“ သောကတွေနဲ့စိုက်ပျိုးရေးလုပ်နေရတယ်။ စိုက်ပျိုးရေးသာလုပ်တာ ဘယ်ချိန်ထမင်းငတ်မှာလဲဆိုတာမသိနိုင်ဘူး ”
ထိုစကားဆိုလာသူကတော့ တောင်ကြီးမြို့ကနေ ဆိုင်ကယ်နဲ့သွားရင် နှစ်နာရီလောက် မောင်းရင်ရောက်နိုင်တဲ့ ပအိုဝ်းရွာ ကျောက်တလုံးကြီးမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် နန်းရွှေပဲဖြစ်ပါတယ်။
ယခုကာလက ပအိုဝ်းလူမျိုးအများစု အသက်မွေးဝမ်းကျောင်းဖြစ်သော သနပ်ဖက်နှင့် ထောပတ်စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရိတ်သိမ်းရမှာဖြစ်ပြီး တစ်ဖက်မှာလည်း ကြက်သွန်ဖြူ ထွက်မယ့်အချိန်ဖြစ်ပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံရေးအခြေအနေစိုးရိမ်နေရပြီး စိုက်ပျိုးရေး တောင်သူ အများစုက သူတို့ထွက်ကုန်တွေကို ရောင်းချနိုင်ဖို့ အဆင်မပြေဖြစ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ထွက်ရှိတဲ့ ထောပတ်သီးများကို အင်္ဂလန်ဘက်မှ မဝယ်ယူတော့ဘူးဆိုတဲ့ သတင်းတွေကြောင့်လည်း ရှေ့ဆက်ဘာလုပ်ရမယ်မှန်း မသိတော့ဘူးလို့တောင်သူတွေက ဆိုပါတယ်။
“ အစ်မတို့လို စိုက်ပျိုးရေးသမားက ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိတော့ဘူး။ မစိုက်ရင်လည်း ဝင်ငွေကမရှိ။ စိုက်ပြီး ဝယ်သူမရှိရင်ပြန်ရင်လည်း အဆင်မပြေဘူး။ သနပ်ဖက်ဆိုရင် ကိုယ်တိုင်စားလို့လည်းမရ”လို့ နန်းရွှေက ညည်းပါတယ်။
နန်းရွှေဟာ သနပ်ဖက်နဲ့ ကြက်သွန်ဖြူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ပြီး မိသားစု ၈ ယောက်ကို အလုပ်အကျွေးပြုနေတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
သူ့စိုက်ပျိုးရေးလုပ်ငန်းကနေ တစ်နှစ် ခန့်မှန်းဝင်ငွေ သိန်း ၂၀ ကျော်သာ ဝင်ပေမယ့် သားသမီးတွေရဲ့ ပညာရေး ကျန်း မာရေးစတဲ့ ကိစ္စအဝဝတွေကို အဆင်ပြေပြေနဲ့ ကောင်းမွန်စွာ ထောက်ပံ့နိုင်သေးတယ်လို့ဆိုပါတယ်။ နန်းရွှေ တို့တောင်သူတွေဟာ သိန်း ၂၀ ရှိဖို့အတွက် တစ်နှစ်မှာ လူအင်အားအပြင် ကျပ် ၈ သိန်းလောက်ပြန် ရင်းရပါတယ်။
ယခု စစ်အာဏာသိမ်းလိုက်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လုပ်မယ် မလုပ်ဘူး မတွေးတတ်အောင် ဖြစ်နေရကာ ဆက်မလုပ်ရင်လည်း သူရဲ့သားသမီး ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့ကို ဖြေရှင်းရန် အခက်အခဲ ရှိနေတယ် လို့ဆိုပါတယ်။
“ စိုက်ပျိုးရေး မလုပ်ရင်လည်း ဝင်ငွေက မရှိပြန်တော့ အရမ်းခက်တယ်” လို့ သူကဆိုပါတယ်။
ယခုက သနပ်ဖက်လုပ်ငန်းထဲ ဝင်ရမယ့် အချိန်ဖြစ်ပေမယ့် အခုချိန်ထိ လုပ်ငန်းမစရသေးဘူးလို့ဆိုပါတယ်။ ဒါ့အပြင် သိုလှောင်ထားတဲ့ သနပ်ဖက်တွေဆိုရင်လည်း ဝယ်သူနည်းပါးတဲ့အပြင် ဈေးလည်းကျနေပါတယ်။
“ အရင်က သနပ်ဖက်ဈေးက ၆,၀၀၀ လောက်ရှိတယ်။ အခုက ၃,၀၀၀ ကျော်ပဲ ကျန်တယ်။ အရမ်းကွာတယ်လေ။ ကိုဗစ်-၁၉ ကပ်ရောဂါကတစ်ဖက်နဲ့ အိမ်မှာသိုလောင်ထားတဲ့ သနပ်ဖက်တောင်ရောင်းရခက်နေတယ် ။ ပွဲစားကအကန့်အသတ်နဲ့ ဝယ်တော့ ရောင်းသူကများပြီး ဝယ်သူကနည်းတော့ လုရောင်းနေရတယ် ။ ရှေ့ဆက်ဘယ်လိုလာမှန်း မတွေးရဲစရာပဲ ဒီလို ပုံစံပဲဆိုရင်တော့ ငတ်ဖို့ပဲကျန်တယ်”
စစ်အာဏာသိမ်းလိုက်တဲ့ နေ့ကစပြီး အကြောက်တရား စိုးရိမ်မှုတွေနဲ့နေနေရပြီး စိုက်ပျိုးရေးလည်းမစနိုင် ကုန်ဈေးနူန်း တွေလည်း တက်လာတာကြောင့် စစ်အာဏာရှင်ကို အလိုမရှိဘူးလို့ သူ့ခံစားချက်ကိုပြောပါတယ်။
“ အစ်မတို့ တင်မြှောက်တဲ့အစိုးရပဲပြန်လိုချင်တယ်။ အရင်ကလိုပဲစီးပွားရေးပျော်ပျော်လေး ပြန်လုပ်ချင်တယ်။ အာဏာ ရှင်ကို မလိုချင်တော့ဘူး”ဟု နန်းရွှေက ဆိုပါတယ်။
စိုက်ပျိုးရေး လုပ်ကိုင်ဖို့ စိုးရိမ်သောကရောက်နေရတာ နန်းရွှေတို့ မိသားစုချည်းသာ မဟုတ်ပါဘူး။ ပင်လုံမြို့ ၊ လွယ်ကန် ရွာက ကလေးလေးယောက် မိခင်ဖြစ်သူ မွိုးအုန်းလည်း ပါဝင်ပါတယ်။
မွိုးအုန်းက လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုနေပြီး ရှေ့တစ်ပတ်တွင် လက်ဖက် အညွှန့်နုတွေ ခူးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေကြောင့် ခူးဆွတ်ပြီးချိန်လည်း မရောင်းရဖြစ်မှာကို စိုးရိမ်နေတယ်လို့ သူကဆိုပါတယ်။
“ ခူးပြီးမရောင်းရမှာကို ကြောက်တယ်။ မခူးဘဲ နေပြန်ရင်လည်း ရင့်သွားရင် ရှုံးသွားတာပဲ အဖတ်တင်တယ်” လို့ သူက စိုးရိမ်စွာနဲ့ ပြောပါတယ်။
မွိုးအုန်းက လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ပြီး သားသမီးတွေကို ရှာဖွေကျွေးမွေး ပညာသင်ပေးနေတာ ဖြစ်ပါ တယ်။ အကြီးဆုံးသမီးတစ်ယောက်ဆိုရင် တက္ကသိုလ်တောင်တက်နေပါပြီ။
“ မခူးလို့လည်းမရတော့ ခူးတော့ခူးရမယ်။ ဝယ်မဝယ်တော့မသိဘူး။ မဝယ်ရင်တော့ ဝင်ငွေမရှိတော့ဘူး ။ ဝယ်ရင်တော့ ကောင်းတာပေါ့ ” ဟု မွိုးအုန်းက ဆိုတယ်။
ဆီဆိုင်မြို့မှာ နေထိုင်ပြီး မိသားစု ၅ ယောက်ကို ထောက်ပံ့နေတဲ့ နန်းအေးမြလည်း သူစိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် သောကပွေနေရပါတယ်။ သူက မုန်ညှင်းစတဲ့ အသီးအနှံတွေကို စိုက်ပျိုးပြီး ဈေးတွေမှာ လိုက်ရောင်းတဲ့အပြင် တစ်ဖက်မှာ လည်း ကြက်သွန်ဖြူကိုလည်း နုတ်ပြီးချက်ချင်း အခြောက်မခံဘဲ အစိုတိုင်းရောင်းချနေရပါတယ်။
“ မုန်ညှင်းက တစ်စီးမှ ၆၀ ကျပ်ရတယ် လှလှပပလေးဖြစ်အောင်လည်းစည်းရတယ်။ ရတဲ့ပိုက်ဆံနဲ့ ဆီတွေ၊ ဆားတွေ ပြန် ဝယ်တယ်” လို့ သူက ဆိုပါတယ်။
ယခင်ကတော့ ကြက်သွန်ဖြူနုတ်ပြီး သုံးလ လေးလလောက် သိုလှောင်ထားပြီးမှ ရောင်းခဲ့ပေမဲ့ ယခုတော့ ကြက်သွန်ကို အခြောက်မခံတော့ဘဲ ရောင်းနေရပါတယ်။
“ အခုချိန်ကသူများဝယ်သေးတယ် အခြောက်ခံထားရင် ဝယ်သူမရှိမှာဆိုလို့ ဈေးမကောင်းလည်းရောင်းလိုက်ရတယ်”လို့ နန်းအေးမြက ဆိုပါတယ်။
ယခင်နှစ်ကဆိုရင် ကြက်သွန်ဖြူအခြောက်ကို ၄,၀၀၀ ထိ ရောင်းရပေမယ့် အခုနှစ်မှာတော့ ၁,၅၀၀ကျပ်သာ ဈေးရတော့ တယ်လို့ ဆိုပါတယ်။
“ ဈေးကောင်းမရတော့ ပိုက်ဆံလည်း အများကြီးမရ ဆန်လည်းကိုယ်တိုင်မစိုက်နိုင်တော့ ဝယ်စားရတယ် ကုန်ဈေးနှုန်းတွေ လည်း တက်တော့ ရောင်းလို့ရတဲ့ အသီးအရွက်တွေ လိုက်ရှာစိုက်ပျိုးပြီး ရောင်းရတယ်” လို့ သူကညည်းတွားပါတယ်။
လက်ရှိမှာ တောင်ယာစိုက်ပျိုးရေးကို မှီတင်းကာ အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ပအိုဝ်းတောင်သူ အများစုက ဈေးမ ရတာနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စိုက်ပျိုး ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေဖြစ်နေကြပါတယ်။
စိုက်ပျိုးရေးတောင်သူ အများစုကတော့ တိကျတဲ့ ကုန်ဈေးနှုန်းသတ်မှတ်နိုင်ဖို့ မျှော်လင့်နေကြပြီး စစ်အာဏာရှင်ပြုတ် ကျ ကာ ငြိမ်းချမ်းပြီး ပျော်ရွှင်စွာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ချင်တယ်လို့ဆိုကြပါတယ်။
“ ကုန်ဈေးနှုန်းလေးတွေကိုတော့ အတိအကျသတ်မှတ်ပေးစေချင်တယ်။ အာမခံရှိတဲ့ဈေးကွက်ကို ဖန်တီးပေးစေချင်တယ်။ မဖန်တီးပေးနိုင်ရင် တောင်သူတွေကတော့ဒုက္ခတွေကြုံနေရမှာပဲ ။ စိုးရိမ်မှုတွေရှိနေမှာပဲ” လို့ နန်းအေးမြက ဆို ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021