Home ဆောင်းပါး သေမင်းနဲ့ စစ်ခင်းနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ

သေမင်းနဲ့ စစ်ခင်းနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ

Honest Information (HI)။ ။

“ ဗိုက်တအားနာလာပြန်ပြီ။ အမလေးလေး ” လို့ တအားအား၊ တကျွတ်ကျွတ်နဲ့ နာကျင်လွန်းလို့ လူးလွန့်အော်ဟစ်နေတဲ့ ကိုယ်ဝန်သည်တစ်ယောက်ရဲ့အပူဟာ ပတ်ဝန်းကျင်က လူတွေကို ကူးစက်လာပါတယ်။

အင်းစိန်ဆေးရုံကြီးမှာ မွေးဖွားဖို့ ရက်ယူထားပေမယ့် ဆရာဝန်မရှိတော့လို့ အဆင်ပြေတဲ့ဆီမှာ သွားမွေးလိုက်ဆိုပြီး ဆေးရုံ တံခါးပါပိတ်ချလိုက်တဲ့အတွက် ကိုယ်ဝန်သည်မနွယ်နွယ်ဟာ ရပ်မနေနိုင်တော့ဘဲ ဆေးရုံတံခါးရှေ့မှာ ထိုင်ချအော်ဟစ်နေ တာပါ။

ဒီအချိန်မှာ လူမူကူညီရေးအဖွဲ့တွေက မနွယ်နွယ်ကို ဆေးရုံကားပေါ်တင်ကာ ဗဟိုအမျိုးသမီးဆေးရုံ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းစတဲ့ မြို့နယ်အစုံက ဆေးရုံတွေကိုသွားခဲ့ပေမယ့် ခွဲမွေးရမယ့် လူနာမို့ လက်မခံကြပါဘူး။

အကြောင်းကတော့ မနွယ်နွယ်ရဲ့အမျိုးသားဟာ နွေဦးတော်လှန်ရေးမှာပါဝင်ရင်း ထောင်ကျနေသူဖြစ်တာကြောင့် ဘယ် ဆေးရုံကမှ လက်မခံရဲတဲ့အတွက် ခွဲမွေးရမှာကို အကြောင်းပြပြီး နှင်လွှတ်နေတာပဲ ဖြစ်တယ်။

ရွှေပြည်သာဆေးရုံကတော့ ငွေကျပ်သုံးသိန်းပေးရင် မွေးပေးမယ်ဆိုတာကြောင့် ကူညီရေးအဖွဲ့က အလှူခံငွေရလာ တော့ ဆေးရုံကိုသွားတဲ့အခါ ခွဲမယ့်ဆရာဝန်ပြန်သွားပြီပြောလွှတ်တဲ့အတွက် သူတို့နောက်တစ်နေရာရှာကြပြန်တယ်။

ပုဂ္ဂလိကအထူးကုဆေးရုံတစ်ခုကတော့ ခွဲမွေးပေးမယ့် ဆရာဝန်အသင့်ရှိပေမယ့် ကုန်ကျစရိတ်က ခြောက်သိန်းခွဲဆိုတာ ကြောင့် မွေးလူနာကလည်း ငွေကြေး ငါးသောင်းထက်ပိုမပါလာတာကြောင့် ကူညီရေးအဖွဲ့တွေ ခေါင်းကိုက်သွားပါတယ်။
သူတို့ငွေကြေးအတွက် စဉ်းစားနေစဉ်မှာပဲ မွေးလူနာဟာ ရေမွှာပေါက်လာတာကြောင့် နောက်ကိစ္စ၊ နောက်မှ ရှင်းမယ့် သဘောနဲ့ အဲ့ဒီအထူးကုဆေးရုံမှာမွေးလိုက်ရပါတော့တယ်။

အာဏာသိမ်းစစ်အစိုးရလက်ထက် ကိုဗစ်တတိယလှိုင်းအောက်မှာ ကိုဗစ်ဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တွေဟာ ဆေးကုသ ခွင့်မရလို့ ကလေးရော၊ လူကြီးပါ အသက်ဆုံးရှုံးရသလို မွေးခါနီးကိုယ်ဝန်ဆောင်တွေကိုလည်း ဘယ်ဆေးရုံမှ လက်မခံဘဲ ပြန်လွှတ်နေတာတွေကြောင့် မီးဖွားဖို့အရေး ဒုက္ခရောက်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်၊ အင်းစိန်မြို့နယ်မှ နေ့စေ့လစေ့ ကိုယ်ဝန်သည်တစ်ယောက်ကို ချိတ်ထားတဲ့ ဆေးရုံက မွေးပေး မယ်ဆိုလို့ သွားတဲ့အခါမှာ လက်မခံတဲ့အတွက် နာရီပေါင်းများစွာကြာအောင် မွေးပေးမယ့်ဆေးရုံရှာနေစဉ်မှာပဲ ကလေး ရော မိခင်ပါ လက်လွှတ်လိုက်ရပါတယ်။

အလားတူ ဇူလိုင် ၂၅ ရက်က ရွှေပေါက္ကံမြို့နယ်က ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ မီးဖွားချင်တာကြောင့် ဆေးရုံကို ခေါ်သွားတဲ့အခါ ဆေးရုံမှာလူနာတွေနဲ့ပြည့်နေတဲ့အတွက် မစောင့်နိုင်တာကြောင့် အိမ်ကိုပြန်ခေါ်လာတဲ့အခါ လမ်းမှာ မိခင်ရော၊ ကလေးပါ သေဆုံးသွားခဲ့ရတယ်။

ဒီလိုပဲ ဇူလိုင် ၁၅ ရက်ဝန်းကျင်လောက် အမွှားပူးကလေးမွေးမယ့် မွေးလူနာဟာ အောက်ဆီဂျင်ကျသွားလို့ အသက်လုရှု နေတာ အကောင်းပါ။ ဗဟိုအမျိုးသမီးဆေးရုံကို လွှဲစာရောက်လာလို့ ဆေးရုံကို ခေါ်သွားတော့မှ ဆေးရုံက လက်မခံတဲ့ အတွက် အိမ်အရောက်မှာ မိခင်နဲ့ကလေးရဲ့အသက်ပါ ဆုံးရှုံးသွားရတယ်။

ကိုဗစ်တတိယလှိုင်းစခဲ့တဲ့ မေလကစပြီး ယနေ့ဇူလိုင် ၂၈ ရက်အထိ ကိုဗစ်ဖြစ်နေလို့ အရေးပေါ်အောက်ဆီဂျင် ပေးနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ယောက်ကျော်ရှိနေပြီး ဆေးရုံတွေက လက်မခံလို့ သေဆုံးရတဲ့ ကိုဗစ်ကိုယ်ဝန်ဆောင် သည်တွေက မြေပြင်စာရင်းတွေအရ ဇူလိုင်လထဲမှာ ခြောက်ယောက်ရှိပါပြီ။

ဖေဖော်ဝါရီလ၁ ရက်နေ့နောက်ပိုင်း ကျန်းမာရေးစနစ်ပြိုလဲတာ၊ ဆေးရုံတွေ တိုက်ခိုက်ခံရတာ။ငွေကြေးအခက်အခဲတွေ ကြုံရတာနဲ့ အသွားအလာကန့်သတ်ချက်တွေကြောင့် အမျိုးသမီးတွေဟာ လိင်နဲ့ မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မူ တွေရရှိဖို့ စိမ်ခေါ်မှုများစွာ ရင်ဆိုင်ကြရတဲ့အပြင် တစ်ဆက်တည်းမှာ သူတို့ရဲ့ ကျန်းမာကိုလည်း ထိခိုက်ပျက်စီးစေခဲ့ ပါတယ်လို့ UNFPA နဲ့ UN Women ပူးပေါင်းကာ သြဂုတ်လ ၁ ရက်က သတင်းထုတ်ပြန်ထားပါတယ် ။

ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံမှာ လက်ရှိ ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးအရေအတွက် ခုနစ်သိန်းနီးပါး(၆၈၅,၀၀၀) ကျော်ရှိပြီး ဒီအမျိုးသမီးတွေက သင့်တင့်လျောက်ပတ်တဲ့ အရေးပေါ်သားဖွားပြုစုစောင့်ရှောက်မှု မရရင် နောက်လတစ်လထဲမှာပဲ ကြိုတင်ကာကွယ်နိုင်တဲ့ မိခင်သေဆုံးမှု ၂၅၀ ခန့်ရှိမယ်လို့လည်း ခန့်မှန်းထားပါသေးတယ်။

ဒီလိုဆေးရုံ၊ ဆေးခန်းတွေက လက်မခံတာကြောင့် မိခင်ရော ကလေးပါ သေဆုံးနေတာတွေဟာ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူကို တဖက်လှည့်နဲ့ လူသတ်နေတာပဲလို့ CDM လုပ်ထားတဲ့ တိုင်းကျန်းမာရေးမှူးတယောက် ပြစ်တင်ဝေဖန်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးရုံ၊ဆေးခန်းတွေက လက်မခံတဲ့ကိစ္စ ဖြစ်တယ်။ ဒါနဲ့ပတ် သက်လို့ စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဘာကြောင့်၊ ဘယ်လိုဆိုတဲ့ အကြောင်းပြချက်မျိုး ထုတ် ပြန်ပြောဆိုတာ ဘာတစ်ခုမှ မရှိပါဘူး။

လက်ရှိကိုယ်ဝန်ဆောင်အများစုဟာ စားဝတ်နေရေးကျပ်တည်းနေတဲ့သူတွေ ဖြစ်တာမို့ ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ တောင် ဗိုက်မအပ်နိုင်သူရှိသလို နေ့စဉ်စားအတွက် ပူပန်နေရတာကြောင့် ကိုယ်ဝန်ဆောင်အားဆေး ဝယ်မသောက်နိုင်သူ တွေလည်း တပုံတပင်ပါပဲ။

ဒီလိုကြားထဲမှာမှ အခမဲ့မွေးပေးနေတဲ့ ဗဟိုအမျိုးသမီးဆေးရုံလိုမျိုး အစိုးရဆေးရုံကြီးတွေက မွေးလူနာအသစ် တွေကို လက်မခံတာဟာ မွေးလူနာတွေအတွက် အခက်အခဲတွေ ဖြစ်စေပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မိသားစုတွေ တကွဲတပြားဖြစ်သွားရလို့ ဒုက္ခရောက်နေရတဲ့ကြားထဲ ကိုဗစ်က ထပ်ဝင်လာတော့ ကိုယ်ဝန်ဆောင်တွေမှာ ကူကယ်ရာမဲ့နဲ့ လမ်းပျောက်နေကြရတယ်။

“ ပူတာမှလေ နေခုနစ်စင်း ရင်မှာပိုက်ထားရသလိုပဲ။ ခုမွေးလူနာတွေကို ဘယ်ဆေးရုံ၊ ဆေးခန်းမှ လက်မခံလို့ သေတာ တွေမြင်ရတော့ ကျမလည်းမွေးခါနီးဆိုတော့ တွေးပူပြီး အရမ်းစိတ်ဖိစီးရတယ်”လို့ ပြောလိုက်တဲ့ မဆုရည်ရဲ့စကားသံဟာ အားမပါသလို တိုးညှင်းလွန်းလှပါတယ်။

ရှစ်လပိုင်း ပထမအပတ်မှာ မွေးတော့မယ့် မဆုရည်အနေနဲ့ သူဗိုက်အပ်ထားတဲ့ ဆရာဝန်က ကိုဗစ်အခြေအနေကြောင့် လူနာကြည့်တာ ရပ်ထားတယ်လို့ဆိုတဲ့အတွက် စိုးရိမ်သောကရောက်နေတာပဲ ဖြစ်တယ်။

တကယ်လို့ သူဆေးရုံမှာ မွေးခွင့်မရဘဲ အိမ်မှာမွေးရမယ်ဆိုရင် သူ့အနေနဲ့ အဆင်မပြေမှုများစွာရှိပါတယ်။ အိမ်မှာ လူခွဲမရှိ တာ၊ ငွေကြေးအများကြီးမတတ်နိုင်တာ၊ ပစ္စည်းကိရိယာမစုံလင်တာကြောင့်ပါ။

ဒီကြားထဲ သူ့အမျိုးသားက မီးဖွားစရိတ်ရဖို့ နယ်မှာ စီးပွာရေးပြန်လုပ်ရင်း ကိုဗစ်ဖြစ်နေသလို အိမ်မှာ အဖော်ရအောင်လာ နေပေးတဲ့ တူမဖြစ်သူကလည်း ကိုဗစ်နဲ့ ဖျားနေတာကြောင့် အိမ်မှာမွေးဖို့ ကြောက်နေတာဖြစ်တယ်။

အိမ်မှာမွေးလို့ ကူဖော်မရှိနေတဲ့အချိန်မှာ မွေးဖွားရင်း လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် တစ်စုံတစ်ခုဖြစ်လို့ အချိန်မီ ဆေးရုံ မသွားနိုင်မှာ၊ ကလေးတခုခုဖြစ်လို့ ကလေးနဲ့ မိခင်ခွဲနေရမှာကို တွေးရင်း သူကြောက်လန့်နေတာပါ။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ မီးဖွားရတာဟာ သေမင်းနဲ့ စစ်ခင်းရသလို အသက်အန္တရာယ်ရှိတယ်ဆိုပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိတဲ့အခါ မွေးလာမယ့်ကလေးအတွက် အားတင်းရင်း ဒီအန္တရာယ်ကို မျက်စိမှိတ်လက်ခံကြရတယ်။

“ ကိုယ့်အတွက် အရမ်းမစိုးရိမ်ရပေမယ့် ဗိုက်ထဲက ကလေးက ဘယ်လိုပုံစံနဲ့ ထွက်လာမှာလဲ။ ရောဂါတစ်ခုခုများ ပါလာ မလား။ ကိုယ့်ကိုမွေးပေးတဲ့ သူကရော အဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။ ဒါမျိုးတွေပူရတာပေါ့”လို့ သူက ရှင်းပြပါတယ်။

အခုလိုကိုယ်ဝန်ဆောင်တွေကို ဆေးရုံတွေက လက်မခံတာကြောင့် ကလေးရော၊ မိခင်ပါသေဆုံးရတာတွေရှိတဲ့အတွက် အများစုသော အိမ်ထောင်ရှင်အမျိုးသားတွေဟာ သူ့တို့အမျိုးသမီးတွေ ကလေးမွေးဖို့ အခက်အခဲကြုံလာရင် ကိုယ်တိုင် မွေးပေးနိုင်အောင် (youtube)ကနေ လေ့လာသင်ယူနေကြပါတယ်။

မဆုရည်နည်းတူ ကိုယ်ဝန်ရှစ်လထဲရောက်လာပေမယ့် အလုပ်လက်မဲ့ဖြစ်ပြီး ငွေကြေးလည်း ချို့တဲ့လွန်းတာကြောင့် ဗိုက်မအပ်နိုင်သေးဘဲ ၁၀ နှစ်အရွယ်ကလေးတယောက်နဲ့ ဒုက္ခရောက်နေရသူကတော့ မသဇင်ပါ။

အမျိုးသားက CDM ဝန်ထမ်းဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေရသလို မိဘတွေကလည်း သက်ကြီးရွယ်အိုတွေ ဖြစ်တဲ့ အတွက် ဝင်ငွေမရှိဘဲ နေ့စဉ်ပုံမှန်စားသောက်နေထိုင်နိုင်ဖို့ဟာ ခက်ခဲလာပါတယ်။

ယခင်ကတော့ အမျိုးသားက အစိုးရဝန်ထမ်းဖြစ်တာကြောင့် လိုင်းခန်းရကာ လစာ တစ်သိန်းကျော်ရပြီး မသဇင်ကလည်း ဂေါက်ကွင်းမှာ ဂေါက်အိတ်ထမ်းပေးရတဲ့ အလုပ်ရှိတဲ့အတွက် ပုံမှန်စားသောက်နိုင်ခဲ့တယ်။ ဒါပေမယ့် စစ်အာဏာသိမ်း လိုက်ချိန်ကစပြီး လင်မယားနှစ်ယောက်လုံး အလုပ်လက်မဲ့သွားရတယ်။

“ ယောက်ျားက CDM လုပ်တော့ လိုင်းခန်းက ဖယ်ပေးရတယ်။ အလုပ်ကလည်း နှစ်ယောက်လုံး မရှိတော့ဘူး။ အိမ်လခ မပေးရပေမယ့် ထမင်းတောင် နပ်မှန်အောင် မစားနိုင်ဘူး။ သားအကြီးလေးပဲ ဦးစားပေးနေရတယ်။ ကျွန်မ ဆီးချိုဖြစ်တာ ဆေးဝယ်မသောက်နိုင်လို့ ရောဂါကိုကြိတ်ခံနေရတယ်”လို့ မသဇင်က ညည်းတွားပါတယ်။

လက်ရှိမှာ ကူညီလှူပေးသူတွေရဲ့ ငွေနဲ့ မြောက်ဥက္ကလာဆေးရုံမှာ အလုပ်လုပ်တဲ့ ဆရာဝန်မဆီမှာ ဗိုက်အပ်နိုင်ပေမယ့် ဆေးရုံက ပြန်လွှတ်တယ်ဆိုတဲ့ ပြဿနာတွေကြောင့် စိတ်မအေးနိုင်ဘဲ စိတ်ဖိစီးမှု ခံစားနေရရှာပါတယ်။

ဒါ့အပြင် မသဇင်မွေးမယ့်ဆေးရုံက မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းလာတဲ့ မွေးလူနာတွေကိုသာ လက်ခံပြီး ညဘက် ဗိုက်နာလို့ လာမွေးမယ့် ဘယ်မွေးလူနာကိုမှ မွေးပေးမှာမဟုတ်သလို အောင့်ထားလို့ မှာလိုက်တဲ့ စကားကြောင့်လည်း စိတ်မအေး နေတာဖြစ်တယ်။

မသဇင်ဟာ မြောက်ဥက္ကလာဆေးရုံကြီးမှာ ရိုးရိုးမွေးမှာဖြစ်ပြီး မွေးဖွားစရိတ်ဘယ်လောက်ကုန်ကျမယ်ဆိုတာတော့ သေချာမသိပေမယ့် စုံစမ်းသိထားကတော့ ငွေကျပ်သုံးသိန်းနီးပါး ကုန်မယ်ဆိုတာကြောင့် ငွေကြေးအတွက်ပါ ထပ်မံပူပန် နေရပြန်ပါတယ်။

ယခုလက်ခံမွေးဖွားပေးနေတဲ့ ပုဂ္ဂလိကအထူးကုဆေးရုံတချို့ကတော့ ကိုဗစ်မွေးလူနာကလွှဲလို့ တခြားမွေးလူနာမည်သူ မဆို လက်ခံပေးပေမယ့် ငွေကြေးကတော့ သာမာန်ထက် သုံးဆခန့် ပိုယူတာကြောင့် ဝင်ငွေနည်း ကိုယ်ဝန်ဆောင်တွေက မမွေးနိုင်ကြတာပါ။

ယခင်ကတော့ အစိုးရဆေးရုံကြီးတွေဟာ ကိုယ်ဝန်ဆောင်တွေကို အခမဲ့မွေးပေးပြီး မွေးထုတ်ခ ခြောက်ကျပ်ကလွဲလို့ တခြားငွေကြေးတစုံတရာမှ မပေးရတဲ့အပြင် နွမ်းပါးတဲ့ကိုယ်ဝန်ဆောင်တွေကို အားဆေး၊ အနှီးကအစ ပြန်လှူပေး တာတွေတောင် ရှိပါတယ်။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ အခုလိုမွေးဖွားဖို့ ဒုက္ခရောက်ရပြီး ဆင်းရဲကျပ်တည်းလာတာ၊ ဆေးရုံတွေက လက်မခံလို့ သေဆုံးရတာတွေဟာ စစ်အာဏာသိမ်းမှု နောက်ပိုင်း ကြုံတွေ့လာနေရတာပါ။

NLD အစိုးရလက်ထက်က ကိုဗစ်နဲ့ပတ်သက်ပြီး စနစ်တကျ စည်းကမ်းနဲ့ ဆောင်ရွက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် တွေအနေနဲ့ ဒီလိုပြဿနာတွေ မကြုံရဘဲ အဆင်ပြေပြေ မီးဖွားနိုင်ခဲ့တယ်။

ဒါ့အပြင် လူမူဝန်ထမ်းကနေ ကိုယ်ဝန်ဆောင်နဲ့ သူ့ကလေး နှစ်နှစ်အထိ ပုံမှန်ပံ့ပိုးမှုရှိတဲ့အပြင် ကိုဗစ်ကာလမှာလည်း ကိုယ်ဝန်ဆောင်တယောက်ကို ငွေကျပ် သုံးသောင်းထောက်ပံ့တဲ့ ငွေဗိုက် အစီအစဉ်ကို လုပ်ပေးခဲ့ပါသေးတယ်။

နောက် အခွန်ဆောင်ဝန်ထမ်းအမျိုးသမီးကိုယ်ဝန်ဆောင်ရင် လူမူဖူလုံရေးကနေရတဲ့ထောက်ပံ့ကြေးကလည်း လစာနဲ့ အချိုးကျရရှိတာက ငွေကျပ် သိန်း ၁၀ ဏန်းအထိ ရကြတဲ့အတွက် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သိပ်ပူပန် စရာမလိုပါဘူး။
ဒီထောက်ပံ့မှုတွေအားလုံးဟာ စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး ဆုံးရှုံးသွားရသလို ယခင်က အခမဲ့မွေးပေးခဲ့တဲ့ ဗဟိုအမျိုး သမီးဆေးရုံ၊ တောင်ဥက္ကလာအမျိုးသမီးဆေးရုံ၊ အနောက်ပိုင်းဆေးရုံနဲ့ ဂန္ဒီဆေးရုံတွေပါ မွေးလူနာ လက်မခံတော့တာက ကိုယ်ဝန်ဆောင်တွေအတွက် ပိုလို့ခက်ခဲသွားစေပါတယ်။

ယခင်က အခမဲ့မွေးပေးလေ့ရှိတဲ့ ကုသိုလ်ဖြစ်မွတ်စလင်ဆိုရင် မွေးလူနာအသစ် လုံးဝလက်မခံဘဲ ပြန်လွှတ်သလို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလို အခမဲ့မွေးပေးနေတဲ့ဆေးခန်းကိုလည်း စစ်တပ်က ပိတ်ပစ်ခဲ့တာကြောင့် အခုလိုမွေးလူနာ တွေ ဒုက္ခရောက်နေရတာပါ။

အစိုးရဆေးရုံကြီးတွေအပါအဝင် ပုဂ္ဂလိကဆေးရုံတွေကပါ မွေးလူနာတွေကို လက်မခံတာကြောင့် ကိုယ်ဝန်သည်တွေ အနေနဲ့လည်း ဘယ်လိုမီးဖွားရမယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း အဖြေရှာလို့ မတွေ့သေးပါဘူး။

ကိုယ်ဝန်ဆောင်တွေကို အကူအညီပေးနေတဲ့ ကိုဖိုးဇော်က “ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီအတွက် စာထုတ်ပြီး သေသေချာချာမွေးပေးသင့်ပါတယ်။ နောက်ဆုံးပုံမှန်လုပ်ပေးနေတဲ့ ဆေးရုံတွေမနိုင်ရင် ကိုယ်ဝန်သည်တွေအတွက် သီး သန့် မွေးလို့ရမယ့် စင်တာတခုလောက်ဖွင့်ပေးဖို့လိုတာပေါ့။ လက်ရှိမှာလည်းမသုံးတဲ့ စင်တာတွေ ရှိနေတော့ အဲဒီနေရာ တွေသူတို့အတွက် လုပ်ပေးနိုင်ရင် ဒီကိုယ်ဝန်သည်တွေ အခက်အခဲပြေလည်သွားမှာပေါ့ ”လို့ အကြံပြုပါတယ်။

ကိုယ်ဝန်ဆောင်တွေဟာ တခြားရောဂါသည်တွေလို သည်းခံနေလို့ရတဲ့ရောဂါမဟုတ်သလို အောင့်ထားလို့ရတဲ့ အနေ အထားမဟုတ်တာကြောင့် လူ့ကျင့်ဝတ်အရ ကိုယ်ဝန်ဆောင်တွေရဲ့ အရေးကိစ္စကိုတော့ ဦးစားပေးအဆင့်အနေနဲ့ မဖြစ် မနေဖြေရှင်းပေးသင့်တယ်လို့ သူက ထောက်ပြပါတယ်။

သူတို့လို လူမူကူညီပေးရေးအသင်းတွေအနေနဲ့လည်း မထင်ရင် မထင်သလို ဖမ်းဆီးရိုက်နှက်စစ်ဆေးတတ်တဲ့ စစ်အုပ် ချုပ်မှုအောက်မှာ ကူညီရေးလုပ်ငန်းတွေကို စွန့်စွန့်စားစားနဲ့ လုပ်ကိုင်နေကြရတာပါ။

လက်ရှိမှာတော့ ကိုဖိုးဇော်တို့အနေနဲ့ ကိုယ်ဝန်ဆောင်တွေကို ဆေးရုံ၊ ဆေးခန်းတွေက လက်မခံတဲ့ ပြဿနာကို မဖြေရှင်း နိုင်သေးတာကြောင့် အောက်ဆီဂျင်လိုအပ်တဲ့ ကိုဗစ်ကိုယ်ဝန်ဆောင်တွေရဲ့ လိုအပ်ချက်ကိုသာ ဖြည့်ပေးနိုင်ပါတော့တယ်။
မဆုရည်ကတော့ အာဏာသိမ်းအစိုးရလက်အောက်မှာ အိမ်မှာမွေးတာဖြစ်ဖြစ်၊ ငွေကြေးရှိရင်အပြင် ဆေးခန်းတွေမှာ မွေးတာက အကောင်းဆုံးလို့ အကြံပြုပါတယ်။ အပြင်ဆေးခန်းမှာက ဆေးပစ္စည်းလည်းစုံလင်ပြီး ကလေးဆရာဝန်လည်းရှိ တာကြောင့် ကလေးတစ်ခုခုဖြစ်ရင် အဆင်ပြေပြေနဲ့ စိတ်ချစွာမွေးနိုင်ပါတယ်။

တကယ်လို့ ကိုဗစ်ကူးစက်နှုန်းက အခုထက်ပိုဆိုးလာမယ်၊ ငွေကြေးလည်း သိပ်မရှိဘူးဆိုရင်တော့ အိမ်မှာပဲ မွေးမယ်လို့ သူက ယခုလိုဆိုတယ်။

“ ငွေကြေးအားဖြင့် မတတ်နိုင်ဘူး သို့ မွေးကာနီးမှ ကိုဗစ်အကူးခံရတယ် စသဖြင့် အဲလိုအခြေအနေမျိုးကြုံရမယ်ဆိုရင် အိမ်မှာပဲမွေးဖို့စီစဉ်ပါမယ်။ ဘာလို့လဲဆိုတော့ ခုချိန်မှာ အာဏာသိမ်းအစိုးရရော အစိုးရရဲ့ဆေးရုံဆိုတာတွေကိုရော လုံးဝ အယုံအကြည်မရှိလို့ပါ ”

Related Articles