ကြည်ဖြူ။ ။
လူအတော်များများအတွက်တော့ အဖြူအစိမ်းဝတ်၊ လွယ်အိပ်လွယ်ရင်း ဖြတ်သန်းခဲ့ကြရတဲ့ ကျောင်းသားဘဝမှာ အမှတ်ရစရာတခုခုရှိတတ်ကြပါတယ်။
ပျော်စရာအဖြစ်အပျက်တွေ၊ သူငယ်ချင်းအသစ်နဲ့ဆုံကြရတာတွေ၊ ဒါမှမဟုတ် စာမကျက်လာမိလို့ ဒုက္ခရောက်ရတာ စသဖြင့်ပေါ့။
ရှမ်းပြည်နယ် တောင်ကြီးမြို့က မျိုးမျိုးမှာလည်း အသက် ၁၄ နှစ်အရွယ် ၈တန်းကျောင်းသား ဘဝတုန်းက စာသင်ခန်းထဲမှာကြုံခဲ့ရတဲ့ ဘဝတလျှောက်လုံး မေ့မပြစ်နိုင်တဲ့ အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။
တခြားသူတွေလိုတော့ပျော်စရာကောင်းတဲ့အဖြစ်အပျက်မျိုးမဟုတ်ဘဲ ကလေးငယ်တယောက်အတွက် ခက်ခဲလွန်းတဲ့ နေ့တနေ့အကြောင်းပါ။
အဲ့ဒီနေ့က အတန်းထဲက သူငယ်ချင်းတွေကသူ့ကို“ အခြောက်မ” ဆိုပြီး ဝိုင်းစရာကနေဖြစ်လာခဲ့တဲ့ပြဿနာပါ။
ချစ်လို့ခင်လို့စတဲ့သဘောမျိုးထက်ကျော်လွန်လာခဲ့ပြီး လူ့ဂုဏ်သိက္ခာကျအောင် ခွဲခြားပြောဆိုတဲ့ သဘောဖြစ်လာခဲ့တဲ့အတွက် နောက်ဆုံးမှာ ကူရာကယ်ရာရအောင်ဆရာမဆီကိုတိုင်ဖို့အတွက် မမျိုးမျိုးကဆုံးဖြတ်ခဲ့ပါတယ်။
မမျိုးမျိုးရဲ့မျှော်လင့်ချက်က အစသန်တဲ့သူငယ်ချင်းတွေကို ဆရာမကနောက်မစအောင်ကူပြောပေးဖို့နဲ့ သူ့ကိုအကာအကွယ်ပေးဖို့ဖြစ်ပေမယ့် လက်တွေ့မှာအထင်နဲ့အမြင်တက်တက်စင်အောက်လွဲခဲ့ရပါတယ်။
“ဆရာမက ‘နင်က ခြောက်နေလို့လေ။ နင်မခြောက်ရင် ဘယ်သူက ပြောမှာလဲ။ ယောင်္ကျားလေးက ယောင်္ကျားလေးလိုနေပါလား’ ဆိုပြီး ပြောပြီး ပြန်လွတ်ခဲ့တယ်” ဟု မမျိုးမျိုးက ပြန်ပြောပြပါတယ်။
ဘာအမှားမှမလုပ်ခဲ့သည့်တိုင်အောင် အပြစ်ရှိတဲ့သူတယောက်လို သူ့ကိုခွဲခြားဆက်ဆံခဲ့တဲ့ စာသင်ခန်းကို မမျိုးမျိုးကျောခိုင်းခဲ့ပါတယ်။ လိင်စိတ်ကွဲပြားခြင်းကို လက်မခံကြဘဲ လူ့ဂုဏ်သိက္ခာကျအောင် ခွဲခြားပြောဆိုကြတဲ့ ပတ်ဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ၈ တန်း ပညာရေးကိုပင် မဆုံးခင်မှာပင်ကျောင်းထွက်ခဲ့ပါတယ်။
“အခြောက်မ၊ ဘောပြားတို့ အခေါ်ဝေါ်တွေက သေချာတာကတော့ ချစ်လို့ခေါ်တာမဟုတ်ဘူး ကောင်းတဲ့ရည်ရွယ်ချက်မပါခဲ့ဘူး” ဟု သူကဆိုပါတယ်။
နောက်လအနည်းငယ်အကြာမှာတော့ မမျိုးမျိုးဟာ သူရဲ့ဖြစ်တည်မူကို အရင်းနှီးဆုံးသောသူတွေကို ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၁၅ နှစ်လောက်မှာ သူဟာအမျိုးသမီးလိင်စိတ် ခံယူထားတဲ့အမျိုးသားဖြစ်ကြောင်း မိဘကို ဖွင့်ပြောပြလိုက်ပါတယ်။
ရလာဒ်ကကျောင်းတုန်းကအဖြစ်အပျက်နဲ့သိပ်မကွာလှပါဘူး။
မိသားစုထဲက တဦးတည်းသောသားရဲ့ အခြေအနေကို မိခင်ဖြစ်သူက လက်မခံနိုင်ဖြစ်ခဲ့ရပါတယ်လို့ မမျိုးမျိုးက ပြောပါတယ်။ ယောင်္ကျားလေးအဖြစ် မွေးဖွားတာဖြစ်တဲ့အတွက် ယောင်္ကျားလေးလိုဘဲ ဝတ်စားဆင်ယင်ရမယ်၊ ယောင်္ကျားလေးလို့ဘဲ ပြောဆိုနေထိုင်ရမယ်လို့ မိခင်က ဖိအားပေးပါတော့တယ်။
နောက်ဆုံးမှာရွေးချယ်စရာ နှစ်ခုဘဲရှိတော့တဲ့အထိဖြစ်လာခဲ့ပါတယ်။ ပထမတစ်ခုက “ယောင်္ကျားလေးလို့ဘဲ နေရမယ်” ဆိုတာဖြစ်ပြီး ဒုတိယတစ်ခုကတော့ “မနေနိုင်ရင် ထွက်သွား” ဆိုတာပါ။
မမျိုးမျိုးကဒုတိယတစ်ခုကိုရွေးချယ်လိုက်ပါတယ်။
“အမက ကိုယ်ဖြစ်တည်မူနဲ့ လွတ်လွတ်လပ်လပ်နေချင်တော့ နေစရာမရှိလည်း စိတ်ချလက်ချနဲ့ အိမ်ပေါ်ကနေ ဆင်းလိုက်တယ်” ဟု မမျိုးမျိုးက ပြောပါတယ်။
အိမ်ပေါ်ကဆင်းလာခဲ့တယ်ဆိုပေမယ့်သူ့မှာ သွားစရာနေရာမရှိခဲ့ပါဘူး။ ရုန်းကန်ကျော်ဖြတ်ရင်းနဲ့ တချို့ရက်တွေဆိုရင် လမ်းဘေးမှာ အဆင်ပြေသလို ထိုးအိပ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်လို့ မမျိုးမျိုးကပြောပါတယ်။
လက်ထဲ ငွေကြေးအချို့လေးကို ကိုင်ကာ ယောင်လည်လည် လမ်းပျောက်နေရင်းနဲ့ သူရဲ့ ဘဝတူသူငယ်ချင်းနဲ့ ချိတ်ဆက်ကာ တောင်ကြီးမြို့က အေးသာယာမြို့မှာ ရှိတဲ့ အလှပြင်ဆိုင်မှာ လစာနည်းနည်းနဲ့ အလုပ်သင်ဝင်လုပ်ခဲ့ပါတယ်။
အစပိုင်းမှာအောက်ခြေသိမ်းဘဝကနေ ကျိုးစားလုပ်ကိုင်ရင်း လစာသောင်းဂဏန်းသာရခဲ့ပေမယ့် ထိုမိတ်ကပ်ပညာကို စိတ်ဝင်စားတာကြောင့် နောက်ပိုင်းမှာတော့ အဲဒီဆိုင်မှာ ဦးဆောင်သူ တစ်ယောက် ဖြစ်လာပါတယ်။
မိတ်ကပ်ပညာကို သင်ကြားနေရင်း မမျိုးမျိုး အသက် ၁၈ ကျော်အရွယ်လောက်မှာ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်ခံယူနေထိုင်နေသောအမျိုးသမီး (Transgender woman) တယောက်အတွက် အနိုင်ကျင့် စော်ကားခံရတဲ့အဖြစ်အပျက်တစ်ခုနဲ့လဲရင်ဆိုင်ခဲ့ရပါသေးတယ်။
ည ၈ နာရီ ခန့်အလုပ်ကအပြန် လမ်းမှာ အမဲရောင် ဝတ်စုံဝတ်ပြီး မည်သူမှန်းမသိတဲ့ ယောင်္ကျားတစ်ယောက်ဟာ မမျိုးမျိုးကို အနောက်ကနေ ဓားနဲ့ လာထောက်ပြီး ‘မအော်နဲ့ အော်ရင် သတ်မယ်’ ဆိုပြီး ဖမ်းခေါ်သွားခဲ့ပြီး လိင်အမြတ်ထုတ်ဖို့ကြိုးစားခဲ့တယ်လို့ မမျိုးမျိုးကဆိုပါတယ်။
အဲဒီနေ့ဖြစ်စဉ်ကို မည်သူကို တိုင်တန်းရမည်ဆိုတာကို မသိတာတစ်ကြောင်း၊ ကြောက်တာကြောင့်တစ်ကြောင်း ရေငုံနှုတ်ပိတ်နေခဲ့ရပါတယ်။
နောက်ပိုင်းမှာ မမျိုးမျိုးဟာ လမ်းသွားလမ်းလာ လုပ်တဲ့အခါမှာတောင်မလုံခြုံတော့သလို ခံစားလာရပြီး LGBTIQ တယောက်ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးအဘက်ဘက်ကနေ အရှက်ရအောင် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ခံလာရတဲ့အတွက် အခွင့်အရေးတွေ များစွာဆုံးရှုံးရတယ်လို့ ခံစားရလာပါတယ်။
အခက်အခဲတွေကိုကြိုးစားရုန်းကန်ရင်းနဲ့ သူ့အသက် ၂၀ အရွယ်မှာတော့ ဘဝလက်တွဲဖော်နဲ့တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အိမ်ထောင်ရေးကို အမျိုးသားဘက်က ကန့်ကွက်တာ မရှိခဲ့ပေမယ့် မမျိုးမျိုးမိခင်ကတော့ လက်မခံနိုင်သေးဘဲ ဖြစ်နေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အများထင်သလိုမဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ဘဝမျိုး တည်ဆောက်လာနိုင်ခဲ့ပြီး စိန်ခေါ်မှုတွေတစ်ခုပြီးတစ်ခု ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးချိန်မှာတော့ သူ့ရဲ့အခြေအနေကို လက်ခံလာကြတယ်လို့ မမျိုးမျိုးကပြောပါတယ်။
“ဪ သူမိန်းခလေးလို နေထိုင်နေပေမယ့် အိမ်ထောင်ပြုခဲ့ပေမယ့် သူဘဝကို သူရပ်တည်နိုင်တယ် (လို့တွေးပြီးလက်ခံလာကြတယ်) ”လို့ မမျိုးမျိုးက ပြန်ပြောပြပါတယ်။
အခုဆိုရင်သူတို့အိမ်ထောင်သက်တမ်းက ၉ နှစ်ရှိနေခဲ့ပါပြီ။
၂၀၁၅ မှာတော့ မမျိုးမျိုးဟာ သူဝါသနာပါတဲ့ အလှပြင်လုပ်ငန်းကိုစွန့်လွှတ်လိုက်ပြီး နောက်ထပ်စွန့်စားမှုတစ်ခု ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဘဝတူ သူငယ်ချင်းနဲ့ စုပေါင်းပြီး LGBTIQ တွေအပေါ် ခွဲခြားဆက်ဆံမှု၊ အလုပ်ခွင်တွေမှာ ဖယ်ကျဉ်ခံရမှု၊ မုန်းတီးမှုး စသည့်တို့ကို လျော့ကျနိုင်စေရန်အတွက် ချယ်ရီမြေမှတွဲလက်များအဖွဲ့ ကို စတင်တည်ထောင် ခဲ့ပါတယ်။
ထိုအဖွဲ့မှာတော့ မမျိုးမျိုးဟာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး LGBTIQ တွေအပေါ် ခွဲခြားဆက်ဆံမူ၊ မုန်းတီးမှုတို့ကို ပပျောက်လျော့ကျနိုင်စေရန်အတွက် တက်ကြွသော လူငယ်တွေကို အခြေခံလူ့အခွင့်အရေးသင်တန်း၊ LGBTIQ Rights၊ အမြင့်ဖွင်သင်တန်း၊ ဟောပွဲတို့ကို အေးသာယာမြို့၊ တောင်ကြီးမြို့၊ ကျေးရွာထဲထိဆင်းပြီး ရက်တိုသင်တန်းပို့ချကြပါတယ်။
“ LGBTIQ တွေကိုယ်တိုင်က ကိုယ်ရဲ့ အခွင့်အရေးတွေကို မသိကြတာများတယ် ကျေးလက်နေသူတွေကတော့ ပိုဆိုးတာပေါ့”ဟုလည်း မမျိုးမျိုးက ဆိုပါတယ်။
သူတို့အပေါ်ပိုမိုနားလည်လာစေဖို့ သင်တန်းတွေ ပြုလုပ်တဲ့အခါမှာ သက်ဆိုင်ရာဌာနကို ခွင့်တောင်းရတဲ့ အခါမျိုးတွေရှိတဲ့အခါတချို့ သက်ဆိုင်ရာဌာနတွေက လက်မခံချင်ကြတာလည်း ရှိပါတယ်။
“ အစ်မတို့ LGBT နဲ့ ပတ်သက်တဲ့ ပွဲတစ်ခုခု သင်တန်းတစ်ခုခုလုပ်မယ်ဆိုရင် တချို့အစိုးရတွေက လက်မခံချင်ကြဘူး” ဟု မမျိုးမျိုးကပြောပါတယ်။
LGBTIQ တွေကို လက်မခံတဲ့ အစိုးရဌာနတွေကို သွားရောက်ပြီး သေချာရှင်းပြပြီး သွားရောက် စည်းရုံးရသလို LGBTIQ တွေသည် သူတို့ထင်သလို မဟုတ်ကြောင်း သက်သေပြဖို့အတွက် ထိုပွဲမှာ အစိုးရဌာနတွေကိုပါ ဖိတ်ကြားခြင်းတွေ ပြုလုပ်လာပါတယ်။
ယခင်က အစိုးရ အခန်းကဏ္ဍမှာ LGBTIQ တွေ ပါဝင်ခွင့်မရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အနည်းအကျဉ်းပါဝင်ခွင့်ရလာပြီး မမျိုးမျိုးကိုယ်တိုင် ပါဝင်ခွင့်ရလာပါတယ်။
“အစ်မဆို ရှမ်းပြည်နယ် ခရိုင်လူငယ်ရေးရာကော်မတီမှာ LGBTIQ ကိုယ်စားပြုအနေနဲ့ ပြီးတော့ တချို့ပွဲတွေဆို အစိုးရက လူငယ်နဲ့ ပတ်သက်တဲ့ ပွဲတွေဆို ဖိတ်လာတွေရှိလာတယ် လမ်းစ စဖွင့်ပေးလာတယ်” ဟု မမျိုးမျိုးဟု ဆိုပါတယ်။
သူသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြင်းထန်ချိန်မှာလည်း တောင်ကြီး အေးသာယာရှိ ရောဂါစစ်ဆေးရေးဂိတ်မှာလည်း ၁ လကျော်နီးပါး လုပ်အားပေးပါဝင် အားဖြည့်ခဲ့တင်သာမကာ အေးသာယာမြို့အနီးနားမှာ နေထိုင်သော LGBTIQတွေကို ဆန်၊ဆီ၊ဆား ထောက်ပံ့မူများလည်း ပြုလုပ်ခဲ့ပါတယ်။
မမျိုးမျိုးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ LGBTIQ အခွင့်အရေးအတွက် ထောက်ခံလှုပ်ရှားအရေးဆိုမှုတွေ ပြုလုပ်နေတဲ့ CAN-Myanmar ကို ကိုယ်စားပြုပြီး ရှမ်းပြည်နယ်အတွင်းက မဲရုံတွေကို စောင့်ကြည်လေ့လာခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မမျိုးမျိုးဟာ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနဲ့ပြည်နယ် ၄ခု၊ မြို့နယ် ၄၄ မြို့နယ်မှာ စောင့်ကြည့်လေ့လာသူ ၉၉ ဦးအနက် တစ်ဦးဖြစ်ပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာသူအဖြစ် ကျမ ပထမဆုံးပါဝင်ခဲ့တယ်။ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို သေချာလေ့လာစောင့်ကြည့်နိုင်ခဲ့တယ်။ အတွေ့အကြုံ ဗဟုသုတတွေလည်းရခဲ့တယ်။ ”လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒါအပြင်လည်း မမျိုးမျိုးဟာ စစ်အာဏာမသိမ်းခင်အထိ ရှမ်းပြည်နယ် ခရိုင်လူငယ်ရေးရာကော်မတီမှာလည်း LGBTIQ ကိုယ်စားပြုအနေနဲ့ ပါဝင်ခွင့်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
မမျိုးမျိုးတို့ ဘယ်လောက်ကြိုးစားကြိုးစား ခွဲခြားဆက်ဆံမှုတွေကတော့ရှိနေဆဲပါ။ LGBTIQ တွေကို ပစ်မှတ်ထားပြီး ညှင်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ၊ လူ့ဂုဏ်သိက္ခကျဆင်းအောင် ခွဲခြားပြောဆိုနေတာတွေက ယနေ့တိုင်ဖြစ်ပါတယ်။
အနုပညာသမားတွေနဲ့ သတင်းမီဒီယာတွေသာမက ယနေ့ခေတ်တွင် အများစု အသုံးပြုနေကြတဲ့ Facebook အင်တာနက်၊ TiKTok တို့ပေါ်မှာ လှောင်ပြောင်သရော်တာတွေတွေ့မြင်နေရဆဲဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်ကစလို့ ဘဝတလျှောက်လုံးနီးပါး ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတဲ့သူနဲ့ဘဝတူတွေကို အနိုင်ကျင့်စော်ကားတာတွေရပ်တန့်နိုင်တဲ့အထိ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားပြီး ဥပဒေအရ အကာအကွယ်ပေးနိုင်တဲ့အဆင့်အထိ ရောက်အောင်ကြိုးစားဖို့လည်း ရည်မှန်းထားတယ်လို့ မမျိုးမျိုးက ဆိုပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021