Home ဆောင်းပါး စစ်ရေးနဲ့ ကိုဗစ်ကြား ဗျာများနေရတဲ့ ပြည်သူတွေ

စစ်ရေးနဲ့ ကိုဗစ်ကြား ဗျာများနေရတဲ့ ပြည်သူတွေ

Honest Information (HI)

“ ကလေးရေ ဖြစ်လေရာဘဝမှာ ဒီလိုကပ်ရောဂါဆိုးကြီးနဲ့ဘယ်တော့မှ မကြုံရပါစေနဲ့ကွာ”လို့ ငိုသံဗလုံးဗထွေးနဲ့ ဆု တောင်းနေတဲ့ PPE ဝတ်ထားတဲ့ လူတစ်ယောက်ဟာ မီးသင်္ဂြိုလ်စက်ထဲပါသွားတဲ့ အဝါရောင်ပလတ်စတစ် အထုတ်လေး ကို တွေတွေကြီးစိုက်ကြည့်လို့နေပါတယ်။

ရင်ခွဲရုံကနေ သယ်လာတဲ့ အိတ်အတွင်းက ရက်သားကလေးငယ်ဟာ ဘယ်လိုများရှိနေမလဲဆိုတဲ့ သနားကြင်နာစိတ်နဲ့ ဖွင့်ကြည့်လိုပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကို ငဲ့ညှာပြီး သူ့ဆန္ဒကိုမျိုသိပ်လိုက်ပါတယ်။

ဒီကလေးလေးရဲ့ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါခံစားနေရသူတွေဖြစ်တာကြောင့် သူဟာ ဇူလိုင် ၁ ရက်မှာမွေးပြီး ညဦးပိုင်း မှာပဲ ကိုဗစ်ရောဂါနဲ့ဆုံးသွားတဲ့ အသက်အငယ်ဆုံး ကလေးလေးဖြစ်ပါတယ်။

မိဘမဟုတ်တဲ့လူတောင် အခုလောက်ဝမ်းနည်းကြေကွဲနေရရင် ကလေးကို မွေးထုတ်ပေးလိုက်တဲ့ မိခင်တစ်ယောက် အနေနဲ့ ဘယ်လောက်များရင်တွေနာပြီး ရူးမတတ်ဖြစ်နေမလဲဆိုတာ မတွေးရဲလောက်အောင်ပါ။

“ ကိုဗစ်လူနာကလေးငယ်နဲ့ တခြားသင်္ဂြိုလ်စရာရှိလို့ ဆေးရုံကိုလာပေးပါ”လို့ ဖုန်းဝင်လာတဲ့အချိန် စကားတွေထဲမှာ ရက်သားကလေးလေးလို့ကြားလိုက်ရကတည်းက ကိုစိုးဝင်း ရင်ထဲဆို့သွားခဲ့ရတာပါ။

ကိုစိုးဝင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ လူမှုကူညီရေးပရဟိတအသင်းတစ်သင်းကို ထူထောင်ထားသူဖြစ် ပြီး သူတို့အဖွဲ့က သေဆုံးသွားတဲ့ ကိုှဗစ်သံသဃလူနာတွေနဲ့ ကိုှဗစ်ပိုးရှိသူတွေကို သီးသန့်သင်္ဂြိုလ်ပေးရတဲ့သူတွေ ဖြစ်ပါ တယ်။

လားရှိုးမြို့မှာ ဇူလိုင်လ ၅ ရက်အထိ ကိုဗစ်ပိုးကူးစက်ခံရသူမှာ ၅၈၀ ရှိပြီး သေဆုံးသူမှာ ၂၆ ယောက် ရှိပြီလို့ ဒေသခံ လူမူကူညီရေးအဖွဲ့က စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖက်ဖက်က ယိုယွင်းပျက်စီးလာတဲ့ တိုင်းပြည်မှာ ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှု၊ စီးပွားရေးအဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုဗစ်တတိယလှိုင်းဟာ ခေါင်းထောင်လာခဲ့ပြီး ရောဂါကာကွယ်မှု၊ ကုသ ရေးနဲ့ ထိန်းချုပ်မှုအပိုင်းမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုအားနည်းတာကြောင့် ကိုဗစ် အန္တရာယ်က စိုးရိမ်ဖွယ်ရာဖြစ်လို့နေပါပြီ။

ကိုဗစ်ရောဂါကူးစက်နှုန်းဟာလည်း တစ်လကျော်ကာလအတွင်း အမြင့်ဆုံးအထိ ရောက်လာခဲ့ပါတယ်။ (ဇူလိုင်လ ၅ ရက်) တစ်ရက်တည်းမှာ ပိုးတွေ့သူ သုံးထောင်နီးပါးရှိခဲ့ပြီး သေဆုံးသူမှာ ၄၂ ယောက်အထိ ရှိလာပါတယ်။

တတိယလှိုင်းစခဲ့တဲ့ မေလ ၂၇ မှ ဇူလိုင် ၅ ရက်အထိ ကိုဗစ်ပိုးရှိသူ ၁၆၈,၃၇၄ ယောက်ရှိပြီး သေဆုံးသူမှာ ၃,၄၆၁ ယောက်အထိရှိကာ ကူးစက်မြန်ကိုဗစ်ဗီဇပြောင်းပိုး မြန်မာနိုင်ငံမှာတွေ့ထားတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်က ကြေညာထားပါတယ်။

စစ်ကောင်စီထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ သူတို့စစ်ဆေးပေးနိုင်တဲ့ အရေအတွက်ဖြစ်ပြီး တကယ့်မြေပြင်မှာ ကူးစက်ခံနေရသူတွေဟာ ယခုထက်ပိုများနေတာကြောင့် တတိယလှိုင်းဟာ လွန်စွာစိုးရိမ်ဖွယ်ရှိတယ်လို့ CDM လုပ်ထား တဲ့ ဆရာဝန်ကြီးတွေကလည်း သတိပေးပါတယ်။

ကိုဗစ်ပြန့်ပွားနှုန်းလျော့ချဖို့ စစ်ကောင်စီအနေနဲ့ ရန်ကုန်ဆေးရုံကြီးအပါအဝင် ကုသရေးစင်တာစုစုပေါင်း ၆ ခုထားရှိကုသ ပေးပေမယ့် ဝန်ထမ်းအင်အားနဲ့ လူနာအင်အားမမျှတတဲ့အတွက် ကူးစက်နှုန်းကို အခုထိ မထိန်းနိုင်သေးပါဘူး။

အဲဒီကုသရေးစင်တာတွေမှာလည်း အောက်ဆီဂျင်ပြတ်ပြီး သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ လူနာတွေနဲ့တင် နေရာပြည့် နေတာကြောင့် သာမာန်ပိုးကူးစက်ခံထားရသူတွေကို ပြန်လွှတ်တယ်လို့ ကိုဗစ်ကူးစက်ခံထားရသူ ဒေါ်ငွေမြိုင်က ပြောပါ တယ်။

ငွေကြေးတတ်နိုင်တဲ့ ကိုဗစ်လူနာအများစုကတော့ ကိုယ့်အိမ်မှာပဲ ကုသမှုခံယူလိုကြပေမယ့် အောက်ဆီဂျင် မလုံလောက်မှု ပြဿနာတွေ ဖြစ်လာမှာစိုးတဲ့အတွက် ပုဂ္ဂလိကဆေးခန်းကလည်း လက်မခံပါဘူး။

ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ မမွန်လေးကတော့ အခုလောက်အထိ ရောဂါပြန့်ပွားမှုများလာတာဟာ အာဏာ သိမ်းစစ် ကောင်စီအနေနဲ့ သူတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့သာ အဓိကလုပ်နေပြီး ရောဂါပိုးထိန်းချုပ်မှု အပိုင်းမှာတော့ ပြည်သူကို မသေရုံတမယ်ပစ် ထားတယ်လို့ ပြောပါတယ်။

ကျောက်ကပ်ဆေးနေရတာတစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ မမွန်လေးဟာ ဇွန်လ ၂၈ ရက်မှာ ကိုဗစ်ကူးစက်ခံရတာကြောင့် ဆေးခန်း က ကျောက်ကပ်ဆေးမပေးလိုက်ဘဲ ကုတင် ၅၀၀ ဆေးရုံလွှတ်တဲ့အတွက် အဲဒီမှာလည်း ကိုဗစ်လူနာထားဖို့နေ ရာ မရှိလို့ဆိုတာကြောင့် အိမ်ပြန်လာခဲ့ရတယ်။

ကိုဗစ်ကူးခံထားတယ်လို့ မြို့နယ်ကိုအကြောင်းကြားတော့လည်း ဓါတ်ခွဲခန်းမှာ ထပ်မံစစ်ဆေးအတည်ပြုဖို့ ပြောတာ ကြောင့် စောင့်နေတဲ့လေးရက်အတွင်းမှာ ကိုယ်လက်နာကျင်လာပြီး အကြောတွေတက်ကာ ညဘက် အိပ်မရတဲ့ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရတယ်။

လက်ရှိမှာတော့ အွန်လိုင်းကနေ CDM လုပ်ထားတဲ့ ဆရာဝန်တစ်ယောက်ရဲ့အကူအညီနဲ့ ခံစားနေရတဲ့ ဝေဒနာသက်သာ အောင် ညွန်ပေးတဲ့ဆေးနဲ့ ထိန်းထားလို့ အနည်းငယ်သက်သာနေပေမယ့် တစ်ဖက်မှာလည်း ကျောက်ကပ်ဆေးခွင့်ရဖို့ ကြိုးစားနေရပါတယ်။

ဒီလိုပြဿနာတွေရဲ့အရင်းခံဟာ စစ်အာဏာသိမ်းမှုကနေ စတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ သူတို့ကိုဆန့်ကျင်သူမှန်သမျှကို ထောင်ချဖမ်းဆီးနေတဲ့အပြင် လုံခြုံရေးအကြောင်းပြကာ ညမထွက်ရအမိန့်နဲ့လည်း ပြည်သူတွေကို ကန့်သတ်ထားတာကြောင့်ပါ။

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်နေတဲ့ လူမူရေးအသင်းတွေ၊ ကျန်းမာရေးဆရာဝန်တွေကို ဖမ်းဆီးနေပြီး ညမထွက်ရ အမိန့်ကြောင့်လည်း ညပိုင်းအောက်ဆီဂျင်လိုအပ်သူတွေအနေနဲ့ ကူမယ့်သူလည်း သွားလို့မရသလို လူနာလည်း သွားခွင့် မရှိတာကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေလည်း ရှိနေပါတယ်။

ကိုဗစ်လူနာတွေအနေနဲ့ အောက်ဆီဂျင်လိုအပ်နေတဲ့အပြင် ဆရာဝန်တွေ၊ ပရဟိတသမားတွေမရှိတာကြောင့် ကူသူမဲ့ပြီး ရောဂါဖြစ်လာရင် ဘယ်ကိုသွားလို့ ဘာလုပ်ရမှန်းမသိတဲ့ပြဿနာနဲ့ ရင်ဆိုင်နေကြရတယ်။

တနိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်လူနာတွေအနေနဲ့ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာက အောက်ဆီဂျင်ပြတ်လပ်မှုပါ။ လက်ရှိမှာ ငွေကြေးရှိသူတွေသာမက ဆေးရုံကြီးတွေ၊ ပုဂ္ဂလိကဆေးခန်းတွေပါ အောက်ဆီဂျင်ရဖို့ မလွယ်တဲ့ အခြေအနေပါ။

ကလေးမြို့မှာဆိုရင် ကိုဗစ်ရောဂါကူးစက်ခံရမှုများပြားလာတာနဲ့အမျှ လူနာတွေရဲ့အောက်ဆီဂျင်လိုအပ်မှုကလည်း မြင့်တက်နေပြီး ဇူလိုင်လ ၇ ရက်မှာတော့ အောက်ဆီဂျင်ဖြည့်စရာနေရာ လုံးဝမရှိသလောက် ဖြစ်သွားရပါတယ်။

“ ဒီမှာအောက်ဆီဂျင်ဗူးတွေနဲ့ ဟိုဒီသွားနေကြတာ မြင်မကောင်းဘူး။ တကယ်ရင်နာရတယ်။ အောက်ဆီဂျင်ဖြည့်တဲ့ နေရာတွေတိုင်းမှာ တန်းစီစောင့်နေတဲ့လူတွေ တသီတတန်းကြီး။ အောက်ဆီဂျင်ဖြည့်နေတုန်း အောက်ဆီဂျင်ပြတ်လို့ ဆုံး သွားတဲ့လူတွေလည်း အများကြီး”လို့ ကလေးမြို့ဒေသခံ ဒေါ်ဘေဘီက ဆိုပါတယ်။

အောက်ဆီဂျင်မလောက်ငတာကြောင့် ကလေးမြို့မှာ ဇူလိုင်လ ၁ ရက်မှ ၆ ရက်အတွင်း ကိုဗစ်လူနာ ၁၇၆ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံပရဟိတကူညီရေးအဖွဲ့က အသိပေးပါတယ်။

ယခင် NLD အစိုးရလက်ထက်မှာတော့ ပိုးရှိသူမပြောနဲ့ သံသဃရှိရင်တောင် လူမူကူညီရေးအဖွဲ့တွေက ချက်ခြင်း လာ ခေါ်ပြီး ကိုဗစ်စစ်ဆေးကာ ကွာရန်တင်းစင်တာတွေမှာ စောင့်ရှောက်ပေးပါတယ်။ ယခုစစ်အုပ်ချုပ်ရေးကာလမှာတော့ ရောဂါဖြစ်ရင် ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိအောင် သတင်းတွေ ပျောက်နေခဲ့တာပါ။

ကွာရန်တင်းစင်တာတွေ၊ ကုသရေးစင်တာတွေမှာဆိုရင်လည်း လူနာတွေအခက်အခဲမရှိအောင် ထမင်းတနေ့ သုံးနပ် ကျွေးကာ အချိန်မှန်ဆေးစစ်၊ ဆေးတိုက်လုပ်ပေးတဲ့အပြင် ဖြည့်စွက်စာမဝယ်နိုင်တဲ့ငွေကြေးမတတ်နိုင်တဲ့အသက်ကြီး ရွယ်အိုတွေကို လည်း စောင့်ရှောက်မှုပေးကြတယ်။

တစ်နယ်နဲ့ တစ်နယ်ဖြတ်တဲ့အခါမှာလည်း နယ်ဝင်ဂိတ်တွေမှာ ကိုဗစ်မရှိကြောင်း လက်မှတ်တွေပါမှ ဝင်ခွင့်ပြုသလို mask မတပ်ရင်၊ ကိုဗစ်စည်းကမ်းတွေမလိုက်နာရင် ဥပဒေနဲ့အရေးယူတာတွေကို ထိထိရောက်ရောက်ကိုင် တွယ်နိုင်ခဲ့တာကြောင့် ပြည်သူတွေ စိတ်သက်သာရာရခဲ့တယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံလာရတဲ့အခါမှာလည်း ပရဟိတသမားတွေက တက်တက်ကြွကြွနဲ့ ကူညီ ပေးသလို ငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက်မှာလည်း လုပ်ငန်းရှင်ကြီးတွေကနေ တဖက်တလမ်းကနေ ဝိုင်းဝန်းကူညီ ပေးခဲ့တဲ့အတွက် လိုအပ်တာတွေကို အမြန်ဆုံးဖြည့်ဆည်းနိုင်ခဲ့တယ်။

အနံ့ပျောက် စင်တာတွေ ဖွင့်ပေးထားသလို သာမာန်ဖျားနာမှုတွေ ရှိလာရင် ကုသဖို့ fever clinic တွေ ဖွင့်ပေးပြီး ဆေးတွေ၊ mask တွေဈေးမတက်နိုင်အောင်၊ ပြတ်လပ်မှုမရှိအောင် အဘက်ဘက်က စီစဉ်ပေးနိုင်တာကြောင့် ကိုဗစ်ကို အောင်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ မီးသတ်၊ ကြက်ခြေနီ၊ မြို့နယ်ကောင်စီအဖွဲ့တွေနဲ့ ပူးပေါင်းကာ လမ်းမပေါ်မှာ Mask Campaign တွေ လုပ်နေပေမယ့် အမြဲကြားနေကြ ပညာပေးတွေဖြစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လိုက်နာမှု အားနည်းသွားတာဖြစ် နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

ပြည်သူတွေဟာ လက်ရှိစစ်အာဏာရှင်ကို ဆန့်ကျင်လိုတာနဲ့ စစ်ကောင်စီကလုပ်ပေးနေတဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး အပေါ် အယုံအကြည်မရှိတာတွေကလည်း လိုက်နာမှုအားနည်းရတဲ့အကြောင်းအရင်းများစွာထဲက တစ်ခုဖြစ်တယ်လို့တိုင်း ကျန်းမာရေး ဆရာဝန်တစ်ယောက်က ရှင်းပြပါတယ်။

အကြောင်းက အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်ခုခံနေတဲ့ ကလေးမြို့နဲ့ ချင်းပြည်နယ်ကိုတော့ ကိုဗစ်အကြောင်း ပြကာ stay at home သတ်မှတ်လိုက်ပေမယ့် ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ စာသင်ကျောင်းတွေရဲ့ သတင်းတွေကို ထိန်ချန် ထား တာကြောင့်လို့ သူက ထောက်ပြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ပိုးတွေ့လူနာအများဆုံးနဲ့ သေဆုံးနှုန်းများနေတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ရန်ကုန်တို့ကို Stay at Home သတ်မှတ်ထားပါတယ်။
စစ်အုပ်ချုပ်ရေးကာလမှာတော့ ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းမရှိတာ၊ ဆေးဝါးပစ္စည်းကိရိယာမစုံတာ၊ အောက်ဆီ ဂျင်တွေ ပြတ်လပ်နေတာ၊ လူမူကူညီရေးပရဟိတသမားတွေ မရှိတာ၊ အလှူရှင်တွေနဲ့ ဒေသခံသတင်းသမားတွေ ဖမ်းဆီး တာ၊ ညမထွက်ရအမိန့်တွေကြောင့် လူသေနှုန်းမြင့်လာတာလို့ ပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

စစ်အာဏာသိမ်းမှုကို အလိုမရှိတဲ့ ကျန်းမာရေးဝန်ထမ်းအများစုဟာ အစိုးရအုပ်ချုပ်မှုယန္တရားပျက်ပြားသွားစေဖို့ အာဏာ ဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ခဲ့တာကြောင့် တနိုင်ငံလုံးရှိအစိုးရဆေးရုံအတော်များများ ပိတ်သွားခဲ့ရတယ်။

ဒါကိုအကြောင်းပြပြီး စစ်ကောင်စီက ဆရာဝန်တွေဟာ လူနာတွေရဲ့ရောဂါကိုမငဲ့ကွက်ဘဲ CDM လုပ်ကြလို့သာ အခုလို ရောဂါပိုးကူးစက်နှုန်းများလာပြီး သေဆုံးသူများတာလို့ ပြည်သူနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရန်တိုက်ပေးပါတယ်။

“ ဆရာဝန်တွေ CDMလုပ်လို့ ရောဂါကူးစက်နှုန်းများသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ CDM လုပ်တဲ့ ဆရာဝန်တွေ၊ ပရဟိတ ကူညီရေးအသင်းတွေ၊ အလှူရှင်တွေနဲ့ ဗော်လန်တီယာလေးတွေကို ဘယ်သူတွေက လိုက်ဖမ်းနေတာလဲ။ စစ်တပ်သာ လိုက်မဖမ်းခဲ့ရင် CDMလုပ်ရင်း ဆေးကုပေးလို့ရတယ်”လို့ CDMဆရာဝန်တစ်ယောက်က ထောက်ပြပါတယ်။
တီးတိန်အခြေစိုက် NGOအဖွဲ့တခုမှ ကျန်းမာရေးဝန်ထမ်းမရှိလို့ ဆရာဝန်တစ်ယောက်ကို စေလွှတ်ပေးရာမှာ အဲဒီဆရာ ဝန်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စနဲ့ လိုက်ဖမ်းတဲ့အတွက် ပြန်လှည့်သွားခဲ့ရတယ်။ အဲ့နောက်ပိုင်း တီးတိန်မှာရှိတဲ့ လူ ၈၀ ရာခိုင်နှုန်းလောက်ဟာ အဖျားဝင်၊ ကိုဗစ်ကူးပြီး ဆက်တိုက်ဆိုသလို သေဆုံးနှုန်းမြင့်သွားခဲ့ရတယ်။

ဒါ့ကြောင့် တီးတိန်မှာ ကိုဗစ်ရောဂါဖြင့်သေဆုံးသူဟာ ဇွန်လ ၁ ရက်မှ ဇူလိူင်လ ၁ ရက်အထိ တစ်လအတွင်း လူ ၂၀ လောက်သေဆုံးခဲ့ရပါတယ်။

လက်ရှိတီးတိန်မှာ ဆရာဝန်လည်းမရှိ၊ ဆေးလည်းမရှိ၊ အောက်ဆီဂျင်၊ PPEဝတ်စုံတွေနဲ့ maskတွေကအစ မရှိတဲ့အတွက် ဒေသခံလူမူကူညီရေးအဖွဲ့တွေကပဲ လိုအပ်တာတွေရအောင် အလှူခံရင်း စောင့်ရှောက်ပေးနေရတာဖြစ်တယ်။

“ ဆေးရုံမှာ အဖျားပျောက်ဆေး (ပါရာစီတမော)တောင်မရှိဘူး။ အောက်စီဂျင်မလောက်လို့ ရွာကအဖွဲ့တွေ စုထားတဲ့ အောက်စီဂျင်အိုးတွေ သွားယူသုံးနေရတယ်။ PPE လည်း တစ်စုံမှမရှိတော့ဘူး။ ဟိုနေ့က လူသေတာ PPE မရှိလို့ မြို့ပေါ်က လူတွေကို လာလုပ်ခိုင်းရတယ်”လို့ တီးတိန်မြို့မှာရှိတဲ့ ကျေးရွာအုပ်စုတစ်ခုမှ တာဝန်ရှိသူက ရှင်းပြပါတယ်။

ကူညီရေးအဖွဲ့တွေအနေနဲ့ ဆေးဝယ်ဖို့ ငွေကြေးရှာရသလို ဆေးကိုလည်း ကလေးမြို့အထိ သွားဝယ်နေရပြီး ဝယ်လို အား များတာကြောင့် လိုသလောက်မရဘဲ မျှသုံးနေကြရတယ်။ လက်ရှိ တီးတိန်မှာ အောက်ဆီဂျင် အပြင် PPE ဝတ်စုံ၊ mask ၊ Hand Gel နဲ့ အားဆေးတွေ အရေးပေါ် လိုအပ်နေပါတယ်။

CDMလုပ်ထားတဲ့ ဆေးရုံအုပ်တယောက်ကတော့ “ တတိယလှိုင်းဆိုတာက အရင်ပုံလှိုင်းထက်တောင် ပိုပြီးတော့ ဂရုစိုက်ရ မယ့် အနေအထား။ ထိန်းနိုင်မှာတော့ မဟုတ်ဘူး။ ပိုပြီးကူးစက်မှုတွေ ထပ်များလာဖို့ပဲရှိတယ်။ နောက်ထပ်လည်း ကူး ဦးမယ်။ သေကြဦးမှာပဲ”လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် အဓိကအနေနဲ့ လူတစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းက ကိုယ့်ဘာသာကိုယ်ကာကွယ်မှကိုရမယ်လို့လည်း သူက သတိပေးထားပါသေးတယ်။

Related Articles