Home ဆောင်းပါးသတင်းဆောင်းပါး စစ်ဆေးရေးဂိတ်တွေမှာ နှောက်ယှက်ခံနေရတဲ့ အမျိုးသမီးတွေ

စစ်ဆေးရေးဂိတ်တွေမှာ နှောက်ယှက်ခံနေရတဲ့ အမျိုးသမီးတွေ

ရွှေသွဲ့ ။ ။

“ ဆံပင်လေး သပ်ပါဦး၊ လည်ပင်းလေးစောင်းပြပါဦး၊ တစ်ချို့ဟာတွေက မတွေ့ရသေးဘူး အင်္ကျီကာနေတယ်”

ဒီစကားသံတွေက စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီအဖွဲ့ဝင်က မိန်းမပျိုလေးကို စစ်ဆေးတဲ့အခါ ပြောနေတဲ့ အသံပါ။

စစ်ဆေးခံရသူကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ဒေသခံတစ်ဦးဖြစ်တဲ့ နန်းခမ်းပါ။ နန်းခမ်းဟာ ဒီလိုစစ်ဆေးခံရတာ တစ်ကြိမ်တစ်ခါထဲမဟုတ်ဘဲ သုံးကြိမ်ထက်မနည်း စစ်ဆေးခံခဲ့ရတာပါ။ ဒီလိုတွေလုပ်ခိုင်းပြီး စစ်ဆေးတာဟာ လူရှာဖို့ အတွက် အမှတ်အသားရှာဖွေဟန်လည်းတူတယ်လို့ နန်းခမ်းက ဆိုပါတယ်။

ဒါပေမယ့် လိုတာထက်ပိုပြီး စစ်ဆေးမှုလုပ်တာတွေကြောင့် အလုပ်ကိစ္စရှိလို့ အပြင်ထွက်ရတဲ့အခါတိုင်း  စစ်ဆေးရေး ဂိတ်ကို ရောက်ပြီဆိုတာနဲ့ စိတ်အနှောက်အယှက် အမြဲဖြစ်နေရတာကြောင့် စစ်ဆေးရေးဂိတ်ကို  ဖြတ်ရမယ့်ခရီးဆိုရင် မဖြစ်သာမှသာ အပြင်ထွက်ဖြစ်တယ်လို့ နန်းခမ်းက ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အဝင်အထွက်တွေနဲ့ မြို့ပေါ်ရှိ ရပ်ကွက်တွေမှာပါ စစ်ဆေး ရေးဂိတ်တွေဖွင့်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေကြတာပါ။

အဲ့ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ အမျိုးသမီးတွေကို စစ်ဆေးရင် အချိန်ကြာမြင့်စွာစစ်ဆေးပြီး ခန္ဓာကိုယ်ကိုပါ ပွတ် သပ်ရှာဖွေတဲ့အပြင် ရိသဲ့သဲ့ပြောဆိုမှုတွေပါ လုပ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာ ပါ မလုံခြုံမှုတွေ ခံစားနေရပါတယ်။

“ ကျမဆို သုံးလေးခါလောက်ကြုံတယ်။ စစ်တဲ့အခါ နာမည်ကဘာလဲ။ ဘယ်ကလာတာလဲ။ ဘယ်သွားမလို့လဲ။ ဘာလူမျိုး လဲ။ သူတို့မျက်နှာကြည့်တော့လည်း ရိသဲ့သဲ့နဲ့ပြောတာ။ တစ်ချို့ကျတော့လည်း မျက်လုံးကနီရဲနေပြီး မူးရူးနေတာတွေ လည်းရှိတယ်” လို့ နန်းခမ်းက သူစစ်ဆေးခံရပုံကို ပြန်ပြောပြပါတယ်။ 

နန်းခမ်းလိုပဲ အခြားတိုင်းဒေသကြီးက အမျိုးသမီးတွေမှာလည်း စစ်ဆေးရေးဂိတ်ကို ဖြတ်ရတဲ့အခါမှာ စိတ်အနှောက် အယှက် ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။ 

စစ်ဆေးရေးဂိတ်တစ်ချို့မှာဆိုရင် အမျိုးသားတွေကို ရှာရင် ခဏပဲရှာပြီး အမျိုးသမီးတွေဆိုရင် အချိန် အကြာကြီး စစ်တာ မျိုးလုပ်တဲ့အပြင် ချိုင်းအောက်ထဲ လက်ထိုးပြီးရှာတာမျိုးတွေ၊ အရှေ့ရင်ဘတ်တွေ ကိုင်တွယ်မိတာတွေနဲ့ တင်ပါးတွေကိုင် မိတာမျိုးတွေလည်း ကြုံတွေ့နေရတယ်လို့ စစ်ဆေးခံခဲ့ရတဲ့ အမျိုးသမီးတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမပတ်က ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်ကိုဆက်သွယ်ထားတဲ့ ကမြောင်ကင်းတံတား စစ်ဆေး ရေးဂိတ်မှာ စစ်ကောင်စီအဖွဲ့ဝင်က အမျိုးသမီးရဲ့ တင်နဲ့ရင်ကို ပွတ်သပ်စစ်ဆေးပြီး စစ်ဆေးခံရတဲ့အမျိုးသမီးငယ်ကို အပျို ဟုတ်၊ မဟုတ် မေးမြန်းတာတွေလုပ်တဲ့အပြင် သူနဲ့အတူညအိပ်ဖို့ပြောပြီး မအိပ်ရင် တံတားကိုဖြတ်ခွင့်မပေးဘဲ ဖမ်းဆီး မယ်လို့ ခြိမ်းခြောက်တာကို ကိုယ်တိုင်ခံခဲ့ရတဲ့အမျိုးသမီးက ထားဝယ်အခြေစိုက်သတင်းဌာနတစ်ခုကို ဖြေကြားထားပါ တယ်။

အဲ့ဒီလို ခြိမ်းခြောက်ပြောဆိုတဲ့အတွက် အမျိုးသမီးငယ်မှာ ကြောက်ပြီး ငိုချလိုက်မှ တစ်ခြားစစ်သားတစ်ဦးက ရောက်လာ ပြီး နောက်တကြိမ်ဆိုရင် လိုအပ်တဲ့ထောက်ခံစာနဲ့ စာရွက်စာတမ်းအပြည့်အစုံပါမှ တံတားဖြတ်ခွင့်ပေးမယ်ဆိုပြီး လွှတ်ပေးခဲ့ တာ ဖြစ်ပါတယ်။ 

စစ်ဆေးရေးဂိတ်မှာ တာဝန်ကျ စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တစ်သတ်မှတ်ထဲ စစ်ဆေးရတာ မဟုတ်ဘဲ အလှည့်ကျ တာဝန်ယူ စစ်ဆေးနေကြတာပါ။ 

အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း ရန်ကုန်မြို့ ဘုရင့်နောင်ကနေ ၁၀ မိုင်ကုန်းအိမ်ကိုအပြန် ပွဲရုံတန်းအထွက် စစ် ဆေးရေးဂိတ်မှာ နေ့လည် တစ်နာရီဝန်းကျင်က ကားတစ်စီးကို စစ်သားသုံးဦးဟာ တစ်ယောက်က ကားပေါ်ကိုရှာပြီး ကျန်တဲ့နှစ်ယောက်က ကားမောင်းလာတဲ့ အမျိုးသမီးကို ရှာနေကြပါတယ်။

“ စစ်နေတာက ကောင်မလေးခါးကို ဖက်ထားသလိုဖြစ်နေတဲ့အချိန် ကျမကြည့်နေတာရိပ်မိသွားတော့ ဘာလာလုပ်တာလဲ။ ကိုယ့်ကားထဲကိုယ်နေ လာရှုပ်ရင်ပစ်ထည့်လိုက်မယ်” လို့ အစစ်ဆေးခံဖို့စောင့်ရင်း သူ့ရှေ့ကားမှာ စစ်နေတာမြင်လို့ သွား တဲ့အခါ သူကြုံတွေ့ခဲ့ရတာကို မနွယ်( အမည်လွှဲ)က ပြန်ပြောပြပါတယ်။

မနွယ်ဟာ သူ့အမျိုးသားနဲ့ နှစ်ယောက်လာတာဖြစ်ပြီး အရှေ့က အစစ်ခံရတဲ့ အမျိုးသမီးက တစ်ယောက်ထဲ မောင်းလာတာ ဖြစ်ပါတယ်။ အစစ်ခံရတဲ့ အမျိုးသမီးဟာ မျက်နှာ အနေအထား အတော်လေး ပျက်နေပေမယ့်လည်း ဘာတစ်ခွန်းမှ ပြန်ပြောတာ မကြားမိဘူးလို့ မနွယ်က ဆိုပါတယ်။

“ ကျမကိုစစ်တော့ ကျမက သူ့လက်သွားရာ တောက်လျောက်လိုက်ကြည့်နေတာ။ ထိတာနဲ့အော်မလို့”  လို့ အဲ့ဒီနေရာမှာပဲ သူ့အလှည့်ရောက်လို့ အစစ်ခံရပုံကို မနွယ်ကဆိုပါတယ်။ 

သူတို့မှာ လက်နက်ရှိတယ်ဆိုပြီး လုပ်ချင်သလိုမျိုး လုပ်နေတဲ့ အနေအထားဖြစ်နေတဲ့အတွက် ဒီလိုအခြေအနေနဲ့ ကြုံတွေ့ ရတဲ့ မိန်းကလေးတွေဟာ ဘယ်လောက်တောင် စိတ်ဒုက္ခရောက်ရလဲဆိုတာ ကိုယ်တိုင်ကြုံဖူးတဲ့သူဖြစ်လို့ ကိုယ်ချင်းစာ တယ်လို့လည်း မနွယ်က ဆိုပါတယ်။

ဒါကြောင့် အခုလိုကာလမှာ အလုပ်ကိစ္စမဟုတ်ဘူးဆိုရင် မိန်းကလေးတွေ အပြင်မထွက်စေချင်ပါဘူး။ အလုပ်ကိစ္စရှိလို့ မဖြစ်သာလို့ အပြင်ထွက်ရမယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ်ကြိုတင်ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ငွေကြေးတွေ လည်း အများကြီး မယူသွားသင့်ဘူးလို့ မနွယ်က အကြံပြုပါတယ်။

ဧရာဝတီတိုင်းက မဖြူဖြူကလည်း ခရီးသွားတဲ့အခါ မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တွေကို ဆွဲထုတ်ပြီး ဖွပစ်တာမျိုးတွေလုပ်တဲ့အပြင် အထဲမှာဗုံးပါလား၊ ဘာတွေပါလဲဆိုပြီးမေးခွန်း မေးတာမျိုးလည်း ကြုံရတယ်လို့ သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

“ သူတို့က တာဝန်အရစစ်ဆေးတယ်။ အမတို့ကလည်း နိုင်ငံသားတစ်ယောက်အနေနဲ့ ရှာခွင့်ပြုတယ်။ အဲ့ဒါကို အမျိုးသမီး အသုံးအဆောင်တွေကို ကိုင်ပြီးတော့ ဟိုပစ်ဒီပစ်နဲ့ လုပ်တယ်။ ဘယ်သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ ဘယ်လောက် ကြာ မှာလဲ၊ အနည်းဆုံးနှစ်ခါ ပြန်ဖြေရတယ်။ ပြီးတော့ဘေးနားမှာ သေနတ်ကြီးတွေနဲ့ဆိုတော့ စိတ်လုံခြုံမှုလည်းမရှိဘူး” လို့ မဖြူဖြူက ဆိုပါတယ်။  

ခရီးသွားတဲ့အခါ စစ်ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်ဖို့လိုမှသာ ဖြတ်ပြီး ရှောင်သွားလို့ရတဲ့ လမ်းကြောင်းရှိပါက ရှောင် ကွင်းပြီးသွားတယ်လို့လည်း မဖြူဖြူကဆက်ပြောပါတယ်။

စစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့အခါမှာ ယူနီဖောင်းဝတ်ထားပြီး စစ်ဆေးတာမျိုးတွေ ရှိသလို ယူနီဖောင်းမဝတ်၊ စစ်ဆေးတဲ့ ကိရိယာ ဘာတစ်ခုမှမပါဘဲ စစ်ဆေးတာမျိုးတွေလည်း ကြုံရတဲ့အတွက် စစ်ဆေးရေးဂိတ်ကို ဖြတ်ရတော့မယ်ဆို စိတ် ပျက်စရာအတိပဲလို့ သူခံစားရတာကို မဖြူဖြူက ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေကို မကျေနပ်လို့ တိုင်မယ်ဆိုတော့လည်း တရားဥပဒေစိုးမိုးမှုမရှိတဲ့ အချိန်ဖြစ်သလို မဖြစ်မနေတိုင်လို့ ရဲစခန်းရောက်ရင်တောင် အမှုဖွင့်မယ့်သူကို ပြန်အစစ်ဆေးခံရမယ့် အခြေအနေမျိုးဆိုတော့ ဘယ်သူမှလည်း မတိုင်ချင်ကြ ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

အခုအချိန်မှာ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့ ဦးဆောင်သူတွေကိုယ်တိုင် ပုဒ်မမျိုးစုံတွေတပ်ပြီး အမှုဖွင့်ခံထားရတာ တွေ ရှိတဲ့အတွက် ဒီလိုဖြစ်ရပ်မျိုးတွေအပြင် မုဒိမ်းမှုလိုဖြစ်ရပ်တွေလည်း လိုက်လုပ်မပေးနိုင်တာ အများကြီးရှိတယ်လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

“ ဒီလိုသတင်းတွေကြားရင် ဘာမှမလုပ်ပေးနိုင်တော့ စိတ်မကောင်းဖြစ်တဲ့အပြင် အရမ်းလည်းခံပြင်းတယ်” လို့ အမျိုးသမီး အရေး လှုပ်ရှားသူက ဆိုပါတယ်။

“ ကာယိန္ဒြေပျက်စီးမယ်ဆိုတာ သိရဲ့သားနဲ့ တမင်လုပ်တာဆိုရင် ၃၅၄ မြောက်တယ်။ အင်္ကျီဆွဲလိုက်တယ် ရင်ဘတ်ပွင့် သွားတယ် ဒါမျိုးကအစပေါ့။ အမျိုးသမီးကို စစ်မယ်ဆိုရင် အမျိုးသမီးရဲမေကပဲ စစ်ရမယ်။ ရှာဖွေစီးနင်းမယ်ဆိုရင် အမျိုး သမီးဖြစ်နေရင် အမျိုးသမီးရဲမေက မဖြစ်မနေပါရတယ်။ အမှုစစ်မယ်ဆိုရင်လည်း ဘေးမှာ အမျိုးသမီးရဲမေ ပါရတယ် ” လို့ နေပြည်တော်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၅၄ မှာ မိန်းကလေးတစ်ဦးရဲ့ ကာယိန္ဒြေ ပျက်စီးစေရန်အကြံဖြင့်သော်လည်းကောင်း၊ သိရက်နဲ့ တမင် လက်ရောက်ကျူးလွန်လျင် သို့တည်းမဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျင် ထိုသူအား ထောင် ဒဏ် နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့  ဥပဒေမှာ ပြဌာန်းထားပါတယ်။

ပုဒ်မ ၃၅၄နဲ့ပတ်သက်ပြီး ယနေ့အချိန်ထိ ဥပဒေမှာတည်ဆဲဖြစ်နေပြီး လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ အမှုဖွင့်တိုင်ကြား သူတွေရှိပေမယ့် တခြားအကြောင်းအရာနဲ့ပတ်သက်ပြီး တိုင်ကြားတာတော့မရှိဘူးလို့ အထက်ပါရှေ့နေကဆိုပါတယ်။ 

အခုနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေ၊  စာသင်ကျောင်းလိုနေရာမျိုးတွေနဲ့ နေရာအနှံ့အပြားမှာ ဗုံးပေါက်ကွဲတာတွေ ဆက် တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့အတွက် စစ်ကောင်စီဘက်ကလည်း  ပိတ်ဆို့စစ်ဆေးမှုတွေကို အရှိန်မြှင့် စစ်ဆေးတာတွေ ပြု လုပ်နေပါတယ်။ 

ဒီလို စစ်ဆေးမှုတွေကို တာဝန်အရ လုပ်တယ်ဆိုရင် ပစ္စည်းရှာဖွေတဲ့ စက်ကိရိယာတွေနဲ့ စနစ်တကျ ရှာဖွေပြီး မိန်းကလေး တွေစစ်ဆေးတဲ့အခါမှာလည်း အသားယူစစ်ဆေးတာတွေ မလုပ်ဘူးဆိုရင်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ အစစ် ဆေး မခံနိုင်စရာ မရှိဘူးလို့ နန်းခမ်းက ဆိုပါတယ်။

ဒီလိုမှမဟုတ်ဘဲ သူတို့စစ်ချင်သလို အသားယူစစ်ဆေးနေတာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရကြောင်းကို နန်းခမ်းက ယခုလိုဆိုပါတယ်။

“ နာမည်မေးလို့ နာမည်ပြောတယ်။ ဒီလိုရုပ်မျိုးဆို ရုပ်ရှင်မင်းသမီးလုပ်ရမှာ။ ဘာရုပ်ပဲဖြစ်ဖြစ်ပေါ့ ဒါမျိုးတွေ လိုက်ပြီး လှောင်ပြောင်စရာ မလိုဘူးလေ။ နောက်ပြီးတော့ ညီမဆို လွယ်အိတ်လွယ်တယ်။ လွယ်အိတ်ကိုလည်း ဒီအတိုင်းပဲ ယူ ပြီးတော့ သူတို့ဟာ သူတို့ဖွင့်တယ်။ အထုပ်အပိုးတွေကိုလည်း ဒီအတိုင်းယူပြီး ဖွင့်ကြည့်တယ်။ စိတ်အနှောက်ယှက်ဖြစ် စေတာတော့ အမှန်ပဲ”

Author:

Related Articles