နန်းကြည်ဖြူ။ ။
သနပ်ဖက်လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းပြုတဲ့ လုပ်ငန်းအဖြစ် သတ်မှတ်ကြပြီး ဘိုးဘွားအစဉ်အဆက်က တည်းက ယခုထိ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။
ထိုလုပ်ငန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပအိုဝ်းတောင်သူများသာမက တောင်ကြီးမြို့နယ်နဲ့ မြို့စွန် မှာရှိတဲ့ ကျေးရွာတွေမှာလည်း သနပ်ဖက်လုပ်ငန်းကို ယနေ့ထိ လုပ်ကိုင်နေကြပါတယ်။
ဒီလို သနပ်ဖက်ပင်တွေကို အိမ်တစ်အိမ်မှာ အများဆုံး တစ်ဧက ကျော်ထိ စိုက်ပျိုးကြလေ့ ရှိကြပါတယ် ။ တချို့ ဆိုရင် မိမိလုပ်နိုင်တဲ့ ပမာဏ စိုက်ပျိုးကြပါတယ်။ သနပ်ဖက်ပင်မှာ နှစ်ရှည်ပင် ဖြစ်တာကြောင့် တစ်ခါပဲ စိုက်ပျိုး ရပါတယ်။
သနပ်ဖက်ကို တစ်ခါပဲ စိုက်ရတယ်ဆိုပေမယ့်လည်း ဒီတိုင်းပစ်ထားလို့ မရပါဘူး ။ အပင်တွေကြားထဲကိုတော့ ရှင်းနေအောင် အမြဲလုပ်ရပြီး အရွက်လှအောင် တစ်ပတ်တစ်ခါ ဆေးတွေ ဖြန်းပေးရပါတယ်။
သနပ်ဖက်စိုက်ပျိုးရေး လုပ်ငန်းဟာ နွေ၊ မိုး၊ဆောင်း သုံးရာသီစလုံး မနားရပါဘူး။ ဆောင်းဆိုရင် သနပ်ဖက်ခြံ ကို ပေါက်ပြားနဲ့ မြေတွေကို ပြန်ဆွပေးရပြီး လှော်တဲ့နေရာမှာ သုံးဖို့ ထင်းတွေကို ကြိုရှာထားရပါတယ်။ နွေ ရာသီမှာဆိုရင် ကိုင်းသစ်ထွက်ဖို့အတွက် ကိုင်းဟောင်းတွေကို ဓားမြှောင်ရှည်နဲ့ သနပ်ဖက်ပင်ရဲ့ ပင်စည်ကိုင်း ကို ခုတ်ပေးရပါတယ်။ ခုတ်ထွင်ရှင်းလင်းပြီးရင် အကိုင်းတွေကို ထမင်းဟင်းချက်ဖို့ရာ ထင်းအဖြစ် ပြန်လည်အ သုံးပြုကြပါတယ်။
ကိုင်းပင်တွေခုတ်ပြီးပြီဆိုရင်တော့ နွေအကုန်မိုးအကူးမှာ မလိုအပ်တဲ့ (အပင်မသန်တဲ့) အညွှန့်အညှောင့်တွေကို တွေကိုဖယ်ရပါတယ်။ တဆက်တည်းမှာဘဲ ဆေးဖြန်းပြီး အပင်အောက်ခြေနားမှာ မြေသြဇာထည့်ပါတယ်။ မိုးရာသီမှာတော့ အရွက်တွေထွက်လာပြီဆို စလှော်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။
ထွက်လာတဲ့ အရွက်တွေကို တစ်ရွက်ချင်းစီခူးပြီး အညှာကို ညီညီညာညာစီထားပြီး ပလိုင်းရဲ့ပုံစံတိုင်း အပြည့်စီ ပြီးထည့်ရပါတယ်။ သနပ်ဖက် အပြည့်ထားတဲ့ ပလိုင်းအလေးချိန်က ခုနစ်ပိသာ၊ ရှစ်ပိသာထိ ရှိပါတယ်။
အိမ်ပြန်ရောက်ပြီဆိုပါက ပလိုင်းထဲမှာ ပါတဲ့ သနပ်ဖက်တွေကို အပူရှိန်ကြောင့် မနွမ်းရအောင် ညီညီညာညာ ပြန်ထုတ်ပြီး စက်ဝိုင်းအထပ်ထပ်လိုက်တိုင်း ပြန်စီထားရပါတယ်။
သနပ်ဖက်တွေကို လှော်ဖို့အတွက် ပထမဆုံးအညှာကို ဓားလေးနဲ့ ချွေရ၊ ဖယ်ပေးရပါတယ်။ အညှာမရှိတော့ ဘူးဆိုရင် စက်ဝိုင်းပုံစံလိုမျိုးပဲ ပြန်ထားရပါတယ်။ သနပ်ဖက်အရွက်တိုင်းကို မပြဲအောင် မနွမ်းအောင် ဂရုစိုက်ပြီး ကိုင်တွယ်ရပါတယ်။
ပြဲသွားလျှင် ပေါက်သွားလျှင် အပယ်စာရင်းထဲရောက်ပြီး ရောင်းတဲ့အချိန်ကျရင်လည်း ဈေးနှုန်း အနည်းငယ် သာ ရမှာပါ။
သနပ်ဖက်ကို အလျား ၁၂ ပေ၊ အနံ ငါးပေခန့်ရှိတဲ့ မြေကြီးနဲ့ ပြုလုပ်ထားတဲ့ မီးဖိုနဲ့ လှော်ရပါတယ်။ ထင်းထည့်ဖို့ အပေါက်တစ်ပေါက် ဖောက်ထားပြီး အပေါ်ဖက်မှာတော့ အပေါက်၁၈ ပေါက် ဖောက်ထားရပါတယ်။ ထို အပေါက်တွေပေါ်မှာ ဒယ်အိုးပြားတင်ပြီးသနပ်ဖက်ကို ထည့်ပြီး လှော်ရပါပြီ။
အညှာဖယ်ထားပြီးသားဖြစ်တဲ့ သနပ်ဖက်အရွက်တွေကို တစ်ရွက်ချင်းစီ ဒယ်ပြားပုံစံတိုင်း ညီညီညာညာပြန် လိုက်ထည့်ရပါတယ်။
ထည့်ပြီးပြီဆိုပါက သနပ်ဖက်အရွက်တွေ မီးရဲ့အပူရှိန်ကြောင့် အပေါ်ကို ကော့တက်မှာဆိုးတာကြောင့် အဝတ် စ (သို့) စောင်နဲ့အုပ်ပြီး အလေးချိန် လေးပိသာရှိတဲ့ ကျောက်ခဲအိတ်ကို အပေါ်မှာ ထပ်ဖိထားရပါတယ်။
မီးကို အဆက်မပြတ်ထည့်ပြီး ၁၅ မိနစ်လောက်ထားတဲ့အခါ ရွှေဝါရောင်သို့ပြောင်းလဲလာပြီး ကျွတ်ကျွတ်လေး ဖြစ်ပြီဆိုပါက ထုတ်ပြီး အရွက်စိမ်းတွေကို နောက်ထပ်ထည့်ရပါတယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ ကျက်ပြီးသားကို ထုတ်လိုက် အရွက်စိမ်းတွေ ထည့်လိုက်နဲ့ ကျင်လည်စွာ လှော်ပေးရပါတယ်။
လှော်ပြီးသားသနပ်ဖက်တွေကို သေသေချာချာ ပြန်စီထားရပါတယ်။ မလှတဲ့ဟာတွေကိုရွေးထုတ်ပြီး ရေ၊ မိုးရေ မထိအောင် အိတ်တွေနဲ့ ပြန်ပတ်ထားလိုက်ပြီးတဲ့အခါ ရောင်းရန် အနေအထားကို ရောက်ရှိပြီ ဖြစ်ပါတယ်။
ဒီလိုသနပ်ဖက်လုပ်ငန်းဟာ လက်အရမ်းဝင်တာကြောင့် အရမ်းပင်ပန်းရပြီး ဒီလိုပင်ပင်ပန်းပန်းလုပ်မှ တစ်နှစ် ကို ၁၀သိန်း ၊၁၅ သိန်း ကျော်လောက်ပဲ ရတယ်လို့ သနပ်ဖက်လုပ်ငန်းလုပ်တဲ့တောင်သူတစ်ဦးက ဆိုပါတယ်။
သနပ်ဖက်လှော်လုပ်ငန်းမှာ တချိန်လုံး မီးဖိုနား နေရတာကြောင့် မီးဖိုဘေးနားလေးမှာလည်း မြေကြီးနဲ့ ပြုလုပ် ထားတဲ့ သောက်ရေအိုးလည်း ဆောင်ထားတတ်ကြပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021