ရက္ခ။ ။
အမျိုးသမီးငယ်တစ်ယောက် လက်သီးဆုပ်ခန့်လုံးပတ်ရှိသော ရမ်းဗြဲဝါးတစ်လုံးကိုယူကာ လက်တစ်လံ ခန့် အရှည်ဖြတ်တောက်၍ ထက်ခြမ်းခွဲသည်။ ထို့နောက် ဝါးတစ်ခြမ်းလျှင် အစိပ်ငယ်ကလေး လေးစိပ်ခန့်မျှ ရရှိ လာသည်အထိ အစိပ်စိပ် ထပ်မံခွဲခြမ်းလိုက်ပြန်သည်။ လိုအပ်သောဝါးစိပ်ခြမ်းကလေးများ ရရှိလာပြီးနောက် တွင် သူသည် ခန္ဓာကိုယ်ကို သက်တောင့်သက်သာအနေအထားဖြင့် တင်ပြင်ခွေထိုင်လိုက်ကာ နှီးဖြာခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်သည်။ အချိန်တစ်နာရီခန့်မျှကြာသောအခါ မခိုင်သဇင်မြင့်၏နံဘေး၌ သူဖြာချ ထားသောဝါး နှီးပြားကလေးများ အစုလိုက်အပုံလိုက်ရရှိလာ၏။ သည်တော့မှ မခိုင်သဇင်မြင့် တစ်ယောက် ခါးကျောကလေးများကို ဘယ်ညာလှည့်ကာအကျောဆန့်ရင်း အနည်းငယ်မျှ အမောဖြေလေသည်။
အချိန်မှာ ညဆယ်နာရီကျော်ခဲ့ပြီဖြစ်သည်။ ကိုင်းရှည်ကျေးရွာကလေးသည် ကျေးတောရွာတို့၏ ဓလေ့ အတိုင်း ငြိမ်သက်တိတ်ဆိတ်နေ၏။ ရွာထဲဖက်ဆီမှ အိုးသိမ်းကြက်တွန်သံများကို ခပ်စိပ်စိပ်ကြားနေရသည်။
မခိုင်သဇင်မြင့်သည် ခြံရှေ့မြေတလင်းပြင်ပေါ်တွင် ဝါးနှီးဖျာကလေးကိုခင်း၍ထိုင်ကာ တင်းတောင်းတစ်လုံးကို ရက်လုပ်ရန်ပြင်ဆင်နေ၏။ လဆန်းရှစ်ရက်နေ့ငွေလရောင်ဝါကြင်ကြင်ကလေးက ခြံရှေ့ကွမ်းသီးပင်ကိုင်းဖျား ကိုဖြတ်ကျော်ကာ မခိုင်သဇင်မြင့် ထိုင်နေရာဆီသို့ ဖြာကျနေသည်။ ညလေညင်းကလေးတသုန်သုန်တိုက်နေ သဖြင့် လေညင်းထဲတွင် စံပါယ်ရုံမှစံပါယ်ရနံ့အေးအေးကလေးများသင်းပျံ့နေသည်။ မခိုင်သဇင်မြင့်သည် စံပါယ်ရနံ့အေးအေးကလေးကို အားရပါးရတစ်ချက်ရှုရှိုက်လိုက်ပြီးနောက် ဝါးနှီးပုံမှ ဝါးနှီးပြား ခြောက်ပြားကို ကောက်ယူသည်။ ထိုဝါးနှီးပြားခြောက်ပြားကို သုံးပြားစီ ဘယ်ညာခွဲကိုင်၍ တင်းတောင်းတစ်လုံး၏အောက်ခံ ဖင်ပြားကို စတင်ရက်လုပ်လုပ်လေသည်။ အချိန်တို့သည် တရွေ့ရွေ့နှင့်ကုန်မှန်းမသိကုန်သွား၏။ ထို့အတူ မခိုင်သဇင်မြင့် ရက်လုပ်နေသော ဝါးနှီးတင်းတောင်းကလေးသည်လည်း တစစနှင့်ရုပ်လုံးပေါ်လာလေတော့ သည်။
ရခိုင်လူမျိုးတို့သည် ပန်းချီ၊ ပန်းပု၊ ပန်းရံ စသော ပန်းဆယ်မျိုးအတတ်ပညာတွင် ကိုယ်ပိုင်အနုပညာမူ ဟန်ကြွယ်ဝစွာဖြင့် သမိုင်းတစ်ခေတ် ထွန်းတောက်ခဲ့သောလူမျိုးဖြစ်သည်။ ထို့အတူ ရခိုင်လူမျိုးတို့သည် ဒေ သထွက် သစ်၊ ဝါးနှင့် ကြိမ်တို့ကိုအသုံးပြုကာ လူ့အသုံးအဆောင်ပစ္စည်းများရက်လုပ်သော ရိုးရာလက်မှုအ တတ်ပညာရပ်၌လည်း ကိုယ်ပိုင်မူဟန်ကြွယ်ဝစွာ တတ်မြောက်ကြသော လူမျိုးတစ်မျိုးဖြစ်သည်။
ရခိုင်ပြည်နယ်သည် ပထဝီအနေအထားအရ တောတောင်ထူထပ်သောပြည်နယ်တစ်ခုဖြစ်ရာ ထိုတော တောင်များပေါ်၌ သစ်၊ ဝါးနှင့် ကြိမ်တို့ကိုပေါပေါများများရရှိနိုင်၏။ အထူးသဖြင့် ရခိုင်တောတောင်များထဲတွင် သဘာဝဝါးတောများကိုထူထပ်စွာပေါက်ရောက်လျှက်ရှိနေသည်။ ထိုကြောင့် ရခိုင်လူမျိုးတို့သည် ဝါးထည် ပစ္စည်းအမျိုးမျိုး ရက်လုပ်ခြင်းအတတ်ပညာ၌ အလွန်ပင်ထူးခြားပြောင်မြေက်စွာတတ်ကျွမ်းကြသည်။ ရှေးရခိုင် ဘိုးဘေးဘီဘင်တို့သည် ရခိုင်ဒေသထွက် ဝါးများကိုအသုံးပြုကာ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုးရက်လုပ် ၍ ခေတ်အဆက်ဆက် အသုံးပြုလာခဲ့ကြသည်။ ထိုသို့ ရိုးရာဝါးထည်ရက်လုပ်ခြင်းအတတ်ပညာတို့ကို သားစဉ် မြေးဆက် လက်ဆင့်ကမ်း၍ သယ်ဆောင်ယူလာခဲ့ကြသည်။
ရခိုင်ရိုးရာဝါးထည်ပစ္စည်းများသည် ပန်းရစ်ကလေးကို လိုအပ်သလိုပုံဖော်ကာ ရက်လုပ်ကြခြင်းဖြစ် သ ဖြင့် တမူထူးခြားကာ သေသပ်လှပသည်။ ထို့အပြင် နှစ်ရှည်လများသုံးစွဲနိုင်သည်အထိ ခိုင်ခံ့သည်။ သို့သော် ရှေးခေတ်အစဉ်အဆက် လက်ဆင့်ကမ်းတတ်မြောက်လာခဲ့ကြသော ရခိုင်ရိုးရာဝါးထည်အမျိုးမျိုးရက်လုပ်ခြင်း အတတ်ပညာမှာ လက်ရှိအချိန်တွင် တိမ်ကောပျောက်ကွယ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ရ ခိုင်ရိုးရာဝါးထည်ပစ္စည်းရက်လုပ်ခြင်းအတတ်ပညာကို တတ်မြောက်ကြသူများ တဖြေးဖြေးရှားပါးလာသကဲ့သို့ ရိုးရာဝါးထည်ပစ္စည်းများသည်လည်း လူ့အသုံးအဆောင်ပစ္စည်းနေရာမှ တဖြည်းဖြည်း ဖယ်ရှားခံလာနေရသည်။ သမိုင်းနှင့်ချီကာ လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့ကြသော ရိုးရာအတတ်ပညာတစ်ခု ပျောက်ကွယ်သွားမည်ဆို ပါက ဆုံးရှုံးမှုကြီးတစ်ခု ဟုဆိုရမည်ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကိုင်းရှည်ကျေးရွာ၊ အောင်သုခလမ်းတွင်နေ ထိုင်သူ အသက်- ၄၀ ကျော်အရွယ် မခိုင်သဇင်မြင့် သည် ရခိုင်ရိုးရာ ဝါးထည်ပစ္စည်းအမျိုးမျိုးကို လက်ရှိတိုင် ရက်လုပ်နေဆဲဖြစ်၏။ အထူးသဖြင့် မခိုင်သဇင်မြင့်သည် တောင်းအမျိုးမျိုးရက်လုပ်ခြင်းအတတ်ပညာ၌ တစ် ဖက်ကမ်းခတ်မျှအောင် ကျွမ်းကျင်ပိုင်နိုင်လှသူတစ်ဦးပင် ဖြစ်လေသည်။
“ကျွန်မက ကလေးအရွယ်လောက်ကစပြီးတော့ ဝါးထည်ပစ္စည်းအမျိုးမျိုး ရက်လုပ်ခြင်းအတတ်ပညာကို တတ်မြောက်လာတာပါ… တကယ်တော့ ဒီလိုတတ်မြောက်လာတယ်ဆိုတာကလည်း တကူးတကသင်ယူပြီး တတ်မြောက်လာတာမျိုးမဟုတ်ပါဘူး… ရှေးခေတ်ရခိုင်ဘိုးဘွားမိဘတွေဟာ နေ့လယ်နေ့ခင်း အားလပ်ချိန် တွေဆိုရင် ဝါးထည်ပစ္စည်းတစ်မျိုးမျိုးကိုရက်လုပ်ရင်းအပန်းဖြေတတ်ကြပါတယ် … ကျွန်မတို့မိဘတွေကလည်း အိမ်မှာနေရင်း ဝါးထည်အသုံးအဆောင်ပစ္စည်းတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ကို ရက်လုပ်ကြတယ်။ ငယ်စဉ်ကတည်းက မိဘတွေလုပ်ကိုင်တာကို မျက်စိအမြင်ဝနေတာဆိုတော့ တဖြေးဖြေးနဲ့ ကျွန်မလည်း ရက်တတ်လာခဲ့ပါတယ်…. မိဘတွေဆီက လိုအပ်တဲ့နည်းစနစ်ပိုင်းလေးတွေကို မေးမြန်းခဲ့ရတာမျိုးတော့ ရှိတာပေ့ါ …. ” ဟု မခိုင်သဇင်မြင့် ကဆိုသည်။
ရခိုင်လူမှုနယ်ပယ်တွင်အသုံးများကြသော ခမောက်၊ မက္ကလာ၊ ယက်သဲ့၊ ဖျာ၊ ဆွဲ ခြင်း၊ ပလိုင်း၊ စကော၊ ဗန်းနှင့် တောင်းအမျိုးမျိုးစသည်တို့ကို အရွယ်မျိုးစုံ၊ ပုံပန်းသဏ္ဍာန်မျိုးစုံ ရက်လုပ်နိုင်သည်။ ထိုလူ့အသုံးအဆောင် ပစ္စည်းများမှာ မရှိမဖြစ်အသုံးဝင်သောပစ္စည်းများဖြစ်ကြသဖြင့် ရှေးယခင်က လက်မလည်နိုင်အောင်ပင် ရက် လုပ်ခဲ့ရသည့်အနေအထားရှိခဲ့သည်။ သို့သော် လက်ရှိအချိန်တွင်မူ ဝါးထည်ပစ္စည်းများနေရာတွင် ပလပ် စတစ်ပစ္စည်းများဝင်ရောက်လာ၍ လူသုံးမများကြတော့ကြောင်း ဆိုသည်။ သို့သော်လည်း စပါးပေါ်ချိန်များတွင် တောင်သူလယ်သမားများအတွက် မရှိမဖြစ်လိုအပ်သော “တောင်း” အမျိုးမျိုးမှာ လက်ရှိ တိုင် အလုပ်ဖြစ်နေဆဲ ပင်ဖြစ်ကြောင်း မခိုင်သဇင်မြင့်က ဆိုသည်။
“ အခုနောက်ပိုင်းမှာ ရက်လုပ်ဖြစ်တဲ့ ဝါးထည်ပစ္စည်းတွေက တင်းတောင်း ပေါ့…. တောင်သူလယ် သမားတွေ၊ စပါးစက်တွေနဲ့ စပါးအဝယ်ဒိုင်တွေမှာ မရှိမဖြစ်အသုံးပြုကြရတာဆိုတော့ တင်းတောင်းကို ခုထိ ဝယ်လက် တွေက အော်ဒါမှာတာမျိုးရှိနေပါတယ်…. ဟိုးအရင်တုန်းကလို လက်မလည်အောင်ရက်လုပ်ရတာမျိုး မဟုတ်ပေမယ့် တစ်နှစ်ထဲမှာ တင်းတောင်း ငါးလုံးလောက်ကိုတော့ အနည်းဆုံးရက်လုပ်ရလေ့ရှိပါတယ်…”
တင်းတောင်းရက်လုပ်ရခြင်းမှာ အနုစိပ်လှသဖြင့် အချိန်ကြာကြောင်း မခိုင်သဇင်မြင့်က ပြောပြသည်။ တင်း တောင်း တစ်လုံးကို ရက်လုပ်သည့်အချိန်မှစတင်ကာပြီးစီးသည်အထိ ငါးရက်မှတစ်ပတ်အထိ ကြာမြင့် သည်။ ရခိုင်တောင်သူလယ်သမားတို့ လုပ်ငန်းခွင်၌အသုံးပြုကြသော “တောင်း” အမျိုးအစားများထဲတွင် စလယ် တောင်း(ဆန်လေးဗူးဆန့်သောတောင်း)၊ ပြည်တောင်း (ဆန်ရှစ်ဗူး ဆန့်သောတောင်း)၊ စိပ်တောင်း(ဆန်လေး ပြည်ဆန့်သောတောင်း)၊ ခွဲ တောင်း(ဆန်ရှစ်ပြည်ဆန့်သော တောင်း)၊ တင်းတောင်း (ဆန် ၁၂၈ ဗူးဆန့်သော တောင်း)နှင့် ပုတ်တောင်းစသည်တို့ပါဝင်သည်။
တင်းတောင်းတွင် “ခြင်တင်းတောင်း”နှင့် “လောင်းတင်းတောင်း” ဟူ၍ နှစ်မျိုးရှိ၏။ “ခြင်တင်းတောင်း” ဆိုသည်မှာ စပါးခြင်တွယ်ရေတွက်သော တင်းတောင်းဖြစ်၏။ “လောင်းတင်းတောင်း” ဆိုသည်မှာ ခြင်တင်း တောင်းထဲသို့ စပါးများကိုလောင်းထည့်ပေးရသောတောင်းဖြစ်၏ တောင်းနှစ်လုံးမှာ အရွယ်အစားတူ၍ စပါးဝင် ဆန့်ပုံလည်း အတူတူပင် ဖြစ်သည်။ သို့သော် ရက်လုပ်ထားသောပုံစံမှာမူ ကွဲပြားခြားနားမှုရှိသည်။
တောင်းတစ်လုံးရက်လုပ်ရန်အတွက် အဓိကလိုအပ်သည်မှာ ရမ်းဗြဲဝါး သို့မဟုတ် ဝါးမွှေးဝါး ရရှိရန်ပင် ဖြစ်သည်။ ထို ရမ်းဗြဲဝါး (သို့မဟုတ်) ဝါးမွှေးဝါးသည် ဝါးအဆစ်ရှည်သောဝါးမျိုး ဖြစ်နေရန်လိုအပ်သည်။ ဝါးဆစ် တစ်ဆစ်နှင့် တစ်ဆစ် အကွာအဝေးသည် အလွန်နီးကပ်နေပါက နှီးဖြာရာတွင်လည်းကောင်း၊ ရက်လုပ်ရာတွင် လည်းကောင်း အဆစ်နေရာမှ ကျိုးသွားနိုင်သည်။ ထို့ကြောင့် တောင်းကြီးများကို ရက်လုပ်ရန် ဝါးအဆစ်ရှည် သောဝါးလုံးမျိုးကိုရွေးချယ်ကာ နှီးဖြာရ၏။
တောင်းတစ်လုံးကိုရက်လုပ်တော့မည်ဆိုပါက မည်သည့်တောင်းအမျိုးအစားကိုမဆို တောင်း၏အောက် ခြေ ဖင်ခံပြားနေရာမှ စတင်ရက်လုပ်ရသည်။ စတင်ရက်လုပ်ရာတွင် နှီးပြား-၆ ပြားကို ကြက်ခြေခတ်ပုံဏ္ဍာန် ဒွေး ရောယှက်တင်ရက်လုပ်၍ အထိုင်ချရ၏။ ထို့နောက်တွင်မှ နှီးပြားများကို တစ်ပြားပြီးတစ်ပြားထပ်ထည့်၍ ပန်းပွင့် ပုံအကွက်အရစ်ကလေးများဖော်ကာ ဆက်လက်ရက်ယူသွားရသည်။ အောက်ခြေဖင်ခံပြား ရက်လုပ်ပြီး သွားပါက ကိုယ်ထည်ကိုဆက်လက်ရက်လုပ်ရန်အတွက် နှီးစများကို အပေါ်သို့ကိုင်းညွတ်ကာ ထောင်လိုက်ရ သည်။ ထို့ နောက် ကိုယ်ထည်ကို ရစ်နှီးများဖြင့် တစ်ချောင်းပြီးတစ်ချောင်း အကွက်ဖော်ကာ ဆက်လက်ရက် လုပ်ရသည်။
ပြည်တောင်းတစ်လုံးကို ဇောက်အနက်-၅ လက်မခွဲ၊ မျက်နှာဝအကျယ်-၇ လက်မခွဲနှင့် အောက်ခံအ ကျယ်-၃ လက်မခွဲ အတိုင်းအတာယူ၍ ရက်လုပ်ရသည်။ ခွဲတောင်းတစ်လုံးကို ရက်လုပ်ရန် ဇောက်အနက်-၁၁ လက်မ၊ မျက်နှာဝ-၁၃ လက်မ၊ နှင့် အောက်ခြေအကျယ် -၇ လက်မ ရက်လုပ်ရသည်။ တင်းတောင်းတစ်လုံးကို မူ ဇောက်အနက်-၁၅ လက်မနှင့် တစ်စိပ်၊ မျက်နှာဝအကျယ်-၁၆ လက်မနှင့် နှစ်စိပ်၊ အောက်ခံအကျယ်-၈လက် မခွဲ ရက်လုပ်ရသည်။
ထို့အပြင် တင်းတောင်းတွင် “လောင်းတင်းတောင်း”ကို နှီးပြားကြီးများဖြင့် တစ်ထပ်တည်းသာရက်လုပ် ရ၍ “ခြင်တင်းတောင်း” ကိုမူ နှီးပြားကြီးများနှင့် တစ်ထပ်၊ နှီးပြားငယ်ကလေးများကိုအပေါ်မှရစ်၍ တစ်ထပ် နှစ် ထပ်ရက်လုပ်ရသည်။ တနည်းဆိုရလျှင် “လောင်းတင်းတောင်း” ပေါ်မှ နှီးပြားကလေးများကိုထပ်၍ နှစ်ထပ်ရက် လုပ်ရခြင်းဖြစ်၏။ ခြင်တင်းတောင်းသည် နှစ်ထပ်ဖြစ်သဖြင့် ပိုမိုခိုင်ခန့်သကဲ့သို့လက်ရာတွင်လည်း အနုစိပ်ကာ ပိုမို သေသပ်လှပလေသည်။
“ အခု လက်ရှိပေါက်ဈေးက ခြင်တင်းတောင်းတစ်လုံးကို ဈေးနှုံး ရှစ်သောင်း(၈၀၀၀၀) ကျပ် တန်ဖိုးရှိပါ တယ်… ခွဲတောင်းက လေးသောင်း၊ စိပ်တောင်းက သုံးသောင်း သီးသီးတန်ဖိုးရှိပါတယ်…. ခံတောင်းတွေကျ တော့ ခုနစ်ထောင်ကနေ တစ်သောင်းကျော်အထိ ဈေးရှိပါတယ်… အရင်ကဆိုရင် ဝယ်လက်တွေလာရင် အဆင် သင့်ရောင်းနိုင်အောင်လို့ ဝါးထည်ပစ္စည်းအမျိုးအစုံအလင် ရက်လုပ်ထားပါတယ်… အခုနောက်ပိုင်းမှာတော့ အော် ဒါမှာတဲ့လူရှိမှပဲ ရက်လုပ်ဖြစ်ပါတယ်…. ”
မခိုင်သဇင်မြင့် က သူသည် လက်ရှိအချိန်၌ အ သက် ၄၀ ကိုကျော်လာပြီဖြစ်သဖြင့် တောင်းရက်လုပ်ရာတွင် ခါးနာတတ်ကြောင်း ဆိုသည်။ လက်ရှိအချိန်၌ သူ့ တွင် သား သမီး ၃ ယောက်ခန့်ရှိသော်လည်း ခေတ်သား သမီးများဖြစ်သဖြင့် မိဘရိုးရာဝါးထည်ရက်လုပ်ခြင်းကို မည်သူမျှစိတ်ဝင်စားခြင်းမရှိသကဲ့သို့ သင်ယူတတ် မြောက်ခြင်းလည်းမရှိကြောင်းဆိုသည်။ ဝါးထည်ရက် လုပ်ခြင်းပညာရပ်မှာ ရခိုင်ရိုးရာလက်မှုပညာရပ်တစ်ခုပင် ဖြစ်သော်လည်း ခေတ်နှင့်လိုက်လျှောညီထွေစွာဆန်း သစ်နိုင်ခြင်းမရှိပါက ကွယ်ပျောက်သွားနိုင်ကြောင်း မခိုင်သဇင်မြင့်က ဆိုသည်။
ယခင်အချိန်များက ဝါးထည်ပစ္စည်းများကို လက်မလည်နိုင်အောင် ရက်လုပ်ခဲ့ရသော မခိုင်သဇင်မြင့် တစ်ယောက် ရခိုင်ရိုးရာဝါးထည်ရက်လုပ်ခြင်းအတ်ပညာရပ်များ တိမ်ကောပျောက်ကွယ်သွားမည်ကို စိုးရိမ် နေမိသည်မှာ အမှန်ပင်ဖြစ်၏။ ရခိုင်ရိုးရာတောင်းရက်လုပ်ခြင်းအတတ်ပညာ (သို့မဟုတ်) ရိုးရာမူဟန် ဝါး ထည်ပစ္စည်းရက်လုပ်ခြင်းအတတ်ပညာများကို မတိမ်ကောစေရန် အချိန်မှီလက်ဆင့်ကမ်းထိန်းသိမ်းသင့်နေပြီ ဟု မခိုင်သဇင်မြင့်က ရှုမြင်နေမိသည်။ မည်သို့ပင်ဖြစ်စေ မခိုင်သဇင်မြင့်တစ်ယောက်ကတော့ ရခိုင်ရိုးရာ ဝါး ထည်ပစ္စည်းရက်လုပ်ခြင်းအတတ်ပညာရပ်ကို အသက်ထက်ဆုံးတိုင် ထိမ်းသိမ်းသွားမည်ဟု ဆုံးဖြတ်ထားလေ သည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021