Home ဆောင်းပါး နွေဦးနှင်းဆီ

နွေဦးနှင်းဆီ

နွေဦးငြိမ်း။ ။
ဒီနှစ်နွေဦးဟာ အာဏာရှုးကြတဲ့သူတွေကြောင့် အကျည်းတန်ရုပ်ဆိုးခဲ့ရတယ်။ ကိုဗစ်ဒဏ်ကြောင့် အကျဉ်းသားတွေလို နေ ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ခရီးတွေထွက်ကြဖို့ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နွေဦးခရီးဟာ တော်လှန်ရေးခရီးကြမ်းကြီးဖြစ်ခဲ့ရတယ်။

ဒီမိုကရေစီကို ကယ်တင်ဖို့ နွေဦးတော်လှန်ရေးသားသမီးတွေဟာ စစ်အာဏာရှင်ကို ညီညီညွှတ်ညွှတ်ကြီး ဆန့်ကျင်ခဲ့ကြ တယ်။ ထိပ်တိုက်တိုးပြီး အသက်ပေးခဲ့ကြတယ်။ အဖမ်းအချုပ်ခံပြီး ရင်ဆိုင်ခဲ့ကြတယ်။

ဒီလိုရင်ဆိုင်ဆန့်ကျင်ခဲ့ရာမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့က နွေဦးတော်လှန်ရေးသမီးပျို မမြဝင်းတစ်ယောက်လည်း အပါ အဝင်ပါ။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က တိုင်းပြည်အာဏာကို လုယူသိမ်းပိုက်လိုက်ပြီလို့ ကြားလိုက်ရတဲ့အခါမှာ သူ့ရင် ဘတ်ထဲမှာ အလုံးကြီးတစ်ခုဖြစ်လာသလို ခံစားလိုက်ရတယ်လို့ သူက ဆိုတယ်။

အရပ်သားအစိုးရတက်လာတဲ့နောက်ပိုင်း နိုင်ငံတိုးတက်တဲ့ပြုပြင်ပြောင်းလဲရေးတွေကို မြင်လာရတယ်။ သူ့အနေနဲ့ မြန်မာ နိုင်ငံတိုးတက်လာတာကို မြင်ချင်တယ်။ လက်ရှိ အခြေအနေတိုင်းပဲ ရှေ့ဆက်သွားစေချင်ခဲ့တာပါ။ တခြားနိုင်ငံတွေနဲ့ ယှဉ် လိုက်ရင် အောက်ကျနောက်ကျဖြစ်နေတာမျိုးကို မမြဝင်းတစ်ယောက် မမြင်ချင်တော့ပါဘူး။ အဖိုး၊ အဖွားတွေခေတ်တုန်း ကလည်း ဘဝတွေကြမ်းတမ်းခဲ့တယ်၊ အဖေ၊ အမေခေတ်တုန်းကလည်း ကြောက်စိတ်၊ စိုးရိမ်စိတ်တွေနဲ့ ကြီးပြင်းလာ ခဲ့ရတယ်။ အဲဒီအခြေအနေကြီးကို သူပြန်မသွားချင်ဘူး။

“ အကုန်လုံးစုပုံလိုက်တော့ ကျွန်မဟာ သေတစ်နေ့ မွေးတစ်နေ့ပဲ။ ဘာမှ မစဉ်းစားတော့ဘူး။ ကိုယ့်ဘဝမှာ ဘာမှမလုပ် ပေးလိုက်ရဘဲ သေသွားမှာကိုသာအရမ်းကြောက်တယ်။ နိုင်ငံရဲ့အပေါ်မှာတစ်ခုခုအရမ်းကိုလုပ်ပေးချင်တာ” လို့ မမြဝင်းက ဆိုပါတယ်။

ဒီလိုနဲ့ မမြဝင်းဟာ သံတွဲမြို့ရဲ့ နွေဦးတော်လှန်ရေးသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ပါတော့တယ်။ ဖေဖော်ဝါရီ ၈ ရက်ဟာ သံတွဲမြို့ရဲ့ နွေဦးတော်လှန်းရေး ခရီးအစပါ။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ ထောင်ချီတဲ့ လူထုဟာ မြို့ပေါ်လမ်းမ တွေမှာ အပြည့်ဖြစ်သွားတယ်။ အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ မြို့လုံးညံသွားတယ်။

တော်လှန်ရေးသုံးရက်မြောက်နေ့မှာတော့ မမြဝင်းတစ်ယောက်လည်း ကျရာတာဝန်ကို ထမ်းဆောင်ဖို့ နွေဦးတော်လှန်ရေး ရဲဘော်တွေနဲ့အတူ လက်တွဲခဲ့တယ်။ သံတွဲမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုစစ် ကြောင်းကြီးကို အကြိမ်ကြိမ်တားဆီးခဲ့ကြတယ်၊ ရဲကားနဲ့ဝင်တိုးပြီး ဖြိုခွဲခဲ့ကြတယ်၊ ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်ကြတယ်။

ဒါပေမယ့် သံတွဲမြို့ရဲ့ နွေဦးတော်လှန်ရေးသမားတွေဟာ တော်လှန်ရေးခရီးကို ပုံစံမျိုးစုံနဲ့ ဆက်လက်ချီတက်ခဲ့ကြတယ်။ ဖေဖော်ဝါရီ ၁၆ရက်မှာတော့ လုံခြုံရေးအတားအဆီးတွေကြောင့် သံတွဲသပိတ်စစ်ကြောင်းဟာ ထိုင်သပိတ်လုပ်ပြီး ငြိမ်းချမ်း စွာ ဆန္ဒပြခဲ့ကြတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြစစ်ကြောင်းရဲ့ထိပ်ဆုံးမှာ ထိုင်နေတဲ့ ဆန္ဒပြသူသုံးယောက်ကို အတင်း အဓမ္မဝင် ဖမ်းခဲ့ကြပြီး အဲဒီဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ မမြဝင်းတစ်ယောက်လည်း ပါသွားခဲ့ပါတယ်။

သူ့ကို အရပ်ဝတ်ဝတ်ထားတဲ့ယောက်ျား ခြောက်ယောက်လောက်က အတင်းအဓမ္မဆွဲခေါ်သွားကြတာပါ။ ဖမ်းထားတဲ့ လက်က လွတ်ဖို့ ကြိုးစားရုန်းကန်ခဲ့ပေမယ့် အမျိုးသားတစ်ယောက်က သူ့မျက်နှာကို လက်နဲ့ဖြတ်ရိုက်လိုက်တာကြောင့် သူဟာဆက်ပြီး မရုန်းကန်တော့ပါဘူး။ အခြေအနေဟာ ပိုဆိုးလာနိုင်တဲ့အတွက်ကြောင့် သူတို့ခေါ်တဲ့ကားပေါ်ကိုသာ တက်လိုက်ပါတော့တယ်။

မမြဝင်းဟာ အရပ်အမောင်း မနိမ့်၊ မမြင့် ခန္ဓာကိုယ်ပါးပါးလျလျနဲ့ အသားလတ်ပါတယ်။ ပုံမှန်အချိန် သူ့မျက်နှာပေါ်မှာ ခက်ထန်မှု၊ နွမ်းလျမှုတွေရောထွေးနေပေမယ့် ပြုံးရယ်လိုက်ရင်တော့ ဖြူဖွေးညီညာတဲ့သွားတွေနဲ့အတူ ချောမောတဲ့မျက်နှာ ကို ပိုင်ဆိုင်ထားသူပါ။ သူ့ပုံစံဟာ သွက်သွက်လက်လက်ရှိလိမ့်မယ်လို့ထင်ရပေမယ့် သူရဲ့လှုပ်ရှားပုံ၊ စကားပြောဆိုပုံနဲ့ သူ့အသံဟာ အခုမှဝိပသနာရှုပြီးထလာတဲ့ လူတစ်ယောက် စကားပြောသလိုမျိုး ဖြည်းဖြည်းအေးအေးပါ။

မမြဝင်းဟာ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ ဂုပ္ပီထောင့်ရွာဇာတိပါ။ သူ့အသက် ၁၄နှစ်အရွယ်မှာ သံတွဲမြို့၊ ဂျိတ္တော ရပ်ကွက်ကို မိဘတွေနဲ့အတူ ပြောင်းရွေ့လာခဲ့တာပါ။

လယ်ယာလုပ်ငန်းသာရှိတဲ့ သူတို့ရွာလေးမှာ အလုပ်အကိုင်ရှာပါးတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါတဲ့ ငပလီ မြို့ က ဂျိတ္တောရပ်ကွက်ကို ပြောင်းရွေ့လာခဲ့ကြတာပါ။ အဖေဖြစ်သူက မမြဝင်းငါးနှစ်အရွယ်ကတည်းက နောက်အိမ် ထောင်ပြုသွားတဲ့အတွက် ငပလီမြို့ကို သူတို့ပြောင်းရွှေ့လာတဲ့အခါမှာ သူနဲ့အတူ အမေရယ်၊ အစ်ကိုဖြစ်သူရယ်ပဲ ပြောင်း ရွှေ့လာခဲ့တာပါ။

ဂျီတ္တောကိုရောက်တော့ အမေက ငါးခွဲ၊ ငါးခြောက်လှန်းတဲ့ အလုပ်ကို လုပ်တယ်။ သူကိုယ်တိုင်လည်း ငါးလှန်းတဲ့ အလုပ်မှာ ဝင်လုပ်ခဲ့တယ်။ အစ်ကိုဖြစ်သူကတော့ ငါးဖမ်းလှေမှာ အလုပ်လုပ်ခဲ့ပါတယ်။

မမြဝင်းဟာ အစိုးရကျောင်းမှာ ပထမတန်းအောင်တဲ့အထိသာ တက်ခဲ့ရတာပါ။

“ဆန်နှစ်ဘူးချက်တတ်တော့ သူ့ကိုကျောင်းထုတ်လိုက်တယ်” လို့ မမြဝင်းအမေ ဒေါ်သန်းစိန်က ဆိုပါတယ်။

မိသားစုစားဝတ်နေရေးအတွက် အိမ်ရှိလူအားလုံးအလုပ်ထွက်လုပ်ရတဲ့အခါ မမြဝင်းကို အိမ်မှာထမင်းချက်ဖို့ ကျောင်းထုတ် လိုက်ရပါတယ်လို့ သူကဆိုပါတယ်။ အမေဖြစ်သူ ပင်ပင်ပန်းပန်းရှာဖွေးကျွေးနေရတာကို ကိုယ်တိုင်မြင်တွေ့နေရတာ ကြောင့် အမေကိုကူညီလုပ်ကိုင်ပေးဖို့ မမြဝင်းကိုယ်တိုင်ကလည်း လိုလိုလားလားပဲ ကျောင်းထွက်ခဲ့တယ်လို့ မမြဝင်းက ဆိုပါတယ်။

ဒါကြောင့် ငပလီကိုရောက်ပြီး အသက် ၁၇ နှစ် ဝန်းကျင်အထိ မမြဝင်းတစ်ယောက် စာလည်းမရေးတတ်သလို၊ ဖတ်လည်း မဖတ်တတ်ပါဘူး။ ဒါပေမဲ့ အစဉ်အလာတွေနဲ့ ဆန့်ကျင်တတ်တဲ့ သူ့ရဲ့စိတ်ကို မမြဝင်းက အခုလိုရှင်းပြပါတယ်။

“ ကျွန်မတို့လူ့အဖွဲ့အစည်းက ရုပ်ချောချောလှလှလေးနဲ့ဆိုရင်၊ အိမ်မှာ အိမ်မှုကိစ္စလုပ်နိုင်တယ်ဆိုရင် ပြီးပြီလို့ ယူဆကြ တာများတယ်။ အချိန်တန်ရင် ယောက်ျားတစ်ယောက်က လာတောင်းလိမ့်မယ်။ အချိန်တန်ရင် အဲဒီယောက်ျားက လုပ်ကျွေးလိမ့်မယ်။ တကယ်တော့ ကိုယ်က အဲဒီလိုလည်း မဟုတ်ဘူး” လို့ သူကဆိုပါတယ်။

ငယ်ငယ်ကတည်းက ဘဝကိုပြောင်းလဲပစ်ချင်တဲ့စိတ်၊ အလုပ်လုပ်ရင်လည်း သူများထက်သာချင်တဲ့စိတ်တွေက သူ့မှာရှိ နေပါတယ်။ ဒါကြောင့် သူဟာ သူ့ပတ်ဝန်းကျင် အလုပ်ခွင်ထဲက မိန်းကလေးတွေနဲ့ အံဝင်ခွင်ကျမဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။

“ ကိုယ်လည်း မိရိုးဖလာဘောင်ထဲကပဲ ကြီးပြင်းလာတာပဲ။ လက်ခံတယ်။ ဒါပေမဲ့ ထိုးဖောက်ချင်တယ်” လို့ သူက ဆိုပါ တယ်။

ဒါကြောင့်လည်း သူမပျော်ပိုက်တဲ့ ငါးလှန်းတဲ့အလုပ်ကထွက်ပြီး ငပလီကဟိုတယ်တစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ ဟိုတယ် အလုပ်ကိုပြောင်းပြီးတဲ့နောက်မှာတော့ သူ့ဘဝအတွက် အပြောင်းအလဲတချို့ဖြစ်လာခဲ့ပါတယ်။

ဟိုတယ်ကဝန်ထမ်းတွေကို အင်္ဂလိပ်စာသင်ပေးတဲ့အခါ မမြဝင်းလည်းတက်ခဲ့ရပါတယ်။ ဟိုတယ်က အသုံးဆောင်ပစ္စည်း တွေကို အင်္ဂလိပ်လိုကျက်မှတ်ရတယ်။ အဲဒီအခါ သူ့အနေနဲ့ အင်္ဂလိပ်စာအပြင် မြန်မာစာအရေး၊အဖတ်ကိုပါ မဖြစ်မနေလေ့ လာရတဲ့ အခြေအနေကို ရောက်လာပါတယ်။

“ ဌာနမှာရှိတဲ့ ပစ္စည်းတွေကို အကုန်လုံးမှတ်မိအောင် သင်ရတယ်။ ဥပမာ-ဖန်ခွက်ဆိုတာကို မခေါ်တတ်ဘူး။ ကိုယ့်အိမ် မှာက ဖလားလို့ပဲခေါ်တာ။ ဖန်ခွက်မှာတောင် အမျိုးအစားတွေက ရှိသေးတယ်။ အဲဒါတွေကို လိုက်မှတ်ရတဲ့အခါ ဗမာစာကို လည်း ရေးဖို့သင်ရတယ်” လို့ မမြဝင်းက ဆိုပါတယ်။

ပြီးတော့ သူ့အတွက် ကံကောင်းသွားတဲ့အချက်က စာဖတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့ခဲ့ရတာလို့ သူက ဆိုပါတယ်။ သူ့ရဲ့မိတ်ဆွေက သူဖတ်လာတဲ့စာအုပ်အကြောင်းတွေကို ပြောပြတဲ့အခါ မမြဝင်းကိုယ်တိုင်လည်း ပြောပြချင် တဲ့စိတ်ဖြစ်မိတယ်။ သူ့ဆီက ခွန်အားတွေလည်း ရခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ မမြဝင်းဟာ ဂျိတ္တောလမ်းဆုံက ‘ပိုင်’ ဆိုတဲ့ စာအုပ်ဆိုင်ကို ရောက်ခဲ့ပါတယ်။

အဲဒီစာအုပ်ဆိုင်လေးဟာ သူ့အတွက် စာဖတ်တတ်အောင် လမ်းညွှန်ပေးခဲ့တဲ့ ဆိုင်လေးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါ တယ်။ စာစဖတ်တုန်းက ကြုံရတဲ့အတွေ့အကြုံကို သူက အခုလိုပြောပြပါတယ်။

“ (စာ)ဖတ်တာလည်း စာလုံးကို မနည်းပေါင်းရတယ်။ သူများတွေက ဝတ္ထုကို သုံးနာရီလောက်ဖတ်ရင် ကျွန်မက နှစ်ရက် လောက်ဖတ်ရတယ်။ စာလုံးပေါင်းဖတ်ရလို့”

သူ့အတွက် အခက်အခဲဆုံးကတော့ စာရေးတာပါ။ စာဖတ်တဲ့အခါ စာလုံးတွေကို ပေါင်းဖတ်သွားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ရေးဖို့ကြုံလာတဲ့အခါမှာတော့ စာလုံးတွေကို ဘယ်လိုရေးရမလဲဆိုတာ သူမမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

“ အလုပ်ထဲမှာ Handover လုပ်တဲ့အခါ ရေးရတော့မယ်ဖြစ်လာတာ။ အဲဒီမှာအခက်ကြုံရတယ်။ စာမရေးတတ်ဘူး။ စာတစ်ခုကို ဖတ်လိုက်ပြီးရင် မေ့မေ့ပျောက်ပျောက်ထားလိုက်တယ်။ အဓိပ္ပါယ်ကိုသိတယ်။ ဒါပေမယ့် ဘယ်စာလုံးကို ဘယ်လိုရေးတယ်ဆိုတာ မသိဘူး” လို့ သူက ပြောပါတယ်။

ဒါကြောင့် သူမသိတဲ့စာလုံးတွေကို ရေးတက်ဖို့ ဗလာစာအုပ်ထဲမှာ ချရေးထားရပါတယ်။ မဖတ်တတ်တဲ့ စာလုံးကိုတွေ့တဲ့ အခါမှာလည်း အမှတ်အသားလုပ်ပြီး မှတ်ထားရတယ်။

“ အဲဒီစာလုံးပျောက်သွားမှာဆိုးလို့ အဲဒီစာအုပ်တွေဆို မလွှတ်ပစ်ရဲဘူး။ သိမ်းထားရတယ်။ မှတ်ဉာဏ်တော့ ကောင်းတယ်။ ဘယ်စာလုံးလိုချင်လဲ ဘယ်စာအုပ်မှာသွားရှာရတယ်။ မနည်းရှာရတယ်။ အလုပ်ရှုပ်တဲ့အခါကျတော့ နောက်ပိုင်း ခေါင်းထဲ ကို ရောက်အောင်အထိ တဖြည်းဖြည်းမှတ်ယူရတယ်”လို့ စာရေးတတ်ဖို့ကို လုပ်ခဲ့ရတာကို မမြဝင်းက ရှင်းပြပါတယ်။

ဟိုတယ်မှာလုပ်တဲ့အချိန်တုန်းက ဟိုတယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေလောက်ပဲ သူရေးတတ်ခဲ့ပါတယ်။ ဝါကျရှည် စာကြောင်းတွေကိုတော့ မရေးတတ်ခဲ့ပါဘူး။ သူ့အသက် ၂၀ ဝန်းကျင်လောက်မှာ စာရေး၊ စာဖတ်တွေကို စလုပ်ခဲ့တာပါ။

ငပလီကဟိုတယ်မှာ ငါးနှစ်လောက် အလုပ်လုပ်ပြီး ရန်ကုန်ကို ပြောင်းခဲ့တဲ့နောက်မှာတော့ သူဟာ အရင်ကထက် စာတွေ ပိုဖတ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်ဟာ သူ့ကို ရသစာပေနဲ့သတင်းစာတွေကို ပိုဖတ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်ကိုသွားကြည့်ခဲ့ကြတယ်။ သူကတော့ ဟိုတယ်မှာ အလုပ်ဝင်နေရပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသား တစ်ယောက်က မြန်မာနိုင်ငံရေးအကြောင်းနဲ့ပတ်သက်လို့ သူ့အမြင်ကို မေးတယ်။

“ နင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသဘောတရားကို ဘယ်လိုထင်လဲဆိုပြီးမေးတယ်။ ကိုယ်ဘာမှမပြောနိုင်ဘူး။ နိုင်ငံသား တစ်ယောက်ဖြစ်ပြီး ကိုယ့်နိုင်ငံအကြောင်း မသိတာကောင်းကောင်းရှက်သွားတယ်။ တော်တော်လေးကို ရှက်သွားတဲ့အခါ ကျတော့ အဲဒီမှာစာစဖတ်ဖြစ်တာ” လို့ မမြဝင်းက ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ သတင်းစာတွေကိုလည်း ပုံမှန်ဖတ်ဖြစ်သလို နာမည်ကျော်ကြားတဲ့ ဂျာမနီ အဓိပတိ အင်ဂျယ်လာ မာကယ်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ အကျဉ်းထောင်တွေက ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား တွေအကြောင်း ဖတ်ဖြစ်ခဲ့တယ်။ ဆရာတော်ဦးဇောတိကရဲ့ စိတ်ပိုင်းဆိုင်ရာပြုပြင်ရေး စာအုပ်တွေကိုလည်း အများကြီး ဖတ်ဖြစ်ခဲ့ပါတယ်။

“ တစ်ယောက်တည်းနေရတဲ့အခါ စိတ်ဓာတ်မပျော့ညံ့အောင် စိတ်အားတက်ကြွတာတွေဖတ်တယ်။ သူက စာမတတ်ဘူး ဆိုတဲ့ အမြင်မျိုးတွေရှိကြတော့ ပိုဖတ်ဖြစ်တယ်” လို့ သူက ပြောပါတယ်။

သူအကြိုက်ဆုံးစာရေးဆရာတွေကတော့ ဆရာမြသန်းတင့်နဲ့ ဆရာမဂျူးပါ။ ဆရာမြသန်းတင့်ရဲ့ ‘လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ’ စာအုပ်ဟာသူ့အတွက် အကြိုက်ဆုံးတစ်ခုဖြစ်သလို ဆရာမဂျူးရဲ့ ‘သူမင်းကို ဘယ်တော့မှ’ ဆိုတဲ့ စာအုပ်ဟာလည်း သူ့ကို အများကြီးလွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။ မကြိုက်တာတွေကိုလည်း သူက အခုလိုပြောပြပါတယ်။

“ ဗျူးတို့ဆိုမဖတ်ဖြစ်တော့ဘူး။ တာရာပွကြီးဆိုရင် မျက်မှန်ကြီးနဲ့ရေငုပ်တယ်ဆိုတာမှာ မဖြစ်နိုင်ဘူးဆိုပြီး မဖတ်ဖြစ်တော့ ဘူး။ အချစ်မဖတ်ဘူး။ မြန်မာဇာတ်လမ်းကား မကြည့်ဘူး ”

၂၀၁၀ နိုဝင်ဘာက အဖြစ်အပျက်ဟာ သူ့ကိုအတွေးအခေါ်ကိုလည်း ပြောင်းလဲစေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ နိုင်ငံရေးလည်း ကိုယ်နဲ့သက်ဆိုင်ပါလားဆိုတာ ၂၀၁၀ မှာ သိလိုက်တာ။ နိုင်ငံခြားသားတွေကို ပြောနိုင်အောင် ကိုယ် စာဖတ်မှရတော့မယ်ဆိုတာ သိလိုက်တယ်။ ဘာစားမလဲ၊ ဘာသောက်မလဲဆိုတာနဲ့ မရတော့ဘူး”

အဲဒီလိုအသိဝင်သွားတဲ့အချိန်မှာ ငပလီဟိုတယ်မှာ အလုပ်လုပ်နေတုန်းက မကြိုးစားခဲ့တဲ့ အချိန်တွေကို ပြန်နှမြော မိခဲ့တယ်။ ကြိုးစားချင်တဲ့စိတ်တစ်စက်မှ မရှိတဲ့နှစ်တွေလို့ သူက မှတ်ချက်ပြုပါတယ်။

မမြဝင်းဟာ ၂၀၁၂မှာ ဒူဘိုင်းမှာလည်း အလုပ်သွားလုပ်ခဲ့ပါသေးတယ်။ ၂၀၁၄မှာ မြန်မာပြည်ပြန်ရောက်လာပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူဟာ British Council မှာ အင်္ဂလိပ်စာကို ထပ်လေ့လာခဲ့တယ်။

ဒါပေမယ့် အတန်းပညာ နှစ်တန်းအထိသာရှိတဲ့အတွက် တခြားသော ပညာရပ်တွေကို လေ့လာရတဲ့အခါမှာ ကျောင်းပညာ ရေးနဲ့ကန့်သတ်ထားတာကြောင့် လေ့လာချင်ပေမယ့် မလေ့လာခဲ့ရတဲ့ ပညာရပ်တွေလည်းရှိတယ်လို့ သူကဆိုပါတယ်။

သူ့အသက် ၃၀ ကျော်လာတဲ့အခါ အတတ်ပညာတစ်ခုနဲ့ ကိုယ်ပိုင်အလုပ်တစ်ခုရှိသင့်တယ်လို့ သူစဉ်းစားမိလာတယ်။ ဒါကြောင့် သူဘာစိတ်ဝင်စားလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့ ဒီဇိုင်နာအလုပ်ကိုလုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းက အစိုးရက ဖွင့်လှစ်ထားတဲ့ စက်ချုပ်သင်တန်းတက်ခဲ့ပါတယ်။ အင်္ကျ ီချုပ်နည်း ဘာသာရပ်အစုံကို လေ့လာခဲ့တယ်။

စက်ချုပ်သင်တန်းတက်ပြီးတဲ့နောက်မှာ မန္တလေးက ယက္ကန်းယက်နည်းသင်တန်းကို ထပ်မံတက်ရောက်ခဲ့တယ်။ သင် တန်းမပြီးဆုံးခင်မှာ ကိုဗစ်ရောဂါတွေဖြစ်တော့ ငပလီကိုပြန်လာပြီး စက်ချုပ်ဆိုင်လေး တစ်ဆိုင်ဖွင့်လိုက်ပါတယ်။ အဲဒီဆိုင် လေးဟာ မမြဝင်းရဲ့ စက်ချုပ်ဆိုင်လည်းဖြစ်သလို သူနေထိုင်ရာအိမ်လေးလည်းဖြစ်ပါတယ်။ သူရဲ့အမေနဲ့အစ်ကိုတို့ လင်မ ယား မိသားစုရှိပေမယ့် သူဟာတစ်ယောက်တည်းအိမ်ခွဲနေတယ်။

သူ့ရဲ့လက်ရာကောင်းမွန်တာကြောင့် အထည်အပ်တဲ့သူတွေနဲ့ ပုံမှန်အလုပ်လုပ်နေရတယ်လို့ မမြဝင်းစက်ချုပ်ဆိုင်နဲ့ မျက် ညနှာချင်းဆိုင်မှာနေတဲ့ မအိအိခိုင်ကဆိုပါတယ်။ မအိအိခိုင်ဟာ မမြဝင်းဆိုင်မှာ အထည်တွေပုံမှန်အပ်ဖြစ်ခဲ့ရာက မမြဝင်း နဲ့ ရင်းနှီးခဲ့သူပါ။

သံတွဲမြို့မှာ ဆန္ဒပြတဲ့ရက်တွေကမနက်ပိုင်းမှာ မမြဝင်းရဲ့ စက်ချုပ်ဆိုင်လေးဖွင့်ထားပေမယ့် ၉နာရီလောက်ဆိုရင် ဆိုင် ပိတ်ပြီး ထွက်သွားလေ့ရှိပါတယ်။ နေ့လယ်ဆိုင်ကိုပြန်ရောက်ပြီဆိုရင် မမြဝင်းဟာ သူ့အတွေ့အကြုံတွေကို မအိအိခိုင်ကို ပြောပြလေ့ရှိတယ်။

မမြဝင်းအဖမ်းခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိပေမယ့် သူ့အတွက်ဂုဏ်ယူတယ်လို့ မအိအိခိုင်ကဆိုပါတယ်။ ကိုယ်မလုပ် နိုင်တဲ့အလုပ်ကို သူလုပ်သွားတဲ့အတွက် သူ့လုပ်ရပ်ကိုလည်း လေးစားမိတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း မမြဝင်း ထောင်ကျသွားတဲ့အခါမှာ ကျန်ခဲ့တဲ့အမေအတွက် သူတို့ကပဲကြည့်ရှုစောင့်ရှောက်အားပေးခဲ့ကြပါတယ်။

မမြဝင်းဟာ ပန်းစိုက်တာလည်း ဝါသနာပါသူတစ်ယောက်ပါ။ သူဆိုင်နားမှာ နှင်းဆီပန်းပင်တွေကို စိုက်ပျိုးထားပါတယ်။ သူအဖမ်းခံနေရတဲ့အချိန်မှာ သူ့ပန်းပင်လေးတွေကို အိမ်မှာယူပြီး စောင့်ရှောက်ပေးခဲ့ရတယ်လို့ မအိအိခိုင်ကဆိုပါတယ်။

မမြဝင်းဘဝမှာ သူအလေးစားရဆုံးသူဟာ သူ့အမေပါ။ အဓိက သူလေးစားမိတဲ့အချက်က သူ့အသက် ၁၈ နှစ်မပြည့်သေး တဲ့အချိန်ထိ သူ့အမေဟာ အနီးကပ်တိုက်ရိုက်ချုပ်ခြယ်ခဲ့ပါတယ်။

ဒါပေမယ့် သူအသက် ၁၈နှစ်ပြည့်အတဲ့အချိန်မှာ “နင်ဘဝဟာနေရာတစ်ခုမှာရှိနေပြီ၊ နင်လျှောက်လှမ်းချင်တဲ့နေရာ လျှောက်လှမ်းတော့ နင့်ဘဝသည် နင့်အပေါ်မှာပဲ မူတည်တယ်” ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အခါ သူဟာ အမေဖြစ်သူ ကို တော်တော်လေး အံ့သြခဲ့ရတယ်လို့ဆိုပါတယ်။

“ ပထမတုန်းကတော့ ချုပ်ခြယ်မလိုလိုနဲ့ နောက်ပိုင်းမှာ ဖွင့်ပေးလိုက်တဲ့ သူ့ရဲ့ဗျူဟာလေးဟာ တော်တော်လေး ကောင်း တယ်လို့ထင်တယ်။ ကိုယ်နောက်ပိုင်း ကိုယ့်ရဲ့ဘဝရပ်တည်တဲ့အခါမှာ သူ့ရဲ့တချို့နည်းလမ်းတွေကိုယူသင့်တယ်။ သူက ခပ်လှမ်းလှမ်းကပဲ Control လုပ်တယ်” လို့ သူကပြောပါတယ်။

ဒုတိယသူလေးစားရတဲ့သူကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ။ ငယ်ငယ်ကတည်းက အဘိုး၊ အဖွားတွေပြောပြခဲ့တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဟာ ပုံပြင်သဖွယ်ဖြစ်နေပါတယ်။

“ အဖိုးကပြောပြတယ်။ ဒီကောင်လေးဟာ ငယ်ငယ်လေးနဲ့ တော်တော်လေးထက်မြက်တဲ့ကောင်လေး။ အင်္ဂလိပ်တွေ မကောင်းတော့ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်တယ်။ ဂျပန်တွေမကောင်းတော့ ဂျပန်ကို တိုက်ထုတ်တယ်။ ကောင်လေး ဟာ ငယ်ငယ်လေးနဲ့သေသွားရရှာတယ်။ အဲဒါကိုမှတ်မိနေတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကိုယ့်ဘဝမှာ မမှတ်မိဘူး။ နောက်ပိုင်းဗိုလ်ချုပ်အောင်ဆန်းစာအုပ်ဖတ်ရတော့ တအားသဘောကျသွားတယ်” လို့ သူက ရှင်းပြပါတယ်။

နောက်ထပ် သူလေးစားရတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။ ၂၀၁၀ ရောက်မှ ဒေါ်အောင်ဆန်းစုကြည်ကို သူစသိခဲ့ ရတာပါ။ အဲဒါက သိတယ်ဆိုရုံလောက်သာဖြစ်ပြီး သူ့ရဲ့ အရေးကြီးမှု၊ အရေးမကြီးမှုဆိုတာကို မသိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ ၈၈ အရေးအခင်းအကြောင်းရိုက်ထားတဲ့ The Lady နဲ့ Beyond Rangoon ဆိုတဲ့ ဇာတ်ကားတွေကြည့်ပြီးသွားတဲ့အချိန်မှာလည်း မမြဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီးသိလာခဲ့ပါတယ်။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းရေးထားတဲ့ ဂျပန်ပြည်ကပေးစာများဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတဲ့နောက်မှာ တော့ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့ရတယ်လို့ဆိုပါတယ်။

“ လူကြီးတွေပြောတာရှိတယ်။ မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်ဆိုတာ။ အမေစုမှာ အဲဒီအချက်တွေ အများကြီးရှိတယ်။ အမေစုဟာ ဗိုင်းကောင်းကျောက်ဖိ တော်တော်လေးကို မိန်းမပီသတဲ့ အမျိုးသမီးတစ်ယောက်ဖြစ် တယ်။ အဲဒီမှာစပြီး အမေစုအကြောင်းစသိလာတယ်။ အဲဒီစာအုပ်ဟာ အမေစုကို လေးစားရလောက်တဲ့စာအုပ်တစ်ခု” လို့ဆိုပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားရတဲ့အဓိကအချက်က ဘယ်အချက်တွေဖြစ်မလဲလို့ မေးကြည့်တဲ့အခါ “ရဲရင့်မှု” လို့ ချက်ချင်းပြန်ဖြေပါတယ်။

စစ်တပ်အပေါ် သူ့ရဲ့အမြင်ကတော့ “နိုင်ငံတစ်ခုမှာ ခေတ်မီတပ်မတော်ဆိုတာရှိသင့်ပြီး အဆင့်မြင့် လေ ယာဉ်၊ ရေယာဉ်တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ ခေတ်မီတဲ့ တပ်မတော်မျိုးထိဖြစ်စေချင်တယ်လို့ သူကဆိုပါတယ်။ ပြီး တော့ စစ်တပ်ဟာ ပြည်ပရန်ကာကွယ်ဖို့သာဖြစ်ပြီး ကိုယ့်လူမျိုးကိုယ်နှိပ်စက်၊ သတ်ဖြတ်ဖို့မဟုတ်ဘူးလို့”သူကဆက် ပြောပါ တယ်။

ပြည်တွင်းစစ်ကြီးကို သူကအမြန်ဆုံးအဆုံးသတ်ချင်နေတာပါ။ ပြီးခဲ့တဲ့နှစ် မတ်လမှာအဖေဖြစ်သူနဲ့ ဖုန်းအဆက်အသွယ် ရတဲ့အခါ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်တာကြောင့် သူတို့ရွာလေးပျက်သွားပြီဆိုတဲ့ သတင်းရခဲ့ပါတယ်။

“ ကိုယ့်မိဘတွေတစ်သက်လုံးကြောက်စိတ်တွေနဲ့နေလာခဲ့ရတာ။ နောက်ထပ်ဘယ်တော့မှ ပြည်တွင်းစစ်ကြီးကို မလိုချင် တာ။ အခု ကျွန်မတို့ဇာတိရွာလေးဆိုရင် ပျောက်သွားပြီ” လို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ သူအဖမ်းခံရတုန်းကဆိုရင် အမေဖြစ်သူဟာ စိုးရိမ်စိတ်ဝင်ပြီး အရမ်းကြောက်နေမယ်ဆိုတာ မမြဝင်းတစ် ယောက် အလိုလိုသိနေပါတယ်။ အမေဟာ ငယ်ငယ်ကလေးတည်းက အကြောက်တရားတွေ ကြားထဲမှာ ဖြတ်သန်းခဲ့ရသူ တစ်ယောက်ပါ။ သူ့အမေငယ်ငယ်တုန်းက ရွာထဲကိုစစ်သားတွေဝင်လာပြီး လူတွေကို နှိပ်စက်ခဲ့ကြတဲ့အကြောင်းတွေဆိုရင် မမြဝင်းတစ်ယောက် အမှတ်ရနေဆဲပါ။

အဲဒီတုန်းက ရွာထဲက လူကောင်းတစ်ယောက်ကို သူပုန်တွေနဲ့ဆက်သွယ်တယ်ဆိုပြီး စစ်တပ်က ရွာထိပ်မှာ ဖမ်းချုပ်ကြိုး ချည်လိုက်ပါတယ်။ ရွာထဲမှာ တစ်အိမ်တစ်ယောက် အဖမ်းခံရတဲ့လူကိုလာကြည့်ခိုင်းပါတယ်။ ပြီးရင် စစ်သားတွေက အဖမ်း ခံထားရတဲ့သူကို အရှင်လတ်လတ်ဘလိတ်ဓားနဲ့ အသားတွေကို တစ်လွှာချင်းလှီးပြပြီး နှိပ်စက်သတ်ပစ်လိုက်ကြပါတယ်။

အဲဒီအကြောင်းအရာဟာ သူ့အမေကိုအခုချိန်ထိ ခြောက်လန့်နေဆဲပဲလို့ သူကဆိုပါတယ်။ ဒါကြောင့်လည်း မမြဝင်း အဖမ်း ခံထားရပြီး မိသားစုတွေနဲ့ တွေ့ခွင့်မရတဲ့အခါ မမြဝင်းရဲ့အမေ ဒေါ်သန်းစိန်ဟာ သူ့သမီးဖြစ်သူကို သတ်ပစ်လိုက်ကြမှာကို အကြောက်ဆုံးပါ။ အွန်လိုင်းဗီဒီယိုကတဆင့် သူ့သမီးကိုမြင်လိုက်ရပေမယ့် အဲဒါဟာ ဓာတ်ပုံကြီးပြတာလို့ပဲ သူက ထင်ခဲ့ ပါတယ်။ တစ်လကျော်ကြာလို့ မမြဝင်းပြန်လွှတ်လာမှသာ သူ့မှာ စိတ်အေးရတယ်လို့ ဆိုပါတယ်။

မမြဝင်းအပါအဝင် ဆန္ဒပြသူလေးဦးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရင်း ဖေဖော်ဝါရီ ၁၆ ရက်မှာ အဖမ်းခံခဲ့ရပါ တယ်။ စစ်အကျဉ်းထောင်၊ သံတွဲရဲအချုပ်နဲ့ သံတွဲအကျဉ်းထောင်မှာ မိသားစုနဲ့တွေ့ခွင့်မရဘဲ ၃၆ ရက်ကြာနေပြီးတဲ့ နောက် မတ်လ ၂၃ မှာတော့ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အခုလိုအဖမ်းခံရတဲ့အတွက် ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ပေါ် နောင်တမရဘူးလားလို့ မေးကြည့်တဲ့အခါ မမြဝင်းက “မရဘူး။ ဒီအလုပ်လုပ်ရင် ဒီလိုမျိုးဖြစ်မယ်ဆိုတာ ကိုယ်ကတွေးထားပြီးသား။ ရှေ့မှာ အတွေ့အကြုံရှိတဲ့ သူတွေလည်း အကုန်ဖမ်း ခံဖူးတယ်လေ။ ဆရာကြီးမြသန်းတင့်ကအစ။ ဆရာမင်းသိင်္ခလည်းပါတယ်။ ထောင်ကျဖူးတဲ့သူတွေအကြောင်းဖတ်ဖူးတော့ မကြောက်တော့ဘူး။ ဖြစ်နိုင်ခြေကိုတော့ အဆိုးဆုံးကိုတွေးထားတယ်” လို့ဆိုပါတယ်။

အခုတော့ မမြဝင်းဟာ သူအဖမ်းခံနေရတဲ့ကာလတွေမှာ မချုပ်ဖြစ်သေးတဲ့ အထည်တွေကို အပြီးချုပ်ပေးနေရပါတယ်။ ဒီအ လုပ်ဟာ သူ့ရဲ့တစ်ခုတည်းသော ငွေရပေါက်ရလမ်းဖြစ်တဲ့အတွက် အလုပ်ကို ဖိလုပ်နေရပါတယ်။

အနာဂတ်မှာ သူလုပ်ချင်တဲ့ အလုပ်နှစ်ခုရှိပါတယ်။ အဲဒါက ကလေးတွေကို စာသင်ဖို့နဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ပါ။ ထောင်ထဲမှာနေခဲ့ရတဲ့ရက်တွေမှာ ဘယ်အရာကို ဦးစားပေးလုပ်မလဲလို့ သေချာပြန်စဉ်းစားကြည့်တဲ့အခါ သူရဲ့အခြေ အနေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ဒီဇိုင်နာအလုပ်ကို ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်အောင်လုပ်ပြီး ကလေးတွေကို စာသင် တဲ့အလုပ်ကိုတော့ တစ်ဖက်တစ်လမ်းက ဝါသနာအရပဲလုပ်တော့မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။

လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြသနာတွေနဲ့ပတ်သက်လို့တော့ သူက အခုလိုဆိုပါတယ်။

“အကောင်းဆုံးဖြစ်လာဖို့ပဲ ဆုတောင်းမိတယ်”

Related Articles