Honest Information (HI)။ ။
နှစ်လသားအရွယ် သမီးလေး အရေးပေါ် နေမကောင်းဖြစ်တာကြောင့် တောင်ကြီးမြို့က အမျိုးသမီးနှင့်ကလေး ဆေးရုံကြီး မှာပြဖို့ နန်းအိတို့ လင်မယားနှစ်ယောက် သူတို့နေထိုင်ရာ ကျေးရွာကနေ တောင်ကြီးကို အပြေးအလွှားနဲ့ ငွေကြေး ခက်ခဲ တဲ့ကြားကနေ ကားငှားလာခဲ့ပါတယ်။
ဆေးရုံကြီး ရောက်တဲ့အချိန်မှာတော့ နန်းအိတို့ မထင်ထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ကားပေါ်ကနေ ဆင်း ပြီး ဆေးရုံကြီးဆီကိုသွားမယ်လို့ ပြင်ဆင်တဲ့အချိန်မှာတော့ နန်းအိကို လန့်ဖြန့်စေပြီး ပျာယာခတ်စေခဲ့ပါတယ်။ အားကိုး တကြီးနဲ့ အပြေးအလွှားလာခဲ့သမျှ ဆေးရုံကြီးပိတ်ထားတာကို တွေ့လိုက်ရတာကြောင့်ပါ။
နန်းအိဟာ ကလေးကို ရင်ခွင်မှာထွေးပိုက်ထားပြီး ခရီးစရိတ်အတွက် အသိတစ်ယောက်ဆီကနေ ချေးလာတဲ့ငွေကြေး အချို့ကို လက်မှာဆုပ်ကိုင်ထားရင်း ပိတ်ထားတဲ့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှေ့မှာ ရှိုက်ကြီးတငင် ငိုနေခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကိုဗစ်တတိယလှိုင်းပါ ဖြစ်လာတဲ့အခါ အသွားအလာ ကန့်သတ်မှုတွေအပြင် ဒေသခံတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုပါ ထပ်ဆင့်ရင်ဆိုင်လာရတာပါ။
အာဏာရှင်စနစ်ကိုဖီဆန်ဖို့ မြန်မာနိုင်ငံတစ်ဝန်းလုံးက ကျန်းမာရေးဝန်ထမ်းအများစုဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ဝန်ထမ်းများ မရှိတော့တာကြောင့် မြို့ပြဆေးရုံကအစ ကျေးရွာအဆင့် ဆေးပေး ခန်းကအဆုံးထိ မလည်ပတ်နိုင်တော့ဘဲ ပိတ်ထားရပါတယ်။ စစ်ကောင်စီကလည်း ကျန်းမာရေးဝန်ထမ်းတွေကို လိုက်လံ ဖမ်းဆီးနေတာကြောင့်လည်း ကျန်းမာရေး ဝန်ထမ်းအများစုဟာ တိမ်းရှောင်နေရဆဲပါ။
ကျန်းမာရေးဝန်ထမ်းတွေမရှိလို့ ကျန်းမာရေးဌာနတွေပိတ်ထားတဲ့အထဲ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း အပါ အဝင်ပါ။ ထိုဒေသက ဆီဆိုင်မြို့နယ်မှာရှိတဲ့ နန်းအိတို့ နေထိုင်တဲ့ကျေးရွာ ဆေးပေးခန်းလည်း ပိတ်ထားရတာဟာ ယနေ့ ထိဆိုရင် ခုနစ်လကျော် ကြာခဲ့ပါပြီ။
ကျေးရွာဆေးပေးခန်း မရှိတာကြောင့် ကလေးဖျားနာတာ၊ ကိုယ်ဝန်ဆောင်မိခင် ကာကွယ်ဆေးထိုးတာ၊ ကလေးကာကွယ် ဆေးထိုးတာ၊ ဖျားနာတာကအစ အခြေခံ ကျန်းမာရေးစောင့်ရှောက်မူ၊ ကုသခံယူမူ မရကြတော့ပါဘူး။ တချို့ဆို ကိုယ်ဝန် ဆောင်ကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသလို၊ လက်သည်နဲ့ပဲ မီးဖွားကြပြီး ကိုယ်ဝန်ဆောင် မိခင်တွေလည်း ကလေးကျန်းမာရေး အခြေအနေ ကောင်းမကောင်း၊ ကလေးအနေအထားမှန်မမှန်ဆိုတာလည်း ကျန်းမာရေး ပတ်သက်ပြီး ကြည့်ပေးမယ့်သူ မရှိတော့ပါဘူး။
အပြင်ဆေးခန်းတွေမှာ သွားရောက်ကုသတာ၊ ကာကွယ်ဆေးထိုးတာ လုပ်ဖို့ဆိုလည်း သာမာန် လက်လုပ်လက်စားတွေ ဖြစ်ကြတာကြောင့် ဆေးဖိုးဝါးခပေးဖို့ မတတ်နိုင်ကြပါဘူး။ ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ တခြားနေရာမှာ ထွက်ကု သလို့ ရပေမယ့် လက်လုပ်လက်စား ဘဝတွေကတော့ အတော်လေး အထိနာနေကြပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ ပင်လောင်းမြို့နယ်၊ ဆီဆိုင် မြို့နယ်နှင့် ဟိုပုံးမြို့နယ်ဆိုပြီး သုံးမြို့နယ်ပါဝင်ပါတယ်။ အဲ့ဒီအခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့အတွက် ပါတီဥက္ကဌက အစိုးရသက်တမ်း နှစ်ဆက် ဒေသဦးစီးအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကို စစ်ကောင်စီက ဥက္ကဌအဖြစ်ပြောင်းလဲ ခန့်အပ်ထားပါပြီ။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဌာနဖွဲ့စည်းပုံခန့်မှန်းခြေအရ ကျေးရွာခြောက်ရွာကိုပေါင်းပြီး တစ်အုပ်စု လို့ သတ်မှတ်ပါတယ်။ တစ်အုပ်စုကို ဆေးပေးခန်းတစ်ခု၊ နှစ်ခုအထိ နီးစပ်ရာ ဒေသအလိုက် ဖွဲ့စည်းပေးထားပါတယ်။ အများစုကတော့ နေမကောင်းတာ ၊ ဖျားတာနာတာ၊ မီးဖွားတာ၊ ကာကွယ်ဆေးထိုးတာတို့ကတော့ ကိုယ့်အုပ်စုမှာရှိတဲ့ ဆေးပေးခန်းတွေကို ပထမဆုံး အရင်သွားပြလေ့ ရှိကြပါတယ်။
ငွေကုန်ကျသက်သာပြီး တခြားဆေးပေးခန်းတွေ သွားစရာမလိုဘဲ ကျေးရွာရှိ ဆေးပေးခန်းမှာ အဆင်ပြေစွာနဲ့ ဆေးကုသ ခံယူမှု လုပ်ကြပါတယ်။ အရေးပေါ်လူနာ၊ ခွဲစိတ်ရမယ့် လူနာတွေကိုတော့ ကျေးရွာ ဆေးပေးခန်းဆရာမက မြို့နယ် ပြည်သူ့ဆေးရုံတွေနဲ့ ချိတ်ဆက်ပေးပါတယ်။ ရောဂါအရမ်းဆိုးရင်တော့ တောင်ကြီးမှာရှိတဲ့ စဝ်စံထွန်းဆေးရုံ၊ ကလေး ဆိုရင် မိခင်နှင့် ကလေးဆေးရုံကြီးတွေနဲ့ ချိတ်ပေးတာမျိုးတွေ လုပ်လေ့ရှိကြပါတယ်။
နန်းအိတို့ မိသားစုဆိုလျှင် ကိုဗစ်-၁၉ ရောဂါတွေကြား၊ ကုန်ဈေးနှုန်း အဆမတန်ထိုးတက်နေတဲ့ကြားထဲကနေ မိသားစု စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရပါတယ်။ သူက ကလေးမီးမဖွားခင်ထိ ကိုယ်ဝန်တစ်ဖက်နဲ့ ခြံပေါက်၊ ပေါင်းနှုတ်စတဲ့ ရရာအလုပ်ကို လင်မယားနှစ်ယောက်လုံး နေ့စားလိုက်လုပ်ပါတယ်။ နှစ်ယောက်ပေါင်းမှ တစ်ရက်ကို ၆,၀၀၀ ကျပ် ရပါတယ်။
ဒီလိုနေလာရင်း စစ်အာဏာသိမ်းမှုဖြစ်လာတော့ မွေးဖွားဖို့အတွက် ပူပန်လာရပါတယ်။ နန်းအိမွေးဖွားဖို့ အချိန်ရောက် လာတဲ့အခါမှာတော့ ကျေးရွာရှိ ဆေးပေးခန်း ပိတ်ထားပါပြီ။ လက်သည်နဲ့ မီးဖွားရင်ဖွား မဟုတ်ရင် အနီးဆုံးဆေးရုံဖြစ်တဲ့ ဆိုက်ခေါင်မှာရှိတဲ့ တိုက်နယ်ပြည်သူ့ဆေးရုံမှာ မီးဖွားရမှာပါ။ သူကတော့ ပထမဆုံးမီးဖွားရမှာမို့ မွေးရခက်မှာဆိုးတာ ကြောင့် ဆိုက်ခေါင်ကို သွားရောက်ဖို့ရွေးချယ်ခဲ့ပါတယ်။ ကျေးရွာကနေ ဆိုင်ကယ်နဲ့နာရီဝက်ခန့်လောက် သွားရပါတယ်။
နန်းအိမှာ ဆေးရုံကို သွားနိုင်ဖို့ ခရီးစရိတ်၊ ကလေးမီးဖွားဖို့ စရိတ်မရှိခဲ့ပါဘူး။ လမ်းစရိတ်၊ ကလေးမီးဖွားစရိတ်အတွက် အသိမိတ်ဆွေဆီက အတိုးနဲ့ ခြောက်သောင်းချေးပြီး ဆိုက်ခေါင် တိုက်နယ် ပြည်သူ့ဆေးရုံကိုသွားပြီး မီးဖွားခဲ့ရပါတယ်။
စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ကျေးရွာဆေးပေးခန်းမှာပဲ မီးဖွားမယ်လို့ ရွေးချယ်ခဲ့ပြီးသားပါ။ “ ရွာမှာပဲ မွေးမယ်၊ ပိုက်ဆံသက်သာတယ် အကြွေးအများကြီး မယူရဘူး”လို့ ဆိုပါတယ်။
နန်းအိ မီးဖွားပြီးလို့ အိမ်ကိုပြန်လာပြီး ရက်အနည်းငယ်ကြာတော့ သမီးလေးက ရုတ်တရက် တက်ပါတယ်။ တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ထိ တက်ပါတယ်။ တက်ရင်လည်း သမီးလေးရဲ့မျက်နှာဟာ နီရဲကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ကာ ညည်း နေပြီး အများဆုံး မိနစ် ၂၀ ကျော်ကြာတဲ့ထိ တက်ပါတယ်။ ဘာရောဂါကြောင့် တက်နေမှန်း မသိနေခဲ့ပါဘူး။
နန်းအိ သမီးလေးဟာ မိနစ်တော်တော်ကြာ တက်နေတာကြောင့် ဆိုက်ခေါင်စံပြကျေးရွာရှိ ပြည်သူ့ဆေးရုံမှာ ၂၁ ရက်ထိ ဆေးကုသခံယူပေမယ့် မသက်သာကြောင့် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကို သွားပြဖို့ ဆေးရုံရှိ ဆရာမ တစ်ဦးက နန်းအိကို ပြောခဲ့ပါတယ်။
နန်းအိတို့ လင်မယားနှစ်ယောက်ဟာ လက်ထဲမှာ ငွေကြေးမရှိတာကြောင့် တစ်ပူပေါ် နှစ်ပူဆင့်သလိုပါပဲ။ ဒါပေမယ့် သမီး လေးရဲ့ အသက်အန္တရာယ် ဘေးကင်းရန် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကို တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လမ်းခရီးစရိတ်၊ ဆေးစရိတ်အတွက် အသိမိတ်ဆွေဆီမှာ မျက်နှာပူပူနဲ့ ပိုက်ဆံတစ်သိန်း ထပ်ချေးပီး တက်လာခဲ့ရတယ် လို့ ပြောပါတယ်။
ဆိုက်ခေါင်ကနေ တောင်ကြီးကို တက်လာတဲ့ လမ်းတစ်လျှောက်မှာလဲ ကလေးက အကြိမ်ကြိမ် တက်နေခဲ့ပါတယ်။ နန်းအိ ကတော့ အမျိုးသမီးနှင့် ကလေးဆေးရုံကို မြန်မြန်ရောက်ပါစေလို့ လမ်းတစ်လျှောက်လုံး ဆုတောင်းရင်းနဲ့ လာခဲ့ရပါတယ်။
ဒါပေမယ့် ဆေးရုံရောက်တဲ့ အချိန်မှာတော့ သူ့ရင်ဝကို ကန်ခံလိုက်ရသလို ရင်ဆို့သွားရပါတယ်။ စစ်အာဏာရှင်ကို ဖီဆန်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုထဲမှာ တောင်ကြီးမြို့ မိခင်နှင့်ကလေး ဆေးရုံရှိ ဆရာ၊ဆရာမများနဲ့ အထွေထွေဝန်ထမ်း အယောက် ၁၈၀ ကျော်လည်း ပါဝင်ပါတယ်။
ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ မရှိတာ၊ ကိုဗစ်-၁၉ ရောဂါပျံ့နှံမူ အခြေအနေဆိုးလာတာကြောင့် မိခင်နှင့် ကလေး ဆေးရုံကြီးမှာ ဆေးရုံတက်ရမယ့်လူနာ၊ အရေးပေါ်လူနာတွေကို လက်မခံတာ ခြောက်လဝန်းကျင် ရှိနေပါပြီ။ လက်ရှိမှာ မိခင်နှင့်ကလေး ဆေးရုံကြီးရှိ ဝန်ထမ်းများ ဆရာ၊ ဆရာမများ မရှိတာကြောင့် ကာကွယ်ဆေးထိုးခြင်း၊ အရေးပေါ် မဟုတ် တဲ့ လူနာပြတာလောက်ပဲ လုပ်ပေးပါတယ်။
နန်းအိကတော့ မိခင်နှင့် ကလေးဆေးရုံကြီး ဆေးရုံကြီး ပိတ်ထားမယ်လို့ မထင်ထားပါဘူး။ “ ဆေးရုံဆိုတော့ ပိတ် ထားမယ်လို့ မထင်ဘူး မမျှော်လင့်ထားဘူး”လို့ နန်းအိက ပြောပါတယ်။
သူဆေးရုံရှေ့မှာ သောကရောက်နေစဉ်မှာပဲ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးက ပုဂ္ဂလိကကို ဆေးရုံကို သွားဖို့ လမ်း ညွှန်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ပိုက်ဆံ ခုနှစ်သောင်းကို လက်မှာဆုပ်ကိုင်ရင်း ပုဂ္ဂလိက ဆေးရုံကို သွားပြခဲ့ပါတယ်။
ဆေးရုံရောက်တဲ့ အချိန်မှာတော့ စစ်ဆေးချက်တွေ ပြုလုပ်ပြီး နောက်ပိုင်းမှာ နန်းအိရဲ့ သမီးလေးက အာဟာရချို့တဲ့ တာ ကြောင့် တက်တယ်ဆိုတာ သိခဲ့ရပါတယ်။ ပုဂ္ဂလိက ဆေးရုံမှာ ငါးရက်လောက် တက်ခဲ့ရပါတယ်။ ပိုက်ဆံပိုကုန်မယ်ဆို တာ နန်းအိ ကြိုသိနေပြီးသားပါ။
(ကလေးတက်ခြင်းက အမျိုးမျိုးရှိပြီး မွေးရာပါ တက်ခြင်း၊ အပြင်ရောက်မှ ရောဂါထိပြီးတက်ခြင်း၊ အဖျားကြီးပြီး တက်ခြင်း၊ အဟာရကြောင့်တက်ခြင်း၊ ဦးနှောက်ထဲ တီဘီရောဂါပိုးဝင်ခြင်း၊ တခြားပိုးဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် ငှက်ဖျားပိုးဦး နှောက်ထဲ ဝင်တာတွေကြောင့်လည်း ဖျားပြီးတက်ခြင်း၊ တစ်ကြိမ်တက်လျှင် အကြောသေပြီး မိနစ် ၃၀ ထက် ပိုကြာတတ် တယ်လို့ အွန်လိုင်းမှာ ကျန်းမာရေး အသိပညာတွေကိုဝေမျှနေတဲ့ ‘Hello ဆရာဝန်’ ပေ့ချ်မှာ ဖော်ပြထားပါတယ်။)
ဆေးရုံတက်ပြီး ငါးရက်နေ့မြောက်မှာ ဆရာမတစ်ဦးက နန်းအိတို့ကို ဆေးရုံစရိတ် နှစ်သိန်းခွဲ ကုန်ကျကာ ငွေရှင်းပြီး ဆေးရုံ ဆင်းလို့ ရကြောင်း လာပြောခဲ့ပါတယ်။ အဲဒီအချိန်က နန်းအိတို့ လက်ထဲမှာ ပိုက်ဆံ ၁၅,၀၀၀ ပဲ ကျန်တော့တာပါ။ ဆေးရုံ စရိတ် ကုန်ကျငွေကို ရှင်းဖို့ ဘယ်နားမှာ ပိုက်ဆံသွားယူရမှာလဲ ဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး။
နောက်ဆုံးတွေးလို့ မရတဲ့ အဆုံးမှာ အွန်လိုင်းမှာတင်ပြီး အလှူခံခဲ့ရပါတယ်။ အလှူပြီးငွေ ရှစ်သိန်းလောက် ရခဲ့ပါတယ်။ အလှူခံလို့ရတဲ့ငွေနဲ့ ဆေးရုံကုန်ကျစရိတ်ကိုရှင်းပြီး ရွာကို ပြန်လာခဲ့ပါတယ်။ လက်ရှိမှာ နန်းအိတို့ရဲ့ သမီးလေးက အနည်းငယ်ကျန်းမာလာပြီး နှစ်ရက်တစ်ကြိမ်လောက်တော့ တခါတခါ တက်နေသေးတယ်လို့ နန်းအိက ဆိုပါတယ်။
သူကတော့ ဒီလိုတွေကြုံနေရတာဟာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပြီး “ အာဏာသာ မသိမ်းရင် ဒီလောက်ထိ စိတ်ဆင်း ရဲရမှာ မဟုတ်သလို အခက်ခဲလည်း မကြုံတွေ့ရဘူး၊ စိတ်ဒုက္ခသောကတွေ မရောက်ရဘူး၊ ပိုက်ဆံလည်း ဒီလောက် မကုန် ဘူး” လို့ ဆိုတယ်။
ဆေးရုံ၊ ဆေးခန်းများ ပိတ်ထားတဲ့အတွက် ကျန်းမာရေး ပြသနာရင်ဆိုင်နေရတဲ့အထဲ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသ၊ ဟိုပုံးမြို့နယ် ပအိုဝ်းကျေးရွာမှာ နေထိုင်တဲ့ နန်းခမ်းအေးလည်း ပါဝင်ပါတယ်။
နန်းခမ်းအေးတို့ နေထိုင်တဲ့ ကျေးရွာကနေ ဟိုပုံးမြို့ကို ရောက်နိုင်ဖို့ ဆိုင်ကယ်နဲ့ နှစ်နာရီလောက်တော့ မောင်းရပါတယ်။ သူနေထိုင်တဲ့ ကျေးရွာမှာ ဆေးပေးခန်းရှိပေမယ့် ကာကွယ်ဆေးထိုးတာ၊ ဖျားတာနာတာလောက်ပဲ ကုလို့ရပါတယ်။
နန်းခမ်းအေးရဲ့ အစ်မက ခန္ဓာကိုယ်တစ်ခုလုံး ဖောရောင်တဲ့ နာတာရှည်ရောဂါကို ခံစားနေရတာ နှစ်လကျော်ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှ ရုတ်တရက် ရောဂါပြင်းထန်ပြီး ဟိုပုံးဆေးရုံ သွားခဲ့ပါတယ်။ ဟိုပုံးဆေးရုံကို မရောက်နိုင်ခဲ့ပါဘူး။ ကံမ ကောင်းစွာနဲ့ပဲ လမ်းတစ်ဝက်မှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။
နန်းခမ်းအေးကတော့ ကျေးရွာနဲ့ဆေးရုံသာ ဒီလောက် မဝေးခဲ့ရင်၊ ပိုက်ဆံသာ ရှိခဲ့ရင် ဆေးရုံကို မြန်မြန်ခေါ်သွားပြီး ကု လိုက်ရင် သူအစ်မ မဆုံးနိုင်ဘူးလို့ ယုံကြည်နေပြီး ယူကြုံးမရ ဖြစ်လို့နေပါတယ်။
နန်းခမ်းအေးရဲ့ အမလိုပဲ ကျေးလက်နေ ပြည်သူတွေဟာ ကျန်းမာရေးနဲ့ လက်လှမ်းမီတာတွေကြောင့် မသေဆုံးသင့်ဘဲ သေဆုံးသွားတဲ့သူတွေ ရှိနေကြပါတယ်။
အမျိုးသမီးအများစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ဆေးဝါးကုသခံယူဖို့ အတော်လေး ခက်ခဲတဲ့ အခြေအနေတွေလည်း ရင်ဆိုင် နေရတာပါ။
ဒီလိုပြဿနာတွေကြောင့် ပြည်သူတွေဟာ ကျန်းမာရေးပြသနာတွေဖြစ်လာရင် ခိုကိုးရာမဲ့နေသလိုဖြစ်နေကြရပါတယ်။ နန်းအိနဲ့ တရွာတည်း နေထိုင်တဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဖြစ်တဲ့ နန်းဗွာဆိုရင်လည်း ကိုယ်ဝန်ငါးလ ရောက်နေပြီ ဖြစ် ပေမယ့် မွေးဖွားဖို့အရေး တွေးပူနေရပါတယ်။
နန်းဗွာကတော့ လေးနှစ်အရွယ် သားရယ် ၊ အမျိုးသားနဲ့ အတူတူနေထိုင်ပါတယ်။ နန်းဗွာ မိသားစုကလည်း ကိုယ်ပိုင် တောင်ယာ မရှိပါဘူး။ ကိုယ်ဝန် ငါးလသားအရွယ်လွယ်ပြီး မိသားစု စားဝတ်နေရေးအတွက် နေ့စားလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီး တစ်လအကြာမှာ နန်းဗွာ ကိုယ်ဝန်ရတာကြောင့် ကာကွယ်ဆေးဆိုတာ တစ်ကြိမ်မှ မထိုးရသေးပါဘူး။ မြင်လည်း မမြင်ဖူးဘူးလို့ ဆိုပါတယ်။ အပြင်ဆေးခန်းမှာထိုးရင် ၄,၀၀၀ လောက်ပေးရတာကြောင့် တစ်နေ့လုပ် တစ်နေ့စား နန်းဗွာတို့အဖို့ မထိုးနိုင်ခဲ့ပါဘူး။
ကိုယ်ဝန်ဆောင်မိခင်နှင့် မီးဖွားခါနီးမိခင်များဟာ လိုအပ်တဲ့ ကာကွယ်ဆေးထိုးတာ မလုပ်လိုက်ရဘူးဆိုလျှင် ကလေး ပေါင် မပြည့်တာ၊ ချူချာတာ၊ ရောဂါပိုးဝင်တာစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံရနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။
နိုင်ငံရေးတစ်ဖက်၊ ကိုဗစ်-၁၉ ကပ်ရောဂါတစ်ဖက်၊ တောင်သူတွေ ကုန်ဈေးနှုန်းတွေ ဈေးကောင်းနဲ့ မရောင်းရတာကြောင့် နေ့စားခေါ်တဲ့သူလည်း မရှိသလောက်ပါပဲ။ နေ့စားခေါ်သူ မရှိတာကြောင့် နန်းဗွာတို့ လက်ရှိမှာ စားဝတ်နေရေးအတွက် နောက်ပိုင်း အလုပ်ပေါတဲ့အချိန်မှာ လုပ်အားနဲ့ ပြန်ဆပ်ပါ့မယ်ဆိုပြီး အိမ်နီးနားချင်းဆီက အရင်ချေးထားပြီး ချွေတာစွာ စား သောက်နေထိုင်နေရတယ်လို့ဆိုပါတယ်။
ငွေရေးကြေးရေးခက်ခဲရှိတာကြောင့် လက်ရှိချိန်ထိ ကိုယ်ဝန်အတွက် ဘာမှမပြင်ဆင်ရသေးသလို ကလေးအနှီး တစ်ထည် တောင် မရှိသေးပါဘူး။ ယခင်မှာတော့ ကျေးရွာဆေးပေးခန်းမှာ မွေးဖို့ တွေးထားပေမယ့် ဆေးခန်းက ပိတ်ထားတာကြောင့် မီးဖွားဖို့အတွက်လည်း ကျေးရွာမှာရှိတဲ့ လက်သည်နဲ့ မွေးဖို့ သူစဉ်းစားထားပါတယ်။ ဆေးရုံမှာ မီးဖွားလျှင် သိန်းဂဏန်း ကုန်ကျပြီး လက်သည်နဲ့ မီးဖွားရင်တော့ ငါးသောင်းသာ ကုန်ကျမယ်လို့ ဆိုပါတယ်။
“ ပိုက်ဆံမရှိတော့ ကုန်ကျစရိတ် သက်သာတဲ့ နေရာပဲသွားမယ်” လို့ နန်းဗွာက ဆိုပါတယ်။
လက်သည်နဲ့ မီးဖွားပြီး မွေးရခက်နေရင်တော့ “ တခြားသူနား ပိုက်ဆံထပ်ချေးပြီး ဆေးရုံကိုပဲ သွားရမှာပေါ့ ၊ အကြွေးတွေ လည်း ပတ်လည်ဝိုင်းနေပြီ” လို့ နန်းဗွာက ညည်းပါတယ်။
ကျန်းမာရေး ဆရာမတစ်ဦးကတော့ စစ်အာဏာသိမ်းမှုအတွင်း ကျန်းမာရေးပြသနာတွေကြောင့် လူတွေမသေဆုံးသင့်ဘဲ သေဆုံးနေကြတာတွေ ၊ ပြည်သူတွေအထိနာနေတာတွေ ပိုမိုများပြားလာနေတယ်လို့ဆိုပါတယ်။
“ အစ်မတို့ ကူညီပေးနိုင်တာကတော့ တစ်ခုခုဆို ဖုန်းနဲ့မေးလာနိုင်သလို ဘာဆေးသောက်ဆိုတာကအစ လမ်းညွန်ပေးလို့ ရနိုင်တယ်၊ ဒါပေမယ့် အရေးပေါ် လူနာတွေကိုတော့ အစ်မတို့ ဘာမှမလုပ်ပေးနိုင်ဘူး” လို့ သူက ဆိုပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း “စစ်ပွဲတွေနဲ့ ဒီလိုအရေးအခင်းတွေနဲ့ ကြုံလာရပြီဆိုလျှင် ပထမ ဆုံးနဲ့ အများဆုံး ထိခိုက်နစ်နာသူတွေက မိခင်နဲ့ကလေးဖြစ်တယ်။ အမျိုးသမီးနဲ့ကလေးထဲမှာမှ ကျေးလက်နေ အမျိုးသမီး အများစုက ပိုခံရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့သည် တစ်ခုခုဆို ဆေးရုံဆေးခန်းကိုပဲ အားကိုးရပါတယ် ၊ အခြေခံကျန်း မာရေးပညာ အားနည်းပါတယ်” လို့ဆိုပါတယ်။
လတ်တလောမှာတော့ ကျေးလက်နေ ပြည်သူအများစုဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ ဖျားနာတာ၊ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ် နည်း ကိုယ့်ဟန်နဲ့ တိုင်းရင်းဆေးသောက်ပြီး ဖြေရှင်းနေကြရပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ဒီလိုပြဿနာ တွေ ဘယ်တော့မှ ပြေလည်မယ်ဆိုတာကိုတော့ ဘယ်သူမှမှန်းဆလို့ မရနိုင်သေးပါဘူး။
ဒါကြောင့် သူရဲ့ကလေးအတွက် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရတဲ့ နန်းအိကတော့ စစ်အာဏာရှင်စနစ်ကို နာကျည်းလို့နေ ပါတယ်။ ဒါကြောင့် သူ့ခံစားချက်ကို ယခုလို ရင်ဖွင့်ပါတယ်။
“ စစ်အာဏာသာမသိမ်းရင် အလုပ်တွေလည်း ပေါတယ်၊ သူများနိုင်ငံမှာ ပိုက်ဆံသွားရှာဆိုလည်း အဆင်ပြေတယ်။ စစ်အာဏာသာ မသိမ်းခဲ့ရင် ဒီလောက် စိတ်မဆင်းရဲသလို ပိုက်ဆံလည်း ဒီလောက်ထိ မကုန်ဘူးပေါ့။ ပိုက်ဆံရှာချင်တယ် အကြွေးတွေ ပြန်ဆပ်ချင်တယ်။”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021