Home ဆောင်းပါး အင်အားသုံးအကြမ်းဖက်မှုတွေကြောင့် ပိုမိုခက်ခဲခဲ့ရတဲ့ လှိုင်သာယာကအလုပ်သမများ

အင်အားသုံးအကြမ်းဖက်မှုတွေကြောင့် ပိုမိုခက်ခဲခဲ့ရတဲ့ လှိုင်သာယာကအလုပ်သမများ

Honest Information (HI)

မီးခိုးငွေ့တလူလူကြားထဲကနေ သေနတ်တွေကို အဆက်မပြတ်ပစ်ဖောက်ရင်း စစ်ကားနဲ့ရဲကားတွေဟာ တံတားပေါ်ကနေ တစ်စီးပြီးတစ်စီး အဆက်မပြတ် ဝင်လာနေပါတယ်။

လက်နက်ကိုင်အကြမ်းဖက်နေကြတဲ့ စစ်တပ်နဲ့ရဲတွေဟာ လှိုင်သာယာသပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းဖို့အတွက် အင် အားအလုံးအရင်းနဲ့ ချီတက်လာတာဖြစ်ပါတယ်။

လှိုင်သာယာသပိတ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းတည်းက ဆန္ဒပြသပိတ်မှောက်တဲ့ပုံစံတွေ၊ လူငယ်တွေရဲ့ စည်းစည်းလုံးလုံးနဲ့ ပြန်လည်ခုခံကြမှုတွေ၊ ခံတပ်တည်ဆောက်မှုအနေအထားတွေ၊ ကယ်ဆယ်ကုသရေးလုပ်ထုံးလုပ်နည်းတွေနဲ့ စည်းသုံး စည်းတားကာ ရန်သူကို အဆင့်ဆင့်ကာကွယ်ထားတဲ့စနစ်တွေကြောင့် တခြားသပိတ်စစ်ကြောင်းတွေကြားမှာ ရေပန်းစား လာခဲ့တာဖြစ်ပါတယ်။

အသံဗုံးနဲ့ဖြိုခွဲကာ ကျည်အစစ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပေမယ့် နောက်ဆုတ်မသွားဘဲ ရဲရဲရင့်ရင့် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့မှုတွေမှာလည်း လှိုင်သာယာကပြည်သူတွေက ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒါကြောင့်ပဲ လှိုင်သာယာကို စစ်တပ်အင်အား၊ ရဲအင်အားအများအပြားအသုံးပြုကာ အတားအဆီးတွေကို မီးရှိုှု့ဖျက်ဆီးခဲ့ကြပြီး ဆန္ဒပြသူတွေကို မတရားဖမ်းဆီးတာတွေ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုမျိုး ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် လိူင်သာယာမှာ သေဆုံးသူဦးရေ မြင့်တက်ခဲ့ပြီး မတ် လ ၁၄ ရက်နေ့တရက်တည်းမှာ ပဲကျဆုံးသွားတဲ့ပြည်သူ ၅၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ကျဆုံးသွားသူတွေက ဆန္ဒပြပွဲမှာပစ်ခံလိုက်ရသူတွေ ၊ အိမ်ထဲမှာနေရင်း ပစ်ခံလိုက်ရသူတွေ၊ လမ်းထိပ်မှာထိုင်နေရင်း ပစ်ခံလိုက်ရသူတွေနဲ့ ဆိုင်ကယ်စီးရင်း ပစ်ခံလိုက်ရသူတွေပါ။

လှိုင်သာယာဆိုတာ ရန်ကုန်မြို့ရဲ့လူဦးရေ အထူထပ်ဆုံးမြို့နယ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၄ ခုနစ်သန်းခေါင်စာရင်း အချက် အလက်တွေအရ လှိုင်သာယာမြို့နယ်မှာနေထိုင်သူဦးရေ ၆သိန်း၈သောင်းကျော်ရှိပြီး စုစုပေါင်းလူဦးရေရဲ့ ၅၃ ရာခိုင်နှုန်း က အမျိုးသမီးတွေဖြစ်ကြပါတယ်။

လှိုင်သာယာစက်မှုဇုန်ကို အမှီပြုပြီး မြန်မာနိုင်ငံရဲ့ ရွေ့ပြောင်းလုပ်သားအများအပြားတည်ရှိရာ နေရာလည်းဖြစ်ပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုတွေ မြို့ထဲမှာ လှည့်လည်ပစ်ခတ်တာတွေ အင်အားသုံးဖြိုခွင်းမှုတွေကြောင့် လှိုင်သာယာမြို့ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်ပြီး လုပ်ငန်းတွေလည်းရပ်တန့်ခဲ့ရပါတယ်။

လှိုင်သာယာမြို့နယ်ထဲက စက်ရုံအလုပ်ရုံတွေရဲ့ ဝန်ထမ်းဦးရေ၊ အထည်ချုပ်အလုပ်သမားဦးရေတို့ရဲ့ ၉၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တာကြောင့် အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ အလုပ်လက်မဲ့နဲ့ အိုးအိမ်စည်းစိမ် ထိခိုက်မှုဒဏ်တွေကို အမျိုးသမီးတွေအများအပြား ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

လိုှု်င်သာယာစက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့မမေဇင်ခိုင်က ” အခုချိန်မှာ လူတွေက ဂယောက်ဂယက်တွေအကုန်ဖြစ်ကုန်တာ။ ညီမတို့လို နယ်ကလာတဲ့သူတွေအတွက်ကျတော့ ပိုပြီးတော့ခက်ခဲတာပေါ့။ နယ်ပြန်ဖို့လည်းအဆင်မပြေ၊ဒီမှာနေတော့လည်း ကိုယ့်ကိုကိုယ်မလုံခြုံဘူးလို့ခံစားရတယ်။ အလုပ်သွားရင်လည်း ပတ်ဝန်း ကျင်ကို စိတ်မချရဖြစ်နေရတယ်။ အလုပ်မသွားရရင်လည်း နယ်ကလာတာဆိုတော့ အဆောင်ခတွေစားစရိတ်တွေ အဲလို မျိုးတွေဆိုတော့ အခက်အခဲတွေကတော့ အများကြီးရှိတယ်” လို့ ဆိုပါတယ်။

မမေဇင်ခိုင်ဟာ ဧရာဝတီတိုင်းကနေ လှိုင်သာယာမြို့နယ်ကို လာရောက်ရွေ့ပြောင်းနေထိုင်သူဖြစ်ပြီး အထည်ချုပ်စက်ရုံ တစ်ခုမှာ အလုပ်လုပ်နေတာ ၁၀ နှစ်ခန့်ရှိနေပါပြီ။

သူကအဆောင်ငှားနေသူ တစ်ယောက်ဖြစ်တာကြောင့် အခုလိုအချိန်မှာ နေရေးစားရေးအတွက် အခက်အခဲတွေဖြစ်နေ တယ်လို့ဆိုပါတယ်။ အဆောင်ငှားခကို အဆောင်ရှင်တွေက လျော့ပေးတာတွေရှိပေမယ့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ တွေရဲ့လုပ်ရပ်ကြောင့် မတ်လ ၁၅ ရက်နေ့ကစလို့ ဈေးတွေပါပိတ်ထားရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၁၅ ရက်ကစပြီး တယ်လီဖုန်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာကြောင့် သတင်းအချက် အ လက်တွေ အဆက်ပြတ်နေသလို လှိုင်သာယာမြို့နယ်အတွင်းက အခြေအနေတွေကိုတောင် မသိနိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

” ဒီမနက်ဆိုဈေးတွေလည်းပိတ်ထားတယ်။ စားရေးသောက်ရေးအတွက်အခက်အခဲရှိလာနိုင်တယ်။ ဈေးဖွင့်လည်း ဈေး တောင်မသွားရဲတဲ့ဘဝဆိုတော့ မရှိရှိတာပဲ စားနေရတယ်။ အခုကဆက်သွယ်ရေးလိုင်းတွေဖြတ်ထားတော့ သတင်းတွေ မသိရဘူး” လို့ မမေဇင်ခိုင်က ပြောပါတယ်။

လှိုင်သာယာမြို့နယ်ထဲမှာ အဆောင်ငှားရမ်းခတွေက တစ်လကို တစ်သိန်းခန့်ရှိပါတယ်။ စက်ရုံအလုပ်သမားတွေရဲ့ ဝင်ငွေ ဟာ တစ်လမှာအများဆုံးနှစ်သိန်းကျော်ပဲရရှိတာဖြစ်ပါတယ်။ မနှစ်က အခုလိုမတ်လမှာ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ စတွေ့ခဲ့တာကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်ထားရပြီး အလုပ်သမားတွေရဲ့ ဝင်ငွေအပေါ် သက်ရောက်မှုတွေလည်း ရှိခဲ့ပါတယ်။

ကိုဗစ်မဖြစ်ခင်ကာလက တစ်လဝင်ငွေနှစ်သိန်းခွဲရတဲ့ အထည်ချုပ်ဝန်ထမ်းတစ်ယောက်ရဲ့လစာဟာ အခုချိန်မှာတော့ တစ် လကို တစ်သိန်းခွဲလောက်သာ ရရှိတော့ပါတယ်။

ဒါကြောင့် ကိုဗစ်ကာလတည်းက အခက်အခဲအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ် သမားတွေအတွက် အခုလို အာဏာသိမ်းလိုက်တဲ့အချိန်မှာ နေထိုင်စားသောက်ရေးအတွက် ပိုပြီးခက်ခဲလာသလို လုံခြုံမှု အပိုင်းမှာလည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာတာပါ။

” ကျွန်မတို့တွေ အခက်အခဲစဖြစ်တာက မနှစ်က ၃ လပိုင်းအချိန်တည်းကစဖြစ်တာ။ ကိုဗစ်စဖြစ်တဲ့ အချိန်ဆိုတော့လေ။ ကျွန်မတို့တွေဆို မနက် ၇နာရီကနေ ည ၇ နာရီအထိ အိုတီအပါအဝင်တောင် လစာကနှစ်သိန်းကျော်လေးပဲရတာ။ ဒါတောင် ကိုယ့်အတွက်ကိုယ်မသုံးဘူး။ စားစရိတ်၊ နေစရိတ်အတွက်ကိုပဲ လုံးပန်းနေကြရတာ။ အဲ့လိုအနေအထားကနေမှ အခုလို ဖြစ်သွားတော့ ဘဝတွေက နွံထဲနစ်သထက် နစ်သလိုဖြစ်နေတာ” လို့ မမေဇင်ခိုင်ကပြောပါတယ်။

အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တဲ့မအိကလည်း ကိုဗစ်ကာလတုန်းက အလုပ်အကိုင်အခက် အခဲရှိခဲ့ပေမယ့် အစိုးရရဲ့ထောက်ပံ့ပေးမှုတွေကြောင့် စားရေးသောက်ရေးအတွက် အဆင်ပြေခဲ့တယ်လို့ ပြောပါတယ်။

” ကိုဗစ်ကာလတုန်းကတော့ အလုပ်မဆင်းရတော့ ဝင်ငွေအတွက် အခက်အခဲရှိတာပေါ့နော်။ ဒါပေမယ့်လည်း အစိုးရက ထောက်ပံ့ပေးမှုတွေရတယ်။ အခုကတော့ ပိုဆိုးသွားတာပေါ့” လို့ မအိကပြောပါတယ်။

လှိုင်သာယာက ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်ရေနဲ့ ငွေကြေးလှူဒါန်းလိုသူတွေရှိပေမယ့်လည်း လှိုင်သာယာ မြို့နယ်ထဲအထိ ဝင်ရောက်ဖို့ အတားအဆီးတွေ၊ အခက်အခဲတွေရှိနေတာကြောင့် လှူဒါန်းမှုအနည်းငယ်သာ ရောက်ရှိနေ ပါတယ်။

လိူင်သာယာကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်နေပြီး အခြားတစ်ဖက်မှာလည်း လှိုင်သာယာစက်မှုဇုန်အပါအဝင် စက်ရုံ ပေါင်း ၂၀ နီးပါး အြက်ီးစားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ တခြားအသေးစား စက်ရုံလောင်ကျွမ်းမှု ၅၀ ကျော်ရှိခဲ့တယ်လို့ ရွှေလင်ဗန်းစက်မှုဇုန်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ဘီဘီစီသတင်းဌာနမှာ ဖြေကြားထားပါတယ်။

ဒါကြောင့် အချို့စက်ရုံတွေမလည်ပတ်နိုင်တော့သလို မတည်ငြိမ်မှု အခြေအနေတွေကြောင့်လည်း စက်ရုံတွေကိုလည်း အလုပ်သမားတွေ သွားရောက်ဖို့ အခက်အခဲဖြစ်နေပါတယ်။

လှိုင်သာယာစက်မှုဇုန်က အလုပ်ရုံတွေကတော့ အလုပ်ပိတ်ရက်ကို ထုတ်ပြန်ကြေညာထားတာမျိုးမရှိဘဲ မနက်ဖန် အလုပ် ပိတ်တယ်ဆိုတာမျိုးကို ဒီနေ့လိုညမှအကြောင်းကြားလာတာမျိုးဖြစ်ပါတယ်။ တချို့အလုပ်ရုံတွေကတော့ တစ်စုံတရာ အ ကြောင်း ကြားတာမျိုးလည်းမရှိတာကြောင့် အလုပ်သမားတွေက အလုပ်မသွားကြတော့တာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံရပြီးနောက် မတ်လ ၁၆ ရက်နေ့မနက်အစောပိုင်းကစလို့ လှိုင်သာယာမြို့နယ်ကနေ ဒေသပြန် နေရပ်ပြန်သူတွေ အများအပြားရှိလာခဲ့ပါတယ်။ ဧရာဝတီတိုင်းဘက်ကိုထွက်တဲ့ ဘီအိုစီနဲ့သမကုန်းနားမှာ နေရပ်ပြန်ဖို့ ထွက်ခွာသွားတဲ့ကားတွေကြောင့် ၃ နာရီလောက်ကြာအောင် ကားလမ်းပိတ်တဲ့အဖြစ် ဖြစ်ခဲ့ရပါတယ်။

” အခုလိုအချိန်နယ်ပြန်ရမယ်ဆိုလည်း အပြီးပြန်မှပဲရမယ်။ ရွာမှာလည်းအဆင်မပြေလို့ ဒီမှာအလုပ်လာလုပ်တာဆိုတော့ ရွာပြန်လည်းငတ်မယ်။ ဒီမှာနေလည်းငတ်မယ်။ အဲ့လိုမျိုးဖြစ်နေတာ။ ဒီမှာနေရင်လည်း ရေရှည်ပိတ်မိရင် စားဖို့သောက်ဖို့က အဆင်မပြေဘူး။ အဆောင်ငှားနေတာဆိုတော့ အဆောင်ခကလည်း ၉ သောင်း တစ်သိန်းလောက်ပေးရတာ။ ဆိုတော့ ရွာက မိဘတွေကလည်း ပြန်ခေါ်နေကြပြီ။ ပြန်ဖို့ကလည်းလမ်းမှာအဆင်မပြေမှာစိုးတယ်” လို့ မမေဇင်ခိုင်ကပြောပါတယ်။

အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေသူ မအိက ” လှိုင်သာယာရဲ့အခြေအနေက တော်တော်မကောင်းဘူးပေါ့။ အလုပ် ကတော့ အခုတလောမသွားဖြစ်ဘူး။ အလုပ်ကပိတ်တယ်လို့လည်းမပြောသေးဘူး။ တော်တော်များများကလည်း မသွားကြ ဘူး။ အဲ့ဒါကြောင့်မသွားဖြစ်ဘူး။ ၃ရက်၄ရက်လောက်တော့ ရှိပြီမသွားဖြစ်တာ။ လုပ်ငန်းရှင်တွေဘက်ကအကြောင်းကြား တာလည်းမရှိဘူး” လို့ ပြောပါတယ်။

မအိက ဘိုကလေးမြို့နယ်ကနေ လှိုင်သာယာမှာ ရွေ့ပြောင်းလုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူကတော့ နေရပ် ပြန်ချင်ပေမယ့်လည်း လက်ရှိအခြေအနေတွေကို တစ်လလောက်စောင့်ကြည့်ပြီး နေရပ်ကို ပြန်ဖြစ်မပြန်ဖြစ်ကိုတွေး တော နေရပြန်ပါတယ်။ သူမကလည်း လှိုင်သာယာမှာ အလုပ်လာလုပ်တာ ၇ နှစ်ကျော်ရှိနေပြီဖြစ်တာကြောင့် ဒီနေရပ်ကိုလည်း မစွန့်ခွာနိုင်ဘူးလို့ဆိုပါတယ်။

” အခုအခြေအနေက ဘယ်လိုမှလည်းမတတ်နိုင်တော့ ဘာဆက်လုပ်ရမှန်း လည်းမသိတော့ဘူး။ ကျွန်မကတော့ ဆက် နေကြည့်လိုက်ဦးမယ်။ လုံးဝခက်ခဲသွားပြီဆိုရင်တော့လည်း ပြန်ရတော့မှာပေါ့ ” လို့ မအိကပြောပါတယ်။

မပြန်ဘဲနေနေတဲ့အချိန်မှာလည်း စားဝတ်နေရေးအပြင် မိမိအသက်အန္တရာယ်အတွက်လည်း အမြဲတမ်းထိတ်လန့်နေရ တယ်လို့ မအိကဆိုပါတယ်။

” အခုချိန်မှာတော်တော်မလုံခြုံဘူးပေါ့။ CRPH ရဲ့ လုပ်ဆောင်နေမှုတွေကို မြန်မြန်လေးလုပ်စေချင်တယ်။ အသက်ပေးပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့သူတွေအတွက် ပိုပြီးတော့ထိထိရောက်ရောက်လုပ်သင့်ပါပြီ” လို့ သူက ဆိုပါတယ်။

မတ်လ ၁၅ရက်နေ့မှာပဲ ရန်ကုန်ကမြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာခဲ့ပါတယ်။ အဲ့ဒီထဲလှိုင်သာယာမြို့နယ် လည်းပါဝင်ခဲ့ပြီး ညဘက်တွေဆိုရင် ရပ်ကွက်တွေထဲ ဝင်ရောက် ဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။

မမေဇင်ခိုင်က ” ညတုန်းကတော့ ၁၂ နာရီကျော်လောက်မှ ထပြီးပစ်ကြသေးတယ်။ ပစ်ကြခတ်ကြဆိုတော့ လမ်းထဲကသူ တွေကတော့ အကုန်လုံးမီးတွေပိတ်ပြီးငြိမ်နေရတယ်။ ကြောက်တယ်လေ။ သေနတ်သံတွေက တစ်ညလုံးကြားနေရတော့။ ကျွန်မတို့က ဘုရားလမ်းမှာနေတာဆိုတော့ မိုးလင်းတဲ့အထိပဲ အသံတွေကြားနေရတော့ ကိုယ့်ကိုဘယ်တော့များဝင်ဆွဲ မလဲဆိုပြီး မအိပ်ရဲဘူး။ ရပ်ကွက်ထဲတွေများ ဝင်လာမလားဆိုပြီး ငြိမ်နေရတဲ့အနေအထားဖြစ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရွေ့ပြောင်းလုပ်သားတွေ သိန်းနဲ့ချီရှိနေတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ အလုပ်အကိုင်ကိုစွန့်ပြီး မိမိနေရပ်ကို ပြန်လည်ထွက်ခွာသွားသူ အများအပြားရှိနေကြသလို ၁၀ စုနှစ်တစ်ခုကြာနေထိုင်လာခဲ့တဲ့သူတွေကတော့ လှိုင်သာယာမြို့ နယ်ကို မစွန့်ခွာရက်ဘဲ အကြပ်အတည်းတွေနဲ့ အကြမ်းဖက်မှုတွေကြား ရုန်းကန်နေကြရပါတယ်။

မမေဇင်ခိုင်ကတော့ စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းတာတွေကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေရတာကနေ ပြည်သူလူထု တွေရဲ့ အိုးအိမ်စည်းစိမ်တွေပျက်ဆီးနေတာကြောင့် အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ယခုလိုဆိုပါတယ်။

“ မလိုချင်ဘူးဒီလိုမျိုးဘဝတွေကို။ ကျွန်မတို့ကိုယ်တိုင်လည်း ဒီမှာနေရမလိုလို ပြန်ရမလိုလိုဖြစ်နေပြီ။ အမြန်ဆုံးပြီးစေချင် ပြီ။ အခုကကိုယ့်အိမ်မှာကိုယ်နေရင်း မလုံခြုံတဲ့ဘဝကိုရောက်နေတာ။ ဒီလိုစနစ်မျိုးကြီးကိုမလိုချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရတဲ့ဘဝမျိုးပဲနေချင်တယ် “

Related Articles