင်ခဲ့ပါတယ်။

Photo: KIC

အခု ကျင်းပပြီးသွားတဲ့ (၁၆) ကြိမ်မြောက် ညီလာခံမှာတော့ ဗဟိုကော်မတီဝင် (၅၅) ဦးထားရှိဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အမျိုးသမီးပါဝင်မှုကိုတော့ အနည်းဆုံး (၃) ဦးလို့သာ သတ်မှတ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံမှာ မူအရ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရန် သဘောတူညီပြီးနောက် အမျိုးသမီး (၇)ဦး အထိ မဖြစ်မနေထည့်သွင်းရန် အမျိုးသမီးတွေရဲ့ တောင်းဆိုချက်ကို မဲခွဲဆုံးဖြတ်ခဲ့တယ်လို့ နော်က ညောဖောက ပြောပါတယ်။

“အမှန်ဆိုရင် ဗဟိုအမြဲတမ်းကော်မတီ အရေအတွက်က တိုးလာတာမို့ ကျမတို့ အမျိုးသမီး ပါဝင်ဖို့ ပိုပြီးများလာရမယ်လေ။ ဒါကြောင့် အမျိုးသမီးက (၁၂)ယောက်အနည်းဆုံးပါရမယ်။ ဒါပေမဲ့ အ နည်းဆုံး (၇)ယောက်တော့ ပါဝင်ရမယ်ဆိုပြီး ကျမတို့ကတင်ပြတာ မရဘူးလေ။ နောက်ဆုံး မဲခွဲ တော့ အရင်အတိုင်းပဲ (၃) ဦးပဲဖြစ်သွားတယ်”

ဒီညီလာခံမှာ အုပ်စုအားပြိုင်မှုတွေရှိခဲ့ပြီး ပြည်ပရောက် ကရင်အမျိုးသားတွေကိုလည်း ကိုယ်စား လှယ်မဟုတ်ပဲ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ပြုခဲ့တယ်လို့ နော်ဘလူးမင်းနိုက်ဇန်က ပြော ပါတယ်။

“အမှန်က ဖွဲ့စည်းပုံထဲမှာ အဖွဲ့ဝင်တိုင်းဟာ သုံးသပ်ဝေဖန်အကြံပြုနိုင်တယ်ပေါ့။ ဒါပေမဲ့ အဲဒီမှာ မမှန်ဘူးဆိုရင် ခေါင်းဆောင်လုပ်တဲ့လူတွေအနေနဲ့က ပြန်ပြီးတော့ ရှင်းလင်းချက်ရှိရတာပေါ့နော်။ အခုက ရှင်းလင်းချက် မရှိတဲ့အခါကျတော့ အပြစ်လိုမျိုး နှစ်ဖက်စလုံး ဖြစ်သွားတယ်ပေါ့နော်။ ဒါ ပေမဲ့ နားလည်နိုင်အောင်တော့ အချင်းချင်းစိတ်ဝမ်းကွဲတာတော့ မဟုတ်ဘူး။ စိတ်မကောင်းကြ တာတော့ တကယ်ဖြစ်သွားတာပေ့ါ”

ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ မန်းငြိမ်းမောင်ကတော့ အမျိုး သမီးတွေအနေနဲ့ (၃၀)ရာနှုန်းပါဝင်ဖို့ အများကြီး ကြိုးစားဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။

“အမျိုးသမီးတွေက (၃၀) ရာခိုင်နှုန်းတောင်းဆိုတယ်။ (၃၀)ရာခိုင်နှုန်း ပြည့်မီဖို့ဆိုတာ အများကြီး သူတို့ဘက်က ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဲဒါကို မကြည့်ပါဘူး။ အရေးကြီးတာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဘာညာဆိုပြီးတော့ ကျနော်တို့က နောက်ဆုံးကျတော့ သူတို့ကို (၃၀)ရာခိုင်နှုန်းပြည့်မီအောင် တဖြည်းဖြည်း ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကွန်ကရက် ကနေ အကြံပြုပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်တွေရဲ့ မဲပေးရွေးချယ်မှုမှာ (၅) ဦးပါလာပါတယ်”

တဖက်မှာလည်း (၁၆)ကြိမ်မြောက် ညီလာခံမှာ ရွေးချယ်တင်မြှောက်မှုဟာ တရားမျှတမှုရှိတယ် လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

Photo: KIC

“အဲဒီလို အမြင်မရှင်းတာတွေ မဖြစ်အောင်လို့ ကျနော်တို့ ကြိုတင်ပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ် အောင် လုပ်ခဲ့ပါတယ်”

(၁၆) ကြိမ်မြောက် ညီလာခံတက်ကြတဲ့ ကိုယ်စားလှယ် (၂၁၈)ဦးမှာ အမျိုးသမီး ကိုယ်စားလှယ် (၂၃) ဦးပါဝင်ပြီး ပြည်တွင်းပြည်ပ ကရင်အမျိုးသား (၁၀၀) ကျော် လေ့လာသူတွေအဖြစ် တက် ရောက်ခဲ့ပါတယ်။

အမျိုးသမီးတွေ ပါဝင်မှု လျော့နည်းရတာဟာ မဲခွဲဆုံးဖြတ်မှုအပေါ် မူတည်သလို တက်ရောက်လာ သည့် ကိုယ်စားလှယ်အများစုက အမျိုးသားတွေ ဖြစ်နေတာရယ်၊ အမျိုးသားတွေက အမျိုးသမီး တွေအပေါ်ထားတဲ့ သဘောထားအပေါ် သက်ရောက်မှုတွေ ရှိတယ်လို့ နော်ဘလူးမင်းနိုက်ဇန်က ပြောပါတယ်။

“အမျိုးသမီးပါဝင်မှု လျော့သွားရတာက မဲပေးတဲ့အပေါ်မှာ မူတည်တယ်။ ကွန်ကရက်ထဲမှာ မဲပေး တဲ့လူ (၂၁၈)ယောက်ထဲမှာ အမျိုးသမီးက (၂၃)ယောက်ဘဲဆိုတော့ (၂၀၀)နီးနီးက အမျိုးသား တွေဘဲဖြစ်တဲ့အတွက် အမျိုးသားတွေက အမျိုးသမီးတွေအပေါ်မှာ ဘယ်လိုမြင်သလဲ၊ ဘယ်လို သဘောထားသလဲ၊ ဘယ်လိုဆုံးဖြတ်သလဲဆိုတာ သူတို့ရဲ့စိတ်ထဲမှာ ခံယူတဲ့အတိုင်း မဲပေးတဲ့ အပေါ်မှာ ပေါ်လာတာပဲ”

ထိုင်းနယ်စပ်မှာ နှစ်ပေါင်းများစွာရှိနေတဲ့ ကရင်အမျိုးသမီးခေါင်းဆောင်တချို့ဟာ မိမိတို့ရဲ့ အတွေ့ အကြုံတွေအပေါ် ယုံကြည်မှုတွေအပြည့်ရှိပေမဲ့ အမျိုးသားတွေရဲ့ ယုံကြည်လက်ခံနိုင်မှုကတော့ အားနည်းသေးတဲ့အတွက် အခုလို အမျိုးသမီးပါဝင်မှု တက်မလာတာဖြစ်တယ်လို့ နော်ဘလူး မင်းနိုက်ဇန်က ပြောပါတယ်။

“ပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးဆန်သွားလိမ့်မယ်။ ကျမတို့နားလည်တာက တက်တက်ကြွကြွနဲ့ အင် တိုက်အားတိုက် ဆွေးနွေးအကြံပြုပြီး စကားများများပြောတဲ့ အမျိုးသမီးတွေကျတော့ ချန်ထားခြင်း ခံရတယ်ပေါ့။ စကားပြောနည်းပြီး ဟုတ်ကဲ့၊ မှန်ပါတယ်ပြောတဲ့သူတွေကတော့ လူကြိုက်များတာ ပေါ့နော်။ အဲဒါနဲ့ အမြင်တော့ နည်းနည်းစောင်းသွားတယ်လို့ ကျမမြင်ပါတယ်”

ကွန်ကရက်မှာ အမျိုးသမီးတွေကို ပြည့်ပြည့်ဝထောက်ခံတဲ့ အမျိုးသားတွေရှိပေမဲ့လည်း အမျိုးသမီး တွေအပေါ်မှာ အထင်သေးတဲ့ အမျိုးသားတွေ အများကြီးရှိနေသေးတဲ့အတွက် နောက်ပိုင်း အမျိုး သမီးတွေလုပ်တဲ့ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ တွေ့ဆုံပွဲတွေမှာ အမျိုးသမီးတွေချည်းသာ မဟုတ်ဘဲ အမျိုးသားတွေကို ပါဝင်ဆွေးနွေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ နော်ဘလူးမင်းနိုက် ဇန်က ပြောပါတယ်။

 

 

Related Articles