မြတ်စုမွန်။ ။
ကျမတို့လမ်းထိပ်မှာ လမ်းလေးခွဆုံရှိတယ်။ ကျမခပ်ငယ်ငယ်က ညနေခင်းတစ်ခုမှာ အဒေါ်ကြီးတယောက်ဟာ အဲဒီ လမ်းလေးခွဆုံ ဧရိယာမှာ မြေတွင်းလေးတခုကို တူးနေတယ်။ သူ့ဘေးမှာ သုံးနှစ်ဝန်းကျင်အရွယ် ကလေးတစ်ယောက် ရပ်ကြည့်နေတယ်။ သူ့လက်သီးဆုပ်ထဲမှာ တခုခုကို ကိုင်ထားတယ်။
သူတို့ မြေးအဘွား နှစ်ယောက်ကို မြင်ရတာ စိတ်ဝင်စားဖို့ကောင်းလို့ ကျမလည်း အနားကို ကပ်သွားကြည့်ပြီး ဘာလုပ်နေ သလဲ မေးမိတယ်။ အဒေါ်ကြီးကဖြေတယ်။ သူ့မြေးကလေးရဲ့ ဝှေးဥကလေးက ကြီးလာလို့ နေမကောင်း ဖြစ်နေတယ်။ ဇာတိပ္ဖိုလ်သီးကိုမီးဖုတ်ပြီး လမ်းဆုံလမ်းခွ လမ်းလေးခွမှာ မြုပ်ရင် ကောင်းတယ်ဆိုလို့ နေကောင်းအောင် မြုပ်မလို့ လုပ်နေတာတဲ့။
ပြီးတော့ ကောင်လေးလက်ထဲက ဇာလိဖိုလ်သီးလေးကိုယူပြီး ကျင်းထဲထည့်လိုက်တယ်။ မြေမြုပ်တယ်။ ကောင်လေး လက်ကိုဆွဲပြီး ပြန်ထွက်သွားတဲ့ အဒေါ်ကြီးတို့ မြေးအဘွားကို လှမ်းကြည့်ရင်း ကျမစဉ်းစားတယ်။ မြေကြီးထဲက ဇာတိပ္ဖိုလ် သီးက ဒီကလေးကို နေကောင်းအောင် ဘယ်လိုလုပ်ပေးနိုင်မလဲပေါ့။ ကျမအဖြေမသိဘူး။
ဒါပေမယ့် လမ်းဆုံလမ်းခွ လမ်းလေးခွမြင်တိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က တွေ့ဖူးတဲ့ အဲဒီမြေးအဘွား နှစ်ယောက် အကြောင်းကို ကျမ ခုထိ ပြန်ပြီး အမှတ်ရတယ်။ မြေမြုပ်ခံရတဲ့ ဇာတိပ္ဖိုလ်သီးဟာ အဲဒီကလေး ပြန်နေကောင်း အောင် မလုပ်နိုင်ဘူး၊ ဘာသုတေသန ရလာဒ်မရှိဘဲ ရှေးလူကြီးတွေ ပြောခဲ့တာဆိုတဲ့ အချက်လေးတခုနဲ့တင် ယုံကြည်မှုထားပြီး လိုက်လုပ်ကြတဲ့ မြန်မာ့နည်းမြန်မာ့ဟန် အယူအဆတွေပဲဆိုတာ တဖြည်းဖြည်း သဘောပေါက် လာတယ်။
သားဦးမိခင်တစ်ယောက်ဖြစ်လာတဲ့ ကျမဟာ အဲဒီ မြန်မာ့နည်းမြန်မာ့ဟန် ကုထံုံးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှောင်တိမ်း ဖို့ တော်တော်ကြိုးစားခဲ့ရတယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ ဆရာဝန်တွေ၊ သူနာပြုတွေက အစားမရှောင်ဖို့၊ အားရှိ အောင်၊ ဗိုက်တာမင် အစုံရအောင်၊ အစာအုပ်စု မျှတစွာရအောင် နေထိုင်စားသောက်ဖို့ ညွှန်ကြားကြတယ်။ ကျမ မိခင်အပါအဝင် ကျမပတ်ဝန်းကျင်က ကလေးမွေးဖူးသူတိုင်းကတော့ ကျမကို “ ၇နှစ်က ရောဂါပြန်ပေါ်တတ်တယ်၊ ရွှေဖရုံသီး မစားနဲ့” ဆိုတာကစလို့ ဟိုဟာမစားနဲ့၊ ဒီဟာမစားနဲ့စတဲ့ အမျိုးမျိုးသော မြန်မာ့နည်း မြန်မာ့ဟန်အယူအဆ တွေအကြောင်းကို ဝိုင်းပြောကြတယ်။
“ ကိုယ်ဝန်ဆောင်ဆိုတာ နေ့ခင်းနေ့လည် မအိပ်ရဘူး၊ ကလေး လေပါတတ်တယ်” ၊ “ညဘက်ရေမချိုးနဲ့၊ ရေပေါင်တက် တယ်” စတဲ့ အမျိုးမျိုးသော ကန့်သတ်ချက်တွေကို အကြံပြုကြတယ်။
သားဦးမိခင်တယောက် ဖြစ်လာပြန်တော့ ကျမပတ်ဝန်းကျင်က “ငါက ကလေးဘယ်နှစ်ယောက်မွေးဖူးတာ ပိုသိတယ်” ဆိုတဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေရဲ့ အကြံပေးချက်တွေကို ထပ်ကြားရပြန်တယ်။
“သွေးနုနုမှာ ကြက်ဥ၊ ဘဲဥ မစားရဘူး၊ နူတတ်တယ်”
“ဟင်းသီးဟင်းရွက်တွေမစားရဘူး၊ ကလေးဝမ်းစိမ်းသွားတတ်တယ်”
“ကြက်သားမစားရဘူး၊ ကလေးချောင်းဆိုးမယ်”
“ကန်စွမ်းဥ မစားရဘူး၊ မျက်နှာမှာ အမည်းကွက်ပေါ်တတ်တယ်”
“ပဲ မစားရဘူး၊ ကလေးလေပွမယ်”
စတဲ့ ဘယ်သူစလိုက်မှန်းမသိတဲ့၊ သူတို့ကိုယ်တိုင်လည်း အစဉ်အဆက်လိုက်နာကျင့်သုံးခဲ့တဲ့ အယူအဆပေါင်းများစွာကို ကျမကြားရတယ်။
ကလေး ၃၊ ၄လအရွယ်ရောက်တော့ ကလေးသွားရည်ကျတဲ့အခါ သူငယ်နာလို့ နာမည်တပ်တယ်။ ပြီးတော့ လမ်းပေါ်မှာ ကျနေတဲ့ ငရုတ်သီးကိုကောက်ပြီး လျှာကို တို့ခိုင်းတာ၊ ဆွဲဆိတ်ခိုင်းတာ၊ ကလေးလန့်သွားအောင် အသံကျယ်ကျယ်နဲ့ ခြောက်လှန့်ခိုင်းတာမျိုးတွေ လုပ်ခိုင်းကြပြန်တယ်။
ကလေးအစာစားတတ်တဲ့ရွယ်ရောက်လာတော့ ချောင်းဆိုးမှာစိုးလို့ ကြက်သားမကျွေးခိုင်းတာ၊ လေပွမှာစိုးလို့ ပဲ၊ အာလူး၊ ခေါက်ဆွဲ မကျွေးခိုင်းတာ၊ ကြက်ဥကျွေးရင် ကလေးဉာဏ်ထိုင်းတတ်တယ်၊ ငါးကျွေးရင် သန်ထတတ်တယ် ဆိုတာမျိုးတွေ အကြိမ်ပေါင်းများစွာကြားရပါတယ်။
သူတို့ရဲ့ ဂရုတစိုက်နဲ့ အကြံပေးချက်တွေကို ဟုတ်မှတ်နိုးနိုးထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တော့မယ်လို့ စတင်ဆုံးဖြတ်ကတည်းက ဖတ်မှတ်လေ့လာနေတဲ့ ကိုယ်ဝန်ဆောင် သိမှတ်စရာ၊ ကလေး ပြုစုစောင့်ရှောက်ရေး နည်းလမ်းတွေပါဝင်တဲ့ စာပေတွေနဲ့ ကွဲပြားဆန့်ကျင် နေတာတွေ့ရတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဘာတွေစားသင့်တယ်၊ ဘာတွေ မစားသင့်ဘူးဆိုတဲ့ ဗဟုသုတွေတွေ၊ မွေးကင်းစကလေး ပြုစု ပျိုးထောင်ရေးနည်းလမ်းတွေကို အင်တာနက် စာမျက်နှာတွေမှာ ရှာဖွေကြည့်တယ်။ လက်လှမ်းမီသလောက် စုဆောင်း ထားတဲ့ စာပေတွေနဲ့ ခေတ်အမြင်ရှိတဲ့ မိတ်ဆွေမိခင်တွေက လက်ဆောင်အဖြစ်ပေးထားတဲ့ စာအုပ်စာတမ်းတွေကို ဖတ်ရှှု လေ့လာခဲ့တယ်။
အင်တာနက်စာမျက်နှာတွေကနေတဆင့် လေ့လာနိုင်မှု အားကောင်းလာတဲ့ ဒီခေတ်မှာ သားဦးမိခင်ဖြစ်လာတဲ့ ကျမဟာ ကလေးအထူးကု ဆရာဝန်ကြီးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို မျက်ခြေမပြတ်စောင့်ကြည့်၊ အာဟာရဆရာဝန်ကြီး တွေရဲ့ အကြံပြုချက်တွေကို ဖတ်မှတ်လေ့လာပြီး ကလေးကို ပြုစုစောင့်ရှောက်ခဲ့တယ်။
အဲဒီအခါမှာ ကိုယ်ဝန်ဆောင်ကတည်းကနေ အခု သားဦးမိခင်တယောက် ဖြစ်နေတဲ့တလျှောက်လုံး ကျမနဲ့ ကျမ ပတ်ဝန်း ကျင်က အဒေါ်ကြီးတွေရဲ့ သဘောထားကွဲလွဲမှုတွေဟာ အမြဲတစေရှိနေခဲ့တယ်။
ကျမရဲ့ ကလေးကို ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးဖွားခဲ့တယ်။ အဲဒီဆေးရုံကြီးရဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ကိန်းဂဏာန်းတွေအရ တစ်လမှာ ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၅၀၀နဲ့ ၆၀၀ ဦးရေကို မွေးဖွားပေးရတယ်လို့သိရတယ်။
“ တစ်နှစ်မှာ ကလေးအယောက် ၆,၀၀၀ လောက်မွေးပေးနေရတဲ့ ဆရာဝန်၊ ဆရာမ စကားတွေကိုပဲနားထောင်မယ်၊ သုတေသနရလာဒ်တွေအပေါ် အခြေခံပြီး ရေးထားတဲ့ စာအုပ်တွေက ပြောတဲ့စကားကိုပဲ နားထောင်မယ်” လို့ ကျမက အရပ်ထဲက အဒေါ်ကြီးတွေကို ပြန်ပြောခဲ့တယ်။ အဲဒီအတိုင်းပဲ ကျင့်သုံးနေထိုင်ခဲ့တယ်။
“ကလေးကို ၆လအထိ ရေမတိုက်ဘူးဟုတ်လား၊ ရက်စက်လိုက်တာ၊ လူကြီးတောင်ရေဆာရင် ဘယ်လိုနေလဲ”
“အခုမှ သားဦးမွေးဖူးတော့ မသိသေးဘူး၊ သွေးဆုံးတော့မှ ဒုက္ခရောက်မယ်”
စတဲ့ စကားနာထိုးမှုတွေ၊ ရိသလို ထေ့သလို စကားလုံးတွေကို လျှစ်လျှူရှှုနိုင်ဖို့ တော်တော်ကြိုးစားခဲ့ရတယ်။ အစပိုင်းမှာ သူတို့ပြောသမျှ ဒေါသဖြစ်မိပေမယ့် နောက်ပိုင်းမှာ ဒါဟာ ကျမတို့လို သားဦးမိခင်တွေအပါအဝင်၊ မြန်မာပြည်က ကလေး တွေ အားလုံးအတွက် အန္တရာယ်ဆိုတာ တွေးမိတယ်။
မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ ကိုယ်ဝန်ဆောင်မိခင် သေဆုံးနှုန်း၊ မွေးကင်းစကလေးငယ် သေဆုံးနှုန်းတွေ၊ ငါးနှစ် အောက်ကလေး သေဆုံးနှုန်းတွေ အလွန်မြင့်တဲ့ တိုင်းပြည်ထဲမှာ ပါနေတာတွေကို သိရတော့ ကျမတို့ မိခင်တွေနဲ့ ကျမတို့ ကလေးတွေကို သတ်နေတာဟာ ဘယ်သူတွေလဲ။
နိုင်ငံဆင်းရဲချို့တဲ့လို့၊ နိုင်ငံသားတဦးချင်းစီရဲ့ ဝင်ငွေနည်းပါးလို့၊ အားကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ လက်လှမ်းမမီလို့ စတဲ့ အချက်တွေက အဓိက တရားခံတွေပါပဲ။ အဲဒီလို အဓိကတရားခံအကြောင်းတရားတွေရဲ့ ရလာဒ်အကျိုးတရားကတော့ ဘာသုတေသန ရလာဒ်မှ မရှိဘဲ “ရှေးလူကြီးတွေပြောတာပဲလေ” ဆိုတဲ့ တချို့အကြံတွေ ကို လက်ခံကျင့်သုံးနေခြင်းပါပဲ။
တလောက သားသည်မိခင်တွေချည်းပဲရှိတဲ့ လူမှုကွန်ရက်စာမျက်နှာအဖွဲ့လေးတခုထဲမှာ သားဦးမိခင်တယောက်က သူသိ ချင်တဲ့ မေးခွန်းလေးတခုကိုမေးတယ်။
“ ကျမကလေး ပါးစပ်မှာ အဖြူအကွက်လေးတွေ ပေါက်နေတယ်၊ နို့လည်း ကောင်းကောင်းမစို့ဘူး၊ ဘယ်လို လုပ်ရမလဲ အကြံပေးကြပါ မေမေတို့ရေ” တဲ့။
သူ့မေးခွန်းအောက်မှာ သားသည်မိခင်တွေက မှတ်ချက်တွေ ရေးပေးကြတယ်။ဆေးနည်းတွေ ပေးကြတယ်။ တချို့က ကလေးအထူးကုဆရာဝန်တွေ ညွှန်ကြားတဲ့နည်းလမ်းတွေဖြစ်ပြီး၊ အများစုက အရပ်ထဲက ရှေးအယူအဆတွေ ဖြစ်နေ တတ်တယ်။ စိတ်ထဲ မှတ်မိနေတဲ့ မှတ်ချက်တချို့ရှိတယ်။
“ကလေးသေးစိုဝတ်နဲ့ ကလေးပါးစပ်ကို အသက်အောင့်ပြီး သုတ်ပါ”
“မအေရဲ့ဆံပင်နဲ့ ကလေးပါးစပ်ကို ပွတ်ရင်ပျောက်တယ်”
“မန်းမှ ပျောက်မယ်၊ မန်းတတ်တဲ့သူဆီမှာ သွားမန်းမှုတ်ပါ”
“တီကောင်ဖမ်း၊ ရေစင်အောင်ဆေးပြီး ကလေးပါးစပ်ကို တီကောင်နဲ့ ပွတ်ပါ”
“ တီကောင်ကို နှစ်ပိုင်း ပိုင်းပြီး ထွက်လာတဲ့ သဲအမှုန်တွေနဲ့ ပါးစပ်ကို ပွတ်ပါ၊ ကိုယ်တွေ့ပါ၊ ကျမကလေးတုန်းက အဲဒီနည်းနဲ့နှစ်ကြိမ်လောက်နဲ့ ပျောက်တယ်”
ဒါက လူမှုကွန်ရက်ပေါ်က တဦးနဲ့တဦး အကြံပြုကြဖို့၊ သိချင်တာတွေ မေးကြဖို့ ဖွဲ့ထားတဲ့ မိခင်တွေချည်းပဲ သီးသန့်ရှိနေတဲ့ အဖွဲ့လေးတွေထဲမှာ ကျမနေ့စဉ်တွေ့မြင်နေရတဲ့ သားဦးမိခင်တွေရဲ့ စိုးရိမ်ပူပင်မှုအပြည့်နဲ့ မေးခွန်းမျိုးတွေနဲ့၊ ဝိုင်းဝန်း အကြံပြုကြတဲ့ အဖြေနမူနာတွေပါ။
ကလေးရဲ့ ပါးစပ်က အဖြူဖတ်တွေဟာ မက်ခရုလို့ခေါ်ပြီး ကလေးအထူးကု ဆရာဝန်တွေညွှန်းတဲ့ ခံတွင်းလိမ်းဆေးလေး တစ်မျိုးကို လိမ်းသင့်ကြောင်း မိခင်တစ်ဦ်းရဲ့ အကြံပြုချက်လေးတခုဟာ စောစောက အဖြေတွေကြားမှာ ပျောက်နေတယ်။
ရက်သားအရွယ်ကလေးနုနုငယ်ငယ်လေးကို ခေါင်းတုံးရိတ်ခိုင်းတာကစပြီး၊ သူငယ်နာစင်အောင် ကျားရိုးကို သွေးတိုက်ခိုင်း တာ၊ ကျန်းမာရေးကောင်းအောင် စပါးကြီးသည်းခြေခွံံ့ခိုင်းတာ အစရှိတဲ့ဆေးနည်းပေါင်းများစွာလည်း အမြဲလိုလိုတွေ့ရ တယ်။ တွေ့ရတိုင်း စိတ်မသက်သာ ဖြစ်မိတယ်။
ဒါမျိုးတွေကို မကြာမကြာ ဖတ်မိ၊ မြင်မိတော့ စစ်ပွဲတွေကသာ ကလေးတွေကို သတ်နိုင်စွမ်းရှိတာမဟုတ်၊ မိခင်တွေ အသိပညာလွဲမှားစွာရရှိစေခြင်းကလည်း ကလေးတွေကို သတ်နိုင်စွမ်းရှိတယ်ဆိုတာကို ရုတ်တရက်တွေးမိတယ်။
၂၀၂၀ ခုနှစ်၊ မြန်မာပြည်မှာ ကိုဗစ်ကပ်ဘေး စတင် ဆိုက်ရောက်လာတော့ ဆေးရုံဆေးခန်းတွေကို သွားလာဖို့ မလွယ်ကူ ကြတော့ဘူး။ အဲဒီအခါမှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဘာတွေ ပြောင်းလဲလာသလဲဆိုတော့ ကလေးမိဘတွေအတွက် အခမဲ့ကူညီပေးမယ့် ကလေးကျန်းမာရေးစာမျက်နှာတွေ အများကြီးပေါ်ထွက်လာတယ်။
မြန်မာပြည်က ထိပ်တန်းကလေးအထူးကုဆရာဝန်ကြီးတွေ၊ အမေရိကန်၊ အင်္ဂလန်လို နိုင်ငံကြီးတွေမှာ အခြေချေ နထိုင်တဲ့ မြန်မာ ကလေးအထူးကု ဆရာဝန်ကြီးတွေ၊ သူနာပြုဆရာဆရာမတွေဟာ လူမှုကွန်ရက်ပေါ်ကနေ ကလေးပြုစု စောင့်ရှောက်ရေးနည်းလမ်းတွေကို ဝေငှခဲ့ကြတယ်။
ပုဂ္ဂလိက အထူးကုဆေးခန်းတွေမှာ ဆေးကုသခတွေကို မိနစ်နဲ့ တွက်ချက်ပြီး တန်ဖိုးဖြတ်တဲ့ ဒိတ်ဒိတ်ကျဲ ကလေးဆရာဝန် ကြီးတွေဟာ ပြည်သူကို အခမဲ့ ကူညီစောင့်ရှောက်ပေးခဲ့ ကြတယ်။ သူတို့ရဲ့ တယ်လီဖုန်းနံပတ်တွေကို မျှဝေခဲ့သလို၊ လူမှု ကွန်ရက်ကနေ စာပို့ပြီး သိချင်တာတွေ မေးလို့ရတဲ့ နည်းလမ်းတွေကို ဖန်တီးပေးကြတယ်။
သတင်းတွေဖတ်လို့ရတဲ့ တယ်လီဖုန်းတလုံးရှိရုံနဲ့ မိဘတိုင်း လက်လှမ်းမီအောင် အချိန်တွေပေးခဲ့ကြတယ်။ ဆေးရုံဆေးခန်း သွားရမယ့် အခြေအနေဆိုတာဘာလဲ၊ အိမ်မှာ ကုသလို့ရနိုင်တဲ့ သာမာန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေက ဘာလဲဆိုတာ နားလည်သဘောပေါက်လွယ်အောင် ရှင်းပြပေးခဲ့ကြတယ်။ အသဲအသန် အခြေအနေမျိုးမဟုတ်ဘဲ သာမာန်အသေးအမွှား ကျန်းမာရေးကိစ္စလောက်ကို အိမ်မှာပဲ ကုသနိုင်မယ့် နည်းလမ်းတွေရရှိစေခဲ့တာဟာ ကျမ အပါအဝင် မိခင်တွေ၊ ကလေး အုပ်ထိန်းသူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါပဲ။
အဲဒီလို နှလုံးလှ ဆရာဝန်ကြီးတွေရဲ့ ကျေးဇူးနဲ့ ကိုဗစ်ပထမလှိုင်းကစပြီး ခုချိန်ထိ သားဦးမိခင်ဖြစ်တဲ့ ကျမဟာ ကလေးကို အိမ်မှာပဲ ကောင်းစွာစောင့်ရှောက်နိုင်ခဲ့ပါတယ်။
အခု ကိုဗစ်တတိယလှိုင်းက ကျမတို့တိုင်းပြည်ကို အရှိန်အဟုန်နဲ့ စတင် ကျရောက်နေချိန်မှာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေကနေ ကလေးကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေရယူကြရမယ့် အခြေအနေကို မလွဲမသွေ ပြန်ရောက် လာပြန်ပါပြီ။ အခုလို ခေတ်ကာလမှာ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ မှန်ကန်တဲ့ နည်းလမ်းတွေကို အင်တာနက်စာမျက်နှာတွေပေါ်ကတဆင့် လေ့လာရှာဖွေပြီး လက်တွေ့ပြန်အသုံးချရပါတော့မယ်။
အူကျရောဂါဖြစ်နေတဲ့ကလေးကို ဆေးရုံဆေးခန်းမှာ ကျကျနနကုသဖို့ထက် လမ်းလေးခွဆုံမှာ မြေကျင်းတူးပြီး ဇာတိပ္ဖိုလ် သီး မြေမြုပ်နေတဲ့ အဒေါ်ကြီးတွေ ကျမတို့ တိုင်းပြည်မှာ အများကြီးရှိပါတယ်။ နေထိုင်ရာ ပတ်ဝန်းကျင်မှာလည်းရှိသလို၊ အလွယ်တကူ လက်လှမ်းမီတဲ့ လူမှုကွန်ရက်ပေါ်မှာလည်း ရှိနေကြပါတယ်။
ကျမတို့မိခင်တွေဟာ အဲဒီလို အယူလွဲနေတဲ့ ရှေးရိုးယုံကြည်မှုတွေထဲကနေ ရုန်းထွက်ပြီး၊ တော်သင့်မှန်ကန်တဲ့ နည်းလမ်း တွေကိုသာ လက်တွေ့အသုံးချဖို့လိုအပ်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021