ရက္ခ။ ။
မသက်မာလင်းသည် ဒါွရာဝတီ အသျှင်-ကုသလ (ငွေသဇင်)ဆရာတော်၏ရုပ်ကလာပ်တော်ကို နောက် ဆုံးအနေနှင့်ဖူးမြော်ကန်တော့ရင်း ပါးပြင်ထက်သို့ မျက်ရည်များ တသွင်သွင်စီးကျလာတော့၏။ သူ၏ ရင်ထဲတွင် မီးတောက်များ တငွေ့ငွေ့ လောင်ကျွမ်းနေသကဲ့သို့ ပူလောင်လွန်းလှသည်။ ပူဆွေးသောက ဗျာပါဒများကို အ သိ၊ သတိစိတ်တို့ဖြင့် ဆင်ခြင်ထိန်းချုပ်သော်လည်း ထိန်းချုပ်မရနိုင်ဘဲ ခန္ဓာကိုယ်များ တသိမ့်သိမ့်တုန်ကာရှိုက် ရှိုက်၍ငိုမိလေသည်။ သည်ကြားထဲ ဆွေးဆွေးငင်ငင်ရှိလှသော ဧယင်ကျူးသံကလည်း မသက်မာလင်း၏ မျက် ရည်စက်များကို ချူယူနေသကဲ့သို့ရှိလှလေသည်။
စံကျောင်းတလားထဲတွင် လဲလျောင်းလျှက်ရှိသော ဆရာတော်၏ရုပ်ကလာပ်တော်ကို မြင်တွေ့နေရ သည်မှာ သူ၏အသက်နှင့် ခန္ဓာကိုယ်များပင် ကြွေလွင့်သွားသကဲ့သို့ပင် မသက်မာလင်း ခံစားနေရသည်။ ထို သို့ခံစားရမည်ဆိုလျှင်လည်း ခံစားစရာအကြောင်းအရင်းက သူ့တွင် ရှိနေ၏။ ဆရာတော်အသျှင်-ကုသလ(ငွေ သဇင်)ကို ကျန်းမာပျော်ရွှင်စွာ အသက်ဆက်နိုင်ရန်အတွက် မသက်မာလင်းတစ်ယောက် သူ၏ခန္ဓာကိုယ်ထဲမှ ကျောက်ကပ်တစ်လုံးကိုပေးလှူခဲ့ဖူးသည်မဟုတ်ပါလား။ အခုတော့ အကြွေစောလွန်းသောဆရာတော်အတွက် သူ့ရင်ထဲတွင် ဖြေမဆည် ဖြစ်ရလေသည်။
ဒွါရာဝတီမြို့ခေါ် သံတွဲမြို့ ဦး၌တည်ရှိနေသော အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်အနီးတဝိုက်တွင် ဆရာတော်အသျှင်-ကုသလ (ငွေသဇင်)၏ အန္တိမဈာပနကို ဖူးမြော်လာရောက်ကြသူများနှင့် ကြက်ပျံမကျစည်ကားလျှက်ရှိနေသည်။ မြို့အဝင် လမ်းမကြီးဘေးတစ်ဖက်တစ်ချက်တွင် ဗဟိုမဏ္ဍပ်၊ စံကျောင်းတလား ၊ စံရှင်တလား၊ မြေစိုက် တလား စသည်တို့ဖြင့် ခမ်းနားသိုက်မြိုက်စွာ တည်ရှိနေ၏။ ဇာတ်သဘင်ပွဲ၊ ဒုံးပွဲ၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲနှင့် ရခိုင် ရိုးရာ ငစွေနှိုက်အက စသည်တို့ဖြင့် ဆရာတော်၏ဈာပနကို ပူဇော်လျှက်ရှိကြသည်။ အောင်မြေသာစည်ကျောင်း ဝင်းထဲရှိ “အနုပညာရင်ပြင်” ထဲတွင်လည်း ရခိုင်ပြည်နယ်အနှံ့မှ သမိုင်းသုတေသီများ၊ ကဗျာဆရာများနှင့် စာရေးဆရာများ က ဆရာတော်ကို စာကဗျာများဖြင့် ရွတ်ဖတ်ပူဇော်လျှက်ရှိနေကြသည်။
ဆရာတော်၏ရုပ်ကလာပ်တော်ကို သဂြိုလ်မည့်အချိန်တွင် တနေကုန်အုံ့ဆိုင်ညိုမှိုင်းနေခဲ့သော ကောင်း ကင်ထက်မှ မိုးဖွဲကလေးများတစိမ့်စိမ့်ကြွေကျလာသည်။ ပွဲဖျက်သောမိုးမျိုးမဟုတ်ဘဲ နှင်းဖွဲကလေးများကြွေကျ လာသည့်ပမာ တခဏတာ ကြွေကျလာခြင်းမျှသာဖြစ်၏။ မသက်မာလင်းတစ်ယောက် မိုးဖွဲကလေးများကြွေကျ လာသည်ကိုကြည့်ရင်း လွန်ခဲ့သော ၈-နှစ်တာကာလဆီသို့ အတွေးရောက်သွားလေတော့သည်။
မသက်မာလင်း၏ဘဝတွင် မိမိကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုကို ပေးလျှူ၍ ရဟန်းတော်တစ်ပါး၏အ သက်ကို ကယ်တင်ခွင့်ကြုံရလိမ်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါချေ။ သို့သော် ထိုသို့ မတွေးခဲ့ဖူးသော အ ကြောင်းအရာတစ်ခုသည် မသက်မာလင်းထံသို့ အမှန်တကယ်ပင် ဆိုက်ရောက်လာခဲ့သည်။
လွန်ခဲ့သော ၈-နှစ်ခန်ကဖြစ်သည်။ ထိုနေ့သည် ဆောင်းဦးရာသီ၏ နေ့တစ်နေ့ ဖြစ်၏။ မသက်မာလင်း တစ်ယောက် သူ၏နေအိမ်ရှေ့ကွမ်းယာဆိုင်ကလေးတွင် ကွမ်းယာရောင်းလျှက်ရှိနေသည်။ ထိုအချိန်၌ မသက် မာလင်း၏ နေအိမ်သို့ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက် ဦးစီးပဓါန နာယကဆရာတော် အသျှင်-ကုသ လ(ငွေသဇင်) ၏အစ်မတော်ရောက်ရှိလာကာ မသက်မာလင်း၏မိခင်နှင့် စကားများပြောဆိုနေကြ၏။ ဆရာ တော် အသျှင်-ကုသလ(ငွေသဇင်) တွင် ကျောက်ကပ်ပျက်စီးသွားသဖြင့် ရန်ကုန်မြို့ရှိ အာရှတော်ဝင်အထူးကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်းနှင့် ကျောက်ကပ်အစားထိုးမကုသနိုင်ပါက သုံးလခန့်မျှသာ အသက် ဆက်ရှင်နိုင်တော့မည်ဖြစ်ကြောင်း ပြောဆိုနေကြသည်ကို ကွမ်းယာဆိုင်ကလေးမှနေ၍ မသက်မာလင်း ကြားနေရ၏။ ထိုအသံများကို ကြားရသည်နှင့် မသက်မာလင်း၏ရင်ထဲတွင် ဆရာတော်ကို သနားကြင်နာသောစိတ်များ တဖွားဖွား ဖြစ်ပေါ်လာမိသည်။ “ဆရာတော်လိုအပ်နေတဲ့ကျောက်ကပ်ကို ငါ လျှူလို့ရရင်ကောင်းမှာပဲ”ဟုတွေး ရင်း ပါးစပ်မှလည်း အသံထွက်ကာညည်းမိ၏။
မသက်မာလင်း၏ ညည်းညူပြောဆိုလိုက်သံကို ကြားသွားသော ဆရာတော်၏အစ်မတော်က “ငါ့တူမ လေး အမှန်တကယ်လှူချင်တဲ့စိတ်ရှိရင် သွေးသွားစစ်ကြည့်ကြရအောင်… သွေးအမျိုးအစားတူရင် လှူလို့ရတယ်” ဟုဆို၏။ ထိုစကားကိုကြားရသည်နှင့် မသက်မာလင်းတစ်ယောက် ကွမ်းယာဆိုင်ကလေးကို ပိတ်ထားခဲ့ပြီး သံတွဲဆေးရုံသို့ ချက်ချင်းသွားကာ သွေးစစ်၏။ မသက်မာလင်း၏ သွေးအမျိုးအစားမှာ ဆရာတော်၏သွေး အမျိုးအစားနှင့်အတူတူပင် (O-သွေး)ဖြစ်နေသဖြင့် သူ အလွန်ဝမ်းသာသွား၏။ နောက်တစ်ပတ်မျှကြာသောအ ခါ ဆရာတော်ထံမှ ရန်ကုန်သို့လိုက်လာခဲ့ရန် ဖုန်းဆက်ခေါ်သဖြင့် မသက်မာလင်း တစ်ယောက် ရန်ကုန်သို့ လိုက်သွားရသည်။ အာရှတော်ဝင်ဆေးရုံတွင် ကျောက်ကပ်လှူဒါန်းနိုင်ရန်အ တွက် လိုအပ်သောဆေးစစ်ဆေး ချက်များကို တစ်လကျော်ကြာမျှ ပြုလုပ်ရသည်။ ကံကောင်းသည်ဟု ဆိုရမည်ထင်၏။ ဆေးစစ်ဆေးချက်အား လုံး ရာနှုံးပြည့်အောင်မြင်ခဲ့သည်။ သို့သော် နောက်ဆုံးအနေဖြင့် ကျောက်ကပ် သွေးကြောများ အားကောင်း၊ မကောင်းကို စစ်ဆေးရန်အချိန်၌မူ အသက်အန္တရာယ် စိုးရိမ်စရာများနှင့် ကြုံတွေ့ခဲ့ရသေးသည်။
မသက်မာလင်းက ကျောက်ကပ်သွေးကြောစစ်ဆေးရန် အခန်းထဲသို့ဝင်ရသောအချိန်တွင် စိုးရိမ်မှုအနည်းငယ်ရှိသော်လည်း ဘုရားဂုဏ်တော်များကိုသာ အာရုံပြုထားခဲ့ကြောင်းဆိုသည်။
ဓါတ်ခွဲခန်း ဖန်ပေါင်းချုပ်ထဲသို့ဝင်၍ ပထမဆုံးဆေးတစ်လုံးထိုးပြီးချိန်တွင် မည်သို့မျှမခံစားရပဲ အောင် မြင်ခဲ့ကြောင်း ဆိုသည်။ ဒုတိယဆေးတစ်လုံးကို မိနစ်ခြား၍ ထိုးပြီးချိန်တွင် အနံ့တမျိုးကို ရရှိကြောင်း ဆိုသည်။ သို့သော် မသက်မာလင်းသည် ကြောက်လန့်စိတ်လုံးဝမရှိခဲ့ပဲ ဘုရားဂုဏ်တော်များကိုသာ စိတ်ထဲမှဆက်တိုက် ရွတ်ဖတ်နေခဲ့ကြောင်း ဆိုသည်။ သည်လိုနှင့် တတိယမြောက်ဆေးကို ထိုးရပြန်သည်။ တတိယမြောက်ဆေးကို ထိုးချိန်တွင်မူ ခန္ဓာကိုယ်တစ်ခုလုံး မီးများလောင်ကျွမ်းသွားသကဲ့သို့ ပူလောင်စွာ ခံစားရကြောင်းဆိုသည်။ သို့ သော် ထိုသို့ခံစားရခြင်းမှာ တစ်မိနစ်ခန့်မျှသာကြာကြောင်းနှင့် နောက်ဆုံးတွင် စစ်ဆေးချက်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်းဆိုသည်။
“ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကျွန်မတို့ အန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ကို ကျောက်ကပ်ခွဲ စိပ်ကုသဖို့အတွက် ထွက်ခွာရပါတယ်….အန္ဒိယဆေးရုံက ကျောက်ကပ်ခွဲစိပ်မယ့်နေ့ကို ဇန်နဝါရီလ(၁၅) ရက် နေ့ ရက်ချိန်းပေးပါတယ်…. ဒီအတောအတွင်းမှာ ကျွန်မက မြန်မာနိုင်ငံမှာ စစ်ဆေးခဲ့တဲ့ ဆေးစစ်ဆေးချက်တွေ အကုန်လုံးကို အစအဆုံး ပြန်စစ်ရပါတယ်… ဆရာတော်ကလည်း ကျောက်ကပ်ဆေးနေရပါတယ်…. တကယ်ခွဲ စိပ်ရတာကတော့ မူလသတ်မှတ်ပေးထားတာထက် ၁၀ ရက်စောပြီးတော့ ဇန်နဝါရီလ(၅) ရက်နေ့မှာ ခွဲစိပ်ရပါ တယ်… ” ဟု မသက်မာလင်း ပြန်လည်ပြောပြသည်။
ကျောက်ကပ်ခွဲစိပ်သောနေ့မှာ ၂၀၁၃ ခုနှစ်၊ ဇန် နဝါရီလ (၅) ရက်နေ့၊ အိန္ဒိယစံတော်ချိန် နံနက်-၉ နာရီအချိန် မသက်မာလင်းနှင့် ဆရာတော်တို့ ခွဲစိပ်ခန်းထဲသို့ တချိန်တည်း အတူတူဝင်ကြရသည်။ မသက်မာလင်းသည် ကျောက်ကပ်ခွဲစိပ်ပြီးနောက် ဆေးရုံတွင် (၆) ရက်နေခဲ့ရပြီး ဆရာတော်အသျှင်-ကုသလ(ငွေသဇင်) မှာမူ ဆေးရုံတွင် (၉) ရက် နေထိုင်ခဲ့ရကြောင်း ဆိုသည်။
ဆရာတော် က ”မသက်မာလင်း ရေ…ငါ့ရဲ့ မွေးမိခင်ပေးခဲ့တဲ့အသက် ဟာ (၅၁) နှစ်မှာ ကံတော် ကုန်သွားခဲ့ပြီ၊ အခု ရှေ့ဆက်မယ့် အသက်ဟာ နင်ပေးတဲ့ အသက်ပဲ ရှိတော့တယ်။ နင်ဟာ ငါ့ရဲ့ ဒုတိယ မယ် တော်ပါပဲ ဆိုပြီးတော့ ပြောတော့ ကျွန်မ ကြည့်နူးလွန်းလို့ မျက်ရည်ကျမိခဲ့ပါတယ်။ ပြီးတော့ ဆရာတော်က တ ချိန်ချိန်မှာ နင့်ရဲ့ ကျေးဇူးတွေကို ဆပ်ခွင့်ကြုံခဲ့ရင် နင် မငြင်းဘူးလို့ ကတိပေးပါလို့ ကတိတောင်းပါတယ်။ ဒါပေ မယ့် ကျွန်မက ဆရာတော်ကို ကျောက်ကပ်ပေးလှူရခြင်းဟာ ဘာမျှော်လင့်ချက် တစ်ခုမှ မပါပါဘူး ဘုရား။ ဆ ရာတော်ထံက ဘယ်လိုကျေးဇူးတုန့်ပြန်မှုမျိုးကိုမှလည်း လက်မခံပါရစေနဲ့။ ကျောက်ကပ်လှူရခြင်းကုသိုလ် ကောင်းမှုကို ရေစက်ချ အမျှပေးဝေပေးပါလို့ ” ပဲ သူက ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။
မသက်မာလင်း ကျောက်ကပ်ပေးလှူခဲ့သော ဆရာတော်အသျှင်-ကုသလ(ငွေသဇင်) သည် ရခိုင်လူထုတစ်ရပ်လုံး လေးစားရသော ရခိုင်အကျိုးပြု ဆရာတော်တစ်ပါးပင် ဖြစ်သည်။ ဆရာတော်သည် ရခိုင် သမိုင်းသုတေသီ၊ ကဗျာဆရာနှင့် စာရေးဆရာလည်း ဖြစ်သည်။ ဆရာတော်၏ ဘဝတလျှောက်လုံးတွင် မဂ္ဂဇင်းနှင့်စာစောင်ပေါင်း (၈၂) ခု တို့၌ ကဗျာ၊ ဆောင်းပါးနှင့် ရခိုင့်သမိုင်းသုတေသန စာတမ်းများ ရေးသားခဲ့သည်။ ထို့အပြင် ရခိုင့်သမိုင်းသုတေသနဆိုင်ရာများ၊ ရခိုင်စာ၊ ရခိုင်စကားလေ့လာဆန်း စစ်ချက်များနှင့် ကဗျာလင်္ကာစာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ဆရာတော်၏ အအောင်မြင်ဆုံး သောစာအုပ်မှာ “ ရခိုင်လူမျိုးနှင့် ဗမာစာ” သုတေသနစာအုပ် ဖြစ်သည်။
တချို့သောသူများက ဆရာတော်အသျှင်-ကုသလ(ငွေသဇင်) ကို ကျောက်ကပ်လှူဒါန်းခဲ့သဖြင့် ဆ ရာတော်ထံမှ ကျေးဇူးတုန့်ပြန်ကာ တစုံတရာအတိုင်းအတာအထိ ကြွယ်ဝလာလိမ့်မည်ဟု မသက်မာလင်းကို မျှော်လင့်ကြသည်။ သို့သော် မသက်မာလင်းတစ်ယောက်ကတော့ သူ၏ ကျောက်ကပ်အလှူကို မည်သည့်အရာနှင့်မျှ အရောင်တင်မခံခဲ့ပဲ မွန်မြတ်သန့်စင်သော အလှူတစ်ခုအဖြစ်သာ သေသည်အထိ နှလုံးသွင်းသွားရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ မွန်မြတ်သောကုသိုလ်စိတ်ကြောင့် ဘဝတွင် ငွေကြေးမချမ်းသာသော်လည်း ကိုယ်စိတ် နှလုံးကျန်းမာချမ်းသာနေလိမ့်မည်ဟုလည်း သူက ယုံကြည်သည်။
လက်ရှိတွင် အသက်-၄၄ နှစ်ခန့်ရှိခဲ့ပြီဖြစ်သော မသက်မာလင်း သည် သံတွဲမြို့နယ်၊ ရွှေလှေရပ်ကွက်ထဲရှိ သူ၏ ကွမ်းယာဆိုင်ကလေးတွင် ကွမ်းယာ ရောင်းချရင်း မိသားစုဘဝကို ယခင်အတိုင်း ရိုးသားစွာ ရုန်းကန်နေဆဲ ဖြစ်သည်။ မသက်မာလင်းသည် ကျောက်ကပ်တစ်လုံးတည်းဖြင့် ပုံမှန်အတိုင်း မပြောင်းမလဲ ကျန်းမာလျှက်ရှိနေသည်။ သံတွဲမြို့၊ ရွှေလှေရပ်ကွက်တွင် သူ၏ အမျိုးသား၊ လေးနှစ်အရွယ်သားငယ်၊ မိခင်အိုတို့နှင့်အတူ နေထိုင်လျှက် ရှိနေသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021