Home ဆောင်းပါး ပြည်သူတွေ နှိပ်စက်ခံ၊ ကြောက်ရွံ့၊ ခိုကိုးရာမဲ့ ပူလောင်နေကြတာကို လက်ပိုက်မကြည့်နေနိုင်တဲ့ Sister

ပြည်သူတွေ နှိပ်စက်ခံ၊ ကြောက်ရွံ့၊ ခိုကိုးရာမဲ့ ပူလောင်နေကြတာကို လက်ပိုက်မကြည့်နေနိုင်တဲ့ Sister

မတ်လ ၈ ရက်က ကချင်ပြည်နယ်ရှိ မြစ်ကြီးနားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွင်းခဲ့ရာ ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများရှိခဲ့ပါသည်။ ထိုသို့ မဖြိုခွင်းခင်က ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးသည်။ ဆန္ဒပြပြည်သူများကို ပစ်ခတ်မှုမပြုလုပ်စေရန်အတွက် Sister Ann Rosa Nu Tawng က မည်သည့်လက်နက်မှမပါဘဲ ရဲတပ်ဖွဲ့ဝင်များကို ဒူးထောက်တောင်းပန်ခဲ့သည့်ပုံရိပ်များကို ဆိုရှယ်မီဒီယာတွင် တွေ့ခဲ့ကြမည်ဖြစ်ပါသည်။

Sister မှာ အသက် ၄၅ နှစ်အရွယ်ရှိကာ အောင်နန်းဘုန်းကြီးကျောင်းမှဖြစ်ပြီး အဆိုပါကျောင်းတွင်လည်း ဆေးခန်းဖွင့်လှစ် ထားသည့်အတွက် ဆန္ဒပြပြည်သူများ ထိခိုက်ဒဏ်ရာရရှိလာပါက ကုသပေးနေသူလည်းဖြစ်ပါသည်။

ထို့ကြောင့် လက်နက်များကိုင်ဆောင်ထားသူများရှေ့တွင် မိမိအသက်ကို ပဓာနမထားဘဲ ပြည်သူဘက်မှရပ်တည်ကာ ကာ ကွယ်ပေးခဲ့သည့် Sister Ann Rosa Nu Tawng ၏ ရဲရင့်သတ္တိများအား ဂုဏ်ပြုသည့်အနေဖြင့် Hi သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး- သေနတ်တွေအရှေ့မှာ မကြောက်မရွံ့ဘဲ ဒူးထောက်တောင်းပန်ဖို့အထိ ဘယ်လိုဆုံးဖြတ်ဖြစ်တာပါလဲ။
“ အဲ့ဒီနေ့က ဆေးခန်းထဲမှာအလုပ်နေရင်း လူနာကြည့်နေတဲ့အချိန်မှာ ကလေးတွေကဆေးခန်းကို ပြေးဝင်လာခဲ့အချိန်မှာ ရဲတွေလိုက်ရိုက် လိုက်ဖမ်းနေပါတယ်ဆိုပြီးတော့အော်ပြီးတော့ ဆေးခန်းမှာပြေးလာတာပေါ့။ ရဲတွေက အနောက်ကနေ ကားနဲ့ရော လမ်းလျှောက်ပြီးရော လိုက်လာကြတာ။ Sisterက ပထမတော့ ရဲတွေလာတဲ့အချိန်မှာ မလုပ်ပါနဲ့ ကလေးတွေ ကို မဖမ်းပါနဲ့မရိုက်ပါနဲ့ ဆိုပြီးတော့ ၊ တောင်းပန်ပါတယ်လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကြရအောင် ကလေးတွေ ကြောက်လန့် ပြီးမှ ပြေးနေကြရပါတယ်။ မရိုက်ပါနဲ့ဆိုပြီး တောင်းပန်တာ။

ကျောင်းအပေါက်ဝမှာ ရပ်နေတဲ့အချိန်မှာ ပုန်းနေတဲ့ကလေးတွေက သူတို့လည်း ပြေးဖို့နေရာတွေမရှိတော့ဘူး။ အကုန် လုံး ရဲတွေကဝိုင်းထားပြီဆိုတော့ Sister ရပ်နေတဲ့ဘေးနားမှာ အကုန်လုံးပြန်စုလာတယ်။ Sister လည်း ဆေးခန်းထဲ ပြန် ဝင်မယ့်အချိန်မှာ ကလေးတွေက အကုန်ကြောက်နေတာ။ ပြန်သွားရင်လည်း ကလေးတွေအကုန်လုံးရိုက်နှက်ဖမ်းဆီး၊ သေနတ်နဲ့ အပစ်ခံရမှာပဲ။ ဒီလိုရပ်နေလို့ မဖြစ်တော့ဘူး။ သတ်ချင်ရင်လည်းသတ်ပါစေတော့ဆိုပြီး အသေခံတော့ မယ်ဆိုပြီး Sisterက ရဲတွေ သေနတ်ဖောက်ပြီး ဝင်လာတဲ့အကွေ့မှာ ဒူးထောက်လိုက်တာ။

အဲဒီမှာ ရဲကလည်းဒူးထောက်တယ်။ ကျွန်မကလည်းဒူးထောက်တယ်။ ရဲတွေကလည်း သူတို့ဝင်မယ်။ ဝင်ပြီးတော့ ကလေး တွေကိုဖြိုခွင်းမယ်။ သူတို့က တာဝန်အရလုပ်ရတာပါဆိုပြီး Sister ကိုလည်း တောင်းပန်ပါတယ်။ ပစ်ချင်တယ်ဆိုလည်း Sister ကိုပဲပစ်ပါ။ ငိုပြီးတော့မှတောင်းပန်တာ။ သူတို့ကိုဦးချပြီး တောင်းပန်ပါတယ်ဆိုပြီး အဲသလိုပြောပြီးမှ လက်ကာပြီး မဝင်ပါနဲ့ ကလေးတွေကိုလည်းပြန်ခိုင်းမယ် လူစုခွဲခိုင်းပါမယ်။ Sisterကိုယ်တိုင်လည်း ဆန္ဒပြတာမဟုတ်ဘူး။ အခုဆန္ဒပြတဲ့ ပြည်သူလူထုကိုလည်း တစ်ယောက်မှ မသိပါဘူးဆိုပြီး အဲ့လိုတောင်းပန်တာပါ။”

မေး – အဲ့ဒီလို ဒူးထောက်တောင်းပန်တဲ့အချိန်မှာ ကိုယ့်အတွက် အန္တရာယ်ဆိုတာ အချိန်မရွေး ဖြစ်လာနိုင်တာဆိုတော့ ကိုယ့် ကိုယ်ကို ဘယ်လောက်ထိအဆုံးမှာ တွက်ထားပြီးတော့ သူတို့ရှေ့မှာ ဒီလိုလုပ်ဖို့ဆုံးဖြတ်မိတာလဲ။

“ ဒူးထောက်တောင်းပန်တဲ့အချိန်မှာ သူတို့ကဆရာတော်နဲ့ Sister တစ်ပါးကိုသွားပြောတယ်။ Sisterကို ပြန်ခေါ်သွားဖို့ ပြောတယ်။ ကျွန်မကတော့ မပြန်နိုင်ဘူးလို့။ မခံစားနိုင်ဘူး။ ပြည်သူလူထုတွေ ဒီလိုသေကြေပြီးတော့ ဒုက္ခရောက်နေတာ မခံ စားနိုင်ဘူး။ မပြန်ဘူး။ ကျောင်းကဒီမှာပဲ ။ ကျွန်မနေတဲ့နေရာ ဒီမှာပဲ၊ ထမပြန်နိုင်ဘူးလို့ ပြန်ပြောလိုက်တာ။

ကျွန်မစိတ်ထဲမှာ ၂၈ ရက်နေ့တည်းက ဆေးခန်းရှေ့မှာ ဒီလိုမျိုး သေနတ်ဖောက် ရိုက်နှက်ဖမ်းဆီးတာ အဲဒါတွေတွေ့ရ တယ်။ အဲ့ဒီနေ့ထဲက ပြည်သူလူထုဒုက္ခရောက်တာမို့ Sisterကို သတ်ချင်သတ်ပါလို့ ပြည်သူလူထုကိုမလုပ်ပါနဲ့လို့ တောင်းပန်ဖြစ်တာပေါ့။ အဲ့ဒီနေ့ကတည်းက သေချင်လည်းသေသွားနိုင်တယ်။ ဒါပေမယ့်ရတယ်။ ပြည်သူလူထုတွေ လွတ်မြောက် ရင်ပြီးရော၊ သူတို့တွေ အသတ်မခံရရင် ပြီးရော Sisterကို ဖမ်းရင်လည်းဘာမှမဖြစ်ဘူး။ Sisterလည်း ပြည်သူထဲက ပြည်သူဆိုတော့ ဒီလောက် ပြည်သူတွေ ဒုက္ခရောက်တာ မခံစားနိုင်ဘူး။

သေတစ်နေ့မွေးတစ်နေ့ပဲ။ မကောင်းတာလုပ်တာမှမဟုတ်တာ၊ တတယ်တော့ သေနတ်ပစ်ဖို့ကရန်သူကိုပစ်ဖို့လေ။ ပြည်သူကရန်သူမဟုတ်ဘူးလေ။ သူတို့က အပြစ်လည်းမရှိကြဘူး။ ငြိမ်ငြိမ်သက်သက်နဲ့ သူတို့လိုချင်တဲ့ဆန္ဒကို တောင်း ဆိုနေတာ သူတို့ပစ်ချင်လည်းပစ်ပါစေပေါ့၊ Sisterလည်း အသေခံဖို့အဆင်သင့်ပါပဲ။ ဖမ်းရင်လည်းမတတ်နိုင်ဘူး။”

မေး – အခုဖြစ်နေတဲ့ နိုင်ငံရေးအခြေနေမှာ sister တို့ ဘာသာအပေါ်မှာ ဘယ်လိုမျိုးရိုက်ခတ်မှုရှိတယ်လို့ ခံစားရသလဲ။
“ ခုလိုမျိုးနိုင်ငံရေးမကောင်းတဲ့အခြေအနေမှာ အကြမ်းဖက်တယ်။ နိုင်ငံမငြိမ်သက်ဘဲ သတ်ဖြတ်မှုတွေက အားလုံးနဲ့ ဆိုင် တယ်လို့ ကျွန်မစိတ်ထဲခံစားရတယ်။ ဘာသာရေးလူမျိုးရေး အဆင့်အတန်းမခွဲခြားဘူး။ ဒီနိုင်ငံမငြိမ်မသက်မှု ဖြစ်ပြီးတော့ ပြည်သူတွေခံစားနေရတာလည်း ထပ်တူထပ်မျှခံစားရပါတယ်။

Sister ဆိုပေမယ့် ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့နဲ့ထပ်တူထပ်မျှဝမ်းနည်းတယ်။ ကြေကွဲတယ်။ သူတို့ကို အသက်ထက်ဆုံးကူညီချင်တယ်။ ကချင်ပြည်နယ်မှာဆိုရင် IDPs camp မှာနေရပ်စွန့်ခွာပြီးမှ အရမ်း ဒုက္ခရောက်နေပြီး နာလန်တောင်မထနိုင်သေးဘူး။ ကိုဗစ်ကြောင့်လို့ လုပ်ငန်းတွေအဆင်မပြေဘူး။ ဒုက္ခရောက်တယ်။ စားဝတ်နေရေးအဆင် မပြေတဲ့အချိန်မှာ နိုင်ငံရေးဒီလိုပြန်ဖြစ်လာတော့ ကျွန်မတို့ဘုန်းကြီးတွေ Sisterတွေ အကုန်လုံး လည်း စိတ်မကောင်းဖြစ် ရပါတယ်။ အတတ်နိုင်ဆုံးအကူအညီလိုတဲ့သူကို ကူညီပြီးတော့မှ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးနေပါတယ်။ ဒါကဘာသာရေး လူမျိုးရေးနဲ့မဆိုင်ဘူး။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ ထိခိုက်ကြေကွဲမှုတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်အားလုံးတတ်နိုင်တဲ့ဘက်က တိုင်တိုင်ပင်ပင်ညှိနှိုင်းပြီးတော့မှ ဒီမိုကရေစီနိုင်ငံဖြစ်လာမယ်ဆိုတာ Sister မျှော်လည်းမျှော်လင့်တယ်။ ဆုလည်းတောင်းပေးပါတယ်။”

မေး – ကိုးကွယ်မှုဘာသာအရ ကြည့်မယ်ဆိုရင်မတူညီတာကို ဘာကြောင့်ဒီလိုအခြေအနေမှာ ဒူးထောက်တောင်းပန်တဲ့အထိ လုပ်ခဲ့တာပါလဲ။
“ ကျွန်မတို့ ကက်သလစ်ဘာသာတွေက ဘာသာမရွေး၊ လူမျိုးမရွေး တစ်ကမ္ဘာလုံးကို မိသားစုတစ်ခုလိုပဲပေါ့။ မြန်မာ ပြည်သူပြည်သားတွေကိုလည်း မိသားစုတစ်ခုလိုပဲ ကက်သလစ်ဘာသာကခွဲခြားတာမရှိဘူး။ အားလုံးဟာညီအကို မောင်နှ မတွေပဲ ။ ဘာသာလည်းမခွဲခြားဘူး။ အားလုံးဘုရားသခင်ဖန်ဆင်းထားတဲ့လူသားတွေပါပဲ။ အသက်တစ်ချောင်းဟာ ဘယ် လောက်ထိတန်ဖိုးရှိလဲ ။ လွယ်လွယ်နဲ့ပဲပစ်သတ်တယ် ရိုက်သတ်တယ်။ နှိပ်စက်တယ်၊ အဲလိုမျိုးတွေ ဖြစ်ပြီးမှ သေသွား ရတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။

ကွယ်လွန်သွားတဲ့ မိခင်တွေ၊ ညီအကိုမောင်နှမတွေ အားလုံးနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းပါတယ်။ အရမ်းလည်း ကိုယ် ချင်းစာပါတယ်။ ကွယ်လွန်သွားတဲ့ ပြည်သူပြည်သားတွေလည်း ကောင်းကင်နိုင်ငံမှာ ရောက်ရှိကြပါစေလို့ မနက်မိုးလင်းပြီ ဆိုတာနဲ့ မြန်မာပြည်သူ၊ ပြည်သားများ အားလုံးဘုရားသခင်ကောင်းချီးပေးပါစေ၊ ဘေးကင်းပါစေ၊ လုံလုံခြုံခြုံနဲ့ ကျန်းမာ ချမ်းသာပါစေဆိုတာကို အမြဲတမ်းဆုတောင်းပေးတယ်။”

မေး – နိုင်ငံရေးနဲ့ဘာသာရေး ဘာမှမဆိုင်ဘူးဆိုပြီး တစ်ချို့ဝေဖန်နေတာ ရှိတယ်။ ဒီအပေါ်မှာရော Sisterအနေနဲ့ ဘာများပြောချင် ပါသလဲ။
“ သူတို့ရဲ့အတွေးနဲ့ Sister တို့ရဲ့အတွေးကမတူဘူးပေါ့နော်။ နိုင်ငံရေးဆိုပေမယ့် Sisterတို့က ဒီနိုင်ငံမှာနေတာလေ။ ပြည် သူတွေဒုက္ခရောက်တာကို ဘယ်လိုလက်ပိုက်ကြည့်လို့ရမလဲ။ ပြည်သူတွေ ဒီလောက်နှိပ်စက်ခံနေရပြီးတော့ ကြောက် ကြောက်ရွံရွံနဲ့ ခိုကိုးရာမဲ့နေသလိုမျိုးပူလောင်နေကြတာကို Sisterတို့ ဘုန်းကြီးတို့က ဘယ်လိုလက်ပိုက်ကြည့်နေနိုင်မှာလဲ။

ဒါကြောင့် တတ်နိုင်သလောက်ဆုတောင်းပေးတဲ့အပြင် ပြည်သူတွေနဲ့လက်တွဲပြီးတော့မှ ကြိုးစားပါဝင်တာဖြစ်ပါတယ်။ ပြည်သူတွေငိုရင် ကျွန်မတို့ Sister တွေလည်းငိုရပါတယ်။ ပြည်သူတွေဒုက္ခရောက်ပြီး ဝမ်းနည်းပူဆွေးရရင်လည်း Sister တို့လည်း ဝမ်းနည်းပူဆွေးရပါတယ်။”

မေး – Sister အနေနဲ့ ထပ်ဖြည့်ပြီးပြောချင်တာများရှိရင်လည်း ပြောပေးပါဦး ။
ပြည်သူပြည်သားတွေကို ဆက်ပြီးတော့ ကြမ်းကြမ်းတမ်တမ်းမလုပ်ပါနဲ့လို့။ တာဝန်ရှိတဲ့လူတွေကလည်း တိုင်းရင်းသား အချင်းချင်း စည်းစည်းလုံးလုံးနဲ့လက်တွဲပြီးတော့မှ ညှိနှိုင်းပြီးလုပ်စေချင်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီ နိုင်ငံဆိုတာဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုလွှတ်ပေးမှ ညှိနှိုင်းလို့ရမှာဖြစ်တဲ့ အတွက် လွှတ်ပေးပြီးတော့ အချင်းချင်းညှိနှိုင်းပြီး အကြံဉာဏ်တွေယူကြမယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတဲ့ အခြေအနေ တစ်ခု ဖြစ်လာမယ်ဆိုတာယုံကြည်ပါတယ်။ ပြည်သူတွေကိုလည်း နှိပ်စက်တာ၊ ညှင်းဆဲတာ၊ ပစ်ခတ်တာ၊ ဖမ်းဆီးတာ မလုပ်တော့ဘဲ တိုင်းရင်းသားအချင်းချင်းညှိနှိုင်းလုပ်ကြပါလို့ ပြောချင်ပါတယ်။

သူတို့တွေဒီလိုနှိပ်စက်သတ်ဖြတ်နေတာကို လူငယ်တွေကအရမ်းသည်းခံတယ်။ ပြန်မလုပ်ဘဲနေနိုင်တဲ့ စိတ်ဓာတ်ကိုလည်း Sisterကချီးမွမ်းပါတယ်။ လူသားတွေဆိုတာ ကိုယ့်အသားကိုထိရင် ပြန်လုပ်ချင်ကြတာပဲလေ။ ဒေါသထွက်နေကြတာပဲ လေ။ သူတို့တွေ တည်တည်ငြိမ်ငြိမ်နဲ့ သူတို့လိုချင်တာကို ဆန္ဒဖော်ထုတ်နေတာမြင်တော့ တကယ်လည်း အံ့သြရပါတယ်။ အနာဂတ်ရဲ့ ကြယ်ပွင့်တွေ၊ သူရဲကောင်းတွေဆိုတာ ချီးကျူးပါတယ်လို့ ပြောချင်ပါတယ်။”

Related Articles