Home ဆောင်းပါး ဧည့်မျှော်နေတဲ့ ပုဂံက ဈေးသည်တွေရဲ့သောက

ဧည့်မျှော်နေတဲ့ ပုဂံက ဈေးသည်တွေရဲ့သောက

ရှင်ငြိမ်း။ ။

ပထမမြန်မာနိုင်ငံလို့ တင်စားကြတဲ့ပုဂံဟာ ရာစုနှစ်အတော်ကြာမှေးမှိန်နေရာကနေ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပြန်လည်ဆန်းပွင့်လာခဲ့ပါတယ်။

၂၀၁၀ နောက်ပိုင်း စစ်အုပ်ချုပ်ရေးကနေနိုင်ငံရေးအပြောင်းအလဲတွေလုပ်ခဲ့တဲ့နောက် ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြပါတယ်။

“လှည်းဝင်ရိုးသံ တညံညံ” ဆိုရိုးအတိုင်း (၉) ရာစုကနေ (၁၃) ရာစုအကြားက ပုဂံခေတ်လက်ရာ ဗုဒ္ဓဘာသာဘုရား ကျောင်းကန် အမြောက်အများရှိနေတဲ့ ပုဂံဟာ မြန်မာပြည်က ကမ္ဘာလှည့်ခရီးသွား တွေကို ဆွဲဆောင်တဲ့ ထိပ်တန်း စာရင်းဝင်နေရာတခုဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွား (၄.၃) သန်းလောက်ဝင်ရောက်ခဲ့တဲ့ ၂၀၁၉ တုန်းကဆိုရင်ခရီးသွားတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ဟာ ပုဂံကိုလာရောက်လည်ပတ်ခဲ့တယ်လို့ ခရီးသွားစာရင်းတွေက ဆိုပါတယ်။

ပြည်တွင်းပြည်ပခရီးသွားတွေကြောင့် ဒေါ်လာသန်းနဲ့ချီဝင်ငွေရတာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်ဟာ ပုဂံအတွက် တကျော့ပြန် ရွှေခေတ်လို့တောင်ပြောလို့ရနိုင်တဲ့အထိ စီးပွားရေး ကောင်းခဲ့ပါတယ်။

ဒီလိုအချိန်မှာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာ ရှစ်လနီးပါးကြာအောင် ရပ်တန့်သွားခဲ့တဲ့အတွက် ခရီးသွားလုပ်ငန်းကိုအဓိက အားထားနေရတဲ့ ပုဂံဒေသစီးပွားရေးဟာ အကြီးအကျယ်ထိခိုက်နစ်နာခဲ့ရပါတယ်။

ကိုဗစ်ဒုတိယလှိုင်းပြီးလို့ ခရီးသွားလုပ်ငန်းကို ဖြေလျော့ပေးနေခိုက်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တာ ကြောင့် နလံထဖို့ အားယူနေတဲ့ ပုဂံဒေသစီးပွားရေးဟာ နောက်တကြိမ်အထိနာခဲ့ရပြန်ပါတယ်။

ကိုဗစ်ရောဂါရဲ့ရိုက်ခတ်မှုခံနေရတဲ့အပြင် စစ်အာဏာသိမ်းလိုက်ပြီး ဖိနှိပ်ကန့်သတ်မှုတွေကြောင့် လုပ်ငန်း အားလုံးရပ်သွားရပြီး ပြည်သူတွေဟာ ဝင်ငွေမရှိတော့ဘဲ ဆင်းရဲခက်ခဲမှုတွေကြုံကြရာမှာ ပုဂံဒေသပေါ်လည်း များစွာသက်ရောက်ခဲ့ပါတယ်။

“ဒီကာလ အားလုံးကခက်ခဲကြတယ်ဆိုပေမယ့် ကျမတို့လို့ ဧည့်မျှော်ပြီး အလုပ်လုပ်ရတဲ့သူတွေကတော့ ပိုကျပ် တည်းတာပေါ့။ အရင်ကိုဗစ်ထက် စစ်တပ်ခေတ်မှာ ရှာဖွေရတာ ပိုခက်ခဲတယ်။ ခုဆို အလုပ်မရှိတာ ၂ နှစ်နီးပါး ရှိပြီ။ ရှိတာလေးတွေ ရောင်းစားရင်းနေရတာပေါ့”လို့ အသက် ၃၈ နှစ်အရွယ် မိညိုအေးက ညည်းတွားပါတယ်။

အသားညိုညို၊ မျက်ခုံးကောင်းကောင်း၊ မျက်လုံးမှေးပေမဲ့ နှာတံစင်းပြီး မျက်နှာသွယ်တဲ့ မိညိုအေးဟာ ပုဂံမှာ မွေးတဲ့ ပုဂံသူပါ။ သူ့မှာ ကလေးသုံးယောက်ရှိပြီး ခင်ပွန်းသည်ကတော့ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ဆုံးသွား တာကြောင့် သူတယောက်ထဲအားနဲ့ သားသမီးသုံးယောက်ကို ရှာဖွေကျွေးမွေးနေသူလည်း ဖြစ်ပါတယ်။

မိညိုအေးဟာ သူဖွင့်ထားတဲ့ ပုဂံရွှေစည်းခုံဘုရားနားက ထမင်းဆိုင်လေးမှာ သားသမီးသုံးယောက်နဲ့အကူ နှစ်ယောက်ထားပြီး နှစ် ၃၀ လောက်ကြာအောင် အေးအေးချမ်းချမ်းနဲ့ နေနိုင်ခဲ့ကြတယ်။

လက်ရှိစစ်အုပ်ချုပ်ရေးကာလမှာတော့ ကုန်ဈေးနှုန်းက မြင့်တက်လာပြီး ဝင်ငွေကထိုးကျနေသလို အလုပ်က လည်း မရှိနေတာကြောင့် အခက်အခဲတွေ ပိုမိုကြုံလာကြတာဖြစ်တယ်။

ကုန်ဈေးနှုန်းကတော့ ယခင်ကလည်း တက်နေကြဖြစ်ပေမယ့် ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့်စတဲ့ ဘုရားပွဲတော်ရက်ကြီးတွေမှာ အတိုးချရောင်းရတာကြောင့် ဒီလိုရက်တွေမှာ ဒေသခံဈေးသည်တွေအနေနဲ့ စုဆောင်းငွေရတတ်ကြတယ်။

ဘုရားပွဲတွေဟာ နိုင်ငံခြားသားအများဆုံးလာရောက်လေ့ရှိတဲ့ နိုဝင်ဘာလမှ ဇန်နဝါရီအထိ ကျင်းပလေ့ရှိပြီး ဒီပွဲတော်ကိုရောက်တိုင်း အနယ်နယ်အရပ်ရပ်က ပြည်တွင်းခရီးသွားတွေဟာ နွားလှည်းတွေနဲ့ လာရောက် ကြကာ ကုန်ပစ္စည်းချင်းရောင်းဝယ်ဖလှယ်ကြတဲ့ ဈေးကွက်ကြီးတခုလိုတောင် ဖြစ်နေပါတယ်။

မိညိုအေးတို့လို ထမင်းဆိုင်တွေကတော့ ဒီလိုပြည်တွင်းခရီးသွားတွေကို အဓိက အားပြုရောင်းရတာဖြစ်တဲ့ အတွက် အဲ့လို ဧည့်စည်တဲ့နေ့တွေဆို ထမင်းဆိုင်ပိုင်ရှင်တွေဟာ ခေါင်းတောင်မဖော်နိုင်တော့လောက်အောင် ရောင်းကောင်းနေခဲ့တာပါ။

အဲ့လိုဈေးရောင်းကောင်းတဲ့အချိန်မှာ ကိုဗစ်ကပ်ရောဂါက ဝင်ပြီး လူမူစီးပွားဘဝတွေကို တိုက်ဖျက်တာခံခဲ့ရ သလို စစ်အာဏာရှင်လက်ထက်မှာ လုပ်ငန်းလုပ်ပိုင်ခွင့်မရအောင် ကန့်သတ်မှုတွေကြောင့် ပြည်သူတွေ ကျပ်တည်းလာတာ ဖြစ်ပါတယ်။

“ဘုရားဖူးက လုံးဝမလာတာမဟုတ်ဘူး။ ပြည်တွင်းခရီးသွားတချို့ဆိုပေမယ့် အိမ်စီးကားတစီး၊ နှစ်စီးပါ။ ကိုယ် ပိုင်ကားတွေလာတော့ ကိုယ့်ဘာသာချက်ပြုတ်လာတော့ မရောင်းရတော့ဘူး။ ခရီးသွားရှိလည်း စားသောက် မယ့်သူလာမှ ရောင်းရမှာလေ”လို့ မိညိုအေးက ရှင်းပြပါတယ်။

ဒီရိုက်ခတ်မှုကြောင့် မိညိုအေးဟာ သူနေထိုင်တဲ့ ပုဂံမြို့သစ်ကနေ ၇ မိုင်ခန့်ဝေးတဲ့ပုဂံကို ယခင်က မြင်းလှည်း ဌားပြီးသွားနိုင်ပေမယ့် ဈေးမရောင်းရတဲ့ ရက်ရှည်လာတဲ့အခါမှာတော့ မြင်းလှည်းတောင်မစီးနိုင်တော့ဘဲ လမ်း လျှောက်သွားရတဲ့အထိ ဖြစ်နေပါပြီ။

ယခင်ကတော့ တနှစ်လုံးမပြောနဲ့ ဘုရားပွဲတော်ရှိတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီ သုံးလကို စာရင်းချုပ်လိုက် ရင် အလုပ်သမားခ၊ ဆိုင်ခန်းခစတဲ့ အထွေထွေကုန်ကျစရိတ်တွေ နုတ်ပြီးတာတောင်မှ သိန်း ၂၀ လောက် အမြတ်ကျန်တဲ့လုပ်ငန်းဟာ အခုတလနှစ်သောင်းတောင် လမှန်အောင်မရတော့ပါဘူး။

အခုတော့ ရှိတာလေးရောင်းလိုက်၊ စုထားတာလေး ထုတ်သုံးလိုက်နဲ့ ကုန်သွားလိုက်နဲ့ နောက်ဆုံးတော့ ထမင်း ဆိုင်က အိုးခွက်ပန်းကန်တွေ နည်းနည်းချင်းထုတ်ရောင်းနေလိုက်တာ အခုဆိုရင်ပစ္စည်းအနည်းငယ်သာ ကျန်ပါ တော့တယ်။

မိသားစုစားသောက်ရေးအပြင် လကုန်ရင်ပေးရမယ့် ဆိုင်ခန်းခတွေ၊ ကြွေးပူတွေကြောင့် နေ့စဉ်တွေးမိတိုင်း ပူ ပန်နေရတာဟာ ရက်ရှည်လာပေမယ့် အသားကျမသွားဘဲ တနေ့တခြား ပို၊ ပိုခေါင်းမီးတောက်ရတယ်လို့ မိညိုအေးက သူရဲ့သောကကို ရင်ဖွင့်ပါတယ်။

တကယ်လို့ သူအနေနဲ့ ထမင်းဆိုင်ဆက်မဖြစ်တော့ရင် ကြွေးပူတွေနဲ့ မိသားစုစားသောက်ဖို့အတွက် မုန့်တီ ဆိုင်လေးဖွင့်ပြီး ညနေမှာတော့ အကြော်ရောင်းဖို့လည်း သူကအစီအစဉ်ရှိနေပါသေးတယ်။

ပုဂံဒေသဟာ ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းရပ်တန့်သွားတာ ၂၀၂၀ ခုနှစ်၊ မတ်လမှစလို့ ယနေ့အချိန်ထိ ၂ နှစ်နီးပါးရှိလာပြီဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေကြရတဲ့ သူတွေအနေနဲ့ စီးပွားရှာဖို့ ခက်ခဲလာတာ ဖြစ်တယ်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ)ရဲ့စာရင်းတွေအရ ၂၀၁၉ မှာ ပုဂံကို နိုင်ငံခြားသားဧည့် သည်ဝင်ရောက်မှု လေးသိန်းကျော်နဲ့ ပြည်တွင်းဧည့်သည် ၁၆၀၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပေမယ့် ၂၀၂၀၊ မတ်လနှောင်းပိုင်းမှစလို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုရပ်တန့်သွားခဲ့တာဟာ ယနေ့အချိန်ထိပါပဲ။

ပုဂံဒေသရှိ ဧည့်လမ်းညွန်လုပ်နေတဲ့ မသီရီကတော့ ဧည့်သည်ဝင်ရောက်မှုကို ရာခိုင်နှုန်းနဲ့ပြောလို့ မရလောက် အောင်ကို နည်းသွားတာဆိုတော့ လက်ရှိဧည့်ဝင်နှုန်းဟာ ယခင်ကထက်စာရင် ၉၀ ရာခိုင်နှုန်းလောက်ကို ကျ သွားတယ်လို့ သူက ခန့်မှန်းပြောပါတယ်။

ကုလသမဂ္ဂဖွံဖြိုး ရေးအစီအစဉ် (UNDP)ကလည်း ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍ တွေမှာ အလုပ်အကိုင်ဆုံးရှုံးတာနဲ့ စားသောက်ကုန်ဈေးနှုန်းတွေတက်လာတာက မြို့ပြဒေသတွေမှာ အဆိုးရွား ဆုံး ရိုက်ခတ်နေပြီး စစ်အုပ်ချုပ်ရေးနဲ့ ကိုဗစ်-၁၉ရဲ့ ထိခိုက်မှုတွေကြောင့် မြန်မာ့လူဦးရေရဲ့ထက်ဝက်သည် ၂၀၂၂ ခုနှစ်မှာ ဆင်းရဲသွားနိုင်တယ်လို့ မေလအတွင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုဖြစ်တဲ့အခါ အခြေအနေက ပိုမိုဆိုးရွားလာပြီး ဆင်းရဲနွမ်းပါးမှုက နောက်ထပ် ၁၂ ရာခိုင်နှုန်းတိုးလာမယ်လို့လည်း ခန့်မှန်းထားပါသေးတယ်။

မိညိုအေးလိုပဲ ပုဂံကို ဧည့်မဝင်တော့လို့ ဒုက္ခအကျပ်အတည်းနဲ့တွေ့နေရသူကတော့ အာနန္ဒာဘုရားနားမှာ အင်္ကျီ၊ ပုတီး၊ ယွန်းအစ်စတဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ဖွင့်ထားတဲ့ မသင်းသင်းမာပဲဖြစ်ပါတယ်။

“ကိုဗစ်ပြီးတော့ ပြည်တွင်းခရီးသွားတွေဝင်လာတော့ ရောင်းရတော့မယ်ဆိုပြီး ပစ္စည်းအသစ်တွေ ထပ်ယူလိုက်မိ တယ်။ စစ်အာဏာသိမ်းတော့ အဲ့ဒီအကြွေးတွေတင်သွားတယ်။ ခုအမေတို့ဆီက ပိုက်ဆံယူပြီးဆပ်နေရတယ်” လို့ သူက ရယ်ကျဲကျဲဆိုပါတယ်။

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မသင်းသင်းမာဟာ ကလေးဘဝကတည်းက ပုဂံဘုရားတွေမှာ ပို့စကဒ် လေးတွေရောင်းလိုက်၊ ဘုရားပန်းရောင်းလိုက်၊ ဘုရားရာဇဝင်လေးတွေ လိုက်လံရှင်းပြပေးရင်းနဲ့ ကိုယ်ပိုင် ဆိုင်လေးဖွင့်နိုင်အောင် ကြိုးစားရုန်းကန်ခဲ့တဲ့သူပါ။

“အမတွေ၊ မောင်တွေရှိတာပဲ သူတို့လယ်လုပ်နိုင်တော့ လုပ်ပေါ့။ ကျမကတော့ မလုပ်နိုင်ဘူးလေ။ ခုအမေ့ဆီ တောင်းတော့လည်း ဘာမှမပြောပါဘူး ပေးလိုက်တယ်။ ဒါမဲ့သူတို့လည်း လယ်တွေမဖြစ်တော့ ခက်ခဲကြတယ်” လို့ မသင်းမာက စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။

ဘုရားပွဲတွေ၊ ဧည့်သည်တွေနဲ့ စည်းကားနေတဲ့အချိန်ဆိုရင် မသင်းမာအနေနဲ့ တနေ့ရောင်းရငွေဟာ သိန်းချီ ရှိပါတယ်။ ကုန်ပစ္စည်းဖိုး၊ သွားလာနေထိုင်စရိတ်စတာတွေနုတ်လိုက်ရင် တရက်ကို ၅ သောင်းအထိ စုဆောင်း နိုင်ခဲ့တယ်။

အဲ့ဒီစုဆောင်းငွေတွေဟာ ကုန်ပစ္စည်းအကြွေးဆပ်ရင်း၊ ကိုဗစ် တနှစ်တာကာလနဲ့ စစ်အုပ်ချုပ်ရေးကာလမှာ ဝင်ငွေမရှိဘဲ ထွက်ငွေသာများနေတာကြောင့် ထုတ်သုံးရင်း ဧည့်လာနိုးနိုးမျှော်ရင်းနဲ့ ကုန်သွားတာဖြစ်တယ်။

ကိုဗစ်ဒုတိယလှိုင်းအပြီးမှာ နိုင်ငံတော်က ခရီးသွားလာမှုအပေါ် ကန့်သတ်ချက်ဖြေလျော့လိုက်တဲ့အတွက် ပြည်တွင်းခရီးသွား စဝင်လာတဲ့အချိန်မှာ စစ်အာဏာသိမ်းလိုက်တော့ ဘယ်သူမှ မလာရဲတော့တဲ့အတွက် ဧည့်မျှော် ပြီး ဝယ်ထားတဲ့ကုန်ပစ္စည်းတွေဟာ အကြွေးတင်ကုန်တာ ဖြစ်ပါတယ်။

သူလိုပဲ ဘုရားဖူးကို မျှော်ကိုးပြီး ကုန်ပစ္စည်းဝယ်ဖို့ အသေးစားငွေစုငွေချေးမှာ ချေးထားသူ၊ ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးထားသူတွေဟာ အခုလိုလုပ်ငန်းမကောင်းတဲ့အခါမှာ မဆပ်နိုင်တော့ဘဲထွက်ပြေးတယ်လို့ ပုဂံမှာ တခါမှ မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ နေ့တိုင်းလိုလို ကြားလာရပြီလို့ မသင်းမာက ဆိုပါတယ်။

ပုဂံမှာ ယခင်ကဆို ဘုရားဖူးကားတစီးရောက်လာရင် ဧည့်သည်တွေနားကို ကလေးလူကြီး ပြေးဝိုင်းလာပြီး မြင်း လှည်းစီးဖို့၊ ထမင်းစားဖို့၊ သမိုင်းကြောင်းရှင်းပြပေးဖို့စသဖြင့် အပြိုင်အဆိုင်ဆွယ်ကြတာဟာ စိတ်ရှုတ်စရာ ကောင်းသလို ကြည့်နူးဖို့ကောင်းတဲ့ မြင်းကွင်းတခုလည်း ဖြစ်တယ်။

၁၂ ရာသီပတ်လုံးပွဲတော်တွေ၊ အလှူတွေ၊ မင်္ဂလာဆောင်တွေနဲ့ လူသူမပြတ် ဖုန်တထောင်းထောင်းနဲ့ ကြက်ပျံ မကျစည်ကားခဲ့တဲ့ ပုဂံဟာ အခုဆိုရင် လမ်းမထက်မှာ လူသူကင်းမဲ့ကာ အပ်ကျသံတောင် မကြားရတဲ့အထိ တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။

အဲဒီလိုတိတ်ဆိတ်နေတဲ့ကြားကနေ“မြင်းလှည်းလေးလိုဦးမလားရှင့်”လို့ သပိတ်ရောင်အသားအရေနဲ့ သနပ်ခါး ဘဲကြားလူးထားတဲ့ မိသီရဲ့တစာစာခေါ်ယူနေသံဟာ အထီးကျန်ဆန်လွန်းလှပါတယ်။ မြင်းလှည်းအငှားလိုက် ချင်လို့ အသံပြုပေမယ့် သူ့အနေနဲ့ အားတော့မရှိလှပါ။

မိသီဟာ နိုင်ငံရေးမတည်ငြိမ်လို့ အလုပ်မဖြစ်တဲ့ကြားက ခင်ပွန်းဖြစ်သူမှာ တီဘီရောဂါကြောင့် အလုပ်နားလိုက် ရတဲ့အတွက် ကလေးသုံးယောက်နဲ့ ခင်ပွန်းသည်ဆေးကုဖို့ သူကိုယ်တိုင် မြင်းလှည်းထွက်မောင်းနေရသူ ဖြစ်ပါ တယ်။

ပုဂံနဲ့ မြင်းလှည်းကတော့ လာရောက်လည်ပတ်တဲ့ နိုင်ငံတကာဧည်သည်တွေကြား အထူးရေပန်းစားခဲ့ပြီး ရှေးဟောင်းဘုရားတွေဆီ မြင်းလှည်းနဲ့ သွားရောက်လည်ပတ်ဖူးမှ ပုဂံဒေသရဲ့အနှစ်သာရကို ခံစားနိုင်မယ်လို့ နိုင်ငံတကာ ခရီးသွားဆောင်းပါးတွေမှာ ဖော်ပြခံရတဲ့အထိ ထင်ရှားခဲ့တဲ့ ပုဂံဒေသက မြင်းလှည်းတွေပါ။

“လာတဲ့ ဧည့်သည်က ဒီကပဲဆိုတော့ သနားပြီး စီးမလားလို့တော့ ခေါ်ရတာပေါ့။ တချို့က ကိုယ်ချင်းစာပြီး ခေါ်ကြတယ်။ ဈေးဦးမပေါက်တဲ့နေ့လည်း ရှိတာပေါ့။ ခုအချိန်မှာ ငါးရာ၊ တထောင်လည်း ရှားတဲ့အချိန်မို့ ရသလောက်နဲ့ပဲ အဌားလိုက်နေရတယ်” လို့ မိသီက ရှင်းပြပါတယ်။

ယခင်လုပ်ငန်းကောင်းစဉ်က မြင်းလှည်းတကြောင်းကို ငွေကျပ် တသောင်းခွဲလောက်ရပြီး တနေကုန် မြင်းလှည်း အဌားလိုက်နေရလျှင် တသိန်းနီးနီးရတယ်လို့ သူလုပ်ငန်းကောင်းစဉ်က အခြေအနေကို ပြောပြပါတယ်။

သူနဲ့လုပ်ငန်းတူတဲ့ မြင်းလှည်းမောင်းသူတချို့ဆိုရင် လူစားသောက်ဖို့အပြင် မြင်းစာဖိုးပါ ရှာနေရတဲ့အတွက် မနိုင်ဝန်မထမ်းလိုတာကြောင့် မြင်းလှည်းကို ရတဲ့ဈေးနဲ့ရောင်းချလိုက်ရတဲ့အထိ ဒုက္ခများနေတဲ့သူတွေလည်း ပုဂံမှာ ၄၊ ၅ ယောက်ခန့်ရှိလာပါပြီလို့ မိသီက ဆိုပါတယ်။

အခုနောက်ပိုင်း ပုဂံကိုလာတဲ့ ဧည့်သည်တွေဟာ ပြည်တွင်းကဖြစ်ပြီး ကိုယ်ပိုင်ကားတွေနဲ့ပဲ လာကြတာမို့ မြင်း လှည်းကို မစီးကြတဲ့အတွက် ပုဂံနဲ့ မြင်းလှည်းတွဲမြင်တဲ့အလေ့အထ ပျောက်ကွယ်သွားမှာလည်း သူ့အနေနဲ့ စိုးရိမ်နေပုံရပါတယ်။

မိသီကတော့ သူတို့မင်္ဂလာဦးလက်ဖွဲ့ဖြစ်တဲ့ မြင်းလှည်းမရောင်းလိုသလို အလုပ်မရှိရင် မနေတတ်သူ ဖြစ်တာ ကြောင့် မြင်းလှည်းမဆွဲရရင် တောင်ယာအဌားလိုက်၊ ပန်းရံ၊ ပျိုးနုတ်တာစတဲ့ ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ရင်း တောင့်ခံနေတာ ဖြစ်ပါတယ်။

ပုဂံဒေသခံဈေးသည်တွေအနေနဲ့ နေ့စဉ် မနက် မိုးလင်းလာရင် ဧည့်သည်လာနိုး၊ လာနိုးနဲ့ စောင့်လာခဲ့တာ လ ကနေ နှစ်ကိုကူးလာပေမယ့် သူတို့မျှော်လင့်ချက်တွေကတော့ ယနေ့အထိ မပြည့်သေးပါဘူး။

“ဒီကာလဆိုးကြီးကိုအမြန်ဖြတ်ကျော်သွားနိုင်ပြီး ဘုရားတွေဖွင့်၊ ဧည့်သည်တွေနဲ့ ပုဂံကို အရင်လိုပြန်ပြီး သက် ဝင်လာစေချင်တယ်။ ဧည့်သည်တွေလာပါတော့လို့ ပုဂံက မျှော်နေပါပြီ”လို့ မိညိုအေးကတော့ သူ့ဆန္ဒကို ဖွင့်ဟပြောပါတယ်။

Related Articles