Home ဆောင်းပါး ဧည့်မျှော်ပြီး လုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေက ပြိုလဲကုန်ပြီ

ဧည့်မျှော်ပြီး လုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေက ပြိုလဲကုန်ပြီ

ကြာညိုသင်း။ ။

ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားလာလေ့ရှိတဲ့ မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းက မြင်းလှည်း မောင်းသူတွေကြားမှာ မအေမီဟာ ထူးထူးခြားခြားအမျိုးသမီးမြင်းလှည်းမောင်းသူတစ်ဦးဖြစ်ပါတယ်။

အခုတော့ သူကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့တဲ့ အလုပ်လေးကို စွန့်လွှတ်လိုက်ရတာမို့ စိတ်မကောင်းခြင်းများနဲ့အတူ ပိုမိုခက်ခဲကျပ်တည်းလာတဲ့ ဘဝရပ်တည်ရေးအတွက်လည်း စိတ်ဖိစီးမှုဖြစ်နေပုံရပါတယ်။

“ဧည့်သည်မြင်ရင် ပျော်နေရတဲ့ အမတို့မြို့က အခုတော့ တကယ်ကြီးကို ငုတ်တုပ်မေ့နေပြီ” လို့မအေမီကပြောပါတယ်။

၁၄ ရာစုကနေ ၁၉ ရာစုအတွင်း မင်းဆက် ၃ ဆက်နန်းစံခဲ့တဲ့ ဧရာဝတီမြစ်နဲ့ မြစ်ငယ်မြစ်ဆုံရာ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့ဟောင်းအင်းဝဟာ အရင်တုန်းကတော့ အင်းဝမြို့ဟောင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားလာလေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကစလို့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာ အသွား အလာကန့်သတ်မှုတွေ ပြုလုပ်လာခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု စတင်တွေ့ရှိတဲ့ မတ်လကစလို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုက လုံးဝမရှိသလောက်ဖြစ်သွားခဲ့ပါတယ်။

ကိုဗစ်စပြီး တနှစ်နီးပါးအကြာမှာ အာဏာပါထပ်သိမ်းလိုက်တဲ့နောက်မှာတော့ မအေမီတယောက် သူ့ရဲ့မြင်းလှည်းကိုပါ ရောင်းလိုက်ရတဲ့အထိ စီးပွားရေးအခြေအနေဆိုးရွားသွားခဲ့ရပါတယ်။

“ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်တဲ့ အချိန်တုန်းက အကန့်အသတ်တွေ လုပ်ထားပေမယ့် ပြည်တွင်းခရီးသွားဧည့်သည် တွေ လာသေးတော့ တစ်လမှာ နှစ်ခေါက်သုံးခေါက် ထွက်ရုံနဲ့ စားဝတ်နေရေးက ဖြေရှင်းလို့ ရသေးတယ်။ အခုအာဏာသိမ်း လိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကျတော့ လုံးဝမထွက်ရတော့ဘူး။ အခြေအနေက ပိုဆိုးသွားတယ်။ အာဏာသိမ်းတာရဲ့ ရိုက်ခတ်မှုက ကျွန်မတို့လို အောက်ခြေလူတန်းစားတွေကို တော်တော်ကြီးကြီးကို ထိတယ်။ မြင်းလှည်းတောင် ရောင်းလိုက်ရတဲ့ ဘဝရောက်သွားတယ်”လို့ မအေမီက ဝမ်းပန်းတနည်း ပြောပြပါတယ်။

ဒီပြဿနာဟာ မအေမီတယောက်ထဲကြုံရတာမဟုတ်ဘဲ ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ ဟိုတယ်လုပ်ငန်းတွေကစလို့ ဘဝတူမြင်းလှည်းမောင်းသူတွေ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ အထိ စီးပွားပျက်ကပ်ဆိုက်ကြရတာပါ။

လုပ်ငန်းလုပ်ကိုင်ရ ခက်ခဲတော့ စားဝတ်နေ‌ရေးက အဆင်မပြေကြပါဘူး။ အခုဆိုရင် တချို့က ဆိုင်ခန်းတွေ ပိတ်သိမ်းရတာတွေ၊ ရောင်းစားရတာတွေ၊ ခရီးသွားတွေကို ဆွဲဆောင်တဲ့ မြင်းလှည်းစတဲ့ လုပ်ငန်းသုံးတွေ ရောင်းတာတွေရှိသလို မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို တရားမဝင်နည်းလမ်းတွေနဲ့ သွားပြီး အလုပ်လုပ်နေသူတွေတောင် အင်းဝနယ်ဘက်မှာ ရှိလာတဲ့ အထိ ဖြစ်နေတာပါ။

မအေမီတို့ မိသားစုက သူမရဲ့ အမျိုးသား၊ ကျောင်းနေအရွယ်ကလေးနှစ်‌ယောက်နဲ့ စုစုပေါင်း မိသားစု ၄ ဦးရှိတာဖြစ်ပြီး မြင်းလှည်းမောင်းတဲ့ ဝင်ငွေလေးနဲ့ စားဝတ်နေရေး၊ ကလေးတွေရဲ့ ကျောင်းစရိတ်ကို ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ခရီးသွားလုပ်ငန်းကို မှီခိုပြီး ဝင်ငွေ ရှာမရတာကြောင့် မအေမီတို့ လင်မယားနှစ်ယောက်လုံး အကြွေးနဲ့ ဝယ်ထားတဲ့ မြင်းလှည်းရော၊ မြင်းကိုရော ရောင်း အကြွေးဆပ်ပြီး ရပ်ရွာထဲမှာ လယ်စာရင်းငှား၊ ကောက်စိုက်၊ ပျိုးရိတ်၊ ထင်းခွဲ၊ အိမ်အကူစတဲ့ ပိုက်ဆံရှိတဲ့သူတွေက ခေါ်ခိုင်းတဲ့ ကျပန်းအလုပ်တွေကို လိုက်လုပ်ရင်း မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပါတယ်။

“အမျိုးသားက အလုပ်မရှိတဲ့ ရက်ကများတယ်။ ကျွန်မပဲ ကျပန်းလိုက်လုပ်ပြီး စားဖို့ ဖြေရှင်းရတယ်။ ကလေးတွေလဲ ကျောင်း မထားဘူး။ ကျွန်မရတဲ့ ပိုက်ဆံကလည်း တစ်ရက်မှ ၂၅၀၀ ကျပ်နဲ့ ၃၀၀၀ ကျပ်လောက်ဆိုတော့ ဆန်ဖိုးသာသာပဲ ရတယ်။ အခုတော့ ထမင်းတောင် နပ်မှန်အောင် မနည်းရှာစားနေရတယ်”လို့ မအေမီက ပြောပြပါတယ်။

အရပ်ထဲ ကျပန်းလိုက်လုပ်တာတောင်မှ ထမ်းနပ်မမှန်တဲ့ ဘဝမှာ စစ်ကောင်စီအစိုးရက မီတာခတွေကို သုံးလစာ ပေးဆောင် ဖို့ မီတာစာရွက်ရောက်ရှိနေတာကြောင့်လည်း မအေမီတို့မိသားစု လက်ရှိမှာ အခက်တွေ့နေရပြန်ပါတယ်။

ကိုဗစ်စဖြစ်တဲ့အချိန်မှာတုန်းက NLD အစိုးရက ကပ်ရောဂါကြောင့် မီတာ ယူနစ် ၁၅၀ အောက်ကို ကင်းလွတ်ခွင့်ပြုခဲ့တာရှိတဲ့အတွက် မပေးရတဲ့ လတွေကများလို့ မအေမီတို့လို အခြေခံလူတန်းစားတွေ အသက်ရှူချောင်ခဲ့ကြရပါတယ်။

အခုချိန်မှာတော့ ကိုဗစ်ရဲ့ တတိယလိူင်း ကူးစက်မှုတွေက လျှင်မြန်နေသလို အာဏာသိမ်းခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း မြန်မာပြည်သူတွေ ခံစားနေကြရပါပြီ။

“အမတို့ကလည်း စာမတတ်တော့ သူတို့ပေးတဲ့ စာရွက်အရ နှစ်လပြတ်တွေရော၊ သုံးလပြတ်တွေရော လာတယ်။ ဒီလတော့ ၃ လပေါင်း ငွေကျပ် ၆ သောင်းပေးရမယ်လို့ပြောတယ်။ အမတော့ တော်တော့်ကို စိတ်ညစ်တာပဲ”ဟု မအေမီက စိတ်လက် မသက်မသာနဲ့ ပြောပြပါတယ်။

အရပ်ထဲတွင် ကျပန်းလုပ်တာမှာ တစ်ရက်ကို အမျိုးသမီးတစ်ယောက်ရဲ့ လုပ်အားခက ကျပ် ၂၅၀၀ နဲ့ ၃၀၀၀ ကြား ရရှိပြီး ယောက်ျားလေးဆိုရင်တော့ ကျပ် ၅၀၀၀ ကနေ ၆၀၀၀ ကျပ် ရရှိတာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် အကန့်အသတ်တွေကြားက လည်ပတ်နေရတဲ့ မြန်မာ့စီးပွားရေးဟာ အခုဆိုရင် အာဏာသိမ်းတာကြောင့် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကန့်သတ်မှုတွေပါ ရှိလာတဲ့အတွက် အလုပ်လက်မဲ့တွေများလာသလို အငတ်ဘေးနဲ့ ကြုံတွေ့ရမှု များလာမယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WHO) က သတိပေးထားပါသေးတယ်။

“စိုးရိမ်စရာ အကောင်းဆုံးစိန်ခေါ်မှုကာလက နောက်မှာကျန်ရစ်ခဲ့သလို ဒေတာတွေက အာဏာသိမ်းမှုရဲ့ ရေရှည်အကျိုးဆက် စိုးရိမ်မှုတွေကို ဖော်ပြနေတာပါ။ ဒီကာလမှာ ကျပ်ငွေ-ဒေါ်လာ လဲလှယ်နူန်းဆိုးရွား လာတာကြောင့် ကုန်ဈေးနူန်းတွေ စံချိန်တင် မြင့်တက်တယ်။ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ထုတ်စွမ်းအားမှာ ဖိအားပေးမှုတွေ ရှိသလို ကုမ္ပဏီတွေအနေနဲ့ လက်ရှိအော်ဒါနဲ့ အော်ဒါသစ်တွေကို ပြီးမြောက်အောင် လုပ်ဖို့ အခက်အခဲတွေ ရှိနေတာက ပြည်ပရင်းနှီးမြှပ်နှံမှုတွေကို တိုက်ရိုက် ခြိမ်းခြောက်နိုင်တယ်”လို့ IHS Markit မှ စီးပွားရေး ပညာရှင် Shreeya Patel က မြန်မာ့ထုတ်လုပ်မှု PMI အညွှန်းကိန်းများ စစ်တမ်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီဖိအားတွေက ယာယီမျှသာလို့ ကုမ္ပဏီတွေက မျှော်လင့်ထားပေမယ့် လောလောဆယ်မှာတော့ ကုန်သွယ်ရေး အခြေအနေက အားရစရာ မရှိသေးဘူးလို့လည်း သူက သုံးသပ်ထားပါတယ်။

မအေမီလိုဘဲ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့က လက်ဖက်လုပ်ငန်းရှင်မနန်းမူလဲ ကိုဗစ်နဲ့ အာဏာသိမ်းပွဲတွေကြောင့် စီးပွားရေးကမောက်ကမ ဖြစ်ခဲ့ရပြန်ပါတယ်။

ကိုဗစ်ကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းက ပြည်တွင်းစားသုံးမှုနဲ့ တရုတ်ပြည်ဘက်တင်ပို့မှု ကျဆင်းလာတာကြောင့် လက်ဖက်လုပ်ငန်းဟာ အတော်လေးထိခိုက်ခဲ့ပါတယ်။

“အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း ကိုဗစ်ထက် အခြေအနေ အများကြီးဆိုးတယ်။ စိတ်ပိုင်းဆိုင်ရာက အစထိခိုက်တယ်။ ဘာလို့လဲဆိုတော့ လုပ်ကိုင်လို့ ရတဲ့ အလုပ်တွေတောင် စစ်ကောင်စီနဲ့ ဆက်စပ်ပြီး လုပ်ရမယ့် အလုပ်တွေဖြစ်လို့ လက်တွဲ လုပ်နေတဲ့ ဝယ်လက်တွေက မလုပ်ချင်ဘူး။ အဲဒီလိုပြဿနာတွေကို အဆိုးရွားဆုံးအနေနဲ့ ရင်ဆိုင်နေရတယ်”လို့ ပင်းတယမြို့မှ လက်ဖက်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် မနန်းမူက ပြောပြပါတယ်။

လုပ်ငန်း ဆက်လုပ်မယ်ဆိုရင် လိုင်စင်သက်တမ်း ထပ်တိုးရမှာတွေ အခွန်သက်တမ်းတိုးရမှာတွေ လုပ်ငန်းအတွက် လိုအပ် လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေကြောင့် နောက်ဆုံးပိုက်ဆံမရရင် နေပါစေ သူတို့(စစ်ကောင်စီ)နဲ့ မဆက်ဆံဘူး ဆိုတဲ့ သူတွေလည်း ရှိလာတဲ့အတွက် အခုကာလက ကိုဗစ်ထက် ဖိအားတွေ ပိုများနေတာပါ။

“ပြီးခဲ့တဲ့ နှစ်က ၅၀ ရာခိုင်နူန်းထုတ်နိုင်ရင် အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ၂၀ ရာခိုင်နူန်း လောက်ပဲ ထုတ်လုပ်ပြီး လုပ်ငန်းလည်ပတ်နိုင်တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နူန်းလောက်က ဆုံးရှုံးသွားတယ်”လို့ မနန်းမူက သူမရဲ့ လက်ရှိ လုပ်ငန်းလုပ် ကိုင်နိုင်တဲ့ အခြေအနေကို ပြောပြပါတယ်။

နောက်ပြီး စီးပွားရေးလုပ်ငန်းတွေတော်တော်များများက အခုချိန်မှာ ကန့်သတ်ချက်တွေ နဲ့ လုပ်နေရတာဖြစ်တဲ့အတွက် တော်တော်လေးတော့ အခက်အခဲတွေ ရှိကြပါတယ်။

“ကိုဗစ်နဲ့က ဒီရောဂါကြီးပြီးသွားရင် ဆိုတဲ့စိတ်နဲ့ တက်တက်ကြွကြွလုပ်နိုင်သေးတယ်။ အခုကတော့ နိုင်ငံရေး မြန်မြန် တည်ငြိမ်သွားဖို့ လိုတဲ့အတွက် စီးပွားရေးဘက်ကို အာရုံမစိုက်နိုင်ဘူး။ ဝယ်လက်တွေကို ချိတ်ဆက်ဖို့ကျတော့လည်း စောင့်ကြည့်မှုတွေ ရှိနေတဲ့အတွက် မလုပ်နိုင်ဘူး။ ဘဏ်စနစ်ကလည်း အခက်အခဲတွေ ဖြစ်တဲ့အတွက် ငွေကြေး မလှည့်ပတ်နိုင်ဘူး”လို့ မနန်းမူက ပြောပါတယ်။

အာဏာသိမ်းလိုက်ထဲက ဈေးကွက်ကလည်း ပျက်သလို နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့လည်း မြန်မာ့ထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေက ကန့်သတ်လာနိုင်တဲ့ အနေအထားတွေ ရှိနေတာကြောင့် စီးပွားရေးလုပ်ကိုင်ရာမှာ ခက်ခဲနေတာပါ။

ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေက တော်တော်ကို ထိခိုက်မှုတွေရှိနေတဲ့ အခြေအနေမှာ တစ်ပူပေါ်တစ်ပူဆင့်သလို အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ လုပ်ငန်းတွေ အားလုံး ယိုင်လဲသွားတာပါ။

အခုချိန်မှာတော့ ကပ်ရောဂါရဲ့ ရိုက်ခတ်မှု၊ အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဝင်ငွေနည်း တစ်နေ့လုပ်တစ်နေ့စား အောက်ခြေလူတန်းစားတွေက အလူးအလဲခံစားနေကြရပါပြီ။

စီးပွားရေးကဏ္ဍကိုကြည့်မယ်ဆိုရင် ဟိုတယ်တွေ ထုတ်ရောင်းနေတဲ့ လုပ်ငန်းရှင်ကြီးတွေ သာမက စက်ရုံပိတ်သိမ်းမှုတွေ၊ ဥယျာဉ်ခြံမြေလုပ်ငန်းတွေ အများစုထုတ်ရောင်းနေတာကို လက်ရှိမှာတွေ့မြင်နေရပြီး အရောင်းအဝယ်ဖြစ်တာတော့ နည်းပါးတဲ့ အခြေအနေပါ။

ပြီးခဲ့နှစ်ကစလို့ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်လို့ မရပေမယ့် ပြည်တွင်းခရီးသွားလေး အနည်းအကျဉ်း ကျန်သေးတော့ လုပ်လို့ ရတဲ့ အခြေအနေမှာပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်မှာတော့ ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ အပါအဝင် မအေမီတို့လို ဧည့်မျှော်ပြီး လုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေက ပြိုလဲခဲ့ရတာပါ။

“အခုကတော့ ပြည်တွင်းဧည့်သည်လည်း မလာတော့သလို ပြည်ပဧည့်သည်လည်း မျှော်လင့်လို့ မရတော့ပါဘူးဆိုတော့ စိတ်အားလည်းငယ်ပါတယ်။ ဘာတွေဆက်လုပ်ရမလဲဆိုတဲ့ အတွေးနဲ့ ဖြတ်ကျော်နေရတဲ့အတွက် တိုင်းပြည်ကိုလည်း အေးချမ်းစေချင်နေပါပြီ”လို့ မအေမီက စိတ်မောစွာ မျှော်လင့်နေပါတယ်။

Related Articles