ရက္ခ
ဖေဖော်ရီဆောင်းသည် အိမ်အပြန်နေ့ရက်များနှင့်အတူ အစွမ်းကုန်ချမ်းခဲ့ပြီ ထင်ရသည်။ ဝန်းကျင် တခွင်တွင် နှင်းကြွင်းနှင်းကျန်ကလေးများ တဖြိုင်ဖြိုင်ကြွေဆင်းနေပုံမှာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ အမိုး အကာလုံခြုံခြင်းမရှိလှသော စေတီပြင်တိုက်ပွဲရှောင်စခန်းထဲတွင်တော့ တုန်ရီအေးစက်မှုတို့က သိပ်သည်းလှ စွာစီးမျောပျံ့ နှံ့နေလေသည်။
မသိန်းစိုးနွယ် သည် မေးဖျားကလေးများ တဆတ်ဆတ်တုန်ကာ လန့်နိုးလာ၏။ နိုးလျှင်နိုးချင်းပင် ညာ ဖက်ခြမ်းမှ လင်တော်မောင်ရှိရာဆီသို့ ယောင်ရမ်းစမ်းလိုက်မိသည်။ သို့သော် သူ၏လက်ဖဝါးထဲတွင် အေးစက် လွန်းလှသောလေဟာနယ်ကိုသာဖမ်းဆုပ်မိပြီး လင်တော်မောင်ကိုသိန်းဝင်း၏ ခန္ဓာကိုယ်ကိုထိတွေ့မိခြင်းမရှိ ချေ။ သည်တော့မှ လင်တော်မောင် ကိုသိန်းဝင်းတစ်ယောက် တံငါလှေနောက်သို့လိုက်ပါသွားခဲ့သည်ကို သတိ ဝင်လာကာ ရင်ထဲ၌ အားငယ်စိတ်ကလေးများ အလိုလိုဝင်ရောက်လာတော့သည်။
အချိန်မှာ မိုးသောက်ယံ တစ်နာရီ ရှိခဲ့ပြီဖြစ်သည်။ သူနေထိုင်ရာ တိုက်ပွဲရှောင်စခန်းမှ လင်းကြက်တွန် သံများကိုခပ်စိပ်စိပ်ကြားရသည်။ မသိန်းစိုးနွယ်သည် မပေါ့မပါးခန္ဓာကိုယ်ကိုလက်ဝဲဘက်သို့အနည်းငယ်စောင်း ငဲ့လိုက်ရင်း သားငယ်လေးဆီသို့ အကြည့်ရောက်မိသည်။ ဒုတိယတန်းအရွယ်သားငယ်လေးသည် စောင်းပါးက လေးတစ်ထည်ကိုခြုံကာ သူ့နံဘေးတွင် ကွေးကွေးကလေး အိပ်ပျော်လျှက်ရှိနေသည်။ ဓနိခေါင်မိုးကြားမှယို ဆင်းလာသောလရောင်အလင်းတန်းကလေးများက သားငယ်လေး၏မျက်နှာပေါ် ဖြာကျနေသည်။ တချက်တ ချက်တွင်တိုက်ခတ်လိုက်သောလေစိမ်းများကဝါးရံကြားမှတဆင့်အခန်းကျဉ်းကလေးထဲသို့ဖြတ်သန်းဝင်ရောက် လာတတ်သည်ဖြစ်ရာ သားငယ်ကလေး၏ ခန္ဓာကိုယ်သည် ချမ်းလွန်းသဖြင့် ပိုမိုကွေး၍ပင် လာတော့၏။
မသိန်းစိုးနွယ် သည် သူ၏ခန္ဓာကိုယ်မှ စောင်ကလေးကို သားငယ်ပေါ်တဝက်တပြက်ဆွဲခြုံပေးလိုက်ပြီး နောက် ချို့တဲ့လွန်းလှသော တိုက်ပွဲရှောင်မိသားစုများ၏ဘဝကိုတွေးတောကာ သက်ပြင်းတစ်ချက်ချမိသည်။ ထိုစဉ်မှာ ပင် ရှစ်လခန့်ရှိနေပြီဖြစ်သော ဗိုက်ထဲမှသန္ဓေသားက တဒုန်းဒုန်းဖြင့် ရုန်းကန်လာသည်။ သူသည် ခန္ဓာကိုယ်ကို ပက်လက်အနေအထားသို့ အသာအယာပြန် လှည့်လိုက်ရင်း ရုန်းကန်လှုပ်ရှားနေသော သန္ဓေ သားကလေး၏ သွားရာလမ်းကြောင်းအတိုင်း လက်ကလေးဖြင့် လိုက်လံစမ်းသပ်ကြည့်နေမိသည်။ ထိုသို့ ဗိုက်ကိုလက်နှင့်ပွတ် သပ်နေရင်းမှ မရည်ရွယ်ပါပဲ လင်တော်မောင်ကို သိန်းဝင်းကို သတိရမိလာပြန်လေသည်။
တကယ်တော့ သည်လို ကိုယ်ဝန်နေ့စေ့လစေ့အချိန်မျိုးတွင် လင်တော်မောင်ကို အနား၌ရှိနေစေချင် သည်မှာ အမှန်ပင်။ သို့သော် ထိုဆန္ဒနှင့် တကယ့်လက်တွေ့ဘဝမှာ ကွာခြားလွန်းမှန်းကို သူနားလည်၏။ လင် တော်မောင်ကိုသိန်းဝင်းသည် မိသားစုစားဝတ်နေရေးနှင့် နေ့စေ့လစေ့ကိုယ်ဝန်မီးဖွားရေးအတွက် မော်ရံငါးပိုက် ဖောင်နောက်သို့အငှားလိုက်ကာဝင်ငွေရှာနေရသည်။ ငါးပိုက်ဖောင်တစ်ကြိမ်ထွက်လျှင် ငါးရက်ခန့်မျှကြာတတ် သည်ဖြစ်ရာ ထိုအတောအတွင်း၌ မီးဖွားခဲ့လျှင်အခက်ဟုပင် မသိန်းစိုးနွယ်တစ်ယောက် တွေးပူနေမိသည်။ စင် စစ် သည်လိုအချိန်မျိုးတွင် ကိုယ်ဝန်ဆောင်မိခင်သည်တို့ဖြစ်လေ့ဖြစ်ရှိသည့်အတိုင်း တစုံတရာစားချင်သောက် ချင်စိတ်ကလေးများဖြစ်လာခဲ့လျှင်ပင် ငွေမရှိသဖြင့် ချဉ်ခြင်းကို ကြိုးစားကာ ဖြေဖျောက်ပစ်ခဲ့ရသည်မှာ အကြိမ် ကြိမ်ပင်။ အစစအရာရာ ချို့တဲ့လွန်းလှသော တိုက်ပွဲရှောင်ကိုယ်ဝန်သည်တစ်ယောက်၏အဖြစ်ကိုတွေးရင်း သူ့ ရင်ထဲဝမ်းနည်းလာမိသည်။ ဇာတိကျေးရွာကလေးတွင် ကိုယ့်အိုးကိုယ်အိမ်နှင့် လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ခဲ့ ရချိန်များကို ပြန်လည်သတိရမိချိန်တွင်တော့ သူ၏ပါးပြင်ပေါ်သို့ ပူပူနွေးနွေးမျက်ရည်စက်များ စီးကျလာလေ တော့သည်။
(တစ်)
ရခိုင်ပြည်နယ်ထဲတွင် မြန်မာ့တပ်မတော်နှင့် AA တို့၏တိုက်ပွဲဖြစ်ပွားခဲ့သောအချိန်ကာလတလျှောက် ၌ နယ်ရပ်စွန့်ခွာတိန်းရှောင်သူအများအပြားရှိခဲ့ပြီး တိုက်ပွဲ ရှောင်စခန်းအများအပြားလည်းပေါ်ပေါက်လာခဲ့ရ သည်။ ထိုအထဲတွင် ရသေ့တောင်မြို့နယ်မှ စေတီပြင်တိုက်ပွဲ ရှောင်စခန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်၏။ စေတီပြင်တိုက်ပွဲရှောင်စခန်းကို ၂၀၁၉ ခုနှစ်၊ မတ်လ-၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရကြောင်းနှင့် ကျေးရွာ ပေါင်း-၄၀ မှ ကျော် တိုက်ပွဲရှောင်ပြည်သူများလာရောက်ခိုလှုံလျှက်ရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် စခန်းတွင်း၌ တိုက်ပွဲရှောင်ဦးရေ-၁၈၆၉ ဦးရှိသည်။ ထိုတိုက် ပွဲရှောင်များထဲတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို (၇၀) ကျော်ခန့်နှင့် ကိုယ်ဝန်ဆောင်မိခင်ဦးရေ (၂၀) ကျော်ခန့်အထိ ရှိနေကြောင်း စခန်းတာ ဝန်ခံကော်မတီဝင် ဦးထွန်းမြင့်မှ ဆိုသည်။ သို့သော် သက်ကြီး ရွယ်အိုနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် သီးသန့်ကာကွယ်စောင့်ရှောက်ပေးခြင်းမျိုးမရှိကြောင်းဆိုသည်။ တိုက်ပွဲရှောင်များအတွက် လိုအပ်များစွာရှိ နေကြောင်းလည်း ဦးထွန်းမြင့် မှ ပြောပြသည်။
“ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ… ကျန်းမာရေးကအစ ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်တွေ ရှိ နေပါတယ်… အစိုးရဖက်က ဆန်တစ်ခုကို ထောက်ပံ့ပေးတာတော့ ရှိတယ်။ အဲဒါကလည်း ပုံမှန်မဟုတ်ပါဘူး.. ပေးတဲ့အခါပေးသလို မပေးတဲ့အခါလည်း မပေးပါဘူး… အခုဆိုရင်တော့ အစိုးရက ထောက်ပံ့မှုမရရှိတာ ကြာပါပြီ။ ကုန်ခဲ့တဲ့နွေရာသီကဆိုရင်တိုက်ပွဲရှောင်စခန်းထဲမှာ ရေပြတ်လပ်တာတွေရှိခဲ့တယ်… ICRC ကိုအကူအညီတောင်း ခဲ့ရတယ်… သူတို့ဆီက မီးသတ်ကားကြီးတွေနဲ့ ရေလာပေးခဲ့ရတာတွေရှိပါတယ်… အထူးသဖြင့် အခုလို အစစ အရာရာ ချို့တဲ့နေချိန်မျိုးမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်မိပါတယ်…”
စေတီပြင်တိုက်ပွဲရှောင်စခန်းတာဝန်ခံကော်မတီဝင် ဦးထွန်းမြင့် ပြောဆိုသောစကားများပင် ဖြစ်၏။ အအေးပိုသောဆောင်းတွင်းရာသီအချိန်ကာလမျိုးတွင် တိုက်ပွဲရှောင်ပြည်သူများတွင် အနွေးထည်နှင့် ခြုံစောင် များလိုအပ်လျှက်ရှိကြောင်းလည်း သူက ဆိုသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင် များနှင့် ကလေးငယ်များအတွက် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိရန် အသုံးအဆောင်ပစ္စည်းများ မရှိမဖြစ်လို အပ် နေကြောင်း သူက ပြောဆိုသည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင်း၌ တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့ သော်လည်း တိုက်ပွဲရှောင်များနေရပ်ပြန်နိုင်ရေးမှာ အခက်အခဲချို့ရှိနေဆဲပင်ဖြစ်ကြောင်း ဆိုသည်။ မြေမြှုပ်မိုင်း အန္တရာယ်အပါအဝင် ကျေးရွာအနီးတဝိုက်တို့၌ မြန်မာ့တပ်မတော်တပ်စခန်းများ တည်ရှိနေခြင်းကြောင့် တိုက် ပွဲရှောင်များနေရပ်ပြန်ရန် စိုးရိမ်ကြောင့်ကြနေကြဆဲပင် ဖြစ်သည်။ ထိုသို့ အခြေအနေမျိုးတွင် တိုက်ပွဲရှောင်စ ခန်းများမှ ကိုယ်ဝန်ဆောင်မိခင်များအပေါ် ကူညီစောင့်ရှောက်ပေးရန်လိုအပ်နေလျှက်ရှိနေကြောင်း စခန်း တာဝန်ခံကော်မတီဝင် ဦးထွန်းမြင့် မှ ပြောပြသည်။
(နှစ်)
“ ကျွန်မက စေတီပြင်တိုက်ပွဲရှောင်စခန်းမှာ နေထိုင်နေသူ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်ပါတယ်… ကိုယ်ဝန်က ရှစ်လကျော်နေပါပြီ ….တိုက်ပွဲရှောင်စခန်းထဲမှာ နေထိုင်ရတာဆိုတော့ အခက်အခဲတွေ အတော်ပဲများပါ တယ် … ကိုယ်ဝန်ဆောင်မိခင်ဆိုတာက စားချင်သောက်ချင်တဲ့စိတ်ကလေး ချဉ်ခြင်းတက်တာမျိုးတွေရှိတာပေါ့… ဒါပေမယ့် ချဉ်ခြင်းတက်တာလေးတစ်ခုကို အာရုံဖြေနိုင်ဖို့တောင် ကျွန်မတို့မှာ မတတ်နိုင်ပါဘူး… အလုပ်အကိုင် မရှိ၊ ဝင်ငွေမရှိတော့ အစစအရာရာမှာ အခက်အခဲဖြစ်ပါတယ်… အခုဆိုရင် အစိုးရကူညီထောက်ပံ့မှုတွေလည်း ဘာမှ မရရှိတော့ပါဘူး…အရင်ကဆိုရင် လူကယ်ပြန်က လူတစ်ဦးအတွက် တစ်နေ့တာ ဆန်နှစ်ဗူးထောက်ပံ့ပေး တာရှိပါတယ်။ အခုတော့ မရတာ အတော်ကြာပါပြီ။ ကျွန်မတို့လို ကိုယ်ဝန်ဆောင်တွေအတွက်ကတော့ အခက် အခဲတွေအများကြီးပါပဲ…”
စေတီပြင်တိုက်ပွဲရှောင်စခန်းတွင် ခိုလှုံနေထိုင်ရသူ ကိုယ်ဝန်ဆောင်မိခင် မသိန်းစိုးနွယ် ပြောပြသော စ ကားများပင် ဖြစ်သည်။ မသိန်းစိုးနွယ်သည် အသက် ၃၈ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိအချိန် တွင် ရှစ်လခန့်ရှိပြီဖြစ်သောကိုယ်ဝန်ကိုလွယ်ထားရသူဖြစ်သည်။ မသိန်းစိုးနွယ်တို့မိသားစုသည် ရသေ့တောင် မြို့နယ်၊ ရစိုးချောင်းကျေးရွာတွင် နေထိုင်ကြသူများဖြစ်ပြီး မြစ်ချောင်းတောတောင်ကိုအမှီပြုကာ လုပ်ကိုင်စား သောက်ကြသော အခြေခံလူတန်းစားများဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်ကအချိန်၊ တော်သလင်းလက မ သိန်းစိုးနွယ်တို့နေထိုင်ရာ ရစိုးချောင်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ကျေးရွာအနီးအနားသို့ လက်နက်ကြီး လက်နက်ငယ် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း ဆို သည်။ ထို့အပြင် ကျေးရွာအနီးရှိ မြန်မာ့တပ်မတော်တပ်စခန်းမှလည်း လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ရှိနေသဖြင့် အန္တရာယ်ဖြစ်လာမည်ကိုစိုးရိမ်ကာ ရစိုးချောင်းကျေးရွာလုံးကျွတ်မျှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ ကြောင်း ဆိုသည်။ လက်ရှိအချိန်တွင် မသိန်းစိုးနွယ်၊ လင်ယောကျ်ားဖြစ်သူ ကိုသိန်းဝင်းနှင့် ဆယ့်နှစ်နှစ်အရွယ် သားဖြစ်သူတို့သုံးဦးသည် စေတီပြင် တိုက်ပွဲရှောင်စခန်း၌ နေထိုင်နေခဲ့ရသည်မှာ နှစ်နှစ်ကျော်အချိန်အထိ ကြာ မြင့်လာခဲ့ပြီဖြစ်သည်။
(သုံး)
“ ကျွန်တော့် အမျိုးသမီးက ကိုယ်ဝန်အရင့်အမာနဲ့ဆိုတော့ သူမီးဖွားဖို့အတွက် ငွေကြေးလိုအပ်ပါတယ်။ ရွာမှာနေတုန်းကဆိုရင်တော့ အခက်အခဲမရှိဘူးပေါ့… အခုက တိုက်ပွဲရှောင်စခန်းမှာနေထိုင်နေရတာဆိုတော့ မီး ဖွားစရိတ်ကအစ တွေးပူရပါတယ်… ဒီမှာက အလုပ်အကိုင်မရှိတော့ ဝင်ငွေမရှိပါဘူး…ဒီလိုပဲ စားဝတ်နေရေးအ တွက် ကြုံရာလုပ်ပြီးတော့ ရုန်းကန်နေရပါတယ်… ပုံမှန်အလုပ်အကိုင်နဲ့ ပုံမှန်ဝင်ငွေဆိုတာ မရှိပါဘူး… ကိုယ်ဝန် သည်မိခင်တစ်ယောက်အတွက် လိုအပ်တာလေးတွေ ဘာတစ်ခုမှ ပြည့်စုံမှုမရှိပါဘူး….”
စေတီပြင်တိုက်ပွဲရှောင်စခန်းမှ မသိန်းစိုးနွယ်၏ လင်ယောကျ်ားဖြစ်သူ ကိုသိန်းဝင်း ပြောပြသောစကား များပင် ဖြစ်သည်။ ကိုသိန်းဝင်းသည် ရစိုးချောင်းကျေးရွာတွင် နေထိုင်စဉ်က တပိုင်တနိုင် သစ်လုပ်ငန်းနှင့် ဝါး လုပ်ငန်းကို လုပ်ကိုင်စားသောက်သူဖြစ်ကြောင်း ဆိုသည်။ လက်ရှိအချိန်တွင် မယူမြစ်ကြောင်းထဲ၌ ငါးပိုက်ချ ကာ မိသားစုအတွက် ဝင်ငွေရှာနေသော်လည်း စားဝတ်နေရေးအတွက် လိုက်မမှီလှကြောင်း သူက ဆိုသည်။ တိုက်ပွဲရှောင်စခန်းတွင်နေထိုင်ရသည်မှာ ကဏ္ဍပေါင်းစုံ၌ အခက်အခဲများရှိကြောင်း ကိုသိန်ဝင်းမှ ဆိုသည်။ နေ ထိုင်ရာတွင် ဆယ်ပေပတ်လည်မျှရှိသော ငါးခန်းတွဲအဆောင်များ၌ တစ်ခန်းလျှင် မိသားစုတစ်စု နေထိုင်ကြရ ကြောင်း သူက ဆိုသည်။ ကြမ်းတပြေးတည်းတွင် မိသားစုငါးစုအတူတကွနေထိုင်ရခြင်းဖြစ်သဖြင့် သွားလာလှုပ် ရှားလိုက်တိုင်းတွင် ဝါးကြမ်းခင်းမှ တကျွီကျွီမြည်သံများထွက်နေတတ်ရာ တစ်ဦးကိုတစ်ဦး အားနာစရာကောင်း လှကြောင်းဆိုသည်။ လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သဖြင့် ဇာတိကျေးရွာသို့ပြန်ချင်သော် လည်း မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်ရကြောင်း သူကဆိုသည်။ ထို့အပြင် မြန်မာ့တပ်မတော်တပ်စခန်းများက ကျေးရွာအနီးလမ်းတဖက်ခြမ်းတွင် အထိုင်ချကာတည်ရှိနေသဖြင့် အိမ်မပြန်ရဲကြောင်း ဆိုသည်။ မြန်မာ့တပ်မ တော် တပ်စခန်းများကို ပြန်လည်ရွှေ့ပြောင်းပေးပါက ရွာသို့ပြန်ချင်လှကြောင်း ပြောပြသည်။ သို့သော် ရွာပြန် ပြီးမှ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်ကြောင်း သူက ဆိုသည်။
(လေး)
“ စေတီပြင် တိုက်ပွဲရှောင်စခန်းမှာ အခုလက်ရှိ ကိုယ်ဝန်ဆောင်မိခင် ၆ ယောက်ရှိပါတယ်… ကုန်ခဲ့တဲ့လ က မီးဖွားခဲ့တာ ငါးယောက်လောက်ရှိပါတယ်…ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးကူညီစောင့်ရှောက် ပေးတာမျိုး သီးသန့်အစီအစဉ်တွေတော့ ဒီမှာ မရှိပါဘူး… သူနာပြုဆရာမတွေကလာပြီးတော့ ကိုယ်ဝန်ဆောင် တွေဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းကောက်ပါတယ်.. ပြီးတော့ စေတီပြင်ကျေးရွာမှာ ကိုယ်ဝန်ဆောင်မိခင် ကာကွယ်ဆေးထိုးပေးတာရှိပါတယ်…မွေးတဲ့အခါတော့ ဆေးရုံဆေးခန်းတွေမှာ သွားမွေးကြတာရှိပါတယ်…ဒါပေ မယ့် ဆေးရုံဆေးရုံဆေးခန်းကိုသွားဖို့ အချိန်မမှီလိုက်သူတွေတချို့ကတော့ တိုက်ပွဲရှောင်စခန်းထဲမှာပဲ ဖြစ်သလို မွေးဖွားလိုက်ရတာမျိုး လည်းရှိပါတယ်…. ”
ကိုယ်ဝန်ဆောင်မိခင် မသိန်းစိုးနွယ်ပြောပြသောစကားများပင် ဖြစ်သည်။ မသိန်းစိုးနွယ်က သူသည် လက်ရှိအချိန်တွင် ကိုယ်ဝန်အရင့်အမာကိုလွယ်ထားရသူတစ်ဦးပင်ဖြစ်သော်လည်း ကလေးအနှီးပိုင်းမှစကာ ကိုယ်ဝန်သည်တစ်ယောက်အတွက်လိုအပ်သောအရာများ ဘာတစ်ခုမျှ ပြည့်စုံခြင်းမရှိကြောင်း ဆိုသည်။ လင် ယောက်ျားဖြစ်သူ ကိုသိန်းဝင်း မှာ တိုက်ပွဲရှောင်စခန်းပြင်ပ၌ ဝင်ငွေရှာဖွေနေသည်ဟုဆိုသော်လည်း မိသားစု စားသောက်ရေးကိုပင် ကာမိနိုင်ခြင်းမရှိကြောင်း သူက ဆိုသည်။ မီးဖွားလာချိန်တွင် လက်ဆုပ်လက်ကိုင်ငွေ စငွေနကလေးများမရှိပါက အခက်အခဲဖြစ်မည်ကို စိုးရိမ်ကြောင်း မသိန်းစိုးနွယ်က ရင်ဖွင့်၏။ လက်ရှိအချိန်တွင် တိုက်ပွဲရှောင်များအတွက် ကူညီထောက်ပံ့မှုများလည်းမရှိတော့သဖြင့် စားသောက်ရေးမှာ အလွန်ပင် အခက် အခဲရှိလှကြောင်း သူက ဆိုသည်။ စေတနာရှင်များအနေဖြင့် တိုက်ပွဲရှောင်များကို ပစ်ပယ်မထားကြပဲ ကူညီကြ စေလိုကြောင်း သူက ထပ်ဆင့်အမှာစကားဆိုသည်။
(ငါး)
မသိန်းစိုးနွယ်သည် အိပ်ယာမှ အသာအယာထရင်း ခြေသံဖွဖွကလေးနင်းကာ အခန်းပြင်သို့ထွက်၏။ သို့သော် ဆွေးမြေ့ပေါက်ပြဲနေပြီဖြစ်နေသော ဝါးကြမ်းခင်းများက ခြေတစ်လှမ်းလှမ်းလိုက်တိုင်းတွင် တကျွီကျွီ အသံထွက်နေလေရာ ကြမ်းတပြေးတည်း အတူတူနေထိုင်နေကြသောသူများကို စိတ်ထဲမှ အားနာနေမိ၏။ အ ခန်းအပြင်ဘက်တွင် လဆုပ်တစ်ရက်လရောင်လေးကထိန်ထိန်သာနေသည်။ စေတီပြင်တိုက်ပွဲရှောင်တန်းလျား လေးများကို ဆောင်းနှောင်းနှင်းစက်မြူကလေးများရစ်သိုင်းထားပုံမှာ ဆွတ်ပျံ့လွမ်းမောဖွယ်ပင်ကောင်းလှ၏။
မသိန်းစိုးနွယ်သည် လရောင်မှိန်ပြပြအောက်တွင်မြင်နေရသော စေတီပြင်ကျေးရွာကလေးကိုငေးရင်း ဇာတိကျေးရွာကလေးကို သတိရလွမ်းဆွတ်လာမိသည်။ သည်လို ကိုယ်ဝန်အရင့်အမာနှင့်အချိန်မျိုးတွင် ကိုယ့် အိုးကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာထဲ၌ မိသားစုဆွေမျိုးသားချင်းများနှင့်အတူတကွ နွေးနွေးထွေးထွေးရှိနေချင်မိ၏။ သို့ သော် မပြည့်စုံမှုများလွန်းသော တိုက်ပွဲရှောင်များ၏ဘဝတွင် ဆုတောင်းခြင်းမှတပါး တခြားမရှိပါချေ။ အချိန်က မနက်လင်းအရုဏ် ငါးနာရီရှိခဲ့ပြီဖြစ်၏။ စေတီပြင်ကျေးရွာဘုန်းတော်ကြီးကျောင်းဆီမှ အရုဏ်ဆွမ်းသုံးဆောင် ရန် ကြေးစည်တီးသံများကို ကြားရ၏။ မသိန်းစိုးနွယ်သည် ဆယ်ပေပတ်လည်အခန်းကလေးထဲသို့ ခြေသံဖွဖွ ကလေးနင်းကာပြန်ဝင်ရင်း သားငယ်ကလေးနံဘေးတွင် လှဲအိပ်၏။ ထို့နောက် ဗိုက်ထဲမှ ရုန်းကန်လှုပ်ရှားနေ သော သန္ဓေသားကလေးကို ပွတ်သပ်ကိုင်တွယ်ရင်း တိုက်ပွဲရှောင်ကိုယ်ဝန်သည်မိခင်တစ်ယောက်၏ချို့တဲ့ နုံချာလှသောအဖြစ်ကာတွေးကာ သက်ပြင်းများအကြိမ်ကြိမ်ချမိနေသည်။ သည်လို အနေဆင်းရဲ၊ အစားဆင်းရဲ သော မပြည့်မစုံဘဝမျိုးဖြင့် မည်သည့်အချိန်အထိ နေထိုင်ရဦးမည်ကို မတွေးနိုင်ပါချေ။ မသိန်းစောနွယ်သည် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ သူ့ကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်များ၏ဘဝကိုတွေးကာ ဝမ်းနည်းမျက်ရည်များ ပါးပြင်ပေါ် စီးကျလာမိလေတော့သည်။ ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021