သန့်ရှင်းထွန်း။ ။
အသက် ၂၂ နှစ်အရွယ် သားဦးကိုယ်ဝန်ကို လွယ်ထားရသော မအုန်းယဉ်(ခ)ဘုမမှာ မွေးဖွားခါနီးမှ စိတ်မသက်သာရသော သတင်းစကားတစ်ခုကို ကြားခဲ့ရသည်။ ထိုစိတ်မသက်သာရာ သတင်းစကားကို မအုန်းယဉ်နှင့်အတူ တစ်မြို့တည်းနေထိုင်လျက်ရှိသော ကိုယ်ဆောင်မိခင်များလည်း တစ်ယောက် စကားတစ်ယောက်နားကတဆင့် အဆင့်ဆင့်ကြားသိခဲ့ကြရသည်။
“ဘယ်တတ်နိုင်ပါမလဲ။ အားတင်းထားရတော့မှာပေါ့”ဟု မအုန်းယဉ်က စိတ်မကြည်လင်သော လေသံဖြင့်ပြောသည်။ မအုန်းယဉ်သည် ရခိုင်ပြည်နယ်၏ အနောက်ဘက်အစွန်းဆုံးဖြစ်သော မောင်တောမြို့တွင် နေထိုင်သူတစ်ဦးးဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ခပ်ပိန်ပိန်၊ အရပ်မှာလည်း ခပ်ပုပုဖြစ်ပြီး သားဦးမွေးဖွားမည်ဖြစ်၍ စိုးရိမ်စိတ်ပူနေရခြင်း ဖြစ်သည်။
မအုန်းယဉ်ကြားသိလိုက်ရသော စိတ်မသက်သာရာ သတင်းစကားမှာသူ မွေးဖွားမည့်မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ကျနေသော သားဖွားမီးယပ်အထူးကုဆရာဝန်မှာ တာဝန်ကျရာဆေးရုံမှ CDM လုပ်ကာ ထွက်ခွာသွားခြင်းကြောင့်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ခရိုင်အဆင့်ဆေးရုံများ၌သာ အထူးကုဆရာဝန်တစ်ဦးကို ထားရှိပြီး မြို့နယ်အဆင့်နှင့် တိုက်နယ်ဆေးရုံများတွင် အထူးကုဆရာဝန်ထားရှိမှုမရှိပေ။
မအုန်းယဉ်ကဲ့သို့ စိတ်မသက်သာသော သတင်းစကားက လက်ရှိမြန်မာတစ်နိုင်ငံလုံးရှိ မိခင်လောင်းများ၏ စိတ်ထဲတွင် ကိန်းအောင်းနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
“ကိုယ်ဝန်စရှိတည်းက အိုဂျီကိုအပ်ထားတာပါ။ မွေးဖွားခါနီးမှ အိုဂျီက မြို့ကထွက်ခွာသွားတော့ မွေးဖွားရမှာကို ကြောက်သွားတယ်”ဟု သူမ၏ စိုးရိမ်စိတ်ကို ပြောပြသည်။
မအုန်းယဉ်မီးဖွားရန်အတွက် နောက်ထပ် စိုးရိမ်စိတ်ဝင်နေသူတစ်ဦးမှာ သူမ၏မိခင်ဖြစ်သူ ဒေါ်စောနုယဉ်ဖြစ်သည်။ ဒေါ်စောနုယဉ်မှာ သမီးဖြစ်သူ ကလေးမွေးဖွားရန်အတွက် သားဖွားမီးယပ်အထူးကုဆရာဝန်မရှိတော့သော်လည်း အားမလျော့ဖို့ အားပေးစကားအမြဲပြောနေရသည်ဟုဆိုသည်။ “ကျမကတော့ အိုဂျီမရှိပေမယ့် တခြားဆရာဝန်တွေရှိတယ်။ ကံကောင်းလို့ရှိရင် တခြား အိုဂျီတစ်ယောက် ရောက်လာနိုင်တာပဲဆိုပြီး အားပေးတယ်။ အဓိကပြောဖြစ်တာက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ”ဟု ဒေါ်စောနုယဉ် ကပြောသည်။
ဒေါ်စောနုယဉ်တွင် သားလေးဦးရှိပြီး သမီးမှာ မအုန်းယဉ်တစ်ဦးတည်းသာရှိသည့်အတွက် သမီးဖြစ်သူအတွက် စိုးရိမ်စိတ်ပိုများနေသည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းလိုက်သည့်အတွက် ယင်းလုပ်ရပ်ကို မကျေနပ်သည့် ဝန်ထမ်းများက အာဏာဖီဆန်သည့်လုပ်ရပ်(CDM)တွင် ပါဝင်နေကြပြီး အများစုမှာ ဆရာဝန်များဖြစ်သည်။
“ဆရာဝန်တွေ CDM လုပ်တာက တခြားဝန်ထမ်းတွေလုပ်တာနဲ့ မတူပါဘူး။ ကျန်းမာရေးက လူတိုင်းတွက် အရေးကြီးတယ်။ အဲအထဲမှာမှ မိခင်လောင်းတွေအတွက် ပိုပြီး အရေးကြီးပါတယ်”ဟု မောင်တောမြို့အမျိုးသမီးများအဖွဲ့ ဒေါ်ခင်စောဦးက ပြောသည်။
လူဦးရေနှစ်သိန်းကျော်နေထိုင်လျက်ရှိသော မောင်တောမြို့ရှိ မိခင်လောင်းများနှင့် အမျိုးသမီးများမှာ တစ်ဦးတည်းသာ ရှိသော သားဖွားမီးယပ်ဆရာဝန်ကို အားကိုးနေရခြင်းဖြစ်ပြီး ငွေကြေးတတ်နိုင်သူတစ်ချို့မှာ တခြားမြို့ရှိ ဆေးရုံဆေး ခန်းများသို့ သွားရောက်၍ မီးဖွားခြင်းပြုလုပ်ကြသည်။ သို့သော် ငွေကြေးမတတ်နိုင်သူအများစုမှာ မိမိမြို့ရှိ သားဖွားမီးယပ်ဆရာဝန်ကိုသာ အားကိုးနေကြရသည်။ အဆိုပါ အားကိုးစိတ်က မောင်တောမြို့ရှိ မိခင်လောင်းများနှင့် အမျိုးသမီးများအတွက် မတ်လဆန်းပိုင်းကစ၍ မှေးမှိန်ခဲ့ရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် တာဝန်ကျနေသော သမားတော်၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ မေ့ဆေးနှင့် ခွဲစိတ်အထူးကုများမှာ တာဝန်ကျမြို့မှ ထွက်ခွာသွားကြပြီး ဆေးရုံအုပ်တစ်ဦးသာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
မအုန်းယဉ်ကဲ့သို့ စိတ်သက်သာရာမရသေးသော တခြားအမျိုးသမီးများမှာ နို့စို့အရွယ်ကလေးငယ်များရှိသည့် မိခင်များဖြစ်သည်။ “ကလေးကတော့ ချောချောမောမော မွေးလိုက်နိုင်ပေမယ့် ကလေးရဲ့ကျန်းမာရေးကို အရမ်းဂရုစိုက်နေရတယ်။ ဘာလို့လဲဆိုတော့ ဆေးခန်းပြမယ့် ကလေးအထူးကုဆရာဝန်ကမရှိဘူးလေ။ ကလေးတွေက လူကြီးတွေလို ဆေးဆိုင်က ဆေးဝယ်တိုက်လို့မရဘူး။ ကလေးအထူးကုရဲ့ညွှန်ကြားချက်လိုတယ်။ ကလေးအထူးကုလည်းမရှိတော့ နေမကောင်းလုံးဝမဖြစ်အောင် ဂရုစိုက်နေရပါတယ်”ဟု ငါးလအရွယ်ကလေးငယ်၏ မိခင် မညိုညိုသန်း ကပြောသည်။
သားဖွားမီးယပ်အထူးကုဆရာဝန်မရှိ၍ မအုန်းယဉ်တစ်ယောက် စိတ်သက်သာရာမရဖြစ်နေသော်လည်း ကိုယ်ဝန်စရချိန်ကပင် မည်သည့် ကာကွယ်ဆေးမှ မထိုးလိုက်ရ၊ မည်သည့်ဆရာဝန်နှင့်မှ မပြလိုက်ရဘဲ ကလေးမွေး ဖွားခဲ့သည့် တိုက်ပွဲရှောင်စခန်းများမှ မိခင်များစွာရှိနေသည်ဟု ရခိုင်အမျိုးသမီးကွန်ယက် ဉက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
“ရခိုင်မှာတိုက်ပွဲတွေဖြစ်လို့ တိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုမရလိုက်ဘဲ မွေးဖွားခဲ့တဲ့ မိခင်တွေ အများကြီးပါ။ ဘာမှပူပင်စရာမလိုပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ထွက်ခွာသွားတဲ့ ဆရာဝန်တွေနေရာမှာ အစားထိုးတာဝန်ပေးနိုင်ဖို့ အစီမံတွေရှိရပါမယ်”ဟု ၎င်းကဆိုသည်။ မြို့တိုင်းတွင်လည်း မီးဖွားမည့်သူများကို လိုအပ်သော အကူညီများပေးနေသည့် အဖွဲ့အစည်းများရှိနေသည်ဟု ဒေါ်ညိုအေး ကဆက်ပြောသည်။
မအုန်းယဉ်အနေဖြင့် မွေးဖွားလာမည့် ကလေးငယ်အတွက် မိခင်တစ်ယောက်ပြုမူနေထိုင်ရမည့် အမူအကျင့်အတိုင်း နေထိုင်လှုပ်ရှားနေပြီး လတ်တလောသားဖွားမီးယပ်ဆရာဝန်မရှိသည့် စိန်ခေါ်မှုကို ကျော်လွှားသွားရန် ပြင်ဆင်ထားသည်ဟု ပြောပြသည်။
“ဗိုက်ထဲက ကလေးအနေအထားမှန်မှန်ရှိနေအောင် လမ်းလျောက်တယ်။ ထမင်းတွေ အစောကြီးစားတယ်။ မွေးဖွားချိန်မှာလည်း အောင်အောင်မြင်မြင်မွေးမှာလို့ ယုံကြည်နေတယ်”ဟု သူမ၏ ကြိုတင်ပြင်ဆင်ထားပုံကို ပြောပြသည်။
မောင်တောမြို့တွင် တစ်လလျင် ဆေးရုံသို့လာရောက်မွေးဖွားသည့် မွေးဖွားလူနာ ၃၀ ဦးထက်မနည်းရှိပြီး ခွဲစိတ်မွေးဖွားလိုသူများမှာ အိုဂျီကို အားထားနေရခြင်းဖြစ်သည်။ မောင်တောမြို့နယ်ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ၎င်းတာဝန်ယူထားသော ဆေးရုံမှ ထွက်ခွာသွားသော ဆရာဝန်များကို အစားထိုးရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို တင်ပြထားပြီး လက်ရှိတွင် လက်ထောက်ဆရာဝန်နှစ်ဦး ရောက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်းဆိုသည်။
သားဖွားမီယပ်ဆရာဝန်မရှိသည့်သတင်းစကားကို ကြားသိခဲ့ရသော မအုန်းယဉ်က “ဟိုးအရင်တုန်းကဆိုရင် အထူးကုတွေလည်းမရှိ၊ ဆရာဝန်တွေလည်းမရှိဘဲ မွေးလာကြတာပဲ။ ကျမစိတ်ဓာတ်မကျပါဘူး။ ကျမသတ္တိ ရှိပါတယ်”ဟု သူမ၏ ဗိုက်ကလေးကို လက်ဖြင့် ပွတ်သပ်၍ ပြောသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021