တောင်ကြီးမြို့ရဲ့ ဆောင်းအကုန် နွေအကူး နံနက်ခင်း မြူနှင်းမှုန်လေးတွေကြားထဲ လူတချို့ဟာ ဟိုတစု ဒီတစ်စုနဲ့ ဝိုင်းဖွဲ့လို့ အလံလေးတွေ တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေကြပါတယ်။
သူတို့တွေဟာ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ထမီအလံလွှင့်ထူပြီး စစ်အာ ဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြဖို့ စုရုံးရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်။
အာဏာသိမ်းအစိုးရကလည်း မတ်လ ၈ ရက်ကစပြီး ပစ်ခတ်နှိမ်နင်းမယ်လို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ အချိန်ပါ။ အဲ့ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့လည်းဖြစ်တာကြောင့် တစ်နိုင်ငံလုံးမှာ ထမီအလံတွေလွှင့်ထူ ဆင်နွှဲဖို့ လုပ်နေကြတာလည်းဖြစ်ပါတယ်။
အမျိုးသမီးတွေက “စစ်အာဏာရှင်ကိုအမြစ်ဖြတ်ဖို့ အားလုံးအတူစိန်ခေါ်စို့”ဆိုတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ ဆောင်ပုဒ် နဲ့အညီ ထမီတန်းအောက်ဝင်ဖို့ကြောက်နေကြတဲ့ စစ်အာဏာရှင်တွေအတွက် ထမီကိုလက်နက်သဖွယ်သုံးပြီး စစ်အစိုးရ ရဲ့စိတ်ဓါတ်အင်အားကို ထိုးစစ်ဆင်လိုက်တာ ဖြစ်ပါတယ်။
ထမီတန်းအောက်က ဖြတ်ရင် ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကို လက်မခံတဲ့ ၂၁ ရာစုလူငယ်တွေကတော့ ထမီအလံ တွေကို တလူလူလွှင့်ထူထားရုံသာမက တချို့အမျိုးသားတွေက ထမီခေါင်းပေါင်းနဲ့တမျိုး ခြုံလို့တဖုံနဲ့ စစ်အာဏာရှင်ကို တော်လှန်ဖို့ ပြင်ဆင်နေကြပါတယ်။
ဒီလိုအချိန်မှာပဲ တောင်ကြီးက ဆန္ဒပြဖို့ပြင်နေတဲ့နေရာကို စစ်တပ်နဲ့ ရဲတွေ အပြည့်တင်လာတဲ့ စစ်ကားတွေရောက်လာပြီး ဆန္ဒပြဖို့ ပြင်ဆင်နေသူတွေထဲ တဟုန်ထိုး ပြေးဝင်ကာ ဖြိုခွင်းဖို့လုပ်တဲ့အခါ ဆန္ဒပြပြည်သူတွေဟာ လမ်းကျိုလမ်းကြား တွေထဲ ပြေးဝင်ပုန်းခိုကြတယ်။
တကယ်တော့ ရဲနဲ့စစ်တပ်က တခြားဆန္ဒပြပွဲတွေမှာလို မီးခိုးဗုံးတွေ၊ အသံဗုံးတွေ မသုံးခဲ့ဘဲ အင်အားအလုံးအရင်းနဲ့ လူအရိပ် အယောင်ပြကာ ဆန္ဒပွဲမဖြစ်မြောက်အောင် ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် စစ်တပ်နဲ့ ရဲတွေဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မကျင်းပစေချင်တာလား။ ထမီ တော်လှန်းရေးကိုပဲ တကယ်ကြောက်နေခဲ့တာလားဆိုတာက မေးခွန်းထုတ်စရာပါပဲ။
“ စစ်ကားတွေရောက်လာတော့ စစ်တပ်နဲ့ရဲက ကျွန်မတို့ကို ဝိုင်းလိုက်တာပေါ့။ အဲ့တော့ ကျမတို့လည်း လမ်းကြားတွေ အိမ် တွေထဲ ပြေးရတယ်။ ကြောက်စိတ်တော့ မဖြစ်ဘူး။ ကိုယ်လုပ်ချင်တာ မလုပ်လိုက်ရမှာပဲ စိုးရိမ်တာ” လို့ ပအိုဝ်းအမျိုး သမီးသမဂ္ဂမှ နန်းရွှေစင်ဦးက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
သူတို့တွေ နေ့တပိုင်းလောက်နီးနီး ပုန်းခိုပြီးတဲ့နောက်မှာတော့ ထွက်မရတဲ့အတူတူ ကျောင်းသားသပိတ်စစ်ကြောင်း နဲ့အတူ ပူးပေါင်းလုပ်ဖို့ စီစဉ်ကြပြန်ပါတယ်။ ပြန့်ကျဲသွားတဲ့လူတွေကို ရသလောက်ပြန်စုပြီး ထမီတော်လှန်ရေး ဆက် လုပ်ကြတယ်။
ကျောင်းသားသပိတ်နဲ့အတူ နာရီဝက်၊ တနာရီခန့်လောက်သာ ဆန္ဒပြအချိန်ရပြီး အကြိမ်ကြိမ် ဖြိုခွင်းခံရပြန်တယ်။ ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ ကျောင်းသားတွေရဲ့ ခုံခံကာကွယ်မှု ကောင်းတဲ့အတွက် ထိခိုက်ဒဏ်ရာရတာ တယောက် မှ မရှိခဲ့ပါဘူး။
စစ်တပ်နဲ့ ရဲက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ အသံဗုံး၊ ရာဘာကျည်စတာတွေ သုံးပြီး ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းခဲ့တာပါ။ တံခါးသော့ခတ်မထားတဲ့လူနေအိမ်တွေထဲထိ ဝင်ရောက်ရှာဖွေဖမ်းဆီးနေတာ ကြောင့် ဆန်တောင်း၊ မီးသွေးပုံ၊ ထင်းပုံစတာတွေမှာ ပုန်းခိုကြရတယ်။
ဒီလိုဝင်ရောက်ရှာဖွေနေတဲ့အချိန်မှာ တကယ်လို့ ရဲတွေအနားရောက်လာရင် ဘာပြန်လုပ်ရမလဲဆိုတာပဲ တွေးနေမိ တယ်လို့ နန်းရွှေစင်ဦးက သူတို့ပုန်းခိုခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
သူအနေနဲ့ ဖမ်းဆီးခံရမှာ၊ ရိုက်နှက်ခံရမှာကို မကြောက်ပေမယ့် အရွယ်ကောင်းလုပ်နိုင်ကိုင်နိုင်ချိန်မှာ မသမာ သူလက်ထဲ အဖမ်းမခံသလို နိုင်အောင်လည်း တိုက်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဒီလောက်ဖမ်းဆီးပစ်ခတ်နေတဲ့ကြားက ဆန္ဒပြသူတွေကလည်း စစ်တပ်က ဖြိုခွင်းဖို့လာရင် အနီးနားမှာရှိတဲ့ ဘုန်းကြီး ကျောင်းထဲ ဝင်ပုန်းလိုက် ခဏနေ စစ်သားတွေလစ်ရင် သူတို့က တခါထွက်ဆန္ဒပြလိုက်နဲ့ လုပ်နေကြပါတယ်။
ဒီလိုနဲ့ တောင်ကြီးမြို့ပေါ်မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် ပြုလုပ်တဲ့ထမီတော်လှန်ရေးဟာ ပြင်း ထန်တဲ့ ဖြိုခွင်းမှုတွေကြားမှာပဲ ရသလောက်ဆန့်ကျင်ဆန္ဒပြကြရင်း ပြီးဆုံးသွားခဲ့တယ်။
“ ကျွန်မတို့အနေနဲ့ အမျိုးသမီးနေ့ကို အရင်လို အောင်မြင်အောင် မလုပ်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်။ အကောင်း ဆုံးစီစဉ်ထားပေမယ့် ရဲနဲ့စစ်တပ်ရဲ့ဖြိုခွင်းမှုကြောင့် မလုပ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ဒီရက်စွဲကတော့ မြန်မာ့သမိုင်းမှာ သမိုင်း တွင်သွားမယ့် နေ့ဖြစ်သွားမှာ”လို့ နန်းရွှေစင်ဦးက မှတ်ချက်ပြုပြောဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ “ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ”ဆိုတဲ့ ထမီတော်လှန်ရေးကို ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝှမ်းရှိ မြို့ကြီးတော်တော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီထဲမှာမှ တောင်ကြီးအပါအဝင် ထားဝယ်၊ ကယားပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာလည်း အမျိုးသမီးတွေရဲ့ ထမီတော် လှန်ရေး စစ်ကြောင်းတွေဟာ တော်လှန်ရေး မစခင်မှာ ဖြိုခွင်းခံရတယ်။
သူတို့တွေအနေနဲ့ ထမီတော်လှန်ရေးကို အခုလိုအခက်အခဲကြားက ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်နေတာက စစ်အာဏာ ရှင်စနစ်ဟာ ထမီအလံအောက်မှာ ကျဆုံးသွားစေဖို့ရည်ရွယ်ပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
စစ်သားတွေနဲ့ ရဲတွေဟာ ထမီတန်းအောက်က ဖြတ်လျှောက်ရဲမှာ မဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ယုံကြည်ထားသလိုပဲ လက်တွေ့မှာလည်း စစ်သားတွေက ထမီတန်းအောက်က ဖြတ်မလျှောက်ဘဲ မီးရှို့ဖျက်စီးပြီးမှသာ သပိတ်စခန်းတွေကို ဖြိုခွင်းပါတယ်။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ထဲမှာဆိုရင်လည်း မနက်အစောပိုင်း လူမစုနိုင်ခင်မှာဘဲ စစ်တပ်နဲ့ရဲက မီးခိုးဗုံး၊ အသံဗုံး တွေနဲ့ စတင် ဖြိုခွင်းခဲ့ပေမယ့် ဆန္ဒပြသူတွေက စိတ်ဓါတ်ညီညီနဲ့ ထမီတော်လှန်ရေးကို ဆက်လုပ်ကြတယ်။
သူတို့ရည်ရွယ်ချက်က ဒီစစ်အာဏာရှင်နဲ့အတူ အမျိုးသမီးတွေကို ဖိနှိပ်မှုဖြစ်စေတဲ့ ထမီဟာ ဘုန်းကံနိမ့်စေ တယ်ဆိုတဲ့ အယူအဆစွဲတွေကိုပါ တွန်းလှန်ချင်တာကြောင့်နဲ့ စစ်အာဏာရှင်ကို အလိုမရှိတဲ့ ပြည်သူတွေကို ထမီနဲ့အတူ အောင်ပွဲ ဆင်ဖို့ ရည်ရွယ်ကာ အမျိုးသမီးများနေ့ကို ရတဲ့နည်းလုပ်နေတာ ဖြစ်တယ်။
ထမီအလံ ဘာလုပ်ဖို့လဲ (အာဏာရှုးကို တော်လှန်ဖို့ပဲ)၊ထမီအလံ ဘာလုပ်မှာလဲ(မတရားမှုကို ပုန်ကန်မှာပဲ)၊ ထမီအလံ ဘာအစွမ်းရှိလဲ(အာဏာရှုးတွေ တပ်ပျက်စေတယ်)၊ထမီအလံ ဘာလို့ထူ(ပြည်သူအာဏာတည်ဖို့ ထူတယ်)၊မိန်းမထမီ တွေ လမ်းမထက်မှာ(မင်းတို့တွေက လူသတ်နေတုန်း)ဆိုတဲ့ သံချပ်အသံတွေဟာ ရန်ကုန်မြို့အနှံ့မှာ ပဲ့တင်ထပ်နေ ပါတယ်။
သူတို့တွေဟာ ဆန္ဒပြရင်း စစ်တပ်တက်လာရင် လူစုခွဲပြီး ပြေးလိုက်၊ နောက်လူစုပြီး ပြန်အော်လိုက်နဲ့ လုပ်နေတဲ့အချိန်မှာ စစ်တပ်နဲ့ရဲဟာ လူထုတွေရဲ့ထွက်ပေါက်လမ်းတွေ ပိတ်ကာ လိုက်လံဖမ်းဆီးပါတော့တယ်။
မီးခိုးတလူလူကြားထဲက ဆန္ဒပြပြည်သူတွေဟာ လမ်းကျိုလမ်းကြားထဲရှိ တိုက်ခန်းတွေပေါ် တက်ပြေးသူနဲ့ မြေညီအောက် ထပ်ထဲ ဝင်ပုန်းနေတဲ့သူနဲ့ နီးစပ်ရာနေရာတွေကို ပြေးဝင်ခိုလှုံလိုက်ကြတယ်။
ဆန္ဒပြပွဲအတွေ့အကြုံအရ စစ်တပ်နဲ့ရဲတွေဟာ ၂ နာရီခန့်လောက်ကြာအောင် လူအရိပ်ပြခြောက်လှန့်ပြီးရင် သူတို့စုရပ်နေ ရာကို ပြန်သွားလေ့ရှိတာကြောင့် ပြည်သူတွေက ဒီအခွင့်ကောင်း စောင့်ဆိုင်းနေခဲ့ကြတယ်။
ဒါပေမယ့်အဲဒီနေ့ရဲ့ ထူးခြားချက်က စစ်တပ်နဲ့ရဲတွေဟာ အရင်လိုစုရပ်နေရာပြန်မသွားတော့ဘဲ လမ်းကြားတွေထဲမှာ တနေ ကုန် ထိုင်စောင့်နေတာကြောင့် ဘယ်သူမှ ဝင်ထွက်ခွင့်မရအောင် ပိတ်ဆို့လိုက်ပါတယ်။
“ ရဲတွေကိုယ်တိုင်က ခြိမ်းခြောက်ဖြိုခွင်းတဲ့သဘောမျိုး မဟုတ်တော့ဘဲ တောက်လျှောက်ကို အတင်းလိုက်လာနေတော့ ဒါတကယ်ဖမ်းတာလို့ တွေးလိုက်မိပြီးတော့ စိုးရိမ်သွားတယ်”လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မသန့်စင်ဖြိုးက ပြောပါတယ်။
မသန့်စင်ဖြိုး စိုးရိမ်သလိုပါပဲ စစ်တပ်နဲ့ရဲတွေဟာ ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ဖမ်းဆီးလိုက်နေတာကြောင့် ဆန္ဒပြ ပြည်သူတွေ ရာနဲ့ချီ ပိတ်မိသွားခဲ့တယ်။ ဒါ့အပြင် သူတို့ဟာ လက်ခံထားတဲ့ အိမ်ရှင်တွေကို ဧည့်စာရင်းကို အကြောင်းပြကာ ခြိမ်းခြောက် ခဲ့ပါသေးတယ်။
ည ၇ နာရီကျော်လာတဲ့အချိန်အထိ လမ်းထိပ်တွေမှာ စစ်တပ်နဲ့ ရဲက အင်အားအပြည့်နဲ့ စောင့်ကြပ်နေသေးတာကြောင့် ဆန္ဒပြည်သူတချို့ကတော့ လွှတ်မြောက်သွားပေမယ့် တချို့ကတော့ ခိုလှုံရာအိမ်တွေမှာပဲ ညအိပ် ခဲ့ကြရတယ်။
“ ၂ နာရီလောက်မှာ စစ်ကားသံကြားတော့ တော်တော်လန့်သွားတယ်။ တကယ်ပဲ ပစ်ခတ်ဖမ်းဆီးတော့မှာလားပေါ့။ ရင် တွေလည်းအရမ်းခုန်လာသလို အသားတွေပါ တဆတ်ဆတ်တုန်လာတယ်”လို့ မသန့်စင်ဖြိုးက ဆိုပါတယ်။
တဖက်မှာလည်း စမ်းချောင်းက ပိတ်မိနေသူတွေ ပြန်ထွက်လာနိုင်ဖို့အတွက် စမ်းချောင်းအနီးတဝိုက်က ပြည်သူတွေနဲ့ တခြားမြို့နယ်တွေက ပြည်သူတွေဟာ ညမထွက်ရအမိန့်ကို ချိုးဖောက်ကာ စမ်းချောင်းလမ်းပေါ်ထွက်ရပ်ကာ ဆန္ဒပြခဲ့ကြ ပါသေးတယ်။
ပိတ်မိသူတွေဟာ မနက် ၃ နာရီဝန်းကျင်မှာ ရဲကားတွေ ပြန်ထွက်သွားတဲ့အတွက် အိမ်ပြန်ခွင့်ရခဲ့ကြပါတယ်။
ဒါပေမယ့် ဟုတ်မှ ဟုတ်ပါ့မလား။ လုပ်မှ လုပ်ပါ့မလား။ ဖြစ်မှ ဖြစ်ပါ့မလားလို့ စိုးထိတ်ခဲ့ရတဲ့ ထမီအောင်လံထူမယ့်ပွဲဟာ အတားအဆီးတွေကြားမှာ ဖြစ်မြောက်အောင်မြင်သွားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး တစ်လကြာတဲ့အချိန်ကစလို့ အမျိုးသမီးတွေဟာ စစ်တပ်နဲ့ ရဲကားတွေ ဝင်မလာနိုင်အောင် တားဆီး ထားတဲ့ အကာအရံတွေရဲ့ရှေ့မှာ ထမီကြိုးတန်းတွေတန်းကာ တားဆီးမှုတွေ လုပ်နိုင်ခဲ့ရာမှစလို့ ထမီတော်လှန်ရေးစပြီး ဖြစ်လာခဲ့တာပါ။
ထားဝယ်မြို့နဲ့ ကယားပြည်နယ်၊ လွိုင်ကော်မှာဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထမီ လွှင့်ထူလာတဲ့ အမျိုးသမီးသပိတ်စစ်ကြောင်းကို မီးခိုးဗုံးတွေ၊ သေနတ်တွေ ပစ်ဖောက်ကာ လူစုခွဲခဲ့ပါတယ်။
ဒါပေမယ့် သူတို့တွေက မီးခိုးဗုံးတွေ၊ ရာဘာကျဉ်တွေ ကြားထဲကနေ တော်လှန်ရေးကြွေးကြော်သံတွေက ရပ်မသွားခဲ့ ပါဘူး။ အသက်တွေကိုရင်းပြီး ဖြိုခွင်းမှုတွေကြားထဲကနေ ထမီတော်လှန်ရေးကို ဆက်လုပ်နိုင်အောင် ကြိုးစားနိုင်ခဲ့တာ ကလည်း အမျိုးသမီးတွေရဲ့သတ္တိလို့ ဆိုရမှာပါပဲ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021