Home ဆောင်းပါး အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ရှေ့ဆက်နေတဲ့ CDM ဝန်ထမ်းအမျိုးသမီးများ

အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ရှေ့ဆက်နေတဲ့ CDM ဝန်ထမ်းအမျိုးသမီးများ

ဒေဝီ။ ။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေတက်မယ့် နေပြည်တော်ကပြည်ထောင်စုလွှတ်တော်မစတင်မီ နာရီပိုင်းအလို ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပွဲဟာ လူအများအပြားကိုအငိုက်မိသွားစေခဲ့ပါတယ်။

ရွေးကောက်ခံ NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် အာဏာသိမ်းပွဲကိုဆန့်ကျင်နိုင်တဲ့သူတွေ ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အတွက် အာဏာသိမ်းပွဲအစကာလတွေမှာ တော်လှန်ရေးအသံတွေ တိတ်ဆိတ်နေခဲ့ပါတယ်။

ရက်အနည်းငယ်ကြာတော့ တော်လှန်ရေးတိုက်ပွဲခေါ်သံဟာ မထင်မှတ်တဲ့နေရာကနေ စတင်ထွက်ပေါ် လာခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ကို လနဲ့ချီကြာအသက်ပေးပြီး ကုသနေတဲ့ ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ Civil Disobedience Movement -CDM လို့ခေါ်ကြတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။

CDM လှုပ်ရှားမှုဟာ အခြားသောအစိုးရဌာနတွေဆီ အလျှင်အမြန်ရောက်ရှိသွားပြီး ထောင်နဲ့သောင်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

CDM လုပ်မယ့် စာရင်းထဲမှာ လျှပ်စစ်ဝန်ကြီးဌာနက မနှင်းဆီ(အမည်လွှဲ) လည်းအပါအဝင်ဖြစ်ပါတယ်။ လုံခြုံရေးအရ သူမရဲ့အမည်အရင်းကိုမဖော်ပြဖို့ တောင်းဆိုထားတဲ့ မနှင်းဆီဟာ ဖေဖော်ဝါရီ ဒုတိယပတ် ကတည်းက သူမတို့ဌာနက အခြားဝန်ထမ်းတွေနဲ့ အတူ CDM လုပ်နေခဲ့တာပါ။

မနှင်းဆီတို့လို CDM သမားတွေကြောင့်အာဏာသိမ်းစစ်ကောင်စီအတွက် မျှော်လင့်မထားတဲ့ အကျပ်အတည်း တွေနဲ့ကြုံနေခဲ့ရပါတယ်။ သာဓကအားဖြင့် လစဉ်လျှပ်စစ်မီတာခမကောက်ခံနိုင်တာ၊ ဘဏ်တွေရှေ့မှာ လူတွေစုပြုံတိုးဝှေ့ပြီး ပိုက်ဆံထုတ်နေကြတာ၊ စာသင်ကျောင်းတွေအပြည့်အဝပြန်မဖွင့်နိုင်တာ စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။

CDM သမားတွေကြောင့်အာဏာသိမ်းစစ်ကောင်စီအကျပ်ရိုက်ရသလို၊ အခြာတဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီကြောင့် CDM သမားတွေအကျပ်ရိုက်ရတာတွေရှိနေပါတယ်။

CDM လုပ်ဆောင်တဲ့ ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ဖိအားပေးတာ၊ လစာမရတာ၊ ဌာနက ပေးတဲ့ ဝန်ထမ်း အိမ်ယာတွေမှာ နေထိုင်ခွင့်မရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာစတဲ့ အခက်အခဲတွေကိုလည်း CDM ဝန်ထမ်းတွေ ကြုံတွေ့ ခဲ့ရပါတယ်။

အစပိုင်းလတွေမှာ သိပ်မသိသာပေမယ့် လအနည်းကြာလာတဲ့နောက် မနှင်းဆီလိုအစိုးရဝန်ထမ်း လခစားသမားတွေအတွက် အကျပ်အတည်းတွေ စတင်ကြုံတွေ့လာပါတော့တယ်။

မနှင်းဆီက CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလကုန်ကတည်းက လစာ ကိုထုတ်ယူခြင်း မရှိတော့ပါဘူး။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ရဲ့ CDM ထောက်ပံ့မှုအတွက် စာရင်းပေးသွင်းထားပြီးID နံပါတ်တွေ ရရှိထားပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ ထောက်ပံ့မှုတွေ မရရှိခဲ့ပါဘူး။

“ထောက်ပံ့တဲ့ အဖွဲ့တွေနဲ့ ချိတ်တယ်။ ဒါပေမဲ့ လူတွေ များနေတဲ့ အတွက်အလှည့်ကျ စောင့်ရမှာတို့၊ လူပြည့်သွားပြီပြောတော့ စိတ်ဓာတ်တော့ကျတာပေါ့နော်” ဟု မနှင်းဆီကပြောပါတယ်။

ဒီလို ထောက်ပံ့မှုတွေ မရတဲ့အတွက် စိတ်ဓာတ်ကျပေမဲ့ အားမလျှော့ပဲ CDM ဆက်လုပ်ဖို့ ကိုရွေးချယ်ခဲ့တယ် လို့ဆိုပါတယ်။

“အစောကတည်းက CDM လုပ်တာ ထောက်ပံ့မှုရမှ ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်မဟုတ်ဘူး ၊မှန်တယ်ထင်တဲ့ လမ်းကို ရွေးခဲ့တာ ဖြစ်တဲ့ အတွက် ဒါရရ မရရ လုပ်ခဲ့တာ” လို့ မနှင်းဆီက ပြောပါတယ်။

မနှင်းဆီ CDM စလုပ်စဉ်က အမျိုးသားက အလုပ်ရှိတဲ့ အတွက် အိမ်ငှားနေရပေမဲ့ နေထိုင် စားသောက်ရေး ပြေလည်သေးပါတယ်။ အမျိုးသားကလည်း သူအလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီက ဧပြီလမှာ အလုပ်ထွက်ခဲ့ နောက်အကျပ်အတည်းကပိုလို့သိသာလာခဲ့ပါတယ်။

အဆင်မပြေမှုတွေဆက်တိုက်ဆိုသလိုဖြစ်လာခဲ့ပေမယ့် မနှင်းဆီတယောက် CDM လှုပ်ရှားမှုကနေ ထွက်ပြီး အစိုးရအလုပ်ဆီပြန်သွားဖို့လမ်းကိုတော့မရွေးခဲ့ပါဘူး။ ဒီတော့ မနှင်းဆီတို့ ဇနီးမောင်နှံ မှာ အိမ်ငှားခ၊ နေထိုင်စရိတ်တွေအတွက် အခြားဝင်ငွေရလမ်း ကို စဉ်းစားရင်း အွန်လိုင်းနဲ့ရပ်ကွက်ထဲမှာ ဘုရားပန်းရောင်းဖို့ လုပ်ဆောင်ခဲ့ပါတော့တယ်။

ဝန်ထမ်းဘဝနဲ့ အသားကျနေပြီဖြစ်တဲ့ မနှင်းဆီအတွက် ဈေးရောင်းမယ်ဆိုတာ စိန်ခေါ်မှုတစ်ခုပါ။ ပထမဆုံးဈေးရောင်းတာဖြစ်တဲ့အတွက် “ရောင်းရပါ့မလား၊ ပတ်ဝန်းကျင်က ကဲ့ရဲ့မလား” ဆိုတဲ့ အတွေးပေါင်းစုံနဲ့ အားတင်းပြီး စခဲ့ရတာလို့ မနှင်းဆီကဆိုပါတယ်။

“တခါမှ ဈေးမရောင်းဘူးတော့ ရှက်လည်းရှက်တယ်။မလုပ်ရဲဘူး ၊မနည်းအားတင်းပြီး ရောင်းတာ။ အမတို့ကို ဈေးရောင်းတော့ ပျက်စီးပြီထင်ပြီး ဝမ်းသာတဲ့သူတွေလည်းရှိတယ်” လို့ မနှင်းဆီက ပြောပါတယ်။

အွန်လိုင်းမှာ ရောင်းချတဲ့အခါ CDM ဝန်ထမ်းရောင်းတယ်ဆိုပြီး အသိမိတ်ဆွေတွေက ကြေငြာပေးတဲ့ အတွက် သိတဲ့ သူရော မသိတဲ့သူရော ဝိုင်းဝန်းအားပေးကြပါတယ်၊

“ပန်းတွေကို သွားကြိုရတာ၊ ရောင်းဖို့အတွက်ပြန်လည်း စီးရတာ၊ ထိုင်ရောင်းရတာတွေက ပင်ပန်းပေမယ့် ဝင်ငွေကတော့ ဝန်ထမ်းလစာထက်ပိုများလို့ပျော်တယ်” လို့ဆိုပါတယ်။

CDM သမားရောင်းတဲ့သူမို့ပို အားပေး ကြတဲ့ အတွက်လည်း အားတက်ပြီး ရှေ့ဆက်ဖို့ ခွန်အားတွေရတယ်လို့ မနှင်းဆီကပြောပါတယ်။

“ကိုယ်ကိုယ်တိုင်ရှာတဲ့ ပိုက်ဆံတွေ ပါလားဆိုပြီး အတွေးဝင်လာတယ်။ ဘယ်သူဘာပြောပြော ဂရုမစိုက်တော့ဘူး” လို့ ဆိုပါတယ်၊

မနှင်းဆီတို့လို CDM လုပ်ဆောင်ရင်း စားဝတ်နေရေးအတွက် ဈေးရောင်းပြီးဝင်ငွေရှာတဲ့ ဝန်ထမ်းတွေက အများအပြားပါ။

ထမင်းဟင်း၊ မြန်မာမုန့်၊ကိုရီးယား ၊ထိုင်းအစားစာ၊ မာလာရှမ်းကော၊မုန့်ပဲသရေစာ စတဲ့ အစားအသောက် မျိုးစုံကို အွန်လိုင်းကနေ ချက်ပြုတ်ရောင်းချတာ၊မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်၊သီးနှံမျိုးစုံ ကို နေထိုင်ရာ ရပ်ကွက်မှာ ဆိုင်ဖွင့်လှစ်ရောင်းချတာ၊ လက်မှုပစ္စည်း လေးတွေဖန်တီးရင်း အွန်လိုင်းကနေရောင်း ချတာ၊ ပြန်လည်သင်ကြားပေးတာ၊ ကလေးတွေကို စာသင်ကြားတာတွေ လုပ်ဆောင်နေတဲ့ သူတွေ အများအပြားရှိလာပါတယ်။

“အိမ်မှာ ဝင်ငွေမရှိ ဖြစ်သွားတဲ့အတွက် ဘာလုပ်ရမလဲပဲ တွေးနေတာ ၊အမေကလည်း မုဆိုးမ ဆိုတော့၊ ကိုယ့်ကိုယ်တအား အားကိုးတဲ့တွက် ငွေရှာရမှာ လို့” ဆိုသူက ပညာရေးဝန်ထမ်တစ်ဦးဖြစ်သူ မနွယ်နွယ်( အမည်လွှဲ)ပါ။

မနွယ်နွယ်က ဖေဖော်ဝါရီကတည်းက CDM လှုပ်ရှားမှု မှာ ပါဝင်ခဲ့ပြီး ယခုခါမှာတော့ ကိုရီးယား အကင် မျိုးစုံကို ဆိုင်ဖွင့်လှစ်ရောင်းချနေတာပါ။

CDM လုပ်တဲ့ အတွက် အိမ်နဲ့ အတိုက်အခံဖြစ်ခဲ့ပြီး၊ CDM လုပ်တဲ့ သူတွေကို ဖမ်းဆီးတာ၊ ဝရမ်းထုတ်တာတွေ အကြား ဖိအားများစွာ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊

မနွယ်နွယ်ကလည်း မိတ်ဆွေတစ်ဦးကတစ်ဆင့်အလှုရှင်တစ်ဦးပေးတဲ့ ထောက်ပံ့ငွေ ငါးသောင်း သာရခဲ့ပြီး အခြားထောက်ပံ့မှုတွေ မရခဲ့ပါဘူး။ ဈေးရောင်းဖို့အတွက်တောင် ပေါင်နှံရောင်း ချခဲ့ရတယ် လို့ ဆိုပါတယ်။

” လူကပင်ပန်းပေမဲ့ သမာအာဇီဝကျကျ လုပ်နေတာမလို့ လိပ်ပြာလည်းလုံတယ်၊ အဲ့ဒီတော့ ပျော်တယ်၊ အလုပ်ချိန်ကတော့ unlimited ဖြစ်သွားတာပေါ့နော်။”လို့ မနွယ်နွယ်ကပြောပါတယ်။

ဝန်ထမ်းဘဝနဲ့ သက်တောင့်သက်သာဖြတ်သန်းလာရတာကနေ ဈေးစရောင်းတဲ့အခါ ‘ရောင်းလို့ဖြစ်ပါ့မလား’ ဆိုတာ အတွေးကဖိစီးတဲ့အတွက် ဒါကို အားတင်းပြီး ကျော်ဖြတ်ခဲ့ရတယ်လို့ ယင်းတို့ကဆိုပါတယ်။

” ဈေးရောင်းရင် စားဝတ်နေရေးလောက်တော့အဆင်ပြေမှာပါ။ ကျန်တဲ့ အရာကို ဒီချိန်မှာ အားလုံး ခက်ခဲနေတော့ ငါ့ဘာသာငါ ဖြေရှင်းရင် အဆင်ပြေမှာပါဆိုပြီးဈေးစရောင်းတာ” လို့ ပြန်ကြားရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတစ်ဦးဖြစ်သူ မသီရိ(အမည်လွှဲ)ကပြောပါတယ်။

ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊သတ်ဖြတ်တာတွေကို ကိုယ်တိုင်တွေ့မြင်နေရပေမဲ့ ပြန်ကြားရေး ဝန်ကြီးဌာနမီဒီယာတွေမှာ တင်ပြတာတွေက တစ်ခြားစီဖြစ်နေပြီး ဒါကို လက်မခံ နိုင်တော့တဲ့အတွက် မသီရိက CDM လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

CDM လုပ်ဆောင်နေတဲ့ သုံးလနီးပါးအတွင်း ဝင်ငွေ မရှိတဲ့အတွက် စီးပွားရေးတစ်ခု အဖြစ် ကြက်သားပလာတာသုတ်၊ နန်းကြီးသုတ်စတဲ့ စားသောက်ဖွယ်အချို့ကို အွန်လိုင်းကနေ ရောင်းချခဲ့ပါတယ်။

“ကိုယ်တိုင်က လခစားဝန်ထမ်းဆိုတော့ ဒီတိုင်းမနေနိုင်ဘူး။ မိဘတွေကလည်းပင်စင်ယူထားတော့ ဒုက္ခမပေးချင်တော့။ ဒီလိုလုပ်မယ်ပေါ့။ ဈေးရောင်းဖို့လည်း တော်တော်စဉ်းစားလိုက်ရတယ်။ “လို့ မသီရိကပြောပါတယ်။

ဝန်ထမ်းဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေတာကနေ ဈေးရောင်းရသူအဖြစ်ပြောင်းလဲ တဲ့အခါ ဝယ်သူတွေနဲ့ ပြောဆိုဆက်ဆံရတာ၊ ဝယ်သူတွေ ဆီ ပို့ဖို့ လမ်းညွှန်တဲ့အခါ အလွဲအချော် ဖြစ်တာ တွေလည်း ကြုံတွေရတယ်လို့ မသီရိကဆိုပါတယ်။

ဒါပေမဲ့ CDM ဝန်ထမ်းရောင်းတာဖြစ်တဲ့အတွက် အားပေးကူညီတာတွေကြောင့် စရောင်း ကတည်းက အဆင်ပြေပြေနဲ့ ရောင်းခဲ့ရပါတယ်။

ဝန်ထမ်းတွေက ဈေးရောင်းတယ်ဆိုတာမတွေးဘူးကြဘူး၊ စားဝတ်နေရေးခက်ခဲတယ်ဆိုရင် နည်းနည်းလောက်လေးပဲဖြစ်ဖြစ် ကိုယ်တက်နိုင်တာလေးကို စပြီးတော့ လုပ်ကြည့်ပါ အဆင်ပြေသွားမှာပါ။” လို့ မသီရိက ပြောပါတယ်။

CDM သမားတွေက နိုင်ငံရဲ့အပြောင်းအလဲမှာ လေးစားတန်ဖိုးထားရမယ့် သူရဲကောင်း တွေဖြစ် ပါတယ်၊ အမှန်တရားဘက်က ရပ်တည်ပြီး အာဏာရှင်ကို တော်လှန်ကြတဲ့ နိုင်ငံသူရဲကောင်းတွေကို ဖေးမကူညီဖို့ ချီးကျူးဂုဏ်ပြုဖို့က ကျန်တဲ့ အမှန်တရားလိုလားတဲ့ နိုင်ငံသားတိုင်းရဲ့ တာဝန်တစ်ခုဖြစ်တယ်လို့ အလှုရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ နွမ်းပါးသူတွေကို ထောက်ပံ့နေတဲ့ Clean Yangon အဖွဲ့က ကိုဇေယျာထွန်းကပြောပါတယ်။

CDM စတင်ခါစက အဖွဲ့အစည်းမျိုးစုံက နည်းလမ်းအမျိုးမျိုးနဲ့ ချီးမြှင့်ဂုဏ်ပြုကြတာ၊ စေတနာရှင် တွေကူညီတာတွေလုပ်ပေမဲ့ အချိန်ကြာလာတဲ့အမျှအဖက်ဖက်က ခက်ခဲလာတဲ့ အခြေအနေမှာ စေတနာရှင်တွေနဲ့ အဖွဲ့အစည်းတွေလည်း ကျပ်တည်းလာကြပါတယ်။

ဒါအပြင် ကူညီသူတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ကူညီသူတွေပါ ရှောင်တိမ်းရတဲ့ အခြေအနေတွေရှိလာတဲ့အခါ တစ်ဖက်မှာလည်း ကူညီမှု အားတွေလျော့ လာတယ်၊ဒီအတွက် ငွေကြေးထောက်ပံ့တာထက် ရေရှည်အဆင်ပြေစေမဲ့ အလုပ်အကိုင်တစ်ခု ဖန်တီးပေးတာ ပိုကောင်းမယ်လို့ ကိုဇေယျာထွန်းကအကြံပြုပါတယ်။

“ဒီထက်အချိန်ကြာလာရင် ပိုဆိုးနိုင်လို့ ဘယ်ရွေ့ဘယ်မျှထောက်ပံ့တာထက် အလုပ်အကိုင်တစ်ခု ဖန်တီးပေးတာမျိုး အရောင်းဆိုင်တစ်ခု တည်ပေးတာမျိုးက ရေရှည်မှာပိုကောင်းမွန်မယ်လို့ ယုံကြည်ပါတယ်။” လို့ ကိုဇေယျာထွန်းကပြောပါတယ်။

အစိုးရယန္တရားကိုရပ်တန့်စေတဲ့ CDM လှုပ်ရှားမှုကြောင့် ဌာနဆိုင်ရာ အများစုက ပုံမှန် လည်ပတ် နိုင်ခြင်းမရှိသေးပါဘူး၊ဒီအတွက်လည်း CDM လုပ်ဆောင်တဲ့ဝန်ထမ်းတွေကို ဖိအားပေး ရုံးတက်စေရုံ မက ဝန်ထမ်းတွေကို အလုပ်ကရပ်ဆိုင်းတာ ၊ဝန်ထမ်းချေးငွေ ပြန်လည် တောင်းခံတွေလည်း အာဏာ သိမ်းအစိုးရက ပြုလုပ်လာပါတယ်။

ဒီလိုအလုပ်က ဆိုင်းခံရတဲ့အထဲမနှင်းဆီနဲ မသီရိတို့လည်းအပါအဝင်ပါ၊သူမတို့ကို ဧပြီလကတည်း အလုပ်မှ ရပ်ဆိုင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ရပ်နားတဲ့စာတော့ လက်ထဲ မရောက်သေးဘူး လို့ဆိုပါတယ်။

“CDM လုပ်တော့ ဧပြီ ကတည်းက ရာထူးကနေ ထုတ်ထားတယ်။ဒါပေမဲ့ မေလ တုန်းကတော့ ရုံးလာတက်ချင် တက်လို့ရတယ်လို့ ဖုန်းဆက်သေးတယ်။ မတက်တော့ဘူး CDM ဆိုပြီး ဆုံးဖြတ်ထားတယ်။”လို့ မသီရိကပြောပါတယ်။

သူမတို့က အလုပ်က ရပ်ဆိုင်းခံရပေမဲ့ အာဏာရှင် ပြုတ်မကျမချင်း CDM ကိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး အခြားသူတွေလည်း အဆုံးထိတောင့်ခံထားဖို့ တိုက်တွန်းထားပါတယ်။

“အများစုက ကြောက်လို့ ပြန်ဝင်သွားကြပြီ၊ အဲ့ဒီအတွက်တော့ တော်တော်ဝမ်းနည်းရပါတယ်၊ ညီမလည်း ကြောက်တာပဲ၊ဒါပေမဲ့အနာဂတ်ပျောက်မှာပိုကြောက်တယ်၊သေသွားတဲ့သူတွေ ကိုယ်ထက်ငယ်တဲ့ ကလေးတွေကို အားနာရင် ကိုယ်ချင်းစာရင် ဆက်ပြီးတောင့်ခံထားပေးပါလို့” မနွယ်နွယ် ကပြောပါတယ်။

ဒါ့အပြင် CDM ဝန်ထမ်းတွေ အထောက်အပံ့တွေ မရတာအတွက်လည်း စိတ်မပျက်ဖို့ တောင်းဆို ထားပြီး၊အခက်အခဲကြုံတွေနေတဲ့ ဘဝတူCDMသမားတွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖို့ တိုက်တွန်းသလို လိုအပ်တာတွေ လမ်းညွှန် ကူညီပေးဖို့ အသင့်ရှိတယ်လို့ ယင်းတို့က ဆိုပါတယ်။

” ဈေးရောင်းတယ်ဘာညာဆိုရင်လည်း အများကြီးမသိပေမဲ့ တက်နိုင်သလောက် လမ်းညွှန် ပေးမယ်၊ပြောပြပေးမယ်။ ဘာမှစိတ်ဓာတ်မကျနဲ့။ အားလုံးပြီးသွားရင် လက်မထောင် ရင်ကော့ပြီးပြန် ဝင်လို့ရတယ်”လို့ မနှင်းဆီကပြောပါတယ်။

Related Articles