Home ဆောင်းပါး ကျား-မ စံတွေကို ကျော်ဖြတ်ခဲ့သူ

ကျား-မ စံတွေကို ကျော်ဖြတ်ခဲ့သူ

ပစ်တိုင်းထောင်မ။                 ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ရုံးရဲ့ ညစာစားပွဲလေးတစ်ခုမှာပါ။

လူတွေစုအုံပြီး မိတ်ဖွဲ့နေကြတာကြောင့် လူအုပ်ထဲကို အသာလေးတိုးဝင်ကြည့်လိုက်တော့ ဂျင်းဘောင်းဘီ အပြာရောင် ကော်လံပါရှပ်အင်္ကျီလက်ရှည်  အဖြူနဲ့အမည်း အကွက်ကျဲကို တံတောင်ဆစ်ထိ ခေါက်တင်ထား ပြီး ဆံပင်ကဂုတ်ကို အနည်းငယ်ကျော်လို့ စကားပြောတော့ အသံက ခပ်သြသြနဲ့ အနည်းငယ်ဆန်းပြားတယ် လို့ထင်ရတဲ့ မိန်းမပျိုလေးတစ်ယောက်ကို တွေ့ရပါတယ်။  ပွဲစချိန်ရောက်တော့ သူက ကယန်းရိုးရာအင်္ကျီလေး ဝတ်လိုက်ပါတယ်။ ခန္ဓာကိုယ် ခပ်တောင့်တောင့်ပုံသဏ္ဍန်ရှိပေမယ့် သိပ်ထွားကျိုင်းတဲ့အထဲမှာလည်း မပါပါ ဘူး။

“ငယ်ငယ်ထဲက ကြမ်းကြမ်းတမ်းတမ်းတွေပဲ ကြိုက်တာ။ မိန်းကလေးဆန်ဆန်နေချင်ပေမယ့် မနေတတ်ဘူး” လို့ သူက ပြောပါတယ်။

သူကတော့ မူဘယ်ရောနီကာဖြစ်ပါတယ်။

ကယန်းတိုင်းရင်းသူတစ်ယောက်ဖြစ်ပြီး ယောက်ျားတွေလုပ်တဲ့အားကစားလို့ သတ်မှတ်ထားတဲ့  မြန်မာ့လက် ဝှေ့အားကစားမယ်တစ်ယောက်ပါ။ မြန်မာ့လက်ဝှေ့အားကစားမယ် မဖြစ်ခင်က အင်္ဂလိပ်လက်ဝှေ့ အားကစား မယ်တစ်ယောက်လုပ်ခဲ့ပါတယ်။ ဘောင်ဆင်လို့ခေါ်တဲ့ အင်္ဂလိပ်လက်ဝှေ့ကတော့ အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်ရ တာဖြစ်ပြီး မြန်မာလက်ဝှေ့ကတော့ အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ လက်ဝှေ့မယ်တစ်ယောက် ဖြစ် လာရပုံကို မူဘယ်ရောနီကာက ရှင်းပြပါတယ်။

“အသက် ၁၅ နှစ်၊ ၁၆ နှစ်လောက်မှာ ဖယ်ခုံမြို့က သူငယ်ချင်းတစ်ယောက်က လာခေါ်တယ်။ လက်ဝှေ့ထိုး မလားဆိုပြီးတော့..။ အေး ထိုးမယ်ဆိုပြီး ထလိုက်သွားတာ။ နောက်ပိုင်းတော့ နေပြည်တော်အထိသွားရပြီး လေ့ ကျင့်မှုတွေ လုပ်ရာကနေ အခုလိုဖြစ်လာတာ”

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ စင်ကာပူမှာကျင်းပခဲ့တဲ့ Sea Game မှာ ဘောက်ဆင်မယ်အဖြစ် မြန်မာနိုင်ငံနဲ့ သူ့ရဲ့ ကယန်းလူမျိုးများအတွက် ကြေးတံဆိပ်ကို ဆွတ်ခူးပေးခဲ့သူလည်းဖြစ်ပါတယ်။

အားကစားလောကထဲကို ဝင်ရောက်ဖို့ဆိုတာ သာမန်လူတွေအတွက် မလွယ်သလို အထူးသဖြင့် အမျိုးသမီး တွေအတွက် ပိုလို့မလွယ်ပါဘူး။ ဘောက်ဆင်လို၊ လက်ဝှေ့လိုမျိုးဆို ပိုလို့တောင်  ခက်ခဲပါသေးတယ်။

မြန်မာ့လက်ဝှေ့ဘက်ကို ရောက်လာတာတော့ လပိုင်းပဲ ရှိပါသေးတယ်။  သူဟာ ငယ်ငယ်ကတည်းက လက် ဝှေ့ကစားတာနဲ့ အခြားကြမ်းကြမ်းတမ်းတမ်းထိုးကျိတ်ကစားရတာတို့ကို သဘောကျခဲ့တယ်လို့ ပြောပြပါတယ်။

“ငယ်ငယ်ထဲက စိတ်ဝင်စားခဲ့တယ်။ ငယ်ငယ်က ရုပ်ရှင်ကြည့်တဲ့အခါ အက်ရှင်ကားတွေကြည့်ရင် တိုက်တာ ခိုက်တာတွေကို သဘောကျတယ်။ အဲဒီအချိန်ထဲက အတိုက်အခိုက်ကို စိတ်ဝင်စားတာ၊ လက်ဝှေ့ကို ဝါသနာ ပါနေတယ်လို့တော့ ကိုယ့်ကိုယ်ကို မသိခဲ့ဘူး”

လက်ဝှေ့မယ်ဖြစ်ဖို့ကတော့ ပတ်ဝန်းကျင်သတ်မှတ်ချက်တွေ၊ မိသားစုတားမြစ်ချက်တွေကို အများကြီး ကျော် ဖြတ်ခဲ့ရပါတယ်။ မိန်းကလေးတယောက်ဖြစ်တာက သူ့အတွက် အတားအဆီးတွေ ပိုကြီးမားစေခဲ့ပါတယ်။

ငယ်ငယ်ကတည်းက ကြမ်းကြမ်းတမ်းတမ်းတွေ သဘောကျခဲ့ပေမယ့် သူ့အတွက်တော့ အက်ရှင်ရုပ်ရှင်ကြည့်ရ ဖို့ အခွင့်အရေးလည်း ကောင်းကောင်းမရခဲ့ပါဘူး။ မိဘတွေကလည်း မိန်းကလေးဖြစ်နေတဲ့အတွက် မြို့ထဲသွား ဖို့ ခွင့်မပြုသလို သူငယ်ချင်းတွေနဲ့ ပွဲသွားလည်တာတွေလည်း မလုပ်ရဘူးလို့ပြောပါတယ်။

“အမေက ပေးမကြည့်ဘူး။ ခိုးကြည့်ခဲ့ရတယ်။ အပြင်ဆိုရင် မြို့ထဲတောင် ပေးမသွားဘူး။ သြင်္ကန်ဆို အခုထိ မလည်ဖူးသေးဘူး”

မိဘရဲ့ချုပ်ချယ်မှုနဲ့ သဘောမတူမှုကြားက ဝါသနာကို အရင်းခံပြီး အိမ်ကိုစွန့်လွှတ်ခဲ့ရသလို မိဘရဲ့ မိန်းက လေးဆန်ဆန်၊ ယဉ်ယဉ်ကျေးကျေးနေစေချင်တဲ့ သဘောထားကိုပါ ဥပက္ခာပြုခဲ့ရတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း မိသားစုစီးပွားရေးအခြေအနေက အခက်အခဲတွေကို ပိုလို့တိုးစေခဲ့ပါတယ်။

“အားကစားလောကထဲဝင်ချိန်မှာ မုန့်ဖိုး (၃)သောင်းကျပ်ပဲရတယ်။ ကိုယ်က(၁)သောင်းသုံးပြီး မိသားစုအတွက် (၂)သောင်းစုတယ်၊ မရရအောင် စုခဲ့ရတယ်။ အခုအချိန်ထိပဲ ရသမျှစုပြီး မိဘကို ပေးတယ်၊ ပိုက်ဆံရရင် မိဘ ကိုပဲ သတိရတယ်”

မူဘယ်ရောနီကာရဲ့ စိတ်ရင်းမှန်က မိန်းကလေးတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူသူပါ။ မောင်နှမ (၆) ယောက် ရှိပြီး သူကတော့ (၅)ယောက်မြောက်ပါ။ သူ့အနေနဲ့ မိန်းကလေးနဲ့တူအောင် ဆံပင်အရှည်ထားပေမယ့် မောင် လေး၊ သားလေးလို့သာ အမြဲတမ်းအခေါ်ခံရပြီး သူ့ရဲ့အသံသြသြကြောင့် တခါတလေ ကိုယ့်ကိုယ်ကို စိတ်ပျက် မိတယ်လို့ပြောပါတယ်။

“ဆံပင်ရှည်ထားလည်း ခေါ်နေတုန်း..။ အဲဒီလို ခေါ်တဲ့အပေါ်မှာ ကိုယ့်အနေနဲ့ မသာယာဘူး။ ဘာလို့လဲဆို တော့ ကိုယ်က မိန်းကလေးလိုဖြစ်ချင်တာ မိန်းကလေးနဲ့ တူချင်တာ။ ကိုယ်ဆံပင်အရှည်လေးထားပြီးနေတာ တောင် ကိုယ့်ကိုသားလေးလို့ခေါ်တော့ တခါတလေ စိတ်တိုမိတယ်။ နောက်တခုက ကိုယ့်အသံကလည်း ယောကျ်ားသံဖြစ်နေတော့ တခါတလေ ဖုန်းထဲမှာ အစ်ကိုလို့ခေါ်ရင် တခါတည်း ဖုန်းချပစ်လိုက်ချင်တယ်။  ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိတယ်။ တခါတလေ စကားပြောချင်စိတ်မရှိပဲ ဖုန်းချလိုက်မိတာတွေရှိတယ်”

မိန်းကလေးတစ်ယောက် ဖြစ်နေပေမယ့်လည်း အားကစားလောကထဲ ရောက်လာတဲ့အတွက် အားကစားစိတ် ဓာတ်မွေးရတယ်လို့ ဆိုပြန်ပါတယ်။

“အားကစားလောကမှာဆိုတော့ ကြမ်းကြမ်းတမ်းတမ်း စိတ်မျိုးမွေးထားတယ်။ စိတ်ဓာတ်ကလည်း အမြဲတမ်း မာနေရမယ်လေ”

အားကစားလောကထဲမှာ သူ့အတွက် မမေ့နိုင်တဲ့အကြောင်းအရာလေးတစ်ခုလည်း ရှိနေပြန်ပါသေးတယ်။ အားကစားစည်းမျဉ်းစည်းကမ်းတွေကို သူကောင်းကောင်းနားမလည်သေးတဲ့အချိန်ကလို့ ဆိုပါတယ်။ စည်းကမ်း တွေ နားမလည်သေးတဲ့အတွက် ပွဲတစ်ပွဲကို အရှုံးပေးခဲ့ရဖူးသလို အဲဒီပွဲဟာ သူ့အတွက်တော့ ဟာသလိုလိုနဲ့ အမြဲအမှတ်ရစေခဲ့တယ်လို့ ဆိုပါတယ်။

“ဟာသတစ်ခုလိုပေါ့။ ပထမဦးဆုံး ပြိုင်ပွဲဝင်တော့ စည်းမျဉ်းစည်းကမ်းတွေ မသိဘူး။ ပြိုင်ပွဲကစနေပြီ။ ကိုယ်က နှာယို(နှာစေး)နေတဲ့အချိန်ပေ့ါ၊ ဒိုင်ကို လက်ထောင်ပြီး နှပ်ချေးညစ်ဦးမယ်လို့ပြောလိုက်တာ၊ အဲဒါကို နားကြား လွဲပြီး ဒိုင်က အရှုံးပေးတယ်ထင်လို့ နှစ်ချီမြှောက်မှာ ပွဲပြီးဆုံးကြောင်း ကြေငြာတော့ ကိုယ်က အံ့သြပြီး ဘာဖြစ် လို့လဲမေးတော့ နင်အရှုံးပေးတာမဟုတ်လားတဲ့။ အဲဒီပွဲကို အရှုံးပွဲအဖြစ် သတ်မှတ်ခံလိုက်ရတယ်။ အဲဒါလေး ကိုတော့ မေ့မရခဲ့ဘူး”

ဘယ်လို ကြမ်းကြမ်းတမ်းတမ်း အားကစားတွေ ကစားနေပါဝေ၊ ပုံပန်းသဏ္ဍန်အရ မိန်းကလေးနဲ့ မတူနေပါစေ၊ အသံသြသြကြောင့် ယောကျ်ားလေးလို့ သတ်မှတ်နေစေ၊ မျိုးဆက်ကို ပြန့်ပွားအောင် လုပ်ဆောင်ပေးနိုင်တာ က အမျိုးသမီးတွေအတွက် သဘာဝတရားကပေးထားတဲ့ဆုလာဒ်တစ်ခုပါ။

လစဉ် ရာသီ(သွေး)ပေါ်ခြင်းဆိုတာဟာလည်း မူဘယ်ရောနီကာအတွက် အခက်အခဲဖြစ်ပေမယ့် အဟန့်အတား တစ်ခုတော့ မဟုတ်ပါဘူး။

“ယောကျ်ားတွေနဲ့မတူပဲ မိန်းကလေးဖြစ်နေတဲ့အတွက် ရာသီသွေးပေါ်တာမျိုးတွေရှိတယ်။ ခုန်ပေါက်နေရတာ ဆိုတော့ အဲဒီအချိန်တွေမှာဆို တတ်နိုင်ရင် လေ့ကျင့်တာတွေ မလုပ်ဘူး။ အနားယူဖို့ခွင့်တောင်းတယ်။ ဒါပေ မယ့် အဲဒီလို ကစားနေချိန်မှာ မသိသာပေမယ့် နားတဲ့အခါတွေမှာဆို အရမ်းကိုက်ခဲတယ်၊ အရမ်းသိသာတယ်”

ဒီလို အခက်အခဲ၊ အတားအဆီးတွေကြားကပဲ အောင်မြင်မှုတွေရအောင် ကြိုးပမ်းခဲ့ရတယ်လို့ ပြောပါတယ်။

အခုဆိုရင် သူဟာ လက်ဝှေ့ကို နှစ်ကြိမ်ကြိမ်တိုင်တိုင် ပြိုင်ပွဲဝင်ခဲ့ပြီးပါပြီ။ ဇွန်လတုန်းက ဂျပန်နိုင်ငံမှာ ပထမ အကြိမ်ဖြစ်ပြီး သြဂုတ်လမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒုတိယအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင် ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံကြီးမှာ Casta Rica (ကိုစတာရီကာနိုင်ငံ)က လက်ဝှေ့မယ်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့ပြီး ပူးတွဲသရေကျခဲ့ပါတယ်။ အဲဒီအကြောင်းကို MRTV မှာ ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ သူ့ကိုလူတွေ ပိုသိလာကြတာပါ။

အခုဆိုရင် အားပေးမှုတွေ ရနေပြီဖြစ်သလို လက်ဝှေ့ဘက်ကို ပြောင်းလာတဲ့အတွက်လည်း လူအတော်များများ သိလာပြီလို့ ဆက်ပြောပြပါတယ်။

“အရင်ကဆို ပတ်ဝန်းကျင်က (မိန်းကလေးဖြစ်ပြီး အဲဒီလို သွားထိုးတယ်ပေါ့နော်)အဲဒီလိုပြောကြတယ်။ နောက် ပိုင်းကိုယ့်ရဲ့ကြိုးစားမှုကြောင့် အားပေးလာကြတယ်။ အရင်က လက်မခံနိုင်ခဲ့ပေမယ့် အခုဆိုရင် ရွာက လူတွေ ရော၊ ကယန်းလူမျိုးတွေအားလုံးကရော ကိုယ့်ကို အားပေးလာကြတယ်။ လူတွေသိလာတယ်။ လူအများကြီး အားပေးမှုရလာတယ်”

Related Articles